အခန်း (၁၉၃)
Vol. 19 Ch. 193
မျှော်လင့်ထားသလို ဆူညံပွက်လောရိုက်မှုများ ရှိမလာခဲ့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။ ထိုထူးဆန်းသော တိတ်ဆိတ်မှုကြောင့် အကြီးအကဲမြောင်ပင်လျှင် ဘာပြန်ပြောရမှန်းမသိဘဲ ကြောင်အမ်းနေမိသည်။
လျိုချင်းက သူမ၏ တိုက်ခိုက်ရေးသိုင်းကို ထုတ်သုံးလိုက်ပြီးနောက်တွင် လူတိုင်းက ဤမှော်ဆရာမလေးမှာ ပေါင် ၁၀၀၀ လေးသော ရွှေဆင်ကြီးကို ဘယ်လိုမှ မနိုင်နိုင်တော့ဘူးဟု ထင်ထားခဲ့ကြသည်။ သို့သော် သူမက မြှောက်ပြနိုင်ခဲ့ရုံသာမက ၅၀၀ ကျင်းကို မြှောက်စဉ်ကထက်ပင် ပိုမိုလွယ်ကူနေပုံရသည်။
ဝူရွှမ်း ဝူကျိခန်းမမှ သိုင်းသမားများမှာမူ သူတို့၏ ဦးနှောက်ထဲတွင် နွားအုပ်ကြီးတစ်အုပ် ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရပြီး သေစမ်း... ဒီမိန်းကလေးက ဘယ်လောက်တောင် မိစ္ဆာဆန်လိုက်သလဲ ဟုသာ စိတ်ထဲမှ ရေရွတ်နေမိကြတော့သည်။
ဂူဖုန်းနှင့် ချီယဲ့တို့မှာလည်း ကျောက်ရုပ်များအလား မှင်သက်နေကြသည်။ ဂူဖုန်းကမူ ယွင်ရှန်းရဲ့ အကြောက်စရာအကောင်းဆုံးအချက်က ဆေးဖော်စပ်တာမဟုတ်ဘဲ ခွန်အားပဲဖြစ်ရမယ်။ နောင်ကျရင် ငါ သူမနဲ့ ဝေးဝေးမှာ နေမှဖြစ်မယ်။ ပေါင် ၁၀၀၀ ခွန်အားနဲ့ တစ်ချက်ပဲ ရိုက်လိုက်ရင် ငါတော့ ဖုန်မှုန့်တောင် ဖြစ်သွားနိုင်တယ် ဟု တိတ်တဆိတ် တွေးနေမိသည်။
အစိမ်းရောင်ဝတ်ရုံအောက်မှ ချီယဲ့ကမူ ယွင်ရှန်းကို ခြေဆုံးခေါင်းဆုံး အသေအချာ စူးစမ်းကြည့်နေသော်လည်း သူမ၏ ခွန်အားနောက်ကွယ်မှ လျှို့ဝှက်ချက်ကို ဘယ်လိုမှ ရှာမတွေ့နိုင်ဘဲ ဖြစ်နေသည်။
ကွင်းပြင်တစ်ခုလုံးတွင် စိတ်အေးအလက်ဆုံးမှာ ယွင်ရှန်းကိုယ်တိုင်ပင်။ သူမသည် ဘိုဘိုနှင့် ပေါင်းစပ်ထားသော မဟာခွန်အားသိုင်းကို ပထမဆုံးအကြိမ် စမ်းသပ်ခြင်းဖြစ်ရာ စိတ်ထဲမှလည်း အလွန်ကျေနပ်နေမိသည်။
ဘိုဘိုကတော့ ဒီတစ်ခါ တကယ်အားကိုးရတာပဲ။ ဒီကောင်လေးရဲ့ ချီခွန်အားက ဘယ်လောက်တောင် များနေတာလဲ။ ပေါင် ၁၀၀၀ လေးတဲ့ အကောင်ကြီးကို ခေါင်းပေါ်တင်ထားတာ ဘာမှမလေးသလိုပဲ။
"ငါတို့တွေ ဆက်ပြိုင်ကြဦးမလား"
ယွင်ရှန်းက ရွှေဆင်ကြီးကို ကိုင်ထားရင်း အကြီးအကဲမြောင်ကို ခပ်အေးအေး မေးလိုက်မှ သူလည်း သတိပြန်ဝင်လာတော့သည်။
"ဒါမှမဟုတ် လက်နှစ်ဖက်စလုံးနဲ့ မြှောက်ပြရမလား။ ဘယ်ဘက်မှာ တစ်ခု ညာဘက်မှာ တစ်ခုပေါ့"
ယွင်ရှန်းက စဉ်းစားသလို ပြောလိုက်သည်။ ဘိုဘိုအတွက်မူ တစ်ကောင်ဖြစ်စေ နှစ်ကောင်ဖြစ်စေ ထူးခြားမည်မထင်ပေ။
ယွင်ရှန်း၏ စကားကို ကြားလိုက်ရချိန်တွင် ဝူကျိခန်းမမှ သိုင်းသမားများမှာ လဲကျမတတ် ဖြစ်သွားကြသည်။
ဒါကို ဘယ်လိုလုပ် သွားပြိုင်လို့ ရတော့မှာလဲ။
လျိုချင်း၏ မျက်နှာမှာ ကြည့်မကောင်းတော့ပေ။ သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး စကားတစ်လုံးမျှပင် ထွက်မလာတော့ပေ။ လက်နှစ်ဖက်ဖြင့် ပေါင် ၂၀၀၀ ကို မြှောက်နိုင်ခြင်းမှာ အတွင်းခန်းမရှိ အဆင့်အမြင့်ဆုံး ထိပ်သီးငါးဦးသာ လုပ်ဆောင်နိုင်သည့် အစွမ်းမျိုး ဖြစ်သည်။
"မပြိုင်တော့ဘူး... ငါ အရှုံးပေးပါတယ်"
လျိုချင်းက ခက်ခဲစွာဖြင့် ထိုစကားကို ပြောထွက်လိုက်သည်။
"အိုး... အရှုံးပေးပြီပေါ့။ ဒါဆို ငါတို့တွေရဲ့ သဘောတူညီချက်အရ နင်က..."
ယွင်ရှန်းက ရွှေဆင်ကြီးကို ဘေးသို့ အသာအယာ ချလိုက်ပြီး နောက်ပြောင်ချင်သော အပြုံးလေးဖြင့် ကြည့်လိုက်သည်။
"အဆောင်ခန်းကနေ ငါ ထွက်ပေးမယ်။ ပြီးတော့... နောက်နောင် နင့်ကို ဘယ်တော့မှ လာမနှောင့်ယှက်တော့ဘူး"
လျိုချင်းက မျက်လုံးများကို စုံမှိတ်ကာ ခါးသီးလှသော အရှုံးကို လက်ခံလိုက်ရတော့သည်။
ယွင်ရှန်းသည် တစ်စုံတစ်ရာသော လှည့်ကွက်ကို သုံးခဲ့သည်ဟု လျိုချင်း သံသယဝင်နေသော်လည်း သူမရော အကြီးအကဲမြောင်ပါ မည်သည့် မရိုးသားမှုကိုမျှ ရှာမတွေ့ခဲ့ပေ။ ယွင်
ရှင်၏ ခန္ဓာကိုယ်တွင်လည်း မှော်ပိတ်ပင်ခြင်းက ရှိနေဆဲပင်။
"အဲဒါ အကောင်းဆုံးပဲ။ မိုးလည်း တော်တော်ချုပ်နေပြီဆိုတော့ ငါ နားတော့မယ်"
ယွင်ရှန်းက သူမ၏ လက်နှစ်ဖက်ကို ခါယမ်းလိုက်ပြီး လူအုပ်ထဲရှိ ဂူဖုန်းနှင့် ကျန်နှစ်ယောက်ကို မျက်မှိတ်ပြလိုက်သည်။ သူမသည် လူအုပ်ကြားမှ ဖြတ်လျှောက်သွားရန် ပြင်
လိုက်သည့် ခဏတွင် ပတ်ဝန်းကျင်ရှိ သိုင်းသမားများမှာ တစ်ပြိုင်နက်တည်း နောက်သို့ ညီညီညာညာ ဆုတ်ပေးလိုက်ကြသည်။
ယွင်ရှန်း တစ်လှမ်းတိုးလျှင် သူတို့က တစ်လှမ်းဆုတ်သည်။ ခဏချင်းအတွင်းမှာပင် အတွင်းခန်းမနှင့် အပြင်ခန်းမမှ သိုင်းသမားများမှာ ယွင်ရှန်းနှင့် အဝေးဆုံးတွင် နေရန် ကြိုးစားနေကြတော့သည်။
အကယ်၍ စောစောက တော်ဝင်မှော်အကယ်ဒမီမှ မှော်ဆရာသုံးဦးကို အနိုင်ကျင့်ချင်သော စိတ်ရှိသူများ ရှိခဲ့လျှင်ပင် ယခုပြိုင်ပွဲအပြီးတွင်တော့ မည်သူမျှ ပြဿနာမရှာရဲကြတော့ပေ။ လူတိုင်းက ယွင်ရှန်းကို ယုန်ဖြူလေးတစ်ကောင်ဟု ထင်မှတ်ခဲ့ကြသော်လည်း အမှန်စင်စစ် သူမမှာ မီးမှုတ်နိုင်သော တိုင်ရန်နိုဆောရပ်စ်မလေးတစ်ကောင် ဖြစ်နေသည်ကို သိလိုက်ရသဖြင့် သူတို့၏ စိတ်ကို ပြန်လည်ပြင်ဆင်ရန် အချိန်အတော်ပေးရဦးမည် ဖြစ်သည်။
ယွင်ရှန်းတို့ ထွက်ခွာသွားပြီးနောက် လူအုပ်ကြီးမှာ တဖြည်းဖြည်း လူစုကွဲသွားသည်။ လျိုချင်းမှာမူ လေ့ကျင့်ရေးကွင်းပြင်တွင် ခေါင်းငိုက်စိုက်ချလျက် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ မှောင်ရီပျိုးစညတွင် သူမ ဘာတွေတွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။
"လျိုချင်း... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ အဲဒီသင်တန်းသူလေးက တကယ်ကို ထူးခြားတဲ့သူပဲ။ သူမက ဒုတိယခန်းမမှူးကိုယ်တိုင် သိုင်းကျောင်းကို ကူညီဖို့ ဖိတ်ထားတဲ့သူလေ။ သူမကို ရှုံးတာက အရှက်ရစရာ မဟုတ်ပါဘူး။ ဒီညမှာ နင်က ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်ခဲ့တာပါ။ မနက်ဖြန်ကျရင် နင် အတွင်းခန်းမကို ပြောင်းရွှေ့ရတော့မယ်"
အကြီးအကဲမြောင်က ကွင်းပြင်ကို သိမ်းဆည်းရင်း ကျန်ရစ်နေသော လျိုချင်းကို နှစ်သိမ့်စကား ပြောလိုက်သည်။ ဝူရွှမ်း ဝူကျိခန်းမသို့ ဝင်ခွင့်ရသူတိုင်းမှာ မဟာကျိုးနိုင်ငံ၏ အတော်ဆုံး သိုင်းသမားများ ဖြစ်ကြသည်မှာ အမှန်ပင်။ လျိုချင်းသည် ယခုတစ်ကြိမ်တွင် ရှုံးနိမ့်ခဲ့သော်လည်း သူမ၏ မထင်မှတ်ထားသော ပါရမီကို ထုတ်ပြနိုင်ခဲ့သဖြင့် အတွင်းခန်းမသို့ တက်လှမ်းခွင့် ရရှိသွားခြင်း ဖြစ်သည်။
အတွင်းခန်းမသို့ ဝင်ခွင့်ရမည်ဟူသော သတင်းကြောင့် ပျော်ရွှင်သင့်သည့် လျိုချင်းသည် ဝမ်းသာပုံမပြဘဲ သူမ၏ မျက်ဝန်းထဲတွင် စိုးရိမ်ရိပ်များသာ လွှမ်းမိုးနေသည်။ တစ်ခုခုကို ပြောချင်သလို ဟာလိုက်သော်လည်း အကြီးအကဲမြောင်က သူမကို စကားဆက်ရန် အခွင့်အရေးမပေးခဲ့ပေ။
ယွင်ရှန်း သူမ၏ အဆောင်သို့ ပြန်ရောက်သောအခါ အခန်းမှာ တကယ်ပင် ဗလာကျင်းနေသည်ကို တွေ့လိုက်ရသည်။ အတူနေခဲ့သော အမျိုးသမီးသိုင်းသမားများမှာ ကတိအတိုင်း အဆောင်ကို စနစ်တကျ ဖယ်ရှားပေးသွားကြပြီ ဖြစ်သည်။ ဤအဆောင်သစ်မှာ ကျယ်ဝန်းလှပပြီး ပရိဘောဂအစုံအလင်ရှိရာ မှော်အကယ်ဒမီတွင် ရှိခဲ့စဉ်ကထက် များစွာ သာလွန်ကောင်းမွန်လှသည်။
ယွင်ရှန်းသည် ဘိုဘိုကို လင်းလုံ သားရဲမျှော်စင်အတွင်းသို့ ပြန်လည်ပို့ဆောင်လိုက်သည်။ ထိုနေရာတွင် မဲမဲလေးနှင့် အသစ်ခေါ်ယူထားသော ပုရွက်ဆိတ်ဘုရင်တို့မှာ တိတ်ဆိတ်စွာ ကျင့်ကြံနေကြသည်။ ဤရတနာကြောင့် သူမ၏ မိစ္ဆာသားရဲများအတွက် ကျင့်ကြံမှုအပိုင်းကို စိတ်ပူစရာမလိုတော့ပေ။
ယွင်ရှန်း တရားထိုင်ရန် ပြင်ဆင်နေခိုက် အခန်းတံခါးခေါက်သံ ကြားလိုက်ရသဖြင့် ဖွင့်ကြည့်လိုက်ရာ လျိုချင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"နင်က ရှုံးတာကို မကျေနပ်လို့ နောက်တစ်ခါ ထပ်စိန်ခေါ်ချင်လို့လား"
ယွင်ရှန်းက လျိုချင်းကို မလိုလားသလို ကြည့်ကာ မေးလိုက်သည်။
"မနက်ဖြန်ကျရင် ငါ အတွင်းခန်းမကို သွားရတော့မယ်။ ဒီတစ်ခါ ငါ တကယ်ပဲ စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်... နင်နဲ့ မပြိုင်ခဲ့သင့်ဘူး"
လျိုချင်း၏ လေသံတွင် စောစောက မောက်မာမှုများ လုံးဝမရှိတော့ပေ။ သူမသည် သေချာစဉ်းစားပြီးမှ ယွင်ရှန်းထံသို့ လာခဲ့ခြင်းဖြစ်သည်။
"နင့်စကားအရဆိုရင် နင်က အတွင်းခန်းမကို မသွားချင်တဲ့ပုံပဲ။ ထူးဆန်းလိုက်တာ... လိုင်ဟုပြောတာတော့ အတွင်းခန်းမက ပတ်ဝန်းကျင်ရော သင်ယူရမယ့် သိုင်းပညာတွေရော အပြင်ခန်းမထက် အများကြီး သာတယ်ဆို။ ပြီးတော့ အတွင်းခန်းမရောက်ရင် မဟာကျိုးစစ်တပ်ထဲကို တိုက်ရိုက်ဝင်လို့ရပြီး အဆင့် ၇ စစ်အရာရှိရာထူးတောင် ချက်ချင်းရနိုင်တယ်ဆို"
လျိုချင်းသည် ပြဿနာလာရှာခြင်းမဟုတ်သည်ကို ယွင်ရှန်း သိလိုက်ရသဖြင့် အခန်းထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။ ယွင်ရှန်း သတိပြုမိသည်မှာ လျိုချင်း၏ စွမ်းအားစစ်စစ်မှာ အပြင်ခန်းမ အဆင့် ၂၁ မကနိုင်ပေ။ သူမ အပြင်ခန်းမမှာပဲ ဇွဲနပဲနှင့် နေနေရသည့် နောက်ကွယ်တွင် ခက်ခဲသော အကြောင်းရင်းတစ်ခုခု ရှိနေရမည်။
"ငါသာ အပြင်ခန်းမမှာ ဆက်နေရင် ဒီက ညီမလေးတွေကို ကြည့်ရှုပေးလို့ရတယ်။ ငါသာ ထွက်သွားရင် သူတို့တွေ..."
လျိုချင်းက စကားကို ရပ်လိုက်သည်။ ဝူရွှမ်း ဝူကျိခန်းမသည် ပြင်ပလူများ ထင်ထားသလို ရိုးရှင်းလှသည်မဟုတ်ပေ။
ယွင်ရှန်း မရောက်ခင်က လျိုချင်းသည် အမျိုးသမီးသိုင်းသမားများကြားတွင် အစ်မကြီး သို့မဟုတ် ခေါင်းဆောင်တစ်ဦးကဲ့သို့ပင်။ အပြင်ခန်းမမှ အမျိုးသမီးသိုင်းသမားများ ပြဿနာကြုံတိုင်း လျိုချင်းက အမြဲတမ်း ရှေ့က ကာကွယ်ပေးခဲ့သည်။ သို့သော် အခု လျိုချင်း အတွင်းခန်းမသို့ ပြောင်းသွားပါက ကျန်ခဲ့သော အမျိုးသမီးများ ဒုက္ခရောက်ကြတော့မည်။
ယွင်ရှန်းက ဖျတ်လတ်သော ဦးနှောက်ဖြင့် နေ့ဘက်က လေ့ကျင့်ရေးကွင်းတွင် ကျန်းကျစ်ဖော်၏ အမျိုးသမီးများအပေါ် ရိုင်းစိုင်းသော အပြုအမူကို ပြန်လည်မြင်ယောင်ကာ အခြေအနေကို နားလည်လိုက်သည်။
"နင် ထွက်သွားရင် ကျန်းကျစ်ဖော်က အမျိုးသမီးသိုင်းသမားတွေကို ပိုပြီး လက်ရဲဇက်ရဲ နှောင့်ယှက်မှာကို နင် စိုးရိမ်နေတာလား။ အဲဒီလို လူယုတ်မာမျိုးကို ဘာလို့ သိုင်းကျောင်းဆီ တိုက်ရိုက် မတိုင်တာလဲ"
ကျန်းကျစ်ဖော်၏ အပြုအမူမှာ သိုင်းကျောင်းအတွင်း လျှို့ဝှက်ချက် မဟုတ်ပေ။
"ဝူရွှမ်း ဝူကျိခန်းမက နင်ထင်သလို ရိုးရှင်းတယ်လို့ ထင်နေတာလား။ ငါ့မှာ... လျန်ရှန့်လို့ခေါ်တဲ့ ညီမလေးတစ်ယောက် ရှိခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က ငါတို့နှစ်ယောက် သိုင်းကျောင်းကို အတူတူဝင်ခဲ့ကြတာ။ ငါတို့က အရမ်းရင်းနှီးကြတယ်။ အဆောင်လည်း အတူနေ သိုင်းလည်း အတူကျင့်ခဲ့ကြတာ..."
လျိုချင်းသည် အတိတ်ကို ပြန်လည်တမ်းတရင်း မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့သီလာသည်။ သူမကိုယ်တိုင်လည်း ဤလျှို့ဝှက်ချက်များကို ယွင်ရှန်းအား အဘယ်ကြောင့် ရုတ်တရက် ရင်ဖွင့်မိသည်ကို မသိပေ။ သူမသိသည်မှာ ဤခံစားချက်များကို သူမ၏ ရင်ထဲတွင် ဖိနှိပ်ထားခဲ့ရသည်မှာ ကြာလှပြီ ဖြစ်ကြောင်းသာ။