အခန်း (၁၉၇)
Vol. 20 Ch. 197
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၁၉၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
“ အခင်းဖြစ်ပွားရာ နေရာကို စီစဉ်ပြီး ထွက်ခွာဖို့ ပြင်လိုက်။ ဒီအသနားခံစာကို လျှို့ဝှက်ထားရမယ် ဆိုပေမဲ့ တစ်ယောက်ယောက်ကတော့ ရှာတွေ့သွားအောင် လုပ်ရမယ်။ ဝမ်ရင်ရဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ အလောင်းနဲ့ ဒီအသနားခံစာကို အခမ်းအနားဌာနနဲ့ ဧကရာဇ်မင်းမြတ် ရှေ့မှောက် ရောက်ရှိသွားကြောင်း သေချာအောင် လုပ်ပါ။ ”
“ ဟုတ်ကဲ့။ ”
မိန်းမစိုးကြီး၏ ယုံကြည်စိတ်ချရသော အကြံပေးသည် သက်ပြင်းချကာ မော့ကြည့်ပြီး ပြောလိုက်သည်။
“ တစ်ကမ္ဘာလုံးက အရှေ့ဘက်ကွပ်ကဲရေးရုံးနဲ့ လီဝမ်ဟွေ့ကို ဝိုင်းရံပိတ်ဆို့နေကြပြီ။ စဉ်းစားလိုက်ရုံနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းနေပြီ။ ညီအစ်ကိုဝမ်ဟွေ့... မင်းသေမယ့်ရက်က အရမ်း နီးကပ်နေပြီ။ ”
**--**--**--**--**--**--**--**
လျန်ကျိုးစီရင်စု။
လီဝမ်ဟွေ့၏ အမိန့်ပေးမှုကြောင့် ကျောက်ခဲပစ်စက် ဒါဇင်ပေါင်းများစွာသည် ရူးသွပ်စွာ တိုက်ခိုက်နေချိန်တွင် မြားမိုးများလည်း ရွာချနေသည်။ ခဏချင်းပင် ခမ်းနားထည်ဝါသော လီမိသားစု အိမ်တော်သည် အပျက်အစီးပုံ ဖြစ်သွားသည်။
တံတိုင်းထိပ်တွင် ရှိနေသော လီမိသားစု စစ်သည် ရာပေါင်းများစွာသည် မူလက မြေမျက်နှာသွင်ပြင် အားသာချက် ရှိသော်လည်း ယခုအခါ မတိုက်ခိုက်နိုင်သလောက် ဖြစ်နေပြီ။
သို့သော် လီဝမ်ဟွေ့သည် တံတိုင်းကို တိုက်ခိုက်ရန် လူစတေးဖို့ လုံးဝ မရည်ရွယ်ဘဲ ကျောက်ခဲပစ်စက်များကိုသာ အသုံးပြုခဲ့သည်။
“ ဝုန်းးးးးးးးး။ ”
ပေါင် ၁၀၀ ကျော်လေးသော ကျောက်တုံးကြီးများသည် ကြောက်မက်ဖွယ် ကောင်းသော ဆွဲငင်အား အရှိန်အဟုန်ဖြင့် ပြုတ်ကျလာသည်။
“ ဒုန်းးးး။ ဒုန်းးးး။ ဒုန်းးးး။ ဒုန်းးးး။ ဒုန်းးးး။ ဒုန်းးးး။ ”
လီမိသားစု အပန်းဖြေစံအိမ်၏ တံတိုင်းများသည် လုံလောက်အောင် ထူထဲသော်လည်း ရိုက်ချိုးဖျက်ဆီးခံရပြီး ပြိုကျသွားသည်။ တံတိုင်းပေါ်ရှိ လူများသည် သွေးချင်းနီရဲနေသော အသားစများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။
“ ရွှီးးးး။ ရွှီးးးး။ ရွှီးးးး။ ရွှီးးးး။ ရွှီးးးး။ ရွှီးးးး။ ”
မြားမိုးများသည် တစ်လိမ့်ပြီး တစ်လိမ့် ရွာချနေသည်။
လီမိသားစု အပန်းဖြေစံအိမ်မှ စစ်သည်များသည် ကောက်ရိုးပုံများ လဲကျသကဲ့သို့ ခဏချင်းပင် လဲကျသွားကြသည်။ ခဏအကြာတွင် အလောင်းများသည် မြေပြင်အနှံ့ ပြန့်ကျဲသွားသည်။
ထိုအချိန်တွင် လီမိသားစု အပန်းဖြေစံအိမ်သို့ ဆင့်ခေါ်ခံရသော ဂိုဏ်းဝင်များသည် လုံးဝ ကြောင်အသွားကြသည်။ သူတို့၏ ခြေထောက်များ တုန်ရီနေပြီး မျက်နှာများ ဖြူဖပ်ဖြူရော ဖြစ်သွားကာ အချို့မှာ အန်ပင် အန်နေကြသည်။
သူတို့ အများစုသည် လူရမ်းကားများသာ ဖြစ်ကြသည်။ အပေါ်ယံတွင် ပင်လယ်ဓားပြများ ဖြစ်သော်လည်း အငြိမ်းစား စစ်မှုထမ်းဟောင်းများသာ ဖြစ်ကြသဖြင့် ကွမ်ရှီး ပင်လယ်ပြင် တစ်ခုလုံးတွင် လှည့်လည်သွားလာနိုင်ပြီး ပြိုင်ဘက်ကင်း ဖြစ်နေသော သွေးကွမ်ရင်မယ်တော်၏ သွေးနဂါးဂိုဏ်းနှင့် မတူညီပေ။
ဤဂိုဏ်းဝင်များသည် အရေအတွက် များပြားသော်လည်း ဤကဲ့သို့သော အရာမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ လူ့အသက်သည် တကယ်ပင် မြက်ပင်များကဲ့သို့ တန်ဖိုးမဲ့နေသည်။
ဤအခြေအနေတွင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို တက်ရောက် တိုက်ခိုက်ရန် မဆိုထားနှင့် ထွက်မပြေးဘဲ နေနိုင်ရုံဖြင့်ပင် သူတို့အတွက် ရဲရင့်သည်ဟု သတ်မှတ်ရပေမည်။
လီဝမ်ဟွေ့ မြင်းပေါ်မှ ဆင်းသောအခါ သူ၏ ခြေထောက်များ တုန်ရီနေပြီး ပေါင်များသည် သွေးများဖြင့် လုံးဝ စုတ်ပြတ်သတ်နေသည်။
သို့သော် သူသည် ကျောမတ်မတ်ထားကာ တစ်လှမ်းချင်း စေ့စပ်သေချာစွာ ရှေ့ဆက်တိုးလာသည်။
“ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ” အရှေ့ဘက်ကွပ်ကဲရေးရုံး ကွပ်ကဲရေးမှူး နှစ်ဦးသည် ဒူးထောက်လိုက်ကြသည်။
“ ဂါရဝပြုပါတယ်... အရှင်လီ။ ” သွေးကွမ်ရင်မယ်တော်သည် လူကြီးသူမကို နှုတ်ဆက်သော ပုံစံဖြင့် ဒူးထောက် နှုတ်ဆက်လိုက်သည်။
လီဝမ်ဟွေ့ ရှေ့တိုးလာပြီး သွေးကွမ်ရင်မယ်တော်ကို တွဲထူကာ ပြောလိုက်သည်။
“ မိန်းကလေးရဲ့ ကျေးဇူးကို ကျုပ်အမြဲ သတိရနေပါ့မယ်။ ”
သွေးကွမ်ရင်မယ်တော်၏ မျက်နှာ ရဲခနဲ ဖြစ်သွားပြီး မည်သည့် စကားမျှ ရှေ့နောက်ညီညွတ်အောင် မပြောနိုင်တော့ပေ။ သူမ၏ စိတ်ထဲတွင် တစ်ခုခု ရှိနေသော်လည်း ထုတ်ဖော် မပြောနိုင်ဘဲ ဖြစ်နေသည်။
“ ဂါရဝပြုပါတယ်... အရှင်မင်းကြီး လီဝမ်ဟွေ့။ ” ရုတ်တရက် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တစ်ဦး ရှေ့ထွက်လာပြီး သူ့တစ်ယောက်တည်းကိုသာ ဦးညွှတ်လိုက်သည်။
လီဝမ်ဟွေ့ မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ သူသည် အမှန်တကယ်ပင် ကျန်းနန်နယ်စားမင်း အိမ်တော်မှ သခင်လေး ဆုန်ယွီကျန့် ဖြစ်နေသည်။
ဝူချန်ချိုက စစ်သည် ငှားရမ်းရန် တောင်းဆိုစဉ်က တုံ့ဆိုင်းခဲ့မိသဖြင့် ယခု ကိုယ်တိုင် စစ်မြေပြင်သို့ ဝင်ရောက်ကာ အရှေ့ဘက်ကွပ်ကဲရေးရုံး အဖွဲ့ဝင်အဖြစ် ဟန်ဆောင်ပြီး အစားပြန်ပေးရန် နည်းလမ်း ရှာဖွေခဲ့ခြင်း ဖြစ်သည်။
လီဝမ်ဟွေ့သည် သူ့အမည်ကို ထုတ်ဖော်မပြောဘဲ တိတ်ဆိတ်နေပြီး ဤကျေးဇူးကို သတိရမည့် အနေဖြင့် လေးလေးနက်နက် ပြန်လည် ဦးညွှတ်လိုက်သည်။
“ အရှင်မင်းကြီး။ တိုက်ပွဲရဲ့ နောက်တစ်ဆင့်က ဘာလဲ။ ဘယ်အတိုင်းအတာအထိ တိုက်ရမလဲ။ ” ဝူချန်ချိုက မေးလိုက်သည်။
“ လီချန်ချန်ကလွဲရင် အကုန်သတ်။ ” လီဝမ်ဟွေ့က ပြောလိုက်သည်။
လျန်ကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး ကွပ်ကဲရေးမှူးက ပြောလိုက်သည်။
“ လီထျန်နန်က လီမိသားစု စော်ဘွားရဲ့သွေးသောက်ညီအစ်ကိုပါ။ သူ့ကိုပါ သတ်ရမလား။ ”
“ အကုန်သတ်။ ” လီဝမ်ဟွေ့က ပြောလိုက်သည်။
ကျုံးထိန်က ပြောလိုက်သည်။
“ ဓားမိစ္ဆာ လီတောက်ကျိန်းကရော။ သူ့သိုင်းပညာက အထွတ်အထိပ်မာ။ ”
“ သူက တုပိုင်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ နောက်ကွယ်က ကြိုးကိုင်သူပဲ။ ” လီဝမ်ဟွေ့က ပြောလိုက်သည်။ “ အဆိပ်ဓာတ်ငွေ့ဗုံးတွေ သုံး။ သူ့ကို အရှင်လတ်လတ် မီးရှို့သတ်။ လူအုပ်နဲ့ ဖိတိုက်တဲ့ နည်းဗျူဟာ သုံးရရင်တောင် သူ့ကို သေချာပေါက် သတ်ရမယ်။ ”
လီတောက်ကျိန်း၏ သိုင်းပညာ စွမ်းရည်သည် အလွန် အားကောင်းလွန်းသည်။ သူ့ကို သတ်ရန် လူအုပ်နှင့် ဖိတိုက်တဲ့ နည်းဗျူဟာ သုံးလျှင် အရှေ့ဘက်ကွပ်ကဲရေးရုံးဘက်မှ အသေအပျောက် အလွန် များပြားပေလိမ့်မည်။
ဝူချန်ချို၊ ကျုံးထိန်နှင့် သွေးကွမ်ရင်မယ်တော် ကဲ့သို့သော သိုင်းပညာ မြင့်မားသူများသည်လည်း အသက်ဆုံးရှုံးရနိုင်သည်။
သွေးကွမ်ရင်မယ်တော်က ပြောလိုက်သည်။ “ လီတောက်ကျိန်းကို သတ်မှပဲ တုပိုင် တကယ် ဘေးကင်းမှာ။ ”
လီဝမ်ဟွေ့က ပြောလိုက်သည်။ “ လီတောက်ကျိန်းနဲ့ အနီးကပ် တိုက်ပွဲ ဆင်နွှဲတာနဲ့ ဒီမှာရှိတဲ့ ငါတို့ထဲက လူအများကြီး သေကောင်း သေနိုင်တယ်။ သေဖို့ အခွင့်အလမ်းလည်း အရမ်းများတယ်။ ဒါပေမဲ့ ငါ မင်းတို့ကို ပြောချင်တာက ငါတို့ ကယ်တင်နေတာ တုပိုင် မဟုတ်သလို ငါလည်း မဟုတ်ဘူး။ မိန်းမစိုးဂိုဏ်းရဲ့ အနာဂတ်ကို ကယ်တင်နေတာ။ ”
“ ဟုတ်ကဲ့။ ” ကျုံးထိန်၊ ဝူချန်ချိုနှင့် အခြား ကျွမ်းကျင်သူများသည် တညီတညွတ်တည်း ဦးညွှတ်ပြီး ပြောလိုက်သည်။ “ ကျွန်တော်တို့ သခင်ကြီးအတွက်၊ သခင်လေးအတွက်နဲ့ မိန်းမစိုးဂိုဏ်းရဲ့ အနာဂတ်အတွက် အသေခံရတာ နောင်တ မရပါဘူး။ ”
လီဝမ်ဟွေ့၏ မျက်လုံးများ အနည်းငယ် ပူနွေးလာသည်။ ဤသူများသည် သူ ရှာဖွေတွေ့ရှိခဲ့ပြီး ကိုယ်တိုင် လေ့ကျင့်ပေးကာ ရာထူးတိုးပေးခဲ့သူများ ဖြစ်သည်။ တကယ့်ကို စိတ်တူကိုယ်တူ ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။
“ စိတ်မပူပါနဲ့။ ငါတို့ အတူတူ သွားကြမယ်။ ငါ လီဝမ်ဟွေ့က မင်းတို့ကို သေလမ်းပို့မယ့်အလုပ် ဘယ်တော့မှ မလုပ်ဘူး ” လီဝမ်ဟွေ့ စိတ်ထဲမှ တွေးလိုက်သည်။
**--**--**--**--**--**--**--**
လီမိသားစု အပန်းဖြေစံအိမ် အတွင်း။
“ မြန်မြန်လုပ်။ သခင်မလေးကို ခေါ်ပြီး ဆုတ်ခွာကြ။ အပြင်ဘက် တံတိုင်း ခံစစ်စည်းက မကြာခင် ကျိုးတော့မယ်။ ” လီထျန်နန်က ပြောလိုက်သည်။ “ ဆရာသခင်ကြီး လီတောက်ကျိန်း။ ကျေးဇူးပြုပြီး သခင်မလေးကို လျှို့ဝှက်လမ်းကြောင်းကနေတစ်ဆင့် ကျွန်တော်တို့ လီမိသားစု နယ်မြေဆီ ခေါ်သွားပေးပါ။ ပြီးရင် လီဝမ်ဟွေ့နဲ့ သူ့လူတွေကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ဖို့ စစ်တပ် စေလွှတ်ပေးဖို့ သခင်ကြီးကို ပြောပေးပါ။ ”
လီချန်ချန်က ပြောလိုက်သည်။
“ မသွားဘူး။ တုပိုင်ကို အရင်သတ်ပြီးမှ အိမ်ပြန်မယ်။ ”
ခဏအကြာတွင် ကန်ရှန် အပြေးအလွှား ဝင်လာပြီး ပြောလိုက်သည်။
“ လျှို့ဝှက်လမ်းကြောင်းကို ကျောက်တုံးကြီးတွေနဲ့ ပိတ်ဆို့ထားတယ်။ ဘယ်လောက်အထိ ပိတ်ထားလဲ မသိဘူး။ ကျွန်တော်တို့ ထွက်လို့ မရတော့ဘူး။ ထွက်လို့ မရတော့ဘူး...။ ”
ထိုအချိန်တွင် ဓားမိစ္ဆာ လီတောက်ကျိန်း၏ မျက်နှာပေါ်၌ ထိတ်လန့်သည့် အရိပ်အယောင် လုံးဝ မတွေ့ရဘဲ တည်ငြိမ်အေးဆေးနေသည်။
“ ဘာတွေ ထိတ်လန့်နေတာလဲ။ ” လီတောက်ကျိန်းက ပြောလိုက်သည်။ “ ဘီဘိုမဏ္ဍပ်က ရေတွေ ဝိုင်းရံနေတယ်။ လီချန်ချန်ကို အဲဒီကို ခေါ်သွားမယ်။ လူသုံးထောင် လာရင်တောင် ကိစ္စမရှိဘူး။ လာသမျှ လူအကုန် သတ်ပစ်မယ်။ မကြာခင် စစ်ကူ ရောက်လာတော့မှာ။ ”
သူမ၏ စကားလုံးများသည် တည်ငြိမ်သော်လည်း ယုံကြည်မှု အပြည့် ရှိနေသည်။ သူမ ပြောလိုက်သော စကားလုံး တိုင်းတွင် အလုံးစံကို ပိုင်းဖြတ်သွားမည့် ဓားအရှိန်အဝါ ပါဝင်နေသကဲ့သို့ ခံစားရသည်။
“ အခြေအနေက ဒီအထိ ရောက်လာမှတော့ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့ မရတော့ဘူး။ လီဝမ်ဟွေ့ သေရမယ့်အပြင် တုပိုင်လည်း သေရမယ်။ ဒါကြောင့် နင်ဇောင်ဝူကိုပါ သေခိုင်းလိုက်တာပေါ့။ ” လီတောက်ကျိန်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
ထို့နောက် သူမသည် လက်တစ်ဖက်ဖြင့် လီချန်ချန်၏ လက်ကို ဆွဲကိုင်ကာ ခြေထောက်ဖြင့် မြေကြီးကို ဖွဖွလေး ထိလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူမသည် မီတာ ၁၀ ကျော် အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ခုန်ပျံကျော်လွှားမှု အနည်းငယ်ဖြင့် သူမသည် အပန်းဖြေစံအိမ်ဝင်း တစ်ခုလုံးကို ဖြတ်ကျော်ကာ ဧကအနည်းငယ် ကျယ်ဝန်းသော ရေကန်တစ်ခုဆီသို့ ရောက်ရှိသွားသည်။
လီချန်ချန်၏ လက်ကို ဆွဲကိုင်ထားဆဲ ဖြစ်ပြီး သူတို့သည် ရေကန်ကို ဖြတ်ကူးကာ ရေလယ်ရှိ မဏ္ဍပ်ငယ်ဆီသို့ ရောက်ရှိသွားကြသည်။
သူမသည် ဒူးပေါ်တွင် ဓားတင်လျက် ထိုင်ကာ မျက်လုံးမှိတ်ပြီး အနားယူနေလိုက်သည်။
“ ချန်ချန်။ ထိုင်လိုက်။ မကြာခင် ငါတို့ တုပိုင်ကို သတ်ရတော့မယ်။ ” ဓားမိစ္ဆာ လီတောက်ကျိန်းက ညွှန်ကြားလိုက်သည်။
“ ကောင်းပြီ။ ” လီချန်ချန်သည်လည်း သူမ၏ ဓားကို ဒူးပေါ်တင်လျက် မြေကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
**--**--**--**--**--**--**--**
“ ဝုန်းးးးး။ ဝုန်းးးးး။ ဝုန်းးးးး။ ဝုန်းးးးး။ ”
ကျောက်ခဲပစ်စက်များသည် ဧရိယာ တစ်ခုလုံးကို ရက်စက်စွာ ဗုံးကြဲ တိုက်ခိုက်နေသည်။ မြားမိုးများသည်လည်း မရပ်မနား အဆက်မပြတ် ရွာချနေသည်။
တိုက်ပွဲ စတင်ပြီး နာရီဝက် အကြာတွင် လီမိသားစု အပန်းဖြေစံအိမ်၏ အပြင်ဘက် တံတိုင်း ခံစစ်စည်း လုံးဝ ကျဆုံးသွားသည်။ အပြင်ဘက် တံတိုင်း တစ်ခုလုံး လုံးဝ ရိုက်ချိုးဖျက်ဆီးခံလိုက်ရပြီး အပြင်ဘက် တံတိုင်း အနီးရှိ အိမ်များသည်လည်း အပျက်အစီးပုံ ဖြစ်သွားသည်။
လီမိသားစု စစ်သည် ရာပေါင်းများစွာ အားလုံးနီးပါး သေဆုံးကုန်ကြသည်။ သူတို့သည် ကျောက်တုံးကြီးများ ပိမိ၍ သေဆုံးခြင်း သို့မဟုတ် မြားမိုးရွာချခြင်း ခံရ၍ သေဆုံးခြင်း ဖြစ်ကြသည်။
လီမိသားစု အပန်းဖြေစံအိမ် ပိုင်ရှင် လီထျန်နန်နှင့် လီမိသားစု လေးသည်တော်တပ်ဖွဲ့ တပ်မှူး ကန်ရှန်တို့ အားလုံး အရှင်ဖမ်းဆီးခံလိုက်ရသည်။
လီထျန်နန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ မစ္စတာ လီဝမ်ဟွေ့။ ခင်ဗျားရဲ့ ပြတ်သားမှုကို ကျွန်တော် အရမ်း လေးစားပါတယ်။ ဒါပေမဲ့ တာ့နင်အင်ပါယာရဲ့ အရေးပါတဲ့ အရာရှိတွေ အားလုံးက ခင်ဗျားလို မဟုတ်ကြဘူး။ ခင်ဗျား သေမယ့်ရက်က သိပ်မဝေးတော့ဘူး။ အဲဒီအချိန် ရောက်ရင် ကျွန်တော်က အထူးဧည့်သည်တစ်ယောက်လို လွတ်မြောက်လာမှာ ဖြစ်ပြီး ခင်ဗျားကို ကွပ်မျက်မယ့်နေရာဆီ ပို့ပေးနိုင်ကောင်း ပို့ပေးနိုင်ပါလိမ့်မယ်။ ”
လီထျန်နန် မကြောက်ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူသည် လီမိသားစု စော်ဘွား၏ သွေးသောက်ညီအစ်ကို ဖြစ်ပြီး အရေးပါသော ဓားစာခံ တစ်ဦး ဖြစ်သည်။ လီဝမ်ဟွေ့သူကို မသတ်ရဲဘူးဟု လီထျန်နန်ယုံကြည်ထားသည်။
လီဝမ်ဟွေ့သည် သူ့ကို လစ်လျူရှုကာ လီချန်ချန်ကို မြတ်နိုးသူ၊ လီမိသားစု၏ စစ်ဘက် အရာရှိနှင့် ပါရမီရှင် လေးသည်တော် ကန်ရှန်ကို ကြည့်လိုက်သည်။ ခုလေးတင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် မရေမတွက်နိုင်အောင် သူ့မြားချက်အောက်တွင် သေဆုံးခဲ့ရသည်။
“ မင်းက ကန်ရှန်လား။ တုပိုင်နဲ့ လီချန်ချန် မြင်းစီးပြိုင်နေတုန်း မင်းက သူ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တာလား။ ” လီဝမ်ဟွေ့ မေးလိုက်သည်။
“ ဟုတ်တော့ ဘာဖြစ်လဲ။ ” ကန်ရှန်က လှောင်ပြောင် ပြောလိုက်သည်။ “ သင်းကွပ်ထားတဲ့ ခွေးတစ်ကောင်လောက်ကများ။ ”
လီဝမ်ဟွေ့ ဓားကို ဆွဲထုတ်ပြီး ပြင်းထန်စွာ ခုတ်ချလိုက်သည်။
“ ရွှီးးးး။ ” ချက်ချင်းပင် ကန်ရှန်၏ လက်မောင်းများသည် အရင်းမှနေ၍ ပြတ်ထွက်သွားသည်။
“ အားးးးး။ အားးးးး။။ ” ကန်ရှန်သည် အလွန် စူးရှသော အော်သံကြီးဖြင့် အော်ဟစ်လိုက်သည်။
“ ကန်ရှန်ကို လီချန်ချန်ဆီ ခေါ်သွားပြီး သူ့ရှေ့မှာတင် အရိုးတခြားအသားတခြားသတ်ပြစ်လိုက်။ ” လီဝမ်ဟွေ့ အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့။ ”
လီမိသားစု အပန်းဖြေစံအိမ် ပိုင်ရှင် လီထျန်နန်က တင်းမာစွာ ပြောလိုက်သည်။
“ လီဝမ်ဟွေ့။ မင်း သူ့ကို သတ်မယ် ဆိုရင်တောင် အနည်းဆုံးတော့ ဂုဏ်သိက္ခာလေး ပေးသင့်တယ်။ လီမိသားစုဝင် တစ်ယောက်ကို မင်း ဘယ်လိုလုပ် စော်ကားရဲတာလဲ။ ငါ ဂုဏ်သရေရှိ ဧည့်သည် ဖြစ်လာပြီး မင်းက သေဒဏ်ကျ အကျဉ်းသား ဖြစ်လာတဲ့အခါ မင်းရဲ့ တပည့်တွေနဲ့ နောက်လိုက်တွေ အားလုံးကို ငါ သတ်ပစ်မယ်။ ဒီနေ့ မင်းက လီမိသားစုဝင် တစ်ယောက်ကို နှိပ်စက်ခဲ့တယ်။ တစ်နေ့ကျရင် မင်းလူတွေကို ငါ ပြန်နှိပ်စက်မယ်။ ”
“ ဆူညံလိုက်တာ။ စကားများလိုက်တာ။ ” လီဝမ်ဟွေ့က ပြောလိုက်သည်။ “ မင်းက အရမ်း အရေးပါလို့ ငါ မသတ်ဘဲ ဓားစာခံ လုပ်ထားမယ်လို့ ထင်နေတာလား။ အိပ်မက် မက်နေလိုက်။ ”
ထိုသို့ ပြောပြီးနောက် လီဝမ်ဟွေ့ ဓားကို ဝှေ့ယမ်းလိုက်သည်။ လီမိသားစု အပန်းဖြေစံအိမ် ပိုင်ရှင်နှင့် လီမိသားစု စော်ဘွား၏ သွေးသောက်ညီအစ်ကို လီထျန်နန်၏ ခေါင်းသည် ကောင်းကင်ယံသို့ လွင့်စင်သွားသည်။
သေဆုံးချိန်အထိ သူ မြင်တွေ့နေရသည်ကို မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့သည်။ လီဝမ်ဟွေ့သည် သူ့ကို မြက်ပင်တစ်ပင်ကို ရှင်းလိုက်သကဲ့သို့ လွယ်ကူစွာ သတ်ပစ်ခဲ့သည်။
“ လီတောက်ကျိန်းကို ဝိုင်းပြီး သတ်။ လီချန်ချန်ကို ဝိုင်းပြီး သတ်။ ” လီဝမ်ဟွေ့ အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် နှစ်ထောင်၊ သုံးထောင်ခန့်သည် ဒီရေအလား လီမိသားစု အပန်းဖြေစံအိမ် အတွင်းသို့ ဝင်ရောက်သွားကြသည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် မိုင်အနည်းငယ် အကွာတွင် မြင်းစီးတပ်သား တစ်ထောင်နှင့် ခြေလျင်တပ်သား နှစ်ထောင် ပါဝင်သော စစ်သည် သုံးထောင် ပေါ်လာသည်။
ထိုအဖွဲ့ကို ဦးဆောင်သူမှာ တောင်ပိုင်းပင်လယ် သိုင်းကျောင်းတော်၏ ကျောင်းထိုင် ကျူးဝူယာ ဖြစ်သည်။
“ မြန်မြန်လုပ်။ မြန်မြန်လုပ်။ မိန်းမစိုးဂိုဏ်းက သစ္စာဖောက်တွေကို သတ်။ ”
“ လီမိသားစု အပန်းဖြေစံအိမ်ကို ကယ်တင်ကြ။ အင်ပါယာ အနောက်တောင်ပိုင်း ပြိုကွဲပျက်စီးမယ့် ဘေးကနေ ကယ်တင်ကြ။ ”
အပိုင်း ၁၉၇ ပြီး။