အတိဒုက္ခဖြတ်ကျော်ခြင်း အထွတ်အထိပ်အဆင့် သို့ ရောက်ရှိခြင်း
Vol. 13 Ch. 144
လျူလီပင်လယ် အနက်ပိုင်း
ပြင်းထန်လှသော ကပ်ဘေးမိုးကြိုးများက တစ်စင်းပြီးတစ်စင်း ထန်ထျန်း၏ ဦးခေါင်းထက်သို့ အဆက်မပြတ် ကျရောက်နေပေသည်။
ဘေးသို့ လွင့်စင်လာသော မိုးကြိုး စီးကြောင်းများမှာပင် ပင်လယ်ရေပြင်ထက်၌ ကြီးမားလှသော မိုးကြိုးရေကန်ကြီးတစ်ခုကို ဖြစ်ပေါ်စေ၏။
ဖျက်ဆီးခြင်းအငွေ့အသက်များမှာ အလွန်ပင် ပြင်းထန်လှသဖြင့် အဝေးမှ လှမ်းကြည့်နေသူတစ်ဦးအဖို့ပင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလောက်ပေသည်။
သို့သော်လည်း ကပ်ဘေးမိုးကြိုးကို တိုက်ရိုက်ရင်ဆိုင်နေရသော ထန်ထျန်းမှာမူ မည်သည့်ကာကွယ်မှုမျှ မပြုလုပ်ဘဲ သူ၏ သံမဏိခန္ဓာကိုယ်သက်သက်ဖြင့်သာ ကြံ့ကြံ့ခံနေလေသည်။
၎င်းမှာ အစွမ်းထက်ဆုံးဖြစ်သော "ကိုးခုမြောက် ကပ်ဘေးမိုးကြိုး" ပင် ဖြစ်ပေ၏။
ထန်ထျန်း၏ ထူးခြားဆန်းပြားသော စွမ်းရည်များကို မြင်တွေ့ဖူးသည့် ကြောင်ဖြူကလေးပင်လျှင် ဤမြင်ကွင်းကို ကြည့်ကာ အံ့ဩတုန်လှုပ်နေမိသည်။
ဤလူသားမှာ အမှန်တကယ်ပင် အစွမ်းထက်လွန်းလှပေသည်။ ရှေးဟောင်းသားရဲကြီးများထက်ပင် ပိုမိုသန်မာ သည့် ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားပေ၏။
မိုးခြိမ်းသံများမှာ နာရီဝက်ခန့်ကြာအောင် ဟိန်းဟောက်နေပြီးနောက်တွင်မူ မကျေမနပ်ဖြစ်စွာဖြင့် တဖြည်းဖြည်း စဲသွားတော့သည်။
ထန်ထျန်းက ပင်လယ်ရေပြင်ထက်၌ ငြိမ်သက်စွာ ရပ်နေရင်း သူ့ကိုယ်တွင်းရှိ ပြောင်းလဲမှုများကို အာရုံခံကြည့်နေမိ၏။
ယခုလေးတင် ကျော်ဖြတ်ခဲ့သည်မှာ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်၏ နောက်ဆုံးအတားအဆီး ဖြစ်သော ကိုးခုမြောက် ကပ်ဘေးပင် ဖြစ်သည်။
ထိုကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် သူက အတိဒုက္ခဖြတ်ကျော်ခြင်း အထွတ်အထိပ် အဆင့် သို့ ရောက်ရှိသွားပြီဖြစ်ကာ အချိန်မရွေး တက်လှမ်းခြင်း အဆင့်သို့ တက်လှမ်းနိုင်ပြီ ဖြစ်ပေသည်။
ယခုအခါ သူ၏ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားမှာ ကိုးကြိမ်တိုင်တိုင် အသွင်ကူးပြောင်းခဲ့ပြီဖြစ်သဖြင့် သာမန်စွမ်းအားများနှင့် လုံးဝ ကွာခြားသွားလေပြီ။
နောက်တစ်ဆင့် တက်လှမ်းနိုင်ပါက ပိုမိုမြင့်မားသော အင်မော်တယ်စွမ်းအား များ ထွက်ပေါ်လာတော့မည် ဖြစ်၏။
ဝိညာဉ်စွမ်းအားအားလုံးက အင်မော်တယ် စွမ်းအားအဖြစ် လုံးဝပြောင်းလဲသွားချိန်တွင် သူသည် အစစ်အမှန် အင်မော်တယ် တစ်ပါး ဖြစ်လာပေလိမ့်မည်။
"မဆိုးဘူးပဲ"
ထန်ထျန်းက ကျေနပ်စွာ ပြုံးလိုက်မိသည်။
ဆယ်ရက်ကျော်အတွင်းမှာတင် ပေါင်းစည်းခြင်းအဆင့်မှ အတိဒုက္ခဖြတ်ကျော်ခြင်း အထွတ်အထိပ်အဆင့် အထိ ခုန်တက်သွားသည့် ဤမျှအံ့ဩဖွယ်ကောင်းသော အမြန်နှုန်း မျိုးကို သူကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့ပေ။
ဤသို့ ဖြစ်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ ကြောင်ဖြူကလေး ပေးအပ်ခဲ့သော ဆန်းကြယ်သည့် ရှေးဟောင်းကျောက်စိမ်းကြောင့်ပင် ဖြစ်ပေ၏။
သူက လက်မောင်းကို မြှောက်ကြည့်လိုက်ရာ ကျောက်စိမ်းတုံးကလေးမှာ လက်ပတ်တစ်ခုအဖြစ် သူ၏လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသည်ကို တွေ့ရသည်။
အထူးတလည် ကျင့်ကြံခြင်း မပြုလုပ်နေလျှင်ပင် မူလဝိညာဉ်စွမ်းအားများမှာ ကျောက်စိမ်းတုံးဆီမှ တရဟော ထွက်ပေါ်လာပြီး ထန်ထျန်း၏ ဒန်တျန်အတွင်းသို့ စီးဝင်နေပေသည်။
အကယ်၍သာ အလေးအနက် ကျင့်ကြံမည်ဆိုပါက ထိုစွမ်းအားများမှာ ရေတံခွန်အလား စီးဝင်လာမည်ဖြစ်သဖြင့် "ကျင့်ကြံရခြင်းမှာ ရေသောက်ရသကဲ့သို့ လွယ်ကူလှပေသည်" ဆိုသော စကားမှာ သူနှင့် အမှန်တကယ် ကိုက်ညီနေတော့၏။
နောင်တစ်ချိန်ကြာသည်အထိ ဤကျောက်စိမ်းတုံးက သူ၏ အဓိကစွမ်းအားအရင်းအမြစ် ဖြစ်လာမည်မှာ သေချာလှပေသည်။ ဤမျှ ကောင်းမွန်သော စွမ်းအင်ပေးစွမ်းသည့် ရတနာမျိုးကို ရှာဖွေရန်မှာ အလွန်ပင် ခဲယဉ်းလှပေ၏။
"ယုဟွာ(တက်လှမ်းခြင်း) အဆင့်ကို အချိန်မရွေး တက်လှမ်းလို့ ရနေပြီ...
ဒါပေမဲ့ ဒီနေရာမှာတော့ မဟုတ်ဘူး"
ထန်ထျန်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
အတိဒုက္ခဖြတ်ကျော်ခြင်း အထွတ်အထိပ် အဆင့် သို့ ရောက်ရှိပြီးနောက်တွင် ဤနယ်မြေအတွင်း၌ ပြင်ပသက်ရှိများအပေါ် ကန့်သတ်ထားသည့် စည်းမျဉ်းကို သူ အထင်အရှား ခံစားလိုက်ရပေသည်။
ဤနေရာတွင် အမြင့်ဆုံး ရောက်နိုင်သည့်အဆင့်မှာ အတိဒုက္ခဖြတ်ကျော်ခြင်း အထွတ်အထိပ် အဆင့် သာ ဖြစ်၏။
တက်လှမ်းခြင်း အဆင့်သို့ တက်လှမ်းပါက အစစ်အမှန် အင်မော်တယ် စွမ်းအားများ ထွက်ပေါ်လာမည်ဖြစ်ပြီး ထိုစွမ်းအားများကို ဤကမ္ဘာ၏ နိယာမများက တိုက်ရိုက်ချေမှုန်းပစ်မည် ဖြစ်သည်။
ထို့ကြောင့် နောက်တစ်ဆင့် တက်လှမ်းလိုပါက နယ်မြေမှ ထွက်ခွာပြီး ပြင်ပကမ္ဘာကြီးသို့ သွားရန်သာ ရှိပေတော့သည်။
သို့သော်လည်း ထန်ထျန်းက မလောလှပေ။ ယခုရောက်ရှိနေသည့် အဆင့်မှာပင် သူ မှန်းဆထားသည်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်၏။
မူလကမူ အတိဒုက္ခဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့်လောက်အထိ ရောက်လျှင်ပင် တော်ပြီဟု သူ ယူဆထားခဲ့ခြင်း ဖြစ်သည်။
အချိန်တွက်ကြည့်လျှင် နယ်မြေမှ ထွက်ခွာရန် သုံးရက်သာ လိုတော့ပေသည်။
မဟုတ်ပါက နယ်မြေပိတ်သွားသည့် အချိန်အတွင်း မည်သို့သော ကိစ္စများ ဖြစ်ပျက်မည်ကို မည်သူမျှ မသိနိုင်ပေ။
ဤကိစ္စနှင့် ပတ်သက်ပြီး ကြောင်ဖြူကလေးကို မေးကြည့်သော်လည်း ကမ္ဘာ၏ ဝိညာဉ်ဖြစ်သော ၎င်းပင်လျှင် မသိဟု ပြန်ဖြေလေသည်။
နယ်မြေလမ်းကြောင်း ပိတ်သွားပြီးနောက် ၎င်းသည်လည်း နှစ်ခြိုက်စွာ အိပ်ပျော်သွားမည်ဖြစ်ကာ နောက်တစ်ကြိမ် နယ်မြေပြန်ဖွင့်ချိန်မှသာ နိုးထလာမည် ဖြစ်ပေ၏။
"ငါက ပစ္စည်း တစ်ခုပဲလို့ ပြောပြီးသားပဲလေ။
ငါ အိပ်ပျော်နေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က ကွယ်ရာမှာ တစ်ခုခု လုပ်နေမှာတော့ သေချာတယ်။
ငါကတော့ ဒါကို နေသားကျနေပါပြီ" ဟု ကြောင်ဖြူကလေးက အေးအေးလူလူပင် ဆိုသည်။
၎င်း၏ မူဝါဒမှာ ရိုးရှင်းလှ၏။ အဆင့်မြင့်ကျင့်ကြံသူများ၏ လက်ထဲသို့ ကျရောက်ပြီး လောကသားများကို ဒုက္ခပေးရန် အသုံးချမခံရသရွေ့ ကျန်သည့်ကိစ္စများကို ၎င်းက ဂရုမစိုက်တော့ပေ။
ထန်ထျန်းကလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှ မအကြံပေးနိုင်တော့သဖြင့် စိတ်ချမ်းသာလျှင် ပြီးရောဟုသာ သဘောထားလိုက်တော့သည်။
ကပ်ဘေးကျော်ဖြတ်ခြင်း ကိစ္စများ ပြီးဆုံး၍ အရာအားလုံး ငြိမ်သက်သွားသောအခါ ထန်ထျန်းက ကြောင်ဖြူကလေး၏ ရှေ့သို့ ရောက်လာခဲ့သည်။
"ဘယ်လိုလဲ... အဆင်သင့်ဖြစ်ပြီလား။
နောက်သုံးရက်ဆိုရင် ငါတို့ ဒီကနေ ထွက်ရတော့မယ်"
ကြောင်ဖြူကလေး၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ "ပြင်ဆင်စရာ ဘာမှမရှိပါဘူး၊ ဒါက ခရီးထွက်ရုံပဲဟာ
ဒါနဲ့... မင်းအရင်က ပြောဖူးတဲ့ အပြင်လောကက အစားအစာမျိုးစုံ ဆိုတာက တကယ်ပဲလား"
ထန်ထျန်းက သက်ပြင်းချရင်း ခေါင်းညိတ်ပြလိုက်ရသည်။
ဤမေးခွန်းကို ၎င်းက အကြိမ်ပေါင်းများစွာ မေးနေခဲ့ခြင်း ဖြစ်၏။
အကြောင်းမှာ ဤနယ်မြေအတွင်း၌ တိရစ္ဆာန်နှင့် အပင်များ ရှိသော်လည်း ၎င်းက ကမ္ဘာ၏ ဝိညာဉ်ဖြစ်သဖြင့် ထိုအရာများကို စားသုံး၍ မရနိုင်ပေ။
ထို့ကြောင့် နှစ်ပေါင်းရာချီအတွင်း ၎င်းက အစားအသောက် ဆိုသည်ကို တစ်ခါမျှ မြည်းစမ်းဖူးခြင်း မရှိသေးပေ။
"သိပ်ကောင်းတာပဲ... တွေးကြည့်တာနဲ့တင်..."
အတည်ပြုချက် ရပြန်သဖြင့် ကြောင်ဖြူကလေးမှာ အိပ်မက်ယောင်နေသည့်အလား ပျော်ရွှင်နေပြီး စိတ်လှုပ်ရှားလွန်းသဖြင့် တံတွေးများပင် ကျလာတော့သည်။
ထန်ထျန်းက ရယ်မောရင်း "စိတ်ချပါ၊ မင်း ဗိုက်ဝအောင် ကျွေးပါ့မယ်။
ဒါနဲ့... မင်း နာမည် မစဉ်းစားရသေးဘူးလား" ဟု မေးလိုက်သည်။
ဆယ်ရက်ကျော် ကြာမြင့်သွားသော်လည်း ဤကောင်ကလေးမှာ မည်သည့်နာမည်ကို သုံးရမည်ကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။
သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းက ဆုံးဖြတ်ချက် ချထားပြီးပုံ ရပေသည်။
"စဉ်းစားပြီးပြီ" ဟု ကြောင်ဖြူကလေးက ဆိုသည်။
"ငါ့ရဲ့ အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ပြီးတော့ ငါ့မှတ်ဉာဏ်ထဲမှာရှိတဲ့ စာပေဗဟုသုတတွေနဲ့ပါ တိုက်ဆိုင်စစ်ဆေးခဲ့တယ်။
သေချာလေးကို စဉ်းစားပြီးမှ ရွေးချယ်လိုက်တဲ့ နာမည်ကတော့..."
"ရှောင်မောက် (ကြောင်ကလေး) "
ထန်ထျန်း : ...
တကယ့်ကို 'သေချာစဉ်းစားထားတဲ့' နာမည်ပါပဲလား
ဒီနာမည်ကို ရဖို့ ဆယ်ရက်ကျော်တောင် စဉ်းစားနေရတာလားဟု သူ စိတ်ပျက်သွားမိသည်။
"မင်း... ဘယ်လို စာပေကျမ်းဂန်တွေကို ကိုးကားလိုက်တာလဲ" ဟု ထန်ထျန်းက မနေနိုင်ဘဲ မေးလိုက်၏။
ရှောင်မောက်က မျက်လုံးလေး ကစားရင်း "ဒါတွေက အရေးမကြီးပါဘူး။
အခုငါ့ပုံစံနဲ့ လိုက်ဖက်သလား၊ မလိုက်ဖက်ဘူးလား ဆိုတာပဲ ပြောပါ"
ထန်ထျန်း၏ နှုတ်ခမ်းများ တွန့်သွားသည်။
လိုက်ဖက်သည်မှာတော့ အမှန်ပင်။
သို့သော် ရိုးရှင်းလွန်းလှပေသည်။
"မင်းရဲ့ အခုပုံစံက မင်းကိုယ်တိုင် ဖန်တီးထားတာ မဟုတ်ဘူးလား။
တကယ်လို့ မူလကိုယ် ကို ကြည့်မယ်ဆိုရင် ရှောင်ယွဲ့ (ကျောက်စိမ်းကလေး) လို့ ခေါ်တာက ပိုမသင့်တော်ဘူးလား"
ရှောင်မောက်က ခေါင်းခါပြသည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး... ကျောက်စိမ်းတုံးက ငါ့ရဲ့ မှီခိုရာပဲ ရှိတာ
ဒါကမှ ငါ့ရဲ့ ပင်ကိုယ်ပုံစံအစစ်။ ငါကိုယ်တိုင် ဖန်တီးထားတာ မဟုတ်ဘဲ နိုးလာကတည်းက ဒီပုံစံပဲ"
ထန်ထျန်းမှာ အံ့အားသင့်သွားရသည်။ ဤနယ်မြေဝိညာဉ်မှာ မှတ်တမ်းများထဲက နယ်မြေဝိညာဉ်များနှင့် မတူဘဲ အလွန်ပင် ထူးခြားနေပေ၏။
"ဒါဆို မင်းက အထီးလား၊ အမလား" ဟု ထန်ထျန်းက ပြုံး၍ မေးလိုက်သည်။
ရှောင်မောက်က သူ့ကို မျက်စောင်းထိုးရင်း "ငါ့မှာ တိကျတဲ့ လိင်ကွဲပြားမှု မရှိဘူး။ အထီးလို့ ပြောရင်လည်း ဟုတ်သလို၊ အမလို့ ပြောရင်လည်း ဟုတ်တာပဲ။
မင်းလိုပဲပေါ့"
ထန်ထျန်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ "ထွက်သွားစမ်း
ငါက ယောကျ်ားစစ်စစ်ကွ၊ အဲဒီဥက မတော်တဆ ဖြစ်တာ"
ရှောင်မောက်က နှုတ်ခမ်းစူရင်း "လူတော်တော်များများက ကိုယ်ဝန်ရှိလာရင် မတော်တဆပါလို့ ပြောတတ်ကြတာပဲ..." ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ"
ထန်ထျန်းက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။
ရှောင်မောက်က အမြန်ပင် ပြုံးပြလိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး။
မင်းက ဆရာပဲ၊ မင်းပြောတာ အမှန်ဆုံးပေါ့" ဟု ချော့မော့ပြောလိုက်ရလေသည်။
ထန်ထျန်းက နှာမှုတ်ရင်း သူ၏ကိုယ်တွင်း၌ ဥတစ်လုံးရှိနေသည့် ကိစ္စကို မည်သူ့ကိုမျှ မပြောရန် သတိပေးလိုက်သည်။
"သွားကြမယ်...
ဒီကနေ မထွက်ခင် ငါ လူတစ်ယောက်ကို အရင်သွားခေါ်ရဦးမယ်"
ထို့နောက်တွင်မူ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်က လျူလီပင်လယ်၏ အလယ်ဗဟိုမှ တဖြည်းဖြည်း ထွက်ခွာသွားကြလေတော့သည်။