လျူယင်လန်းနှင့် ရင်ဆိုင်ခြင်း (၂)
Vol. 132 Ch. 1836
"ငါ သတ်လိုက်ရမလား..."
သူ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ အကယ်၍ လျူယင်လန်းက နောက်တစ်ချိန်တွင် အလားတူ ပြုလုပ်လာနိုင်သည့် အခွင့်အရေး အနည်းငယ်မျှ ရှိနေလျှင်ပင် ထိုအသိက သူ၏ စိတ်နှလုံးကို နှောင့်ယှက်နေမည် ဖြစ်သည်။ ယခု ထိုမိန်းမမှာ သတိလစ်နေလေရာ သူ၏ စိတ်အာရုံတစ်ခုတည်းဖြင့် ကြက်ကလေး ငှက်ကလေး တစ်ကောင်ကို သတ်သကဲ့သို့ သတ်ပစ်နိုင်ပေသည်။
ဝေ့ဝူယင်၏ ရည်ရွယ်ချက်ကို ရိပ်မိလေရာ ကျန်းကျဲဝူရှုရော ဟူမေဖန်းပါ လျူယင်လန်းအတွက် ကြားဝင် ကာကွယ်စကား မပြောရဲကြပေ။ ဝေ့ဝူယင်က အဘယ်ကြောင့် ဤမျှ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်နေရသည်ကို သူတို့ မသိကြသော်လည်း လူငယ်၏ ဆုံးဖြတ်ချက်ကို သူတို့ တားဆီးရန် မဝံ့ရဲကြချေ။ ဝေ့ဝူယင် ပြသခဲ့သည့် ပုံရိပ်များက သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု မျိုးစေ့ တစ်ခုကို ချန်ထားရန် လုံလောက် နေခဲ့ပြီ ဖြစ်သည်။
"လျူယင်လန်းရဲ့ ညီမက တောင်ပေါ်မှာ ရှိနေတာလား"
ကျန်းကျဲဝူရှုက စကားလမ်းကြောင်း လွှဲရန် ကြိုးစားလိုက်၏။ သူမ လျူယင်လန်းကို ပုဂ္ဂိုလ်ရေး အရ မနှစ်သက်သော်လည်း မည်သို့ပင် ဆိုစေ... သူတို့မှာ မဟာမိတ်များ ဖြစ်ကြသည် မဟုတ်ပါလော။
ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်၏။ လျူယင်လန်း၏ ညီမမှာ အမှန်တကယ်ပင် အင်ပါယာ ကောင်းကင် တရား စီရင်ရေး တောင်တန်းပေါ်တွင် ရှိနေပြီး ယခုဖြစ်ပျက်နေသမျှ အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။
ဝေ့ဝူယင် လျူယင်လန်းကို စိုက်ကြည့်လိုက်၏။
ဝှစ်...
သူ လက်တစ်ဖက်ကု ဝှေ့ယမ်းလိုက်ရာ လျူယင်လန်း၏ ခန္ဓာကိုယ်မှာ မြေပြင်မှ မြောက်တက်လာပြီး သူ့ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဖြူရော်ပြီး လှပသည့် သူမ၏ မျက်နှာကလေးမှာ မည်သည့် အမျိုးသားကိုမဆို သနားစိတ် ဖြစ်ပေါ်စေနိုင်သော်လည်း ဝေ့ဝူယင်ကတော့ အေးစက်နေဆဲပင်။
သူ့ မျက်ဝန်းများထဲ၌ လျူယင်လန်းနှင့် အလွန် ဆင်တူသည့် မိန်းကလေး တစ်ဦး၏ ပုံရိပ်မှာ သူမ၏ နောက်ကွယ်တွင် အရိပ်တစ်ခုကဲ့သို့ ပေါ်ပေါက်လာခဲ့သည်။
"ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်"
ဝေ့ဝူယင်က အေးဆေးစွာ ပြောလိုက်၏။
"တစ်ကြိမ်တည်းပဲ"
ဟူး... ဟူး...
ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများအတွင်း၌ ဝိညာဉ် အစီအရင်များက သက်ဝင် လှုပ်ရှားလာကာ အမှန်တရား မျက်လုံး ကို အသက်သွင်းလိုက်၏။ လျူယင်လန်း၏ မျက်ခွံများက ဖြည်းညင်းစွာ ပွင့်ဟလာကာ ဝေဝေဝါးဝါး အကြည့်များမှာ ဝေ့ဝူယင်၏ မျက်ဝန်းများနှင့် ဆုံတွေ့သွားတော့သည်။
ပုံရိပ်ယောင် မျက်လုံး...
"မင်း ဘယ်လို ရွေးချယ်မလဲ ဆိုတာ ကြည့်ကြတာပေါ့"
ဝေ့ဝူယင်၏ အသံက လျူယင်လန်း၏ စိတ်ထဲသို့ ဝေဝါးစွာ စီးဝင်သွားလေ၏။
...
အာကာသ ဝေဟင်ဂိုဏ်း၊ အဆုံးမဲ့မြို့တော်...
လျူယင်လန်း တစ်ယောက် ငွေရောင်မျက်ဝန်းနှင့် လူငယ်လေး ပြောနေသည့် စကားများကို နားထောင်ရင်း ခေါင်းထဲတွင် မူးနောက်နေခဲ့သည်။
"အဲဒါကြီးက ဒီလောက်တောင် ကောင်းနေတယ်ဆိုရင်လည်း ခင်ဗျား ကိုယ်တိုင်ပဲ လုပ်လိုက်လေ... ခင်ဗျားပဲ ဖြစ်ဖြစ် ကောင်းကင်ဘုံပဲ ဖြစ်ဖြစ် ငရဲပဲ ဖြစ်ဖြစ် ဘယ်နတ်ဘုရားမှ ကျုပ်ရဲ့ ကံကြမ္မာကို လာပြီး ဆုံးဖြတ်လို့ မရဘူး...”
လူငယ်လေး၏ စကားလုံးများမှာ ပြတ်သားလှ၏။ သူ၏ မလျော့သော ဇွဲလုံ့လနှင့် စိတ်ဓာတ်ခိုင်မာမှုတို့က တောင်တန်း နှင့်သမုဒ္ဒရာများကိုပင် တုန်ခါစေနိုင်လောက်သည့် အရှိန်အဝါမျိုး ပေးစွမ်းထားသည်။ စကားလုံးတိုင်းက ပတ်ဝန်းကျင်ရှိ မန်နာ စွမ်းအင်များကိုပင် လှုပ်ခတ်စေပြီး သဟဇာတဖြစ်စွာ ကပြနေကြသည့်နှယ် ရှိလေ၏။
လျူယင်လန်း၏ ဝေဝါးနေသည့် စိတ်အစဉ်မှာ တဖြည်းဖြည်း ပြန်လည် ကြည်လင်ပြတ်သားလာသည်။ ကုန်ခမ်းလုနီးပါး ဖြစ်နေသည့် ရေကန်အတွင်း ရေစက်ကလေးများ တစတစ စီးဝင်လာသကဲ့သို့ပင် မေ့လျော့နေသည့် အဖြစ်အပျက် အသေးစိတ်တို့က သူမ၏ အသိအာရုံထဲ၌ ပြန်လည် နေရာယူလာကြသည်။ သူမမှာ ယခုအခါ 'အဆုံးမဲ့ မြို့တော်' ၌ ရှိနေပြီး ‘အစစ်အမှန် ကံကြမ္မာ ခရီးသည်' စမ်းသပ်မှုကို အောင်မြင်ထားသည့် လူငယ်နှစ်ဦးနှင့် တွေ့ဆုံနေခြင်း ဖြစ်သည်။
လျူစုယင်မှာ သူ၏ တာဝန်ကို အပြစ်ပြောစရာ မရှိအောင် ထမ်းဆောင်ခဲ့ပြီး ငွေရောင် မျက်ဝန်းပိုင်ရှင် လူငယ် ဝေ့ဝူယင်ကို အဆုံးမဲ့ ခရီးသွား နယ်မြေသို့ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။
လျူစုယင်သည် ဘေးတွင် ရပ်နေရင်း ထိုလူငယ်ကို ကြည့်နေသလို၊ သူမကိုလည်း တည်ငြိမ်မှု မရှိသည့် မျက်ဝန်းများဖြင့် မသိမသာ ခိုးကြည့်နေခဲ့သည်။ အမြဲတမ်း အေးစက်တည်ငြိမ်နေတတ်သည့် လျူစုယင်၏ မျက်နှာထက်၌ ဝေ့ဝူယင်ကို လှမ်းကြည့်နေစဉ် ခံစားချက် အရိပ်အယောင်တစ်ချို့ ဖြတ်သန်းသွားသည်ကို သူမ မြင်တွေ့ရသည်။
လျူစုယင်မှာ သူမ၏ ကျင့်ကြံခြင်း နှလုံးသားကို ခိုင်မာစေရန်နှင့် မဟာ လမ်းစဉ်တွင် ရှေ့သို့ ဆက်တိုးနိုင်ရန်အတွက် စိတ်ခံစားမှု ကင်းမဲ့စေသည့် စိတ်ဝိညာဉ် ကိုယ်ပွားကို ကျင့်ကြံထားသူ ဖြစ်ရ် ယခုကဲ့သို့ စိတ်လှုပ်ရှားနေခြင်းအား လျူယင်လန်း တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
တစ်ခါတစ်ခါ ဝေ့ဝူယင်ကို ကြည့်လိုက်တိုင်း သူမ နှုတ်ခမ်းထက်၌ နူးညံ့သည့် အပြုံးလေး တစ်ခုပင် မသိမသာ ပေါ်လာခဲ့သည်။ ဤထူးခြားသော မြင်ကွင်းကြောင့် လျူယင်လန်း၏ စိတ်ထဲတွင် ရယ်ချင်သလို ဖြစ်သွားမိသည်။
ထို့အပြင်... လျူစုယင်မှာ ခါတိုင်းနှင့် မတူပဲ အလွဲလွဲ အချော်ချော် ဖြစ်နေခဲ့သည်။ သူမက ဝေ့ဝူယင်ကို ဤနေရာသို့ ခေါ်ဆောင် မလာမီ သစ္စာဓိဋ္ဌာန် ပြုခိုင်းဖို့လည်း မေ့လျော့ နေခဲ့သည်။ ထိုမျှမက လူငယ်ကို အာကာသ ဝေဟင်ဂိုဏ်း၊ အဆုံးမဲ့ ခရီးသွား နယ်မြေ၊ ကံကြမ္မာ ခရီးသည်နှင့် စမ်းသပ်မှု သုံးခု အကြောင်းများကိုပါ အသေးစိတ် ရှင်းကြခဲ့သေးသည်။ ထိုမျှမက ဝေ့ဝူယင်တို့ ရှင်သန်ရာ ကမ္ဘာတည်းဟူသော လှောင်အိမ်ကြီး ဖြစ်သည့် မဟာစက်ဝန်း ကြယ်ကွင်းပြင် အပါအဝင် ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု၏ အမှန်တရားများကိုလည်း ဖွင့်ဟခဲ့ပြီး ဖြစ်သည်။
မှန်ပေသည်။ လျူစုယင်မှာ အချို့သော အချက်အလက်များကိုတော့ လွဲမှားစွာ သို့မဟုတ် ဝေဝါးစွာ ပြောကြားထားခဲ့ပေသည်။ ဥပမာအားဖြင့် နတ်ဆိုး အာဏာရှင်က ရှေးဟောင်း ပိတ်လှောင် နယ်မြေကို ဖျက်ဆီးပြီး ထွက်ပြေးရန် ကြံစည်နေသည့် အချက်ကို ကြယ်တာရာ ဝါးမြိုသူ ဟူ၍ ပြောင်းလဲ ပြောဆိုထားခဲ့ခြင်းမျိုး ဖြစ်၏။ ၎င်းမှာ တစ်ဝက်တစ်ပျက် အမှန်တရား ဖြစ်သော်လည်း ဇာတ်လမ်းတစ်ခုလုံး မဟုတ်ချေ။
ထို့အပြင် သူမက အာကာသ ဝေဟင်ဂိုဏ်းကို အဆုံးမဲ့ ခရီးသွား နယ်မြေ၏ အမြင့်မြတ်ဆုံး ကာကွယ်သူများ အဖြစ် ပုံဖော်ထားပြီး ကံကြမ္မာ ခရီးသည်များနှင့် ရှာဖွေသူများသာ မရှိပါက လောကတစ်ခုလုံး အတိ ဘေးဒုက္ခ ကျရောက်ကြရလိမ့်မည်ဟု အယုံသွင်းထားခဲ့သည်။
ဝေ့ဝူယင်မှာ ဇာတိမြေကို ဦးဆောင်ကာကွယ်ရမည့် အစစ်အမှန် ကံကြမ္မာ ခရီးသည် ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ရန် လိုအပ်သည့် အရည်အချင်းများလည်း ပြည့်စုံကြောင်း၊ သို့သော်လည်း အာဏာရှင် အင်ပါယာကြီး သုံးပါး၏ တမန်တော်များထံမှ အတည်ပြုချက်နျင့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ဝိညာဉ်ထံမှ လက်ခံမှုသာ လိုအပ်တော့ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင်... ဤတာဝန်ကို လက်ခံလိုက်သည်နှင့် ဝေ့ဝူယင်၏ ကံကြမ္မာနှင့် အသက်တို့မှာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေနှင့် တစ်သားတည်း ဖြစ်သွားလိမ့်မည် ဖြစ်သည်။ အကယ်၍ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပါက သူ့ ဝိညာဉ်သည်လည်း ချေဖျက်ခံရလိမ့်မည် ဖြစ်သည်။
ထိုအခါ ဝေ့ဝူယင်က သူ၏ ဘဝလမ်းကြောင်း မူလကထက် ပိုမို မြင့်မားလာမည်ကို အရင် သက်သေမပြနိုင်ပဲနှင့် ထိုကဲ့သို့ အဆမတန် မြင့်မားသည့် ကန့်သတ်ချက်များကို လက်မခံနိုင်ကြောင်း၊ အကယ်၍ သက်သေမပြနိုင်ပါက သေခြင်းတရားကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ပြတ်သားစွာ ကြေညာခဲ့သည်။
လျူစုယင်ကတော့ ဝေ့ဝူယင်၏ စကားလုံးများကြောင့် ဒေါသထွက်နေခဲ့သည်။ သူမ တစ်သက်တာလုံး အမြင့်မြတ်ဆုံး တာဝန်ဟု ယူဆထားသည့် နေရာကို လူငယ်က ပေါ့ပေါ့တန်တန် သဘောထားနေသဖြင့် သည်းမခံနိုင် ဖြစ်ခြင်းက သဘာဝတော့ ကျပေသည်။ လျူစုယင်မှာ အစစ်အမှန် ကံကြမ္မာ ခရီးသည် အတွက် စမ်းသပ်ချက်ကို သုံးကြိမ်တိတိ ကြိုးစားခဲ့ကာ သုံးကြိမ်လုံးတွင် ရှုံးနိမ့်ခဲ့ဖူးသည်.
လျူယင်လန်း ကဲ့သို့သော လောကရှန့်ထို တစ်ပါး၏ ပံ့ပိုးမှု၊ အလွှာအပြင်က လောကမှ အရင်းအမြစ်များ၊ ကျင့်စဉ်များ ရှိနေသည် ဆိုသော်လည်း ၎င်းက ပင်ကိုယ် ပါရမီ အပေါ်တွင်သာ မူတည်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် လျူစုယင်၏ မနာလိုမှုနှင့် ဒေါသပေါက်ကွဲမှုများမှာ မှန်းဆ၍ ရနိုင်သော အရာများ ဖြစ်ပေသည်။
"အဲဒါကြီးက ဒီလောက်တောင် ကောင်းနေတယ်ဆိုရင်လည်း ခင်ဗျား ကိုယ်တိုင်ပဲ လုပ်လိုက်လေ... ခင်ဗျားပဲ ဖြစ်ဖြစ် ကောင်းကင်ဘုံပဲ ဖြစ်ဖြစ် ငရဲပဲ ဖြစ်ဖြစ် ဘယ်နတ်ဘုရားမှ ကျုပ်ရဲ့ ကံကြမ္မာကို လာပြီး ဆုံးဖြတ်လို့ မရဘူး...”
ငွေရောင်မျက်ဝန်းများနှင့် လူငယ်၏ စကားလုံးများက အေးစက်စွာပင် လျူစုယင်ထံသို့ စီးဝင် ရောက်ရှိ သွား၏။ ပုံမှန်ဆိုလျှင် လျူယင်လန်းမှာ စည်းမျဉ်းများအရ ဝေ့ဝူယင်ကို ပိုမို ပြင်းထန်စွာ ကိုင်တွယ်မိမည် ဖြစ်သည်။ ယခု ဝေ့ဝူယင်က ငြင်းဆန်နေလေရာ သူ့အတွက် တစ်ခုတည်းသော ကံကြမ္မာမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ဝါးမြိုခြင်းကို ခံရရန် သို့မဟုတ် ကျိန်စာကြောင့် ပျက်စီးရန်သာ ရှိတော့သည်။ သို့သော်လည်း... လျူစုယင်၏ ပေါ့လျော့မှုကြောင့် ကျိန်စာက အကျိုးမရှိတော့ချေ။
သို့သော်လည်း... လျူစုယင်၏ မျက်ဝန်းထဲမှ လှုပ်ရှားနေသော ခံစားချက်များကို မြင်လိုက်ရသည့် အခါတွင် လည်းကောင်း၊ မိန်းကလေးက ဝေ့ဝူယင်ကို ခိုး၍ ကြည့်နေသည့် အကြည့်တို့ကို မြင်လိုက်ရသည့်အခါတွင် လည်းကောင်း၊ လျူယင်လန်းမှာ သူမ၏ ကိုယ်ပိုင် အစီအစဉ်များအတွက် တစ်မျိုးတစ်ဖုံ စဉ်းစားမိသွားသည်။
ထို့ကြောင့်ပင် သူမ လျူစုယင်အား ဝေ့ဝူယင်ကို အဆုံးမဲ့ ခရီးသွား နယ်မြေ၏ တန်ဖိုးကို ပြသခွင့်ပြုလိုက်ပြီး သူမကိုယ်တိုင်ကမူ ရဲ့ကျိလင်နှင့် အစားထိုးနိုင်မလား စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လျူစုယင်၏ ကျိန်စာ မဆိုခိုင်းသည့် အမှားကြောင့် လျူယင်လန်း အနေဖြင့် ကိုယ်ပိုင် လွတ်လပ်ခွင့် ရရှိရေးအတွက် အခြေအနေကို အလွန်ပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းရတော့မည် ဖြစ်သည်။
သို့သော်လည်း ရဲ့ကျိလင်ကို သူမ သိပ် အထင်မကြီးချေ။ ယခင်က အလားတူ ပါရမီရှင် များစွာမှာ အဆုံးမဲ့ ကံကြမ္မာ ခရီးသည် ကျင့်စဉ်ကို ကျင့်ကြံရာ၌ ကျရှုံးခဲ့ကြဖူးသည်။
"လျူစုယင်က မင်းကို အာကာသ ဝေဟင်ဂိုဏ်း အကြောင်းနဲ့ ဒီမှာကျင့်ကြံရင် ရမယ့် အကျိုးကျေးဇူးတွေကို လိုက်ပြလိမ့်မယ်... မင်းရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့ ဆယ့်နှစ်လ အချိန်ရမယ်... ချိပ်ပိတ်နယ်မြေရဲ့ အမြင့်မြတ်ဆုံး ကာကွယ်သူ တစ်ယောက် အဖြစ် ထရီလျံနဲ့ ချီတဲ့ သက်ရှိတွေကို ကာကွယ်ပေးမလား... ဒါမှမဟုတ် အားလုံးကို အဆုံးသတ်ပစ်မလား ဆိုတာ မင်းကိုယ်တိုင် ရွေးချယ်ပါ”
“တကယ်လို့ မင်း ငြင်းပယ်ခဲ့မယ် ဆိုရင်တော့ ရဲ့ကျိလင်က မင်းနေရာကို ဆက်ခံလိမ့်မယ်... သူကလည်း အာကာသ ဥပဒေသရဲ့ ကောင်းချီးကို ရရှိထားပြီးသားပဲ... သူ အစစ်အမှန် ကံကြမ္မာ ခရီးသည် မဖြစ်သေးတာ မင်း အသက်ရှင်နေသေးလို့ပဲ”
***