← Chapters

ကြောင်ကလေးကို ခေါ်သွားခြင်း

Vol. 13 Ch. 142

ကြောင်ကလေးကို ခေါ်သွားခြင်း

Vol. 13 Ch. 142

​လျူလီပင်လယ် အနက်ပိုင်း

​ထန်ထျန်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေသည်။

သူ၏ ဦးခေါင်းထက်တွင် မည်းမှောင်နေသော တိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး မိုးခြိမ်းသံများမှာ တစ်လောကလုံးကို တုန်ခါစေမည့် ဖိအား များဖြင့် ပြည့်နှက်နေသည်။

​၎င်းမှာ အစွမ်းထက်ဆုံး ကပ်ဘေးမိုးကြိုး ဖြစ်သည်။

သာမန် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါက အစွမ်းကုန် ပြင်ဆင်ပြီး အသက်လုတိုက်ပွဲဝင်မှသာ အောင်မြင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။

သို့သော် ထန်ထျန်းမှာမူ မည်သည့် ကာကွယ်မှုမျှ မပြုလုပ်ထားရုံတင်မကဘဲ ဝိညာဉ်စွမ်းအားကိုပင် အသုံးမပြုဘဲ သူ၏ ကြံ့ခိုင်လှသော ခန္ဓာကိုယ်သက်သက်ဖြင့် ကောင်းကင်ကပ်ဘေးကို ခုခံနေခြင်း ဖြစ်သည်။

​"ဘုန်း..."

​စိမ်းပြာရောင် မိုးကြိုးတန်းကြီးမှာ ဟိန်းဟောက်ကျလာပြီး ထန်ထျန်း၏ ဦးခေါင်းတည့်တည့်ကို အရှိန်ပြင်းပြင်း ရိုက်ခတ်လိုက်သည်။

မိုးကြိုး အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး မိုင်အနည်းငယ်အတွင်းမှာပင် ကြီးမားလှသော မိုးကြိုးရေကန်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ပင်လယ်ရေပြင်တစ်ခုလုံးမှာလည်း ဆန်းကြယ်လှသော အလင်းတန်းများဖြင့် တောက်ပနေတော့သည်။

​သို့သော် ကျင့်ကြံသူအများစုကို ဖျက်ဆီးပစ်နိုင်သော ထိုမိုးကြိုးက ထန်ထျန်း၏ ဆံပင်များကို အနည်းငယ် လွင့်သွားစေရုံသာ တတ်နိုင်သည်။

မိုးကြိုးအတွင်းပါရှိသော ဖန်တီးမှု စွမ်းအား များမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ စီးဝင်သွားပြီး သူ၏ ကျင့်ကြံမှုကို မြှင့်တင်ပေးကာ ဝိညာဉ်စွမ်းအား အရည်အသွေးကို ပြောင်းလဲပေးလိုက်သည်။

ထို့ပြင် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုလည်း တစ်ဆင့်ထပ်၍ မြှင့်တင်ပေးလိုက်ပြန်သည်။

​သူ၏ ကောင်းကင် အာဏာရှင် ခန္ဓာက ကပ်ဘေးများကို အဆက်မပြတ် ခုခံရင်း ပိုမို အစွမ်းထက်လာတော့သည်။

ဤမြင်ကွင်းကို ဘေးမှ ကြည့်နေသော ကြောင်ကလေးမှာ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။

​အတော်ကြာမှ ၎င်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ "တကယ့် လူထူးလူဆန်းပဲ။

ငါ့မှတ်ဉာဏ်ထဲမှာတော့ ခန္ဓာကိုယ်သက်သက်နဲ့ အစွမ်းထက်ဆုံး ကပ်ဘေးကို ကျော်ဖြတ်နိုင်တဲ့သူတွေထဲမှာ ရန်စလို့ရတဲ့သူ တစ်ယောက်မှ မရှိဘူး။

အကယ်၍ သူသာ ကြီးပြင်းလာရင် အဲဒီအဆင့်ကို ရောက်သွားမှာပဲ..."

​ထန်ထျန်း ဘေးကင်းကင်းနှင့် ကပ်ဘေးကျော်ဖြတ်နေသည်ကို မြင်သောအခါ ကြောင်ကလေးက သက်ပြင်းတစ်ချက်ချကာ နောက်ထပ် မိုးကြိုးများကို ဆက်လက် ချပေးလိုက်သည်။

မူလက ကောင်းကင်ကပ်ဘေးကို သုံးပြီး ဤလူကို ပညာပေးရန် ကြံစည်ခဲ့သော်လည်း ယခုမူ မဖြစ်နိုင်တော့မှန်း သူသိလိုက်ပြီဖြစ်သည်။

​ဤကဲ့သို့သော လူထူးလူဆန်းကို တိုက်၍လည်း မနိုင်၊ ပြေး၍လည်း မလွတ်၊ နယ်မြေထဲရှိ သားရဲအားလုံးကို ခေါ်လျှင်ပင် ဟင်းလျာအဖြစ် အသတ်ခံရရုံသာ ရှိတော့မည်။

အခြား ဘာနည်းလမ်း ရှိဦးမှာလဲ

သူ ခိုင်းသမျှကိုပဲ လိမ္မာပါးနပ်စွာ လုပ်ပေးရုံသာ ရှိတော့သည်။

ကပ်​ဘေး ကျော်ဖြတ်ခြင်းက ဆက်လက် ဖြစ်နေသည်။

ကြောင်ကလေး၏ ကူညီမှုကြောင့် ယီကျူး ကပ်ဘေး ၏ မိုးကြိုးကိုးစင်းလုံးမှာ အစွမ်းထက်ဆုံး အဆင့်သို့ ပြောင်းလဲသွားပြီး ထန်ထျန်း၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာသည်။

ထန်ထျန်းကလည်း မိုးကြိုးများကို အကြိမ်ကြိမ် ခုခံရင်း အဆက်မပြတ် အသွင်ကူးပြောင်းမှုများ ဖြစ်ပေါ်လာတော့သည်။

​နောက်ဆုံးတွင် နောက်ဆုံးမိုးကြိုးကို ခုခံပြီးနောက် ကောင်းကင်ယံမှ မည်းမှောင်နေသော တိမ်တိုက်များက မကျေမနပ် ဟိန်းဟောက်ရင်း ပျောက်ကွယ်သွားတော့သည်။

နေရောင်ခြည်များ ပြန်လည် ကျရောက်လာပြီး နွေးထွေးသော နေရောင်အောက်တွင် ထန်ထျန်းက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားမှာ အဆင့်တစ်ခုသို့ ကူးပြောင်းသွားပြီ ဖြစ်ကြောင်း သိသိသာသာ ခံစားလိုက်ရသည်။

ကောင်းကင်ကပ်ဘေး၏ သန့်စင် မှုကြောင့် သူ၏ ဝိညာဉ်စွမ်းအားက အင်မော်တယ် စွမ်းအား အဖြစ်သို့ ပြောင်းလဲရန် လမ်းစ ပွင့်သွားခဲ့ပြီ ဖြစ်သည်။

​ယခုအခါ သူက နောက်ဆုံး၌ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီ ဖြစ်သည်။

ပေါင်းစည်းခြင်း အဆင့်နှင့် အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်ကြားတွင် ကြီးမားသော ခြားနားချက် ရှိသည်။

ယခုအချိန်မှစ၍ ထန်ထျန်းက စစ်မှန်သော ကျင့်ကြံသူ များ၏ နယ်ပယ်ထဲသို့ စတင် ခြေချနိုင်ပြီဟု ဆိုရပေမည်။

​ဘေးမှ ကြောင်ကလေးကို ကြည့်ရင်း ထန်ထျန်းက ပြုံး၍ "ကျေးဇူးပဲ"

အစွမ်းထက်ဆုံး ကပ်ဘေးမှာ တကယ်ပင် အကျိုးရှိလှသည်။

​ကြောင်ကလေးက နှာခေါင်းရှုံ့လျက် "ငါ့အတွက်တော့ အသေးအဖွဲလေး ပါ။

ဝိညာဉ်စွမ်းအင်ဆိုရင် ငါ့ဆီမှာ အများကြီး ရှိတယ်၊ မင်း စိတ်ကြိုက် သုံးရုံပဲ။"

ထန်ထျန်း ခေါင်းညိတ်ကာ ထပ်မံ ကျေးဇူးတင်လိုက်သည်။

ထို့နောက် သူက မေးလိုက်သည်။ "မင်းမှာ နာမည် ရှိလား"

​ကြောင်ကလေးက သူ့ကို တစ်ချက်ကြည့်ကာ "မရှိဘူး၊ နာမည်ဆိုတာ အဓိပ္ပာယ် မရှိဘူး

ဒီကမ္ဘာရဲ့ စည်းမျဉ်းအရ သက်ရှိတိုင်းက ဒီထဲကို တစ်ခါပဲ ဝင်ခွင့်ရှိတာလေ။ ဒါကြောင့် အခုအချိန်ကလွဲရင် ငါတို့ကြားမှာ ဘာပတ်သက်မှုမှ ရှိလာမှာ မဟုတ်တော့ဘူး

ငါက ဒီမှာ ဆက်ပြီး ကြီးထွားနေမှာ ဖြစ်သလို၊ မင်းကတော့ အရောင်စုံလင်လှတဲ့ အပြင်ကမ္ဘာကြီးဆီ ပြန်သွားမှာပဲ။

လမ်းခွဲကြမယ့်သူတွေချင်း ဘာလို့ သိနေဖို့ လိုဦးမှာလဲ"

​ထန်ထျန်း မှင်တက်သွားသည်။

သုံးနှစ်အရွယ် ကလေးတစ်ယောက်၏ စိတ်သာ ရှိသည်ဟု ထင်ထားသော ကြောင်ကလေးက ဤမျှအထိ လောကကြီးကို နားလည်နေသည့် ပုံစံမျိုး ပြောထွက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကြည့်ရသည်မှာ လောကအတွေ့အကြုံ ရင့်ကျက်နေသော ပုံစံမျိုးပင်။

​သူက စဉ်းစားပြီးနောက် "မင်း ဒီကနေ ထွက်သွားလို့ မရဘူးလား"

ကြောင်ကလေးက သက်ပြင်းအသာချကာ "နောက်နေတာလား၊ ဘယ်ရမှာလဲ

ဒီကမ္ဘာက ငါ့အပိုင်၊ ငါကလည်း ဒီကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ငါတို့က တစ်သားတည်းပဲလေ

ငါက ဒီကမ္ဘာငယ်လေးကို ဆွဲပြီး အပြင်ကမ္ဘာမှာ လျှောက်သွားနေလို့မှ မရတာ

လောကနိယာမတွေရဲ့ အပြင်ဘက်မှာ ရှိတဲ့ ထူးကဲတဲ့ ရတနာတစ်ခုခုက ငါ့ကို ထည့်သွားနိုင်မှသာ ငါ ဒီကနေ ထွက်သွားနိုင်မှာ။"

​ထိုစကားကို ကြားသောအခါ ထန်ထျန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

သူ၏ ကိုယ်ပေါ်တွင် ထိုကဲ့သို့သော အရာမျိုး ရှိနေသည် မဟုတ်ပါလား

သူက ပြုံးလျက် မေးလိုက်သည်။ "ဒါဆို မင်း အပြင်ထွက်ပြီး ကစားချင်လား"

​ကြောင်ကလေးက ထန်ထျန်းကို မျက်စောင်းထိုးလိုက်သည်။ "ငါ ခုနက ပြောတာ မကြားဘူးလား

ငါ ထွက်သွားလို့ မရဘူး

ဒါကြောင့် ထွက်သွားချင်လား မထွက်သွားချင်လားဆိုတာက ဘာအဓိပ္ပာယ် ရှိမှာလဲ"

​ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း ရယ်လိုက်သည်။ "အဓိပ္ပာယ် ရှိတာပေါ့

မင်း ငါ့ကို ကူညီခဲ့တာကြောင့် တကယ်လို့ မင်း အပြင်ထွက်ချင်တယ်ဆိုရင် ငါ မင်းကို ကူညီနိုင်မယ် ထင်တယ်။"

​ကြောင်ကလေးမှာ မှင်တက်သွားပြီး ဝှစ် ခနဲ ထန်ထျန်းရှေ့သို့ ရောက်လာသည်။

၎င်း၏ အနက်ရောင် မျက်လုံးလေးများဖြင့် သူ့ကို စိုက်ကြည့်လျက် "ဟေး... လာလိမ်မနေ နဲ့နော်

မင်း တကယ် ငါ့ကို အပြင်ခေါ်သွားနိုင်တာလား"

​ထန်ထျန်းက ပြုံး၍ "ဖြစ်နိုင်ခြေ ရှိတယ်လို့ပဲ ငါပြောတာပါ။

မင်း ခုနက ပြောသလို လောကနိယာမတွေရဲ့ အပြင်ဘက်မှာ ရှိတဲ့ အရာတစ်ခု လိုတယ်ဆိုရင်...

တိုက်တိုက်ဆိုင်ဆိုင် ငါ့မှာ အဲဒီလို အရာမျိုး ရှိတယ်

ဒါပေမဲ့ မင်း အပြင်မထွက်ချင်ဘူးဆိုရင်တော့ ငါ ဒါကို ဆက်မပြောတော့ပါဘူး။"

ပြောပြီးသည်နှင့် သူက ထွက်သွားမည့်ဟန်ဖြင့် နောက်သို့ လှည့်လိုက်သည်။

​ကြောင်ကလေးက ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားပြီး ထန်ထျန်း၏ ပုခုံးပေါ်သို့ ခုန်တက်ကာ ဆံပင်များကို ဆွဲလျက် "ထွက်သွားချင်တာပေါ့ တကယ် ထွက်သွားချင်တာ

ငါ မွေးကတည်းက ဒီမှာပဲ နေလာရတာ၊ ပျင်းလို့ သေတော့မယ်

မြန်မြန်... အဲဒီအရာကို ထုတ်ပြစမ်းပါ။ ငါ့ကို တကယ် အပြင်ခေါ်သွားနိုင်ရင် မင်းရဲ့ ဘယ်လို တောင်းဆိုချက်ကိုမဆို ငါ လက်ခံမယ်"

​၎င်းက အော်ဟစ်နေတော့သည်။ နှစ်ပေါင်း ရာချီအောင် ကမ္ဘာငယ်လေးထဲတွင် တစ်ဦးတည်း နေလာရခြင်းမှာ ၎င်းကို တကယ်ပင် ငြီးငွေ့စေခဲ့ပုံရသည်။

​"ကောင်း ပါ ပြီ၊ ငါ့မှာ တခြား တောင်းဆိုချက် မရှိပါဘူး။ မင်း ငါ့ကို ကူညီသလို ငါလည်း မင်းကို ကူညီတာပဲလေ

ဒါပေမဲ့ ဒါက မင်းအတွက် တကယ် အလုပ်ဖြစ်မလားဆိုတာတော့ ငါ မသိဘူး။

အရင်ကြည့်ကြည့်ဦး။"

​ကြောင်ကလေးက ခေါင်းကို တရစပ် ညိတ်ပြနေသည်။

ထို့နောက် ကြောင်ကလေး၏ မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်များအောက်တွင် ထန်ထျန်းက သူ၏ လက်ဝါးကို ဖြန့်လိုက်သည်။

​မီးခိုးရောင် ဥ တစ်လုံးက သူ၏ ဒန်တျန် ထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး လက်ဝါးပေါ်တွင် လွင့်မြောနေသည်။

ဤဥမှာ ထန်ထျန်းက ထုတ်မပြလျှင် မည်သူမျှ ရှာမတွေ့နိုင်သော ဤကမ္ဘာတွင် မရှိသင့်သည့် အရာတစ်ခုကဲ့သို့ ဆန်းကြယ်လှသည်။

၎င်းမှာ ထန်ထျန်းက နတ် ဖီးနစ် လျှို့ဝှက်ကျင့်စဉ် ကို အထွတ်အထိပ်သို့ ကျင့်ကြံပြီးနောက် ရရှိခဲ့သော ထူးဆန်းသည့် ဥပင် ဖြစ်သည်။

​ထန်ထျန်းက ၎င်းကို အကြိမ်ကြိမ် လေ့လာခဲ့ဖူးသည်။

ဤဥက သူ့ကို ပြန်လည် မွေးဖွားစေနိုင်ရုံတင်မကဘဲ ၎င်း၏ အတွင်း၌ ထူးဆန်းသော ဟင်းလင်းပြင်တစ်ခု ရှိနေသည်။

ထိုဟင်းလင်းပြင်ထဲတွင် ဘာမှ မရှိသော်လည်း အရာအားလုံးကို လက်ခံနိုင်စွမ်း ရှိပုံရသည်။

ကြောင်ကလေးကို ထိုထဲသို့ ထည့်သွားနိုင်မည်ဟု သူ ယူဆထားသည်။

​ထိုဥကို မြင်သောအခါ ကြောင်ကလေးမှာလည်း မှင်တက်သွားသည်။

အတော်ကြာမှ သူက ထန်ထျန်းကို ကြည့်ကာ တိုးတိုးလေးဖြင့်"ဒီကမ္ဘာကြီးက တကယ် အံ့သြဖို့ ကောင်းတာပဲ။

ငါက မင်းကို ယောကျ်ားလေးလို့ ထင်နေတာ၊ မင်းက 'အမ' တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး" (ဥ ကြောင့် ထန်ထျန်းကို မိန်းကလေး ဟု ထင်သွားခြင်း ဖြစ်သည်😂😂😂)

"အစ်မ... စောစောက ငါ ရန်စခဲ့တာတွေကို စိတ်ထဲမထားပါနဲ့နော်"

​ထန်ထျန်း၏ မျက်ဝန်းများ အေးစက်သွားပြီး ၎င်း၏ နဖူးကို လက်ဆစ်ဖြင့် ခပ်ပြင်းပြင်း တစ်ချက် တောက်လိုက်သည်။

"နောက်ထပ် တစ်ခါ အဓိပ္ပာယ်မရှိတာ ပြောရင် ငါ ဒါကို ပြန်သိမ်းလိုက်တော့မယ်"

"မြန်မြန်ကြည့်၊ အလုပ်ဖြစ်လား"

​ကြောင်ကလေးမှာ နာသွားသဖြင့် နဖူးကို ပွတ်ရင်း ထန်ထျန်း ဥကို ပြန်သိမ်းသွားမှာစိုး၍ အမြန်ပင် သေချာ လေ့လာကြည့်တော့သည်။

​

​

All Chapters