ကြောင်ကလေး၏ လက်ဆောင်
Vol. 13 Ch. 143
သေချာစွာ လေ့လာပြီးနောက်တွင်မူ ကြောင်ဖြူကလေးက ခေါင်းကိုမော့ကာ နောက်တစ်ကြိမ် ထပ်မံ၍ ရေရွတ်လိုက်ပြန်သည်။
"ဒီကမ္ဘာကြီးက တကယ်ကို ထူးဆန်းအံ့ဩဖို့ ကောင်းလိုက်တာ"
"ယောကျ်ားလေးဖြစ်ပါလျက်နဲ့ ဒီလိုမျိုး..."
ထန်ထျန်း၏ မျက်နှာ ပျက်သွားသည်ကို မြင်လိုက်ရသဖြင့် ၎င်းက အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်ရ၏။
"ငါပြောတာက...
ဒီလောက် ဆန်းကြယ်တဲ့အရာမျိုး တည်ရှိနေလိမ့်မယ်လို့ မထင်ထားဘူးလို့ ပြောတာပါ။
ဒီဥကတော့ တကယ့်ကို ကမ္ဘာ့တာအိုနိယာမ အပြင်ဘက်မှာ ရှိနေတဲ့ နတ်ဘုရားအဆင့် ရတနာပဲ"
"တကယ်လို့ ဒီထဲမှာရှိတဲ့ ဟင်းလင်းပြင်က လျူလီနယ်မြေတစ်ခုလုံးကို ဆံ့နိုင်မယ်ဆိုရင်တော့ ငါ့ကို ဒီနေရာကနေ တကယ်ခေါ်သွားနိုင်မှာ အမှန်ပဲ"
ကြောင်ဖြူကလေး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေပေသည်။
နှစ်ပေါင်းများစွာအတွင်း လွတ်လပ်မှုနှင့် ဤမျှနီးစပ်ခဲ့သည်မှာ ၎င်းအတွက် ပထမဆုံးအကြိမ်ပင် ဖြစ်ပေ၏။
အပြင်ကမ္ဘာကြီးဆိုသည်မှာ ၎င်းအမြဲတမ်း တောင့်တနေခဲ့ရသော ဝေးကွာသည့် နေရာတစ်ခု မဟုတ်ပါလား။
သို့သော် ထန်ထျန်းမှာမူ အံ့အားသင့်သွားပြီး "မင်းက လျှို့ဝှက်နယ်မြေတစ်ခုလုံးကို အပြင်ယူသွား ချင်တာလား"
ကြောင်ဖြူကလေးက "အဲဒီလိုတော့ မဟုတ်ပါဘူး၊လျှို့ဝှက် နယ်မြေကတော့ ဒီမှာပဲ ကျန်ခဲ့မှာပါ။
ဒါပေမဲ့ ငါနဲ့ ဒီလျှို့ဝှက် နယ်မြေက တစ်သားတည်း ဖြစ်နေတာလေ။ ငါက သေးသေးလေးလို့ ထင်ရပေမဲ့ အဲဒီလောက်ကြီးတဲ့ ဟင်းလင်းပြင်မျိုး ရှိမှသာ ငါ့အတွက် အဆင်ပြေမှာ။
ဒါက လောကနိယာမရဲ့ စည်းမျဉ်းတွေကြောင့်ပဲ၊ မင်း နားလည်ပါ့မလားတော့ မသိဘူး"
ထန်ထျန်းက ဘာမှပြန်မပြောသော်လည်း အကြမ်းဖျင်းအားဖြင့် နားလည်လိုက်ပေသည်။
ဤဥအတွင်းရှိ ဟင်းလင်းပြင်မှာ အလွန်ကျယ်ဝန်းလှသဖြင့် လျူလီ လျှို့ဝှက် နယ်မြေတစ်ခုလုံးကို ထည့်ထားလျှင်ပင် ပိုလျှံနေမည်မှာ သေချာလှပေ၏။
"ရတယ်လေ"
ထန်ထျန်းက အဖြေပြန် ပေးလိုက်သည်။
ကြောင်ဖြူကလေးက မျက်လုံးများ ဝင်းလက်သွားပြီး ဝမ်းသာအားရဖြင့် "တကယ်လား
ဒါဆို ငါ့ကို စမ်းကြည့်ခွင့်ပေးပါ" ဟု ဆိုကာ ထူးဆန်းသော ဥဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
သို့သော် နှမြောစရာကောင်းသည်မှာ ထိုဥက ဤကမ္ဘာ၏ တည်ရှိမှုမျိုး မဟုတ်သဖြင့် ထန်ထျန်း၏ ခွင့်ပြုချက်မပါဘဲ မည်သို့မျှ ထိတွေ့၍ မရနိုင်ပေ။
"ဘာလို့ အဲဒီလောက် လောနေရတာလဲ"
ထန်ထျန်းက ခေါင်းခါရင်း "ငါ မင်းကို မလိမ်ပါဘူး။
လျှို့ဝှက် နယ်မြေပိတ်မယ့် အချိန်ရောက်ရင် မင်းကို တစ်ခါတည်း ခေါ်သွားပေးမယ်"
ကြောင်ဖြူကလေးက နားရွက်ကလေးနှစ်ဖက်ကို အသာချကာ "ဒါပေမဲ့ အဲဒီအချိန်ရောက်ဖို့ ဆယ်ရက်ကျော်ကြီးတောင် လိုသေးတာ။
အင်းပါလေ... ငါက ငယ်သေးတော့ ဒီလို နိယာမတွေကို မထိန်းချုပ်နိုင်သေးတာ ခက်သားပဲ"
၎င်း၏ ပုံစံကို ကြည့်ပြီး ထန်ထျန်းက ရယ်ကာ "ကောင်းတဲ့ကိစ္စတွေက အခက်အခဲ ရှိတတ်စမြဲပဲ၊ ဆယ်ရက်ကျော်ဆိုတာ ခဏလေးပဲ ကုန်သွားမှာပါ။
ပြီးတော့ ငါလည်း ဒီမှာ ဆက်ပြီး ကျင့်ကြံရဦးမှာ။
မင်းလည်း ကြိုတင်ပြင်ဆင်စရာရှိတာတွေ လုပ်ထားဦး၊ တစ်ခုခု ကျန်ခဲ့တာမျိုး မဖြစ်အောင်လို့ပေါ့"
"ကြိုပြောထားမယ်နော်၊ မင်းကို ခေါ်သွားတဲ့ လမ်းကြောင်းမှာ မထင်မှတ်ထားတဲ့ အန္တရာယ်တစ်ခုခု ကြုံလာရင်တော့ ငါ မင်းကို စွန့်ပစ်လိုက်မှာပဲ"
ဤဥက သူ၏ ပြန်လည်မွေးဖွားခြင်းနှင့် သက်ဆိုင်နေသဖြင့် ပေါ့ပေါ့ဆဆ လုပ်၍မရပေ။
စောစောက ကြောင်ကလေးကို ကြည့်ခွင့်ပေးခဲ့သည်မှာလည်း အပြင်ပန်း အခြေအနေအချို့ကိုသာ ဖြစ်ပြီး အရေးကြီးသော အချက်အလက်များကိုမူ ထန်ထျန်းက ဖုံးကွယ်ထားခဲ့သည်။
ထန်ထျန်း၏ စကားကြောင့် ကြောင်ကလေးက ခေါင်းငိုက်စိုက်ကျသွားပြီး "ကောင်းပါပြီ...
ဘာပြဿနာမှတော့ ရှိလာမှာ မဟုတ်ပါဘူး။ ပြောရရင် အဲဒီဥက အပြင်ကမ္ဘာကို သွားတဲ့ လမ်းကြောင်းတစ်ခုလို ဖြစ်နေတာပဲ။
ငါ ထပ်ပြီး သေချာစဉ်းစားလိုက်ပါဦးမယ်။
ဒါနဲ့... မင်းကျင့်ကြံဖို့ ငါ့အကူအညီ လိုသေးလား"
ထန်ထျန်းက ခဏမျှ စဉ်းစားပြီး "လုံလောက်တဲ့ ဝိညာဉ်စွမ်းအင် ရှိရင် ရပြီ။ နောက်ပြီး ငါ ကပ်ဘေးကျော်ဖြတ်တဲ့အခါ မင်းက ကပ်ဘေးအားလုံးကို အစွမ်းထက်ဆုံး ကပ်ဘေးတွေ ဖြစ်အောင် လုပ်ပေးဖို့ လိုမယ်"
အုတ်မြစ် ကောင်းကောင်း ချထားနိုင်မှသာ နောင်တစ်ချိန်တွင် ပို၍ လွယ်ကူမည် မဟုတ်ပါလား။
"ဒါကတော့ ပြဿနာမရှိဘူး"
ကြောင်ဖြူကလေးက "ကပ်ဘေးကိစ္စက လွယ်ပါတယ်၊ အခုတောင် စီစဉ်ပေးလို့ ရတယ်။
ပြီးတော့ ဝိညာဉ်စွမ်းအင်အတွက်ကတော့..."
၎င်းက အတန်ကြာ စဉ်းစားပြီးနောက် ရုတ်တရက် မျက်နှာထား တင်းမာသွားကာ လက်သည်းဖြင့် သူ၏ အမြီးကို ဖြတ်ချလိုက်လေသည်။
ထန်ထျန်းမှာ ၎င်းဘာလုပ်သည်ကို မသိသဖြင့် မှင်တက်သွားရ၏။
သို့သော် ခဏချင်းမှာပင် ကြောင်ဖြူကလေး၏ အမြီးမှာ ပြန်လည် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ဖြတ်ချလိုက်သော အမြီးအပိုင်းအစမှာ တဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံးတွင် လက်သန်းအရွယ်ခန့်ရှိသော မီးခိုးရောင် ကျောက်စိမ်းတုံးကလေး ဖြစ်သွားတော့သည်။
၎င်းမှာ ထန်ထျန်း စတင်တွေ့ရှိခဲ့သော ကျောက်စိမ်း အပိုင်းအစနှင့် တစ်ပုံစံတည်းပင် ဖြစ်ပေသည်။
"မင်းက ငါ့ကို ဒီလောက် အကူအညီပေးတာပဲ၊ ငါကလည်း မနှမြောပါဘူး"
ကြောင်ဖြူကလေးက ကျောက်စိမ်းတုံးကို ထန်ထျန်းထံ ကမ်းပေးလိုက်ရင်း "ဒါက ငါ့ရဲ့ ပင်ကိုယ်မူလ အစိတ်အပိုင်းတစ်ခုပဲ။ သူက ဟင်းလင်းပြင် နဲ့ ဆက်သွယ်ထားပြီးတော့ ဟင်းလင်းပြင်စွမ်းအားတွေကို မူလဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်တယ်။
ဒါဟာ အသန့်စင်ဆုံးနဲ့ အမြင့်ဆုံး စွမ်းအင်ပဲ"
ထန်ထျန်းမှာ ဆွံ့အသွားရလေသည်။
ထိုစဉ်က ကျောက်စိမ်းအပိုင်းအစကို မြင်ကတည်းက လျူလီ လျှို့ဝှက် နယ်မြေတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များက ဤကျောက်စိမ်းမှတစ်ဆင့် ရရှိခြင်းဖြစ်ကြောင်း သူ သိရှိခဲ့သည်။
ကြောင်ဖြူကလေးသည် ဤလျှို့ဝှက် နယ်မြေ ဖြစ်ပေါ်လာရခြင်း၏ မူလအစပင် ဖြစ်ပေသည်။
၎င်းက သူ၏ မူလခန္တာကိုယ်အစိတ်အပိုင်းကို ပေးအပ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
လက်သန်းခန့်သာ ရှိသော်လည်း ယင်းမှ ထွက်ပေါ်လာမည့် စွမ်းအင်မှာ လျှို့ဝှက် နယ်မြေတစ်ခုလုံးရှိ စွမ်းအင်များထက် ပိုမိုကြီးမားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
အရေးကြီးဆုံးမှာ ထိုစွမ်းအင်က ကုန်ခမ်းသွားခြင်း မရှိဘဲ အမြဲတမ်း ရရှိနေမည် ဖြစ်သဖြင့် နောင်တွင် သူက ဝိညာဉ်စွမ်းအင်အတွက် ပူပန်နေရန် မလိုတော့ပေ။
ဤကဲ့သို့သော နတ်ဘုရားရတနာမျိုးကို ထန်ထျန်းက လက်လွှတ်မည် မဟုတ်ပေ။
လက်ခံလိုက်ပြီးနောက် "ကျေးဇူးတင်ပါတယ်
နောင်တစ်ချိန်မှာ မင်းအကူအညီ လိုအပ်လာရင် ငါ တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးမယ်လို့ ကတိပေးတယ်"
ကြောင်ဖြူကလေးက လက်ကလေးကို ဝေ့ယမ်းကာ "ကိစ္စမရှိပါဘူး။
ငါ မွေးဖွားလာကတည်းက တချို့သူတွေရဲ့ လက်ထဲမှာ ပစ္စည်း တစ်ခုအဖြစ် သတ်မှတ်ခံထားရတာလေ။
အဲဒီလို ဘဝမျိုးမှာ ကြောက်ရွံ့ပြီး စောင့်ဆိုင်းနေရတာထက်စာရင် ကိုယ့်ဆန္ဒအတိုင်း လောကကြီးကို လှည့်လည်ကြည့်ရှုရတာက ပိုကောင်းပါတယ်။
မင်းက ငါ့ကို အပြင်ထွက်ကစားချင်ရုံပဲလို့ ထင်နေတာလား
ငါ့အတွက်ကတော့ ဒါဟာ အသစ်တစ်ဖန် မွေးဖွားခြင်းပဲ"
ထန်ထျန်းက ဘာမှပြန်မပြောဘဲ ငြိမ်သက်နေမိသည်။
ဤကြောင်ကလေးမှာ ကလေးတစ်ယောက်၏ စိတ်ရှိသည်ဟု ထင်ရသော်လည်း ရံဖန်ရံခါတွင်မူ အတွေ့အကြုံရင့်ကျက်သူတစ်ဦးကဲ့သို့ စကားများကို ပြောတတ်ပေသည်။
"တကယ်တော့ သက်ရှိတိုင်းက မင်းလိုပါပဲ၊ မွေးဖွားလာကတည်းက အဆုံးသတ်က သတ်မှတ်ထားပြီးသား။
ဘယ်သူမှ သေခြင်းတရားကနေ မလွတ်နိုင်ပေမဲ့ အဲဒါကိုပဲ တွေးပြီး ပူပန်နေဖို့ မလိုပါဘူး။
ခရီးလမ်းမှာ ဘယ်လို မြင်ကွင်း မျိုးတွေကို မြင်တွေ့ရမလဲဆိုတာကသာ အဓိကကျတာပါ"
"ဟုတ်တာပေါ့"
ကြောင်ဖြူကလေးက ခေါင်းညိတ်လိုက်ပြီးနောက် ပြန်ပြုံးရွှင်သွားကာ "ဒါပေမဲ့ ငါ တကယ် အပြင်ထွက်ကစားချင်တာလည်း အမှန်ပဲ"
ထန်ထျန်းက ရယ်မောရင်း ခေါင်းခါလိုက်မိသည်။
"နောက်ထပ် ဆယ်ရက်ကျော် လိုသေးတယ်၊ မင်း သေချာပြင်ဆင်ထားပါ။
ပြီးတော့ မင်းအတွက် နာမည်တစ်ခု ပေးထားဦး။
မင်းကိုယ်တိုင်က ပြန်လည်မွေးဖွားခြင်းလို့ ဆိုမှတော့ အသစ်မွေးဖွားလာတဲ့ နာမည်တစ်ခုတော့ ရှိသင့်တာပေါ့"
ကြောင်ဖြူကလေးက ဝမ်းသာအားရ ခေါင်းညိတ်ပြလေသည်။
ထို့နောက်တွင်မူ ၎င်းက သူကိုယ်တိုင်ပြင်ဆင်စရာရှိသည်များကို သွားရောက်လုပ်ဆောင်ပြီး ထန်ထျန်းကမူ ပင်လယ်အောက်ခြေတွင် ဆက်လက်ကျန်ရစ်ကာ ဤ လျှို့ဝှက် နယ်မြေအတွင်း ပထမဆုံးအကြိမ်အဖြစ် အလေးအနက် ကျင့်ကြံရန် ပြင်ဆင်တော့သည်။
မီးခိုးရောင် ကျောက်စိမ်းတုံးလေးကို ဆုပ်ကိုင်ထားစဉ်အတွင်း မကုန်ခမ်းနိုင်သော ဝိညာဉ်စွမ်းအင်များကို ခံစားနေရပေ၏။
ဤစွမ်းအင်မျိုးမှာ သူတစ်ခါမှ မမြင်ဖူးခဲ့သော အဆင့်မြင့် စွမ်းအင်များ ဖြစ်သည်။
ဤရတနာ၏ အကူအညီဖြင့် လျှို့ဝှက် နယ်မြေမှ ထွက်ခွာချိန်တွင် သူက မည်သည့်အဆင့်အထိ ရောက်ရှိသွားမည်ကို မည်သူမျှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။
"အခုမှပဲ တကယ် စတင်နိုင်တော့မယ်"
ထန်ထျန်းက ပြုံးလိုက်ပြီး မကြာမီမှာပင် ကျင့်ကြံခြင်းအခြေအနေထဲသို့ စတင်ဝင်ရောက်သွားတော့သည်။
ချင်းယွဲ့ဂိုဏ်း
ထျန်းယန်ရှန်းက သူ၏ လူယုံများနှင့် တစ်စုံတစ်ခုကို ဆွေးနွေးနေစဉ် ရုတ်တရက် သူ၏ သတင်းပို့ ကျောက်စိမ်းပြားမှ တုံ့ပြန်မှုတစ်ခု ရှိလာခဲ့သည်။
သူက မျက်မှောင်ကြုတ်ကာ အထဲရှိ အကြောင်းအရာကို ကြည့်လိုက်၏။
စာသားမှာ အလွန်တိုတောင်းလှပြီး တစ်ကြောင်းတည်းသာ ဖြစ်ပေသည်။
"ကျန်းစုန့် အပါအဝင် ငါးယောက်ရဲ့ ဝိညာဉ်မီးအိမ်တွေ ငြိမ်းသွားပြီ"
ထျန်းယန်ရှန်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ လူယုံများက တစ်ခုခု ထူးခြားနေသည်ကို မြင်သဖြင့် "သခင်လေး... ဘာဖြစ်လို့လဲ"
ထျန်းယန်ရှန်းက သူတို့ကို ကြည့်ကာ မတ်တပ်ရပ်လိုက်ပြီး"ကျန်တဲ့ကိစ္စတွေကို မင်းတို့ပဲ ဆက်လုပ်ထားလိုက်ကြ။
ငါကိုယ်တိုင် အပြင်ကို တစ်ခေါက် သွားရမယ်။
တချို့ ခြိမ်းခြောက်မှုတွေကိုတော့ အစပျိုးကတည်းက အမြစ်ပြတ်အောင် ချေမှုန်းထားမှ စိတ်အေးရမှာ"
ပြောပြီးသည်နှင့် သူက ချက်ချင်းပင် ပျံသန်းထွက်သွားလေတော့သည်။