← Chapters

အခန်း (၁၉၈)

Vol. 20 Ch. 198

အခန်း (၁၉၈)

Vol. 20 Ch. 198

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၁၉၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

လီချန်ချန်ကို သတ်ဖြတ်ရန်အတွက် တုပိုင်သည် ညလုံးပေါက် အချိန်နှင့် ပြိုင်ကာ လေ့ကျင့်ခဲ့သည်။ ရွှမ်းချီ အတွင်းအား နိုးထပြီးသည်နှင့် တပြိုင်နက် သူသည် ဝဲကတော့ ဓားသိုင်းကို ချက်ချင်း စတင် လေ့လာခဲ့သည်။ ဤဓားသိုင်း၏ မူရင်း ကျမ်းစာအုပ်မှာ ပျောက်ဆုံးနေပြီ ဖြစ်သော်လည်း ဆရာသခင်ကြီး နင်ဇောင်ဝူသည် ကျမ်းစာအုပ် တစ်အုပ်လုံးကို နာရီဝက်အတွင်း ပြန်လည် ရေးသားနိုင်ခဲ့သည်။ ဖတ်ရှုပြီးနောက် တုပိုင် ထပ်မံ သက်ပြင်းချလိုက်မိသည်။

ဤအရာသည် သေချာပေါက် ဓားသိုင်း မဟုတ်ပေ။ သိပ္ပံပညာနှင့် သိုင်းပညာကို ပေါင်းစပ်ထားသော အရာတစ်ခုနှင့် ပိုတူနေသည်။ အဓိက အချက်မှာ ရွှမ်းချီ အတွင်းအား၏ တုန်ခါမှုကို ထိန်းချုပ်ပြီး စွမ်းအင် ဝဲကတော့ တစ်ခု ဖန်တီးရန် ဖြစ်သည်။ လုပ်ငန်းစဉ် တစ်ခုလုံးသည် မယုံနိုင်လောက်အောင် ရှုပ်ထွေးလှသည်။ ကျမ်းစာအုပ် တစ်အုပ်လုံးသည် သိုင်းပညာ ကျမ်းစာအုပ်နှင့် မတူဘဲ သင်္ချာနှင့် ရူပဗေဒ ပေါင်းချုပ် စာအုပ်နှင့် ပိုတူနေသည်။ မတူညီသော ကြိမ်နှုန်း လှိုင်းခွင် ထောင်ပေါင်းများစွာနှင့် သင်္ချာ တွက်ချက်မှု ဖော်မြူလာများ ပါဝင်နေသည်။

ဤကဲ့သို့သော ကျမ်းစာအုပ်မျိုးသည် အလွန် အစွမ်းထက်သဖြင့် ကြည့်လိုက်ရုံဖြင့် ဦးရေပြား ကျဉ်သွားစေနိုင်သည်။ တုပိုင်မှလွဲ၍ ဤလောကတွင် ဤကျမ်းစာအုပ်ကို နားလည်နိုင်သူ အလွန် ရှားပါးသည်ဟု ပြောနိုင်သည်။ တုပိုင်အတွက် ကျမ်းစာအုပ်ကို နားလည်ရန် မခက်ခဲသော်လည်း ယင်းကို လုံးဝ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး လက်တွေ့ အကောင်အထည်ဖော်ရန်မှာ စိန်ခေါ်မှု တစ်ရပ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓားသိုင်း တစ်ခုလုံး၏ မည်သည့် အစိတ်အပိုင်းမဆို မှားယွင်းနေပါက သို့မဟုတ် အချက်အလက် တစ်ခုခု မှားယွင်းနေပါက ယခင် ကြိုးစားအားထုတ်မှု အားလုံး အလဟဿ ဖြစ်သွားမည် ဖြစ်ပြီး စွမ်းအင် ဝဲကတော့ကို လုံးဝ ဖန်တီးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ကံကောင်းထောက်မစွာ အိပ်မက်စနစ် ရှိနေသည်။ သို့မဟုတ်ပါက တုပိုင်၏ နားလည်နိုင်စွမ်းဖြင့်ပင် ဤကျမ်းစာအုပ်ကို ကျွမ်းကျင်ရန် အနည်းဆုံး လအနည်းငယ် ကြာမြင့်ပေလိမ့်မည်။ ကျမ်းစာအုပ် တစ်အုပ်လုံးကို လျင်မြန်စွာ လှန်လှော ကြည့်ရှုပြီးနောက် တုပိုင်သည် မျက်လုံးကို မှိတ်ကာ အိပ်မက်ကမ္ဘာထဲသို့ အမြန်ဆုံး ဝင်ရောက်သွားသည်။ ရုတ်တရက် တုပိုင်သည် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဦးနှောက် စွမ်းရည်သည် ဆယ်ဆ တိုးတက်လာပြီး ယခင်က လျှို့ဝှက်ဆန်းကြယ်ပြီး ခက်ခဲသော လျှို့ဝှက်ကျမ်းစာအုပ်များသည် ပြန်လည် ရိုးရှင်းလာသည်။ တုပိုင်သည် စာမျက်နှာ နှစ်ရာပါ လျှို့ဝှက်ကျမ်းစာအုပ် တစ်အုပ်လုံးကို အိပ်မက်ထဲတွင် တစ်ရက်တည်းဖြင့် အလွတ်ကျက်မှတ်နိုင်ခဲ့သည်။ ဤဝဲကတော့ ဓားသိုင်း ဟု ခေါ်သော အရာသည် တစ်ကွက်ချင်းစီ သို့မဟုတ် နည်းစနစ်များနှင့် မသက်ဆိုင်ပေ။ ယင်းအစား အကောင်အထည် မဖော်မီ အခြေခံ သဘောတရားများကို နားလည်ရန် လိုအပ်သည်။ သိုင်းကွက် မရှိခြင်းက သိုင်းကွက် ရှိခြင်းထက် ပိုကောင်းသည်ဟူသော ဒဏ္ဍာရီလာ အယူအဆကို ဤနေရာတွင် ထူးခြားသော နည်းလမ်းဖြင့် တင်ပြထားသည်။

ထို့နောက် တုပိုင်သည် အိပ်မက်ထဲတွင် ဉာဏ်အလင်း ပွင့်သွားသည်။ ဤလုပ်ငန်းစဉ်သည် အလွန် ရှည်လျားပြီး နာရီပေါင်းများစွာ၊ နာရီပေါင်း ဒါဇင်ချီ သို့မဟုတ် ရက်ပေါင်းများစွာပင် ကြာမြင့်နိုင်သည်။ လှိုင်းခွင်တိုင်း၊ ဖော်မြူလာတိုင်းနှင့် သဘောတရားတိုင်းကို အပြည့်အဝ နားလည်သဘောပေါက်ပြီးမှသာ မိမိ၏ သွေးကြောများနှင့် ဝိညာဉ်စွမ်းအင်ကို စုစည်းပြီး မည်သို့ ထုတ်လွှတ်ရမည်ကို ရှာဖွေနိုင်မည် ဖြစ်သည်။

အိပ်မက်ထဲတွင် ခြောက်ရက်နှင့် ခြောက်ညတိုင်တိုင် တုပိုင်သည် ဝဲကတော့ ဓားသိုင်းကို အပြည့်အဝ နားလည်သဘောပေါက်ခဲ့သည်။ နောက်တစ်ဆင့် အနေဖြင့် လက်တွေ့ လေ့ကျင့်ခန်း စတင်ရမည်။ လုပ်ငန်းစဉ် တစ်ခုလုံးသည် အလွန် ရှုပ်ထွေးလွန်းသဖြင့် မရေမတွက်နိုင်သော ကျရှုံးမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။ ယင်းသည် ဓားသိုင်းနှင့် လုံးဝ မတူဘဲ အင်ဂျင်နီယာပရောဂျက်တစ်ခု သို့မဟုတ် ပရိုဂရမ်တစ်ခုနှင့် ပိုတူနေသည်။ ကျမ်းစာအုပ်သည် ဆော့ဖ်ဝဲလ် ဖြစ်ပြီး ခန္ဓာကိုယ်သည် ဟာ့ဒ်ဝဲလ် ဖြစ်သည်။ အသေးစိတ် အချက်အလက် တစ်ခုလေး မှားယွင်းလျှင်ပင် ကျရှုံးသွားလိမ့်မည်။

သူ ထပ်ခါထပ်ခါ ကြိုးစားခဲ့သည်။ အကြိမ်ပေါင်း ဒါဇင်ချီ၊ ရာချီ၊ ထောင်ချီ၊ သောင်းချီ...။ အကြိမ်ပေါင်း ငါးရာခန့် ထပ်ခါတလဲလဲ ပြုလုပ်ပြီးနောက် တုပိုင်သည် ဝဲကတော့ ဓားသိုင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး စွမ်းအင် ဝဲကတော့ တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

သို့သော် ယင်းသည် လုံလောက်ရန် အလှမ်းဝေးနေသေးသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရွှမ်းချီ အတွင်းအားသည် အလွန် အားနည်းသဖြင့် သူဖန်တီးလိုက်သော စွမ်းအင် ဝဲကတော့သည် အလွန် သေးငယ်ပြီး လူနှစ်ယောက်လုံးကို လုံးဝ လွှမ်းခြုံနိုင်ခြင်း မရှိပေ။ ထို့အပြင် ကောင်းကင်မှ လျှပ်စီးကို ဆွဲဆောင်နိုင်ဖွယ်လည်း မရှိပေ။

ရွှမ်းချီကို တိုးမြှင့်၍ မရနိုင်သဖြင့် တစ်ခုတည်းသော ရွေးချယ်စရာမှာ ယင်း၏ အသုံးချမှုနှုန်းကို မြှင့်တင်ရန်နှင့် ဖြုန်းတီးမှုကို လျှော့ချရန် ဖြစ်သည်။ မရေမတွက်နိုင်သော ပြုပြင်ပြောင်းလဲမှုများ၊ ရိုးရှင်းအောင် ပြုလုပ်မှုများနှင့် မွမ်းမံမှုများ ပြုလုပ်ပြီးနောက်။ နောက်ပိုင်းတွင် တုပိုင် ကိုယ်တိုင် ဤလျှို့ဝှက်နည်းစနစ်ကို အကြီးအကျယ် ပြုပြင်ပြောင်းလဲခဲ့သည်။ နောက်ဆုံးတွင် သူသည် သူ၏ အားနည်းသော ရွှမ်းချီကို အသုံးပြု၍ အမြင့် မီတာ နှစ်ဆယ်ကျော်နှင့် အချင်း သုံးမီတာကျော် ရှိသော ဝဲကတော့ တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ဤနည်းအားဖြင့် တုပိုင်နှင့် လီချန်ချန် တို့ကို ခပ်ပါးပါးလေး လွှမ်းခြုံထားနိုင်သည်။

ဤသည်သာ မကသေးဘဲ ကောင်းကင်မှ လျှပ်စီးကို ဆွဲဆောင်ရန်လည်း လုံလောက်မှု ရှိသင့်သည်။ တုပိုင် မျက်လုံးဖွင့်ပြီး နိုးလာသောအခါ မိုးလင်းလုနီးပါး ဖြစ်နေပြီ။

“ ဘယ်လိုလဲ။ ” ဆရာသခင်ကြီး နင်ဇောင်ဝူ မေးလိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “ ပြီးသွားပါပြီ။ ”

နင်ဇောင်ဝူ၏ မျက်လုံးများ အရောင်တောက်လာပြီး ဓားတစ်ချောင်း ကမ်းပေးလိုက်သည်။ ဤသည်မှာ ဆရာသခင်ကြီး နင်ဇောင်ဝူ ကိုယ်တိုင် အထူးစီမံထားသော သံနက်ဓား ဖြစ်ပြီး အားကောင်းသော သံလိုက်စက်ကွင်းကို ပိုင်ဆိုင်ထားသည်။ တုပိုင်သည် ဓားကို ယူလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ဝဲကတော့ ဓားသိုင်းကို စတင် အသုံးပြုလိုက်သည်။ ဤဓားသိုင်းတွင် သိုင်းကွက် လုံးဝ မရှိဘဲ ဓားကို ကိုင်ထားပြီး စက်ဝိုင်းများ ရေးဆွဲရုံသာ ဖြစ်သည်။ တုပိုင်၏ အားနည်းသော ရွှမ်းချီသည် ရွှမ်းသံဓားမှတစ်ဆင့် အဆက်မပြတ် ထွက်ပေါ်လာပြီး လေဆင်နှာမောင်းကဲ့သို့ တစ်ခုနှင့် တစ်ခု ထပ်နေသော ဝဲကတော့များကို ဖြစ်ပေါ်စေသည်။

သို့သော် ဤဝဲကတော့သည် မြင်ရခြင်း၊ ထိတွေ့ရခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ရွှမ်းချီသည် ရွှမ်းသံဓားကို ဖြတ်သန်းသွားသောကြောင့် သူ ထုတ်လွှတ်လိုက်သော စွမ်းအင်သည်လည်း သံလိုက်စွမ်းအားများ ပြည့်နှက်နေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် အချင်း နှစ်မီတာနှင့် အမြင့် မီတာ နှစ်ဆယ်ရှိသော သံလိုက်စွမ်းအင် ဝဲကတော့ တစ်ခု ဖြစ်ပေါ်လာပြီး အဆက်မပြတ် လည်ပတ်ကာ ပတ်ဝန်းကျင်ရှိ လေထုကို ဝါးမျိုနေသည်။

နင်ဇောင်ဝူသည် မျက်လုံးမှိတ်ထားရုံဖြင့် ဤစွမ်းအင် ဝဲကတော့ကို ရှင်းလင်းစွာ ခံစားနိုင်သည်။ သံသယ ဖြစ်စရာ မလိုဘဲ တုပိုင်သည် ဝဲကတော့ ဓားသိုင်းကို အောင်မြင်စွာ ကျွမ်းကျင်သွားပြီ ဖြစ်သည်။ သူ သက်ပြင်းရှည် တစ်ချက်ချပြီး ပြောလိုက်သည်။

“ ဉာဏ်ကြီးရှင်တွေက တကယ်ပဲ သူတို့ လုပ်ချင်တာကို လုပ်နိုင်ကြတာပဲ။ ”

သူ အံ့သြချီးကျူးမိခြင်း မရှိဘဲ မနေနိုင်ပေ။ ဤ ဝဲကတော့ဓားသိုင်းသည် စစ်မှန်သော ဓားသိုင်း မဟုတ်သော်လည်း တကယ့်ဓားသိုင်းများထက် ပိုမို ခက်ခဲပြီး နှစ်ဆကျော် ပိုမို ခက်ခဲသည်။ ယင်း၏ ရှုပ်ထွေးမှုနှင့် နက်နဲမှုသည် သာမန် ဓားသိုင်းများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ လူအများစုအတွက် ဤကျမ်းစာအုပ်ကို နားလည်မည်ပင် မဟုတ်သော်လည်း တုပိုင်သည် တစ်ညတည်းဖြင့် ပို၍ တိကျစွာ ပြောရလျှင် ညသန်းခေါင်ယံ အချိန်အတွင်း ကျွမ်းကျင်သွားခဲ့သည်။

“ ဆရာနင်။ လျှို့ဝှက်ရွှေမှုန့် အဆင်သင့် ဖြစ်ပြီလား။ ” တုပိုင် မေးလိုက်သည်။ နင်ဇောင်ဝူသည် လျှို့ဝှက်ရွှေမှုန့် မီလီလီတာ အနည်းငယ်ခန့် ပါဝင်သော ကြွေပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။ ဤလျှို့ဝှက်ရွှေမှုန့်သည် ရေစီးဆင်းနေသကဲ့သို့ ကြည်လင်နေကြောင်း တုပိုင် တွေ့ရှိလိုက်ရသည်။

“ ဒီလို လျှို့ဝှက်ရွှေမျိုးက အရမ်း တန်ဖိုးရှိတယ်။ ” နင်ဇောင်ဝူက ပြောလိုက်သည်။ “ ဒါကို ဓားသွေးကြောတွေ ပြုလုပ်ဖို့ အထူးသီးသန့် အသုံးပြုကြတယ်။ ”

ထက်မြက်ခြင်းနှင့် ခိုင်ခံ့ခြင်း အပြင် ထိပ်တန်း ဓားတစ်ချောင်း၏ အရေးအကြီးဆုံး အရည်အသွေးမှာ ဓားစွမ်းအင်ကို ထုတ်လွှတ်နိုင်စွမ်း ဖြစ်သည်။ သာမန် သတ္တုများသည်လည်း အတွင်းအားကို သယ်ဆောင်နိုင်ပြီး ဓားစွမ်းအင် အဖြစ်သို့ ပြောင်းလဲနိုင်သော်လည်း ယင်းသည် အလွန် ဖြုန်းတီးရာ ရောက်သည်။ သံသည် လျှပ်စစ်စီးကူးနိုင်သော်လည်း ယင်း၏ ခုခံမှု အလွန် မြင့်မားသကဲ့သို့ ဖြစ်သည်။ ဤလျှို့ဝှက်သတ္တုသည် ကမ္ဘာမြေပေါ်ရှိ စူပါလျှပ်ကူးပစ္စည်းနှင့် တူညီပြီး ရွှမ်းချီ အတွင်းအားကို ပြီးပြည့်စုံစွာ သယ်ဆောင်နိုင်ကာ ဖြုန်းတီးမှုနှုန်း ၁၀ ရာခိုင်နှုန်းထက် မကျော်လွန်ပေ။ ထို့ကြောင့် ထိပ်တန်း အရည်အသွေးရှိသော ဓားတိုင်းသည် ဤလျှို့ဝှက်ရွှေကို အသုံးပြုရမည် ဖြစ်ပြီး ကျပ်ဝက်သားခန့်ဆိုလျှင် လုံလောက်သည်။

ယင်းသည် ပြီးပြည့်စုံလုနီးပါး လျှပ်ကူးပစ္စည်း တစ်ခုလည်း ဖြစ်သည်။ အလွန် သေးငယ်ပြီး ကြည်လင်သောကြောင့် သာမန် မျက်စိဖြင့် လုံးဝ မမြင်နိုင်ပေ။ လေပြေလေညင်း တိုက်ခတ်လိုက်သည်နှင့် အရပ်မျက်နှာ အားလုံးသို့ ပြန့်ကျဲသွားမည် ဖြစ်သည်။ စွမ်းအင် ဝဲကတော့ စက်ကွင်း တစ်ခုလုံး ပြည့်နှက်သွားသည်နှင့် တပြိုင်နက် စွမ်းအင် စက်ကွင်း တစ်ခုလုံးသည် ကြီးမားသော ဟင်းလင်းပြင် လျှပ်ကူးပစ္စည်း တစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော် ဤအရာသည် အလွန် တန်ဖိုးရှိလွန်းသဖြင့် တုပိုင်သည် စမ်းသပ်မှုများအတွက် အသုံးပြု၍ မရနိုင်ပေ။

“ အခု လျှပ်စီးကလွဲရင် အရာအားလုံး အဆင်သင့် ဖြစ်နေပြီ။ ” ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။ “ လျှပ်စီး ဘယ်အချိန် ဘယ်နေရာမှာ လာမယ် ဆိုတာ ငါတို့ မသိရင် ငါတို့ရဲ့ အရင် ကြိုးပမ်းမှု အားလုံး အလကား ဖြစ်သွားလိမ့်မယ်။ ”

တုပိုင် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ ကျွန်တော် နတ်ဘုရားတွေကို သွားမေးပြီး သူတို့ ပြောမလား ဆိုတာ ကြည့်လိုက်ဦးမယ်။ ”

မျှော်လင့်ချက်များအပြည့်ဖြင့် တုပိုင်သည် မျက်လုံးကို မှိတ်ကာ အိပ်မက်ထဲသို့ တစ်ဖန် ဝင်ရောက်သွားသည်။

**--**--**--**--**--**--**--**

အိပ်မက်သည် တုပိုင် စိတ်ကူးထားသည်နှင့် မတူပေ။ တောင်ထိပ်ပေါ်တွင် မဟုတ်ဘဲ ပင်လယ်ပြင်ရှိ သင်္ဘောတစ်စင်းပေါ်တွင် ဖြစ်သည်။ ရာသီဥတု အခြေအနေသည် အလွန် ရှုပ်ထွေးနေသည်။ အဝေးတစ်နေရာတွင် နေဝင်နေပြီ ဖြစ်ပြီး တစ်ဝက်ခန့်သည် မိုးကုပ်စက်ဝိုင်းအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချိန်တွင် မိုးတိမ်မည်းများသည် ကောင်းကင်ယံမှ လိမ့်ဝင်လာပြီး တိမ်တိုက် ဖွဲ့စည်းပုံ တစ်ခုလုံးသည် ဝဲကတော့ တစ်ခုနှင့် တူနေကာ အလွန် ထူးခြားသော လက္ခဏာများကို ပြသနေသည်။

အဝေးတစ်နေရာတွင် ကျောက်ဆောင်များဖြင့် ချောမွတ်နေပြီး အရောင်မျိုးစုံ ရှိကာ သစ်ပင်ပန်းမန် လုံးဝ မရှိသော ကျွန်းတစ်ကျွန်း ရှိသည်။ ယင်းသည် ကျွန်းတစ်ကျွန်း သို့မဟုတ် သန္တာကျောက်တန်း တစ်ခု ဖြစ်ကြောင်း တုပိုင် သိလိုက်သည်။

“ လင်းပိုင်အော်သံ (စာရေးဆရာလည်းမသိဘူး။ 😂) ”

ထိုစဉ် ချစ်စဖွယ် လင်းပိုင်အော်သံ တစ်ခုသည် သန္တာကျောက်တန်း အနီးမှ ထွက်ပေါ်လာသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် လင်းပိုင်တစ်ကောင် ရုတ်တရက် ရေထဲမှ ခုန်ထွက်လာသည်။

တစ်ချိန်တည်းမှာပင်။

“ ဂျိန်း... ဂျိန်း... ဂျိန်း...။ ”

ကောင်းကင်ယံရှိ မိုးတိမ်မည်းများထဲမှ လျှပ်စီးကြောင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ပြင်းထန်စွာ ပစ်ချလိုက်သည်။ လျှပ်စီးသည် အလွန် ရုတ်တရက်နှင့် ချက်ချင်း ဆိုသလို ရောက်ရှိလာသည်။ အဝေးတစ်နေရာတွင် နေဝင်နေပြီး ဝဲကတော့ပုံ မိုးတိမ်မည်း တစ်ခုမှလွဲ၍ ကောင်းကင်သည် တိမ်ကင်းစင်နေသည်။ သို့သော် တိမ်တိုက်သည် ကြီးမားခြင်း၊ ထူထဲခြင်း မရှိသလို လျှပ်စီးလက်ရန် အထောက်အကူ ဖြစ်စေမည့် ရာသီဥတု အခြေအနေနှင့်လည်း မတူပေ။ သို့သော် ပင်လယ်ပြင် ရာသီဥတုသည် အမြဲ ပြောင်းလဲနေကြောင်း တုပိုင် သိထားသည်။ သို့သော် ဤလျှပ်စီးကြောင်းသည် လုံလောက်အောင် မကြီးမားဘဲ အမှန်တကယ်တော့ အတော်လေး သေးငယ်သည်။ လီချန်ချန်ကို သတ်ရန် လုံလောက်မယ်မထင်ချေ။

တုပိုင် ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။ သို့သော် နောက်ထပ် လျှပ်စီး မလာတော့ပေ။ လျှပ်စီး ပစ်ချပြီးနောက် မိုးစက်အနည်းငယ် ကျဆင်းလာပြီးနောက် ဝဲကတော့ပုံ မိုးတိမ်မည်းများ ကွဲပြယ်သွားလေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဤအိပ်မက်ထဲတွင် ဒုတိယမြောက် လျှပ်စီးကြောင်း မရှိတော့ပေ။ တုပိုင်သည် အဓိက အချက်အလက် အားလုံးကို အမြန် မှတ်သားလိုက်သည်။

လျှပ်စီးလက်မည့် အချိန်သည် ညနေ ၆ နာရီ ၃၀ မိနစ် ဝန်းကျင်၊ နေလုံး တစ်ဝက်ခန့် မိုးကုပ်စက်ဝိုင်းအောက် ဝင်ရောက်သွားချိန်ဖြစ်၏။ လျှပ်စီးလက်မည့် နေရာသည် လက်ချောင်းငါးချောင်း သန္တာကျောက်တန်း အနီး၊ ဝဲကတော့ပုံ မိုးတိမ်မည်း အောက်ဖြစ်၏။ လျှပ်စီး မပစ်မီ ရှေ့ပြေး လက္ခဏာများသည် လျှပ်စီး မပစ်မီ သုံးစက္ကန့် အလိုတွင် သန္တာကျောက်တန်းများဆီမှ လင်းပိုင်များ အော်ဟစ်ကြပြီးနောက် လင်းပိုင်တစ်ကောင် ရေထဲမှ ဆော့ကစား ခုန်ထွက်လာမည်။ တစ်နည်းအားဖြင့် ပြောရလျှင် တုပိုင်သည် သံလိုက်စွမ်းအင် ဝဲကတော့ကို ကြိုတင်၍ အသက်သွင်းထားရမည် ဖြစ်ပြီး လင်းပိုင် ရေထဲမှ ခုန်ထွက်လာသည့် ခဏတာ အချိန်တွင် ဓားဖြင့် တိုက်ခိုက်ရမည် ဖြစ်သည်။ လျှပ်စီး ပစ်ချမည့် အခွင့်အရေးသည် ခဏတာမျှသာ ဖြစ်သည်။ အမှားအယွင်း ရှိ၍ မဖြစ်ပေ။ သို့မဟုတ်ပါက ယခင် ကြိုးပမ်းမှု အားလုံး အလဟဿ ဖြစ်သွားမည် ဖြစ်ပြီး သေချာပေါက် သေဆုံးရပေလိမ့်မည်။

**--**--**--**--**--**--**--**

တုပိုင် ပြန်နိုးလာသောအခါ မနက်ရောက်နေပြီ ဖြစ်သည်။

“ ဘယ်လိုလဲ။ ” နင်ဇောင်ဝူက မေးလိုက်သည်။ “ လျှပ်စီး ဘယ်အချိန်၊ ဘယ်နေရာမှာ ပစ်မယ် ဆိုတာ နတ်ဘုရားတွေ ပြောပြလား။ ”

မေးခွန်း မေးလိုက်စဉ် သူ အနည်းငယ် ရယ်စရာ ကောင်းနေသည်ဟု ခံစားလိုက်ရသည်။ အိပ်မက်ထဲတွင် နတ်ဘုရားများ ကိုယ်ထင်ပြသည် ဟူသော အယူအဆသည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သော်လည်း နတ်ဘုရား တစ်ပါးက အိပ်မက်ထဲတွင် ကိုယ်ထင်ပြပြီး လျှပ်စီး ဘယ်အချိန်၊ ဘယ်နေရာမှာ ပေါ်လာမယ် ဆိုတာ ပြောပြသည် ဆိုသည်က​တော့ အရမ်း... ထူးဆန်းလွန်းနေသည်။

သို့သော် တုပိုင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် စာရွက်နှင့် စုတ်တံကို ယူပြီး အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ပုံဆွဲပြလိုက်သည်။ ပင်လယ်ပြင်ပေါ်တွင် နေလုံး တစ်ဝက် ဝင်နေပြီး အဝေးတစ်နေရာတွင် လက်ချောင်းငါးချောင်း သန္တာကျောက်တန်းကို မြင်နေရသည်။ လင်းပိုင်များ ခုန်ပျံနေကြပြီး ဝဲကတော့ပုံ မိုးတိမ်မည်းများ ကောင်းကင်တွင် တွဲခိုနေကာ သေးငယ်သော လျှပ်စီးကြောင်းများ လေထုကို ထိုးဖောက်နေသည်။

“ ဒါ ဘယ်နေရာလဲ ဆိုတာ ဆရာနင် သိလား။ ” တုပိုင် မေးလိုက်သည်။

နင်ဇောင်ဝူက ပြောလိုက်သည်။

“ ငါ သိတယ်။ ဒါက လက်ချောင်းငါးချောင်း ကျွန်းပဲ။ လျန်ကျိုးစီရင်စုရဲ့ အရှေ့တောင်ဘက် လီ ၁၉၀ အကွာမှာ ရှိတယ်။ ”

ဤနေရာသည် အတော်လေး ကျော်ကြားသည်။ အဘယ်ကြောင့်ဆိုသော် လက်ချောင်းငါးချောင်း သန္တာကျောက်တန်းသည် ထူးခြားသော ပုံသဏ္ဍာန် ရှိပြီး ဂုဏ်သရေရှိသော ခံစားမှုကို ပေးစွမ်းသဖြင့် ထိပ်တန်းအဆင့် တိုက်ပွဲ အများအပြားကို ဤနေရာတွင် ကျင်းပလေ့ ရှိသည်။

“ ဒါက ကံကြမ္မာ ဖြစ်မယ်။ ဒါမှမဟုတ် ရေစက် ဖြစ်မယ်။ ” နင်ဇောင်ဝူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက လီတောက်ကျိန်းနဲ့ ငါ့ရဲ့ ပထမဆုံး တိုက်ပွဲက ဒီလက်ချောင်းငါးချောင်း သန္တာကျောက်တန်းမှာ ကျင်းပခဲ့တာ။ အဲဒါ ဒီနေ့ပဲ။ ”

တုပိုင် ချက်ချင်း တုန်လှုပ်သွားသည်။ အမှန်တကယ်ပင် ကောင်းကင်ဘုံ၏ အလိုဆန္ဒ ပါဝင်နေပြီး တစ်စုံတစ်ယောက်သည် ထိုနေရာတွင် သေဆုံးရန် ကံပါလာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသူသည် ထိုမိန်းမယုတ် လီချန်ချန် ဖြစ်ပါစေဟု သူ မျှော်လင့်မိသည်။

“ ဒါဆို ဆုံးဖြတ်ပြီးပြီ။ ဒီနေ့ လက်ချောင်းငါးချောင်း သန္တာကျောက်တန်း အနီးကို ရွက်လွှင့်ပြီး လီချန်ချန်ကို သတ်ကြမယ်။ ” တုပိုင်က ပြောလိုက်သည်။

နင်ဇောင်ဝူက ပြောလိုက်သည်။

“ အရမ်း အန္တရာယ် များနေတုန်းပဲ။ မင်းရဲ့ အစီအစဉ်က အရမ်း ပါးနပ်ပြီး အံ့သြစရာ ကောင်းပေမဲ့ အနည်းငယ်လေး အမှားအယွင်း ရှိတာနဲ့ သေချာပေါက် သေဆုံးရလိမ့်မယ်။ လီချန်ချန်က မင်းကို ချက်ချင်း သတ်ပစ်နိုင်တယ်။ ”

တုပိုင်က ပြောလိုက်သည်။ “ ဆရာနင်။ ဒါက သေမင်းနဲ့ လောင်းကစား လုပ်ရတာပါ။ နိုင်နိုင်ချေ ၃၀ ရာခိုင်နှုန်းပဲ ရှိရင်တောင်၊ ၆၀ ရာခိုင်နှုန်း မပြောနဲ့ဦး၊ ကျွန်တော်တို့ အစွမ်းကုန် တိုက်ခိုက်ရမယ်။ ”

နင်ဇောင်ဝူသည် တုပိုင်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။

“ ကလေး။ မင်းက ကံကောင်းခြင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့သူလို့ ငါ ယုံကြည်တယ်။ မင်းက အံ့သြစရာကောင်းတဲ့ အံ့ဖွယ်အမှုတွေကို သေချာပေါက် ဖန်တီးနိုင်လိမ့်မယ်။ အချိန်အခါနဲ့ နေရာဒေသ မှန်ကန်မှုကို အခွင့်ကောင်းယူထားတဲ့ ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ သတ်ဖြတ်ခြင်း အစီအစဉ်က လီချန်ချန်ရဲ့ အသက်ကို ကောင်းကင်ဘုံဆီ ယဇ်ပူဇော်ဖို့အတွက် အကောင်းဆုံးပဲ။ ”

တုပိုင် အံကြိတ်ပြီး ပြောလိုက်သည်။ “ ဟုတ်တယ်။ ဒီနေ့ ကျွန်တော်တို့ အဲဒီမိန်းမယုတ် လီချန်ချန်ကို သတ်ပြီး ကောင်းကင်ဘုံဆီ ယဇ်ပူဇော်ကြမယ်။ ”

ထို့နောက် တုပိုင်သည် ထိုမိန်းမယုတ်ကို သတ်ဖြတ်ရန် ထွက်ခွာသွားလေသည်။

အပိုင်း ၁၉၈ ပြီး။

All Chapters