← Chapters

အခန်း (၁၉၀)

Vol. 19 Ch. 190

အခန်း (၁၉၀)

Vol. 19 Ch. 190

နေ့ဘက်တွင် ဖြစ်ပွားခဲ့သော 'သွေးတိမ်တိုက်သားရဲဖြစ်ရပ်ကြောင့် ဝူရွှမ်း ဝူကျိခန်းမကြီးမှာ ညအချိန်တွင် ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေသည်။

အပြင်ခန်းမမှ သိုင်းသမား ၅၀၀ ကျော်မှာ တစ်ခန်းလျှင် သုံးဦးစီ နေထိုင်ကြရသော်လည်းအတွင်းခန်းမမှ သိုင်းဂုဏ်ထူးဆောင် ၅၀ မှာမူ ကိုယ်ပိုင်အခန်းများဖြင့် နေထိုင်ခွင့်ရှိကြသည်။ အဆင့်အမြင့်ဆုံး ထိပ်သီးငါးဦးဆိုလျှင် ကိုယ်ပိုင်ခြံဝင်းလေးများဖြင့်ပင် နေထိုင်ကြရခြင်း ဖြစ်သည်။

ဤအချိန်မှာ ညနေခင်း လေ့ကျင့်ခန်းများ စတင်တော့မည့် အချိန်ဖြစ်သည်။ အတွင်းခန်းမမှ သိုင်းသမားများ လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်လာကြချိန်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော ကွင်းပြင်ကြီးမှာ အပြင်ခန်းမမှ အမျိုးသမီးသိုင်းသမားများဖြင့် ပြည့်နှက်နေတော့သည်။

"ဘာတွေဖြစ်နေတာလဲ။ အပြင်ခန်းမကလူတွေ ဘာလို့ ဒီကို ရောက်နေကြတာလဲ"

"နေဦး... ဟိုအလယ်မှာ ကြည့်လိုက်။ လူနှစ်ယောက် ရပ်နေတယ်။ ပြိုင်ပွဲလုပ်တော့မလို့ ထင်တယ်"

"ဝိုး အဲဒါ အပြင်ခန်းမရဲ့ အတောင့်တင်းဆုံး အမျိုးသမီးသိုင်းသမား လျိုချင်း မဟုတ်လား။ တကယ်ပြိုင်မှာဆိုရင် အတွင်းခန်းမက ညီအစ်ကိုတွေကို မြန်မြန်သွားခေါ်ကြ ပွဲကောင်းကောင်းကြည့်ရတော့မယ်"

ဝူရွှမ်း ဝူကျိခန်းမတွင် ကိုယ်ပိုင်ရန်ဖြစ်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသော်လည်း သွေးကြွနေသော သိုင်းသမားများကို လုံးဝထိန်းချုပ်ရန် မဖြစ်နိုင်သဖြင့် တရားဝင်စိန်ခေါ်ပွဲများမှာ သဘာဝအလျောက် ပေါ်ပေါက်လာခဲ့သည်။ ဤပြိုင်ပွဲများမှာ တိုက်ခိုက်ခြင်းသက်သက်မဟုတ်ဘဲ သိုင်းကွက်ဖလှယ်ခြင်း၊ မြင်းစီးဟန်ပြိုင်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိနိုင်ပြီး တရားမျှတစေရန် အဆင့်မြင့်စီနီယာများကို ဒိုင်အဖြစ် ဖိတ်ကြားလေ့ရှိသည်။

သို့သော် ယနေ့ပြိုင်ပွဲမှာ အလွန်ထူးခြားနေသည်။ ကွင်းလယ်ရှိ မိန်းကလေးနှစ်ဦးမှာ အလေးမပြိုင်ပွဲလုပ်ရန် ပြင်နေကြခြင်းဖြစ်သည်။ ၎င်းမှာ သာမန်အမျိုးသားသိုင်းသမားများပင် လျှာထွက်ရမည့် စိန်ခေါ်မှုမျိုးပင်။

မကြာမီမှာပင် အတွင်းခန်းမ ကွင်းပြင်၌ ပြိုင်ပွဲရှိနေသည်ဟူသော သတင်းမှာ တစ်ကျောင်းလုံးကို ပျံ့နှံ့သွားတော့သည်။ လိုင်ဟုသည် ဂူဖုန်းနှင့် ချီယဲ့တို့ကို ကျောင်းပတ်ပြနေရင်း ထိုသတင်းကို ကြားလိုက်ရသောအခါ အားတက်သရောဖြင့် ကွင်းပြင်ဆီသို့ ဦးဆောင်ခေါ်သွားတော့သည်။

"မင်းတို့ ကံကောင်းတယ်။ ဝူကျိခန်းမရဲ့ ပြိုင်ပွဲတွေက တကယ့်ကို ရင်ခုန်စရာကောင်းတာ။ ပြီးခဲ့တဲ့အကြိမ်က စီနီယာတစ်ယောက်ဆိုရင် သိုင်းဂုဏ်ထူးဆောင်အဆင့် သိုင်းကွက်ကို သုံးပြသွားတာ တကယ့်ကို မျက်စိပွင့်သွားစေရမယ်"

သိုင်းပညာ၏ အားမာန်မှာ မှော်ပညာကဲ့သို့ မြင်ကွင်းကျယ်ကျယ် ဝေဝေဆာဆာ မရှိသော်လည်း ၎င်း၏ အဖျက်စွမ်းအားနှင့် အရှိန်အဝါကိုတော့ အထင်သေး၍ မရပေ။

လိုင်ဟုသည် ဂူဖုန်းနှင့် ချီယဲ့တို့ကို ဦးဆောင်ကာ လူအုပ်ကြီးရှိရာသို့ တိုးဝှေ့သွားရင်း ဘေးမှလူကို လှမ်းမေးလိုက်သည်။

"ဒီနေ့ ဘယ်စီနီယာတွေ ပြိုင်နေကြတာလဲ။ ဘာပြိုင်ပွဲလဲဗျ"

"အပြင်ခန်းမက ကျောင်းသူနှစ်ယောက်လေ။ တစ်ယောက်က ဖလှယ်ရေးကျောင်းသားတဲ့။ တကယ့်ကို ကိုယ့်သေတွင်းကိုယ်တူးတာပဲ... ပြိုင်ဖက်ရှားလို့ လျိုချင်းနဲ့မှ သွားပြိုင်ရတယ်လို့"

တစ်ဖက်လူက လှောင်ပြောင်သလို ဖြေကြားလိုက်သည်။ လျိုချင်း၏ အမည်မှာ အတွင်းခန်းမအထိပင် အတော်အတန် လူသိများလှသည်။

ဖလှယ်ရေးကျောင်းသားလား။ အဲဒါ မမကြီးပဲ။

လိုင်ဟုမှာ ထိုစကားကို ကြားသည်နှင့် ဆွံ့အသွားတော့သည်။ မမကြီးမှာ အဆောင်ရောက်သည့် ပထမဆုံးညမှာတင် အမျိုးသမီးသိုင်းသမားများထဲတွင် အတော်ဆုံးဖြစ်သည့် လျိုချင်းနှင့် ဘယ်လိုများ ပြဿနာတက်သွားရတာလဲ။

"မြန်မြန်သွားကြည့်ရအောင် ဒုက္ခမရောက်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်"

ဂူဖုန်းက ပြောကာ လူအုပ်ကြားထဲသို့ အတင်းတိုးဝှေ့ဝင်သွားကြသည်။

အတန်ကြာ အားထုတ်ပြီးနောက် သူတို့ သုံးဦးမှာ ရှေ့ဆုံးသို့ ရောက်ရှိသွားကြသည်။ ကွင်းလယ်တွင် ယွင်ရှန်းနှင့် လျိုချင်းတို့မှာ မျက်နှာချင်းဆိုင် ရပ်နေကြပြီး သူတို့နှစ်ဦးကြားတွင် ဝါကျင်ကျင် မုတ်ဆိတ်မွေးများနှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေသည်။

"ဟာ... အဲဒါ စည်းကမ်းထိန်းသိမ်းရေးဌာနက အကြီးအကဲမြောင်ပဲ။ သွားပါပြီ... လျိုချင်းက အကြီးအကဲမြောင်ကိုပါ သက်သေအဖြစ် ဖိတ်ထားတာပဲ။ အခုတော့ မမကြီး ငြင်းချင်ရင်တောင် မရတော့ဘူး"

လိုင်ဟုသည် မိမိကိုယ်မိမိ ပြန်ရိုက်ချင်စိတ်ပင် ပေါက်သွားသည်။ မမကြီးနှင့် အမျိုးသမီးအဆောင်ကလူတွေ ပြဿနာတက်နိုင်သည်ကို သူ ကြိုတင်တွေးထားသင့်သည်။

လျိုချင်းသည် အပြင်ခန်းမ၏ ထူးချွန်ကျောင်းသူဖြစ်ရုံသာမက အကြီးအကဲများနှင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ သူမသည် အပြင်ပန်းတွင် ကြမ်းတမ်းပုံရသော်လည်း အတွေးအခေါ် အလွန်နက်နဲသူပင်။

သူမသည် ယွင်ရှန်းတို့မှာ ဒုတိယခန်းမမှူးက ခေါ်လာသူများဖြစ်ကြောင်း သိထားသည်။ လက်ရှိတွင် ဒုတိယခန်းမမှူး မရှိခိုက် သူမက ယွင်ရှန်းကို ဒီအတိုင်း မောင်းထုတ်လိုက်ပါက နောက်မှ အပြစ်တင်ခံရနိုင်သည်ကို သူမ တွက်ဆမိသည်။ ထို့ကြောင့် တရားဝင်စိန်ခေါ်ပွဲဟူသော အမည်ကိုသုံးကာ အကြီးအကဲမြောင်ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ လူအများရှေ့တွင် ယွင်ရှန်း ရှုံးသွားပါက မည်သူ့ကိုမျှ အပြစ်တင်စရာမလိုဘဲ အရှက်တကွဲဖြင့် ခန်းမမှ ထွက်သွားစေရန် သူမ စီစဉ်လိုက်ခြင်းပင်။

စတုရန်းပုံမျက်နှာနှင့် တည်ကြည်လှသော အကြီးအကဲမြောင်သည် လွန်စွာပင် မျှတပုံရသည်။ လူစုလူဝေးကြီးလာသည်ကို မြင်သောအခါ သူသည် အသံကို တစ်ချက်ဟန့်လိုက်ပြီး လူအုပ်ကို တိတ်ဆိတ်သွားစေသည်။

"အားလုံး ငြိမ်ငြိမ်နေကြ။ ဒီညမှာတော့ သင်တန်းသူ လျိုချင်းက သူမနဲ့ သင်တန်းသူသစ် ယွင်ရှန်းတို့ရဲ့ ကျောက်ခြင်္သေ့မပြိုင်ပွဲကို ဒိုင်အဖြစ် ဆောင်ရွက်ပေးဖို့ ငါ့ကို ဖိတ်ကြားထားတယ်။ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ နှစ်ဦးနှစ်ဖက်စလုံး ရလဒ်ကို လက်ခံရမယ်။ မဟုတ်ရင်တော့ စည်းကမ်းထိန်းသိမ်းရေးဌာနက အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူး"

အကြီးအကဲမြောင်သည် ကျောင်းသားချင်း ပြိုင်ပွဲများတွင် ပါဝင်လိုစိတ် သိပ်မရှိသော်လည်းတော်ဝင်မှော်အကယ်ဒမီမှ မှော်ဆရာမလေးတစ်ဦးသည် အပြင်ခန်းမ၏ အတော်ဆုံး သိုင်းသမားမလေးကို ဘယ်လို ရင်ဆိုင်မလဲဆိုသည်ကို သူကိုယ်တိုင်လည်း စိတ်ဝင်စားနေမိသည်။

အကြီးအကဲမြောင်၏ ကြေညာချက်အဆုံးတွင် ဝန်းကျင်တစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။

"ကျောက်ခြင်္သေ့ မပြိုင်ပွဲလား။ ပေါင်တစ်ထောင်လောက် ခွန်အားရှိတယ်လို့ နာမည်ကြီးတဲ့ လျိုချင်းကို မှော်ဆရာမတစ်ယောက်က စိန်ခေါ်တယ်ပေါ့"

"အဲဒီ မှော်ဆရာမက မှော်ပိတ်ပင်ခြင်းတောင် ခံထားရတယ်လို့ ကြားတယ်"

"ဘုရားရေ... ကမ္ဘာကြီး ဘာတွေဖြစ်နေတာလဲ။ မှော်ဆရာမတစ်ယောက်က သိုင်းသမားကို ခွန်အားချင်းပြိုင်စိန်ခေါ်ရဲတယ်လို့"

လှောင်ရယ်သံများနှင့် မထီမဲ့မြင်ပြုသော အော်ဟစ်သံများမှာ ယွင်ရှန်းဆီသို့ တစ်ဟုန်ထိုး ကျရောက်လာသည်။ လူတိုင်းက လျိုချင်းကိုသာ အပြည့်အဝ ထောက်ခံနေကြပြီး ထိုဆူညံသံများမှာ ကွင်းပြင်အပြင်ဘက်အထိ ပျံ့နှံ့သွားတော့သည်။ လိုင်ဟုနှင့် အပေါင်းအပါများမှာ အလွန်စိုးရိမ်နေကြသော်လည်း ယွင်ရှန်းနှင့် လျိုချင်းတို့ ကျောက်ရုပ်များရှိရာသို့ လျှောက်သွားကြပြီဖြစ်ရာ ဘာမှမတတ်နိုင်တော့ပေ။

အတွင်းခန်းမ၏ အစွန်အဖျားရှိ အလွန်တိတ်ဆိတ်လှသော ခြံဝင်းငယ်လေးတစ်ခုအတွင်းတွင် ချောမောသော အမျိုးသားနှစ်ဦးမှာ အမှောင်ထဲ၌ မျက်နှာချင်းဆိုင်ထိုင်ကာ စစ်တုရင်ကစားနေကြသည်။

"မင်း တစ်ခုခုကြားလိုက်လား"

ချန်ပိုင်က စစ်တုရင် နယ်ရုပ်ဖြူလေးကို ကိုင်ထားရင်း ရပ်တန့်သွားသည်။ သူ၏ နားများမှာ လေ့ကျင့်ရေးကွင်းပြင်ဆီမှ ထွက်ပေါ်လာသော ဆူညံသံများကို ဖမ်းယူနေမိသည်။

"စစ်တုရင်ကစားတဲ့အခါ စကားမပြောရဘူး ချန်ပိုင်။ မင်းက နေရာတော်တော်များများမှာ တော်ပေမဲ့ စိတ်မငြိမ်တာကတော့ မင်းရဲ့ အားနည်းချက်ပဲ"

ယီပိုင်မင်းက နယ်ရုပ်အမည်းတစ်ရုပ်ကို လက်ဖြင့် ခတ်ထုတ်လိုက်ရာ ထိုရုပ်သည် ညမှောင်ထဲတွင် လွှသွားတစ်ခုအလား သိုင်းစိတ်ဓာတ်များဖြင့် တောက်လောင်ကာ ချန်ပိုင်၏ လက်ထဲရှိ နယ်ရုပ်ဖြူဆီသို့ ဝှစ်ခနဲ ပြေးဝင်သွားသည်။

ချန်ပိုင်က ချက်ချင်းပင် တည်ငြိမ်သွားပြီး သူ၏ နယ်ရုပ်ဖြူလေးမှာလည်း ပိုးစုန်းကြူးလေးအလား လင်းလက်သွားကာ ခုခံလိုက်သည်။ အမှောင်ထဲတွင် စစ်တုရင်ရုပ်နှစ်ရုပ် ထိတွေ့မိသံနှင့်အတူ ချန်ပိုင်၏ နယ်ရုပ်မှာ နှစ်ပိုင်းကွဲသွားတော့သည်။

သူတို့နှစ်ဦးသည် စစ်တုရင်ကစားနေခြင်း ဖြစ်သော်လည်း အမှန်စင်စစ်မှာမူ သိုင်းကွက်များကို လျှို့ဝှက်လေ့ကျင့်နေကြခြင်းဖြစ်သည်။ နယ်ရုပ်တစ်ရုပ်စီ တင်လိုက်တိုင်း သိုင်းကွက်တစ်ခုစီကို ဖော်ဆောင်နေခြင်းဖြစ်ပြီး ၎င်းမှာ သူတို့နှစ်ဦးကြားရှိ အကောင်းဆုံး လေ့ကျင့်မှုပင်။ စစ်တုရင်ခုံပေါ်တွင် တိုက်ပွဲများ ပြင်းထန်နေချိန် အတွင်းခန်းမ လေ့ကျင့်ရေးကွင်းပြင်၌ ယွင်ရှန်းနှင့် လျိုချင်းတို့၏ ပြိုင်ပွဲမှာလည်း စတင်နေပြီ ဖြစ်သည်။

All Chapters