ရွှေအင်မော်တယ် ရောက်လာခြင်း
Vol. 13 Ch. 149
လျူလီမြို့အတွင်း
လူတစ်ယောက်နှင့် ကြောင်တစ်ကောင်က ကျယ်ဝန်းလှသော လမ်းမထက်၌ အေးအေးလူလူ လမ်းလျှောက်နေကြပေသည်။
တစ်ခါမျှ မမြင်ဖူးသော ကမ္ဘာကြီးကို ကြည့်ကာ ရှောင်မောက်မှာ မျက်လုံးပြူးနေပြီး ဟိုပြေးဒီပြေးဖြင့် အလွန်ပင် ပျော်ရွှင်နေ၏။
"ဒါက ဘာလဲ... တစ်တန်းကြီးပဲ။ ဝါး... ချဉ်လည်းချဉ်၊ ချိုလည်းချိုတယ်၊ သိပ်စားကောင်းတာပဲ"
"ဒါကကော ဘာလဲ... ပျော့ပျော့လေးနဲ့ မွှေးနေတာပဲ။ ပန်းပွင့်တွေနဲ့ လုပ်ထားတာလား"
"ဟိုမှာ... တို့ဖူးသုတ်လည်း ရှိတာပဲ။ ဝါး... ဘာလို့ ငရုတ်သီးတွေ ဒီလောက် ထည့်ထားတာလဲ၊ ဒါ ဘယ်လို အရသာကြီးလဲ"
"ဟင်... ဟိုမိန်းမလှလေးရဲ့ ဂါဝန်အောက်မှာ ဘာရှိတာလဲ၊ ငါ သွားကြည့်ဦးမယ်..."
ထန်ထျန်းက ၎င်းကို လူရမ်းကားတစ်ဦးအဖြစ် အထင်မခံရစေရန် အမြန်ပင် ဆွဲထားလိုက်ရလေသည်။
ရှောင်မောက်မှာ စိတ်လှုပ်ရှားလွန်းနေသဖြင့် မြင်သမျှအရာအားလုံးကို စပ်စုချင်နေသဖြင့် ထန်ထျန်းက ၎င်းကို စားသောက်ဆိုင်ကြီးတစ်ဆိုင်သို့ အမြန်ခေါ်ဆောင်သွားတော့၏။
အစားအသောက် ဝဝလင်လင် ကျွေးထားမှသာ ငြိမ်သွားပေလိမ့်မည်။
"ဟောဒီ စာရင်းထဲမှာ ရှိသမျှ အကုန်လုံးကို သုံးပွဲစီ ချပေးပါ"
ထန်ထျန်း၏ စကားကြောင့် ဆိုင်အကူမှာ မျက်လုံးပြူးသွားရ၏။ ဤကဲ့သို့ မှာယူစားသောက်သူမျိုးကို သူ တစ်ခါမျှ မတွေ့ဖူးပေ။
သို့သော် မကြာမီမှာပင် သူက ထန်ထျန်း၏ "ရက်စက်မှု" ကို မြင်တွေ့လိုက်ရပေသည်။ အချိန်အနည်းငယ်အတွင်းမှာပင် စားပွဲပေါ်ရှိ အစားအစာများအားလုံး ပြောင်စင်သွားရုံသာမက မထွက်ခွာမီတွင်လည်း အစားအစာ အတော်များများကို ပါဆယ်ထုတ်ခိုင်းလိုက်သေး၏။
ခဏအကြာတွင် အခြားသော စားသောက်ဆိုင်တစ်ဆိုင်၌လည်း ဤကဲ့သို့ပင် ထပ်ဖြစ်ပြန်သည်။
ဤသို့ဖြင့် အငမ်းမရ စားသောက်ရင်း လေးရက်တာ အချိန်ကာလမှာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့လေပြီ။
ထန်ထျန်းက ရှောင်မောက်ကို ခေါ်ကာ လျူလီမြို့ရှိ စားသောက်ဆိုင်ကြီးအားလုံးနီးပါးကို ပတ်ခဲ့သဖြင့် သူ၏ သိုလှောင်လက်စွပ်အတွင်း၌ ပါဆယ်ထုတ်ထားသော အစားအစာများမှာ တောင်ပုံရာပုံ ဖြစ်နေတော့၏။
အကန့်အသတ်မရှိ ကျွေးမွေးပြီးနောက်တွင်မူ ရှောင်မောက်၏ စိတ်လှုပ်ရှားမှုမှာ အနည်းငယ် လျော့ပါးသွားခဲ့ပေသည်။
တစ်ချိန်တည်းမှာပင် ထန်ထျန်းက ကျင့်ကြံခြင်းကို ရပ်တန့်မထားပေ။
ရှေးဟောင်းကျောက်စိမ်းမှ ဝိညာဉ်စွမ်းအားများ ပံ့ပိုးပေးနေသဖြင့် လေးရက်အတွင်း သူက တက်လှမ်းခြင်း အဆင့် (၃) သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
နောက်တစ်ဆင့် တက်လှမ်းပါက တက်လှမ်းခြင်း အလယ်အလတ် အဆင့် သို့ ရောက်ရှိပေတော့မည်။
သို့သော် ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ လိုအပ်သော ဝိညာဉ်စွမ်းအားမှာလည်း ပိုမိုများပြားလာသဖြင့် တက်လှမ်းခြင်း အဆင့် (၄) သို့ ရောက်ရန် အနည်းဆုံး ခြောက်ရက်၊ ခုနစ်ရက်ခန့် ကြာဦးမည်ဖြစ်ကြောင်း ထန်ထျန်း သိရှိလိုက်ရ၏။
ထို့ကြောင့် သူက ဆက်မစောင့်ဆိုင်းတော့ရန် ဆုံးဖြတ်လိုက်ပေသည်။
ရှောင်မောက် ကြိုက်တတ်သော အစားအစာများကို အများအပြား ထပ်မံဝယ်ယူပြီးနောက် ထန်ထျန်းက လျူလီမြို့မှ ထွက်လာခဲ့ပြီး ချင်းယွဲ့ဂိုဏ်းရှိရာအရပ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့လေတော့သည်။
လမ်းခရီးတွင် သူက မလော သလို သူ၏ သဲလွန်စကိုလည်း တကူးတက ဖုံးကွယ်မထားပေ။ တောင်တွေ့လျှင် အမဲလိုက်ကာ ရေတွေ့လျှင် ငါးဖမ်းပြီး တစ်ခါတစ်ရံ မြို့တစ်မြို့နှင့် တွေ့ပါကလည်း ဝင်ရောက်လည်ပတ် အပန်းဖြေတတ်ပေသည်။
သူ၏ အေးအေးလူလူ ရှိလှသော ပုံစံမှာ အသတ်ခံရတော့မည့်သူနှင့် တစ်စက်ကလေးမျှ မတူလှချေ။
သို့သော် ဤကဲ့သို့ အေးချမ်းသော အချိန်မှာ ငါးရက်သာ ကြာမြင့်ခဲ့ပေသည်။
သူက တောရိုင်းတောင်တန်းတစ်ခုသို့ ရောက်ရှိသောအခါ ပုံမှန်မဟုတ်သော အငွေ့အသက်အချို့ကို ခံစားလိုက်ရ၏။
"ရှောင်မောက်... ခနနေ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်တယ်၊ မင်းကိုယ်မင်း သေချာကာကွယ်ထားပါ" ဟု ထန်ထျန်းက ဆိုလိုက်သည်။
ရှောင်မောက်က ခဏမျှ ကြောင်အသွားပြီးနောက် "ငါ့အတွက် စိတ်မပူပါနဲ့" ဟု အေးအေးလူလူပင် ပြန်ပြောလေသည်။
"ငါက ကမ္ဘာဦးဝိညာဉ်ပဲဟာ။ ငါသာ ကိုယ်ယောင်ဖျောက်ထားရင် ဒီကမ္ဘာရဲ့ နိယာမတွေအောက်မှာ ဘယ်သူမှ ငါ့ကို ရှာတွေ့မှာ မဟုတ်ဘူး"
"ဒါနဲ့... မင်းကော ငါ့အကူအညီ လိုသလား"
ထန်ထျန်းက ၎င်းကို တစ်ချက်ကြည့်ကာ "မင်းက ကူညီနိုင်လို့လား"
ရှောင်မောက်က မျက်လုံးပြူးကာ "နောက်နေတာလား
ငါက..."
သို့သော် ၎င်းက ချက်ချင်းပင် ခေါင်းကို ပုလိုက်ကာ "ဪ... မေ့လို့၊ ဒါက ငါ့ရဲ့ ကမ္ဘာငယ်လေး မဟုတ်ဘူးပဲ"
"ဒီကမ္ဘာရဲ့ နိယာမတွေနဲ့ ဝိညာဉ်သားရဲတွေက ငါ့စကားကို နားထောင်မှာ မဟုတ်ဘူးလေ... ဟားဟား"
ထန်ထျန်းက ခေါင်းခါယမ်းလိုက်ပြီး ၎င်း၏ အနေခက်မှုကို ဂရုမစိုက်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ပြင်းထန်လှသော စိတ်အာရုံ အမြောက်အမြားက သူ့ကို အသေအချာ ပစ်မှတ်ထားထားသည်ကို သူ ခံစားနေရသောကြောင့် ဖြစ်ပေသည်။
တောင်တစ်ခုကို ကျော်ဖြတ်ပြီးနောက် သူ၏ မြင်ကွင်းထဲ၌ သစ်ပင်တစ်ပင်ကို မှီ၍ ငြိမ်သက်စွာ ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ဦး ပေါ်လာခဲ့၏။
"ထန်ထျန်း..."
"မင်းကို စောင့်ရတာ တကယ်ကို ကြာလှချေလား"
ထိုလူက လှည့်ကြည့်လိုက်ရာ ၎င်းမှာ ထျန်းယန်ရှန်း ပင် ဖြစ်ပေသည်။
ထန်ထျန်းက ကောင်းကင်ယံထက်တွင် ရပ်တန့်လိုက်ပြီး ၎င်းကို တည်ငြိမ်စွာ ကြည့်နေလေသည်။ သူ၏ မျက်နှာတွင် အံ့ဩရိပ် တစ်စုံတစ်ရာမျှ မရှိပေ။
"ငါ့ ကို စောင့်နေတာ ဘာလုပ်ဖို့လဲ" ဟု သူက မေးလိုက်သည်။
ထျန်းယန်ရှန်းက ခပ်ဖွဖွ ရယ်လိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို လှည့်လိုက်ရာ ရှေးဟောင်းဓားကျိုးတစ်လက် ထွက်ပေါ်လာ၏။
၎င်းမှာ တောင် တောင်ထိပ်တွင် သူ ထုတ်ပြခဲ့သော အင်မော်တယ် ဘုရင် အဆင့် လက်နက်ပင် ဖြစ်ပေသည်။
"မင်းက လူတော်တစ်ယောက်ဆိုတာ ငါသိပါတယ်၊ ငါ့ရှေ့မှာတော့ ဟန်မဆောင်ပါနဲ့တော့"
ထျန်းယန်ရှနိးက ဓားကျိုးကို ကိုင်ဆောင်ကာ ထန်ထျန်း၏ ရှေ့မှောက်သို့ ပျံသန်းလာခဲ့၏။
"ငါ့ရဲ့ စစ်နတ်ဘုရားခန်းမက ညီအစ်ကို ငါးယောက် သေသွားပြီ"
"သူတို့က ငါ့ရဲ့ တာဝန်ပေးချက်အရ မင်းကို သတ်ဖို့ သွားခဲ့ကြတာ"
ထျန်းယန်ရှန်းက မျက်မှောင်ကြုတ်ကာ "ထန်ထျန်း... မင်း တကယ်ကို လျှို့ဝှက်ချက်တွေ များတာပဲ"
"ငါ ဝန်ခံပါတယ်၊ မင်းကို ငါ အတော်လေး အထင်သေးခဲ့မိတယ်။ မင်းက အလွန်ဆုံးရှိလှ ထွက်ခွာခြင်းအဆင့်လောက်ပဲ ရှိမယ်လို့ ငါ ထင်ထားခဲ့တာ။
ဒါက ငါ့ရဲ့ အမှားပဲ"
"ဒါပေမဲ့ ငါ တစ်ခုတော့ သိချင်တယ်... မင်းက စစ်နတ်ဘုရားခန်းမ က ထိပ်တန်းလူ ငါးယောက်ကို တစ်ပြိုင်နက်တည်း ဘယ်လိုသတ်လိုက်တာလဲ။ သူတို့ရဲ့ ဝိညာဉ်မီးအိမ် တွေက တစ်ချိန်တည်းမှာပဲ ငြိမ်းသွားတာ။
ဒီလိုကိစ္စမျိုးကို ငါတောင် မလုပ်နိုင်ဘူး"
ထန်ထျန်း၏ စိတ်ထဲတွင် လှုပ်ခတ်သွား၏။ စစ်နတ်ဘုရားခန်းမ က လူများတွင် "ဝိညာဉ်မီးအိမ်" ရှိနေပါလား။
၎င်းမှာ ဝိညာဉ်အပိုင်းအစ ကို ယူထားသော ရတနာဖြစ်ကာ လူတစ်ဦး၏ ဝိညာဉ်ပျက်စီးသွားပါက ထိုဆီမီးမှာလည်း လုံးဝ ငြိမ်းသွားမည် ဖြစ်သည်။
ထျန်းယန်ရှန်းက ဤနည်းဖြင့် ထိုငါးယောက် သေဆုံးသွားသည်ကို သိရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထန်ထျန်းက ပြုံးလိုက်ရင်း "အဲဒီငါးယောက်ကို ငါ သတ်တာလို့ မင်း ဘယ်လိုလုပ် အသေအချာ ပြောနိုင်တာလဲ"
"ဖြစ်နိုင်တာက သူတို့တွေ သားရဲဒီရေ ထဲမှာ သေသွားတာလည်း ဖြစ်နိုင်တာပဲလေ။
လျူလီနယ်မြေထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို မင်းလည်း ကြားမှာပေါ့"
ထျန်းယန်ရှန်းက ခေါင်းခါယမ်းကာ အေးစက်စွာ ဆိုလေသည်။ "တကယ်လို့သာ အဲဒီလိုဆိုရင် မင်းက ချီယွမ်နဲ့ လမ်းခွဲပြီး တစ်ယောက်တည်း ထွက်လာမှာ မဟုတ်ဘူး"
"မင်းရဲ့ လှည့်ကွက်တွေက ငါ့ကို လှည့်စားနိုင်မယ် ထင်နေတာလား"
"ဒါ့အပြင် အမှန်တရားက ဘာပဲဖြစ်ဖြစ် ငါတို့ကြားမှာ အသေအကျေ ရန်ငြိုးကတော့ ဖြစ်သွားပြီ"
"ငါကတော့... နောက်ဆံတင်းစရာ တစ်စုံတစ်ရာမျှ ချန်ထားလေ့ မရှိဘူး"
ပြောပြီးနောက် သူက လက်ကို ဝှေ့ယမ်း၍ အချက်ပေးလိုက်၏။
ထိုစဉ် ထန်ထျန်း၏ ပတ်ပတ်လည်၌ အစွမ်းထက်လှသော အရိပ်လေးခု ပေါ်ထွက်လာတော့သည်။
သူတို့ ပေါ်လာသည်နှင့် ထန်ထျန်း၏ ထွက်ပြေးမည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်ရုံသာမက ဤဟင်းလင်းပြင် တစ်ခုလုံးကိုပါ ချိတ်ပိတ်လိုက်ကြပေသည်။
ထိုလူများမှာ ထန်ထျန်း တွေ့ဖူးသမျှသော ကောင်းကင်အင်မော်တယ် ကျွမ်းကျင်သူများထက် များစွာ ပိုမိုအစွမ်းထက်လှပေသည်။
ထိုအထဲမှ တစ်ဦးမှာမူ တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး သူ၏ အကြည့်တစ်ချက်မှာပင် လူကို တုန်လှုပ်ခြောက်ခြားစေနိုင်စွမ်း ရှိ၏။
သူတို့မှာ ဆန်းကြယ် အင်မော်တယ် များ ဖြစ်နိုင်ပေသည်။
အစွမ်းထက်ဆုံးဖြစ်သော ထိုလူမှာမူ ဒဏ္ဍာရီလာ ရွှေအင်မော်တယ် ပင် ဖြစ်ပေလိမ့်မည်။
ဝူဒင်နန်းတော် တွင်ပင် ရွှေအင်မော်တယ် မှာ အဓိက ကျောရိုးအင်အားစု ဖြစ်ပေရာ ထျန်းယန်ရှန်းက ယခုတစ်ကြိမ်တွင်မူ သူ့ကို အပြတ်ရှင်းရန် အရင်းအနှီး အမြောက်အမြား အသုံးပြုထားသည်မှာ သိသာလှပေသည်။
"ဆန်းကြယ် အင်မော်တယ် သုံးယောက်နဲ့ ရွှေအင်မော်တယ် တစ်ယောက်လား..."
ထန်ထျန်းက ခါးသက်စွာ ပြုံးလိုက်မိသည်။ "ထျန်းယန်ရှန်း... မင်းက ငါ့ ကို တော်တော်လေး အထင်ကြီးတာပဲ"
မူလကမူ ဆန်းကြယ်အင်မော်တယ် အချို့လောက်သာ လာလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ထျန်းယန်ရှန်းက ဤမျှအထိ အလေးအနက်ထားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။
"ငါ မင်းကို တစ်ခါ အထင်သေးခဲ့မိပြီးပြီ" ဟု ထျန်းယန်ရှန်းက အေးစက်စွာ ဆို၏။
"အဲဒီအမှားမျိုးကို ဒုတိယအကြိမ် ထပ်မလုပ်ဘူး"
"တကယ်လို့ မင်းကို အခု မသတ်နိုင်ရင် ချင်းယွဲ့ဂိုဏ်းကို ပြန်ရောက်သွားတဲ့အခါ ငါ့အတွက် ဘယ်တော့မှ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"
ထန်ထျန်း တိတ်ဆိတ်သွားမိ၏။
ဤကမ္ဘာမှ လူများမှာ တကယ့်ကို ရက်စက်လှပေသည်။
တုယွမ်ချင်းကို သတ်ရန် အစစ်အမှန်အင်မော်တယ် ကို လွှတ်ခဲ့သကဲ့သို့ စစ်နတ်ဘုရားခန်းမ တပည့် ငါးယောက်ကို သတ်ခဲ့သော သူ့အတွက်လည်း ဤမျှ အင်အားကြီးသော အဖွဲ့ကို လွှတ်လိုက်ခြင်းမှာ သူတို့အတွက်တော့ သဘာဝပင် ဖြစ်ပေလိမ့်မည်။
"ကြည့်ရတာ ဒီနေ့တော့ မင်းက ငါ့ ကို အသေ သတ် ဖို့ ဆုံးဖြတ်ထားပုံပဲ"
"ငါ့ ကို သတ်လိုက်ရင် မင်းရဲ့ ရာထူးအတွက် ပြိုင်ဆိုင်ခွင့် ဆုံးရှုံးသွားမှာကို မကြောက်ဘူးလား" ဟု ထန်ထျန်းက မေးလိုက်သည်။
ထျန်းယန်ရှန်းက သူ၏ ဓားကျိုးကို အသာအယာ ပွတ်သပ်ရင်း "လျူလီနယ်မြေထဲမှာ မင်းကို မရှင်းနိုင်ခဲ့ကတည်းက ငါ့ရဲ့ အခွင့်အရေးက ဆုံးရှုံးသွားခဲ့ပြီ"
"ဒါကြောင့် ငါ့မှာ စိုးရိမ်စရာ မရှိတော့ဘူး"
"မင်းဆိုတဲ့ အန္တရာယ်ကို ဖယ်ရှားဖို့ကသာ အခု အရေးကြီးဆုံးပဲ"
"မင်းကို မင်းပဲ အပြစ်တင်လိုက်ပါ။ သန်မာတဲ့ နောက်ခံမရှိဘဲနဲ့၊ ခွန်အားလည်း မပြည့်စုံသေးခင်မှာ တစ်ယောက်တည်း ထွက်လာပြီး ငါ့ကို ဆန့်ကျင်ခဲ့မိတာကိုး"
"ငါ့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်အတွက် ငါ တန်ဖိုးပေးခဲ့ပြီးပြီ။
မင်းလည်း မင်းရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်အတွက် တန်ဖိုးပေးရတော့မယ်"
ပြောပြီးသည်နှင့် သူ၏ မျက်ဝန်းထဲ၌ ပြင်းထန်သော အလင်းတန်းတစ်ခု ဝင်းလက်သွားတော့၏။
"သေစမ်း"
အင်မော်တယ် ဘုရင်၏ ဓားကျိုးက ထန်ထျန်းဆီသို့ တိုက်ရိုက် ပိုင်းလာလေတော့သည်။