← Chapters

လျူယင်လန်းနှင့် ရင်ဆိုင်ခြင်း (၄)

Vol. 132 Ch. 1838

လျူယင်လန်းနှင့် ရင်ဆိုင်ခြင်း (၄)

Vol. 132 Ch. 1838

"ဘာလို့များ ငါ့ကို ဒီလောက်တောင် ခက်ခဲအောင် လုပ်ရတာလဲ..."

လျူယင်လန်း ဟင်းလင်းပြင် စွမ်းအင်များဖြင့် ချည်နှောင်ခြင်း ခံထားရသည့် ငွေရောင်မျက်ဝန်းများနှင့် လူငယ်ကို ကြည့်ကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။

ဘုန်း...

ရုတ်တရက် ဝေ့ဝူယင် ယခင်က နေထိုင်ခဲ့သည့် အဆောက်အအုံဘက်မှ ပြင်းထန်သည့် အော်ရာတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ လျူစုယင်က ချောင်စွေ့ဖုန်းကို အပြစ်တင် ကြိမ်းမောင်းနေသည့် အသံကိုလည်း သူမ ကြားလိုက်ရသည်။

သူမ စိတ်အာရုံဖြင့် လျူစုယင်ထံသို့ သတင်းစကား တစ်ချက် ပေးပို့လိုက်ရာ ငွေရောင် အလင်းတန်းတစ်ခုက သူတို့ထံသို့ ကြယ်တံခွန် အလား ပြေးဝင်လာပြီး ဆူညံသံများ ချက်ချင်း ငြိမ်သက်သွားစေခဲ့သည်။

ဝေ့ဝူယင်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်နေပြီး သံမဏိကဲ့သို့ ခိုင်မာလှ၏။ သူက မိမိကိုယ်ကို ချည်နှောင်ထားသည့် ကျော့ကွင်းများကို ဖျက်ဆီးရန် ကျင့်ကြံခြင်း အစွမ်းများကို အဆက်မပြတ် ထုတ်ဖော်နေသော်လည်း အချည်းနှီးသာ ဖြစ်လေသည်။ လျူယင်လန်းမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ စွမ်းအားကို အသုံးပြုထားခြင်း ဖြစ်ရာ လောကသခင် အဆင့်သာ ရှိသေးသည့် ဝေ့ဝူယင်အတွက် မည်သို့မျှ မတတ်နိုင်ချေ။

သို့သော်လည်း... ဝေ့ဝူယင်၏ ရုန်းကန်မှုများက ချည်နှောင်ထားသည့် ကျော့ကွင်းများကို အနည်းငယ် တုန်ခါသွားစေသဖြင့် သူမ အနည်းငယ် အံ့အားသင့်သွားမိ၏။ အချိန် အလုံအလောက်သာ ရမည်ဆိုပါက ဝေ့ဝူယင်မှာ ဤချည်နှောင်မှုများကို အမှန်တကယ်ပင် ဖျက်ဆီးနိုင်ပေလိမ့်မည်။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား... မင်း ဘယ်ကိုများ သွားနိုင်မှာမို့လို့လဲ"

လျူယင်လန်း ထပ်မံ သက်ပြင်းချပြန်သည်။ ဤနေရာမှာ အဆုံးမဲ့ ခရီးသွား နယ်မြေ ဖြစ်ပြီး ဟင်းလင်းပြင် စွမ်းအင်ဖြင့် အသက်သွင်းထားသော ထူးခြားသည့် ဝင်္ကပါများကို အသုံးပြုနိုင်မှသာ ဝင်ရောက်နိုင်မည် ဖြစ်သည်။

ထို့ပြင် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ မထွက်ခွာနိုင်ချေ။ ခြွင်းချက် ဖြစ်သည့် ဟင်းလင်းပြင် စွမ်းအင်ဆိုသည်မှာလည်း ဤလောကတွင် အလွန်ပင် ရှားပါးလှသည် မဟုတ်ပါလော။

"ဒီနေရာကလွဲရင် ဘယ်နေရာဖြစ်ဖြစ် သွားမယ်... ကျုပ် အချိန်လေပွေထဲကို ဝင်ရမယ် ဆိုရင်တောင် ကျိန်စာတွေရဲ့ ကျေးကျွန်တော့ အဖြစ် မခံနိုင်ဘူး...”

ဝေ့ဝူယင်က ပြတ်သားစွာ အော်ဟစ်နေ၏။ သူ့ ငွေရောင် မျက်ဝန်းများက ဝိညာဉ် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့လေသည်။

လျူယင်လန်းမှာ ဝေ့ဝူယင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိ၏။ မကြာမီမှာပင် လျူစုယင်သည်လည်း ရောက်ရှိလာခဲ့သည်။ သူမက ဇဝေဇဝါဖြစ်နေကာ စိတ်မသက်မသာလည်း ဖြစ်နေပုံရ၏။ မနေ့ညက ဖြစ်ရပ်များအပြီးတွင် သူမ၏ စိတ်ခံစားချက် ကင်းမဲ့သည့် အခြေအနေမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ ယခင်ကလိုမျိုး အေးစက်စက် အမူအရာ မရှိတော့ပဲ စိတ်လှုပ်ရှားနေသည့် အမူအရာများ ထင်ဟပ်နေခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်ကို မြင်တွေ့လိုက်ရသည့်အခါ သူမ၏ ရင်ထဲ၌ ဝမ်းသာသွားခဲ့သည်ကတော့ အမှန်တကယ်ပင်။

"ဘာတွေ ဖြစ်နေတာလဲ ဂိုဏ်းချုပ်..."

လျူစုယင်က စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရင်း မေးလိုက်၏။

လျူယင်လန်း ပြန်မဖြေပဲ တိတ်ဆိတ် နေခဲ့သည်။ အာကာသ ဝေဟင်ဂိုဏ်း၏ တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများအောက်တွင် နေထိုင်ရမည့်အစား မိမိကိုယ်ကိုယ် အဆုံးစီရင်ရန်ပင် ဝန်မလေးသည့် ဝေ့ဝူယင်၏ ပြတ်သားမှုကို မြင်တွေ့ရသောအခါ သူမ၏ ရင်ထဲ၌ အတန်ငယ် တုန်လှုပ်သွားခဲ့ရသည်ကတော့ အမှန်တကယ်ပင်။ သူမကိုယ်တိုင်လည်း တစ်ချိန်က ထိုကဲ့သို့ ခံစားချက်မျိုး ရှိခဲ့ဖူးပေသည်။

"ငါတို့ အဆုံးမဲ့ မြို့တော်ကို ပြန်ကြမယ်..."

လျူယင်လန်း၏ စကားသံက အေးစက်တည်ငြိမ်နေ၏။ လျူစုယင်ရော ဝေ့ဝူယင်ပါ အံ့ဩသင့် သွားကြသည်။ ဝေ့ဝူယင်၏ ရုန်းကန်မှုများက ပိုမိုပြင်းထန်လာကာ နားနှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာသဖြင့် လျူစုယင်မှာ ထိတ်လန့်တကြား အော်ဟစ်မိမတတ် ဖြစ်သွားခဲ့၏။ သူမက ဝေ့ဝူယင်ကို ကူညီဖို့ အတွက် ရှေ့သို့ နှစ်လှမ်းခန့် တိုးလိုက်သော်လည်း လျူယင်လန်း၏ အေးစက်စက် အကြည့်ကြောင့် ခြေလှမ်းများ ပြန်လည် ရပ်တန့် သွားခဲ့သည်။

ထို့နောက်... လျူယင်လန်းက ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်၏။

"ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ဘယ်ကံကြမ္မာ ခရီးသည်နဲ့ ရှာဖွေသူတွေမှ အဆုံးမဲ့ ခရီးသွား နယ်မြေကနေ ထွက်ပြေးလို့ မရဘူး... ဒါပေမဲ့ မင်းကိုယ်မင်း သတ်သေချင်တယ်ဆိုရင်တော့ ငါ မတားဘူး... ရဲ့ကျိလင်က မင်း နေရာမှာ အစစ်အမှန် ကံကြမ္မာ ခရီးသည် ရာထူးကို အစားထိုးနိုင်တယ်...”

ရဲ့ကျိလင် အောင်မြင်ရန် အခွင့်အလမ်း အလွန်နည်းပါးသည်ကို သူမ သိသော်လည်း ဝေ့ဝူယင်၏ လုပ်ရပ်မှာ အစွန်းရောက်လွန်းကြောင်း သတိပေးသည့်အနေဖြင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

မှန်ပေသည်။ သူမ ဝေ့ဝူယင်ကို ထိုအတိုင်း လွယ်လွယ်နှင့် လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ သူမက လက်တစ်ချက် ဝေ့ယမ်းလိုက်ကာ ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်းတွင် လျှို့ဝှက် သင်္ကေတ တစ်ခုကို ထည့်သွင်းလိုက်၏။ ထိုသင်္ကေတ ရှိနေသရွေ့ သူ ဘယ်နေရာရောက်ရောက် သူမ ချက်ချင်း ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။

ဝေ့ဝူယင်မှာ အာကာသ ဥပဒေသ၏ ကောင်းချီးကို ရထားသော်ငြားလည်း သေမျိုးတစ်ဦးသာ ဖြစ်နေသေးရာ သင်္ကေတကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။

"မင်းက သူ့ရဲ့ စင်ကြယ်မှုကိုလည်း မရယူခဲ့သလို သူ့ရဲ့ အနာဂတ်ကိုလည်း မဖျက်ဆီးခဲ့တဲ့အတွက် အဲဒီကိစ္စမှာ ငါ ဝင်မပါတော့ဘူး... ဒါပေမဲ့ မင်းရဲ့ လုပ်ရပ်တွေကတော့ အတော်လေးကို ပေါ့ဆပြီး ရက်စက်လွန်းတယ်"

သူမက မျက်နှာနီမြန်းနေသည့် လျူစုယင်ကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားလေသည်။ ဝေ့ဝူယင်အပေါ် ချည်နှောင်ထားမှုများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွား၏။ ဝေ့ဝူယင်မှာ ထိတ်လန့်တကြားဖြင့် ဒူးတစ်ဖက် ထောက်လျက် လဲကျသွားတော့သည်။

"ကျုပ်ကို လွှတ်ပေးတာလား..."

ဝေ့ဝူယင်က မယုံကြည် နိုင်သလို မေးလိုက်၏။ လျူယင်လန်းမျာ နောက်သို့ လှည့်မကြည့်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ အသံသာလျှင် လေထဲ၌ ရစ်ဝဲ ကျန်ရစ်နေခဲ့၏။

"အခုကစပြီး မင်းက အဆုံးမဲ့ ခရီးသွား နယ်မြေသား တစ်ယောက်ပဲ... မင်း ကြိုက်တာ လုပ်ပိုင်ခွင့်ရှိတယ်"

လျူစုယင်က ဝေ့ဝူယင်ကို ကြည့်ကာ စကားပြောဖို့ ကြိုးစားလိုက်သော်လည်း သူမ၏ စိတ်အာရုံထဲသို့ လျူယင်လန်း၏ အမိန့်တစ်ခု ရောက်ရှိလာပုံရပြီး ကျောပြင်မှာ ချက်ချင်း မတ်သွားခဲ့သည်။ မိန်းကလေးက ခေါင်းကို ခိုင်မာစွာ ညိတ်လိုက်ပြီးနောက် ဝေ့ဝူယင်ကို နောက်ဆုံးတစ်ကြိမ် ကြည့်ကာ ပျောက်ကွယ်သွားလေတော့သည်။

မိန်းကလေး နှစ်ဦးစလုံးမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ စွမ်းအားဖြင့် အာကာသကို ဖြတ်ကျော်ကာ ထွက်ခွာသွားကြပြီ ဖြစ်လေသည်။

ဝေ့ဝူယင်ကတော့ နှာခေါင်းနှင့် နှုတ်ခမ်းတို့မှ သွေးများကို သုတ်ရင်း သူတို့ထွက်ခွာသွားသည်ကို ထူးဆန်းသော အကြည့်ဖြင့် စောင့်ကြည့်နေခဲ့တော့၏။

...

အင်ပါယာ ကောင်းကင် တရားစီရင်ရေးတောင်ထက်၌... ဝေ့ဝူယင်၏ အေးစက်စက် အကြည့်များကို ကျန်းကျဲဝူရှုနှင့် ဟူမေဖန်းတို့ နှစ်ယောက်မှာ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ပုံရိပ်ယောင် မျက်လုံး ကမ္ဘာ အတွင်းတွင်တော့ လျူယင်လန်းမှာ ဝေ့ဝူယင်ကို လှောင်အိမ်ထဲမှ ငှက်ကလေးတစ်ကောင်ကဲ့သို့ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ဝေ့ဝူယင်ကလည်း သူ့ နည်းလမ်း အတိုင်းပင် ကိုယ့်အကြံအစည်နှင့် ရှေ့ဆက်ခဲ့သည်။

ဝေ့ဝူယင်မှာ ထိုကဲ့သို့ အခိုက်အတန့်မျိုး ကြုံပါက သူ အမှန်တကယ် ပြုလုပ်လိုသည့် အရာများကိုသာ ပြသလိုခြင်း ဖြစ်သည်။ သူ၏ ဒုတိယမြောက် စိတ်အာရုံက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက် ချရင်း သူ့ ကိုယ်ပိုင် မှတ်ဉာဏ်များနှင့် ဗဟုသုတများကို ခတ္တမျှ ပိတ်လှောင်လိုက်ကာ အဂ္ဂိရတ် ဧဒင် စွမ်းအင်ဖြင့် ဖန်တီးထားသည့် ပုံရိပ်ထဲမှ ဝေ့ဝူယင် နေရာတွင် အစားထိုး နေရာယူလိုက်သည်။

ဝေ့ဝူယင်ရော လျူယင်လန်းပါ နှစ်ယောက်စလုံး ထိုပုံရိပ်ယောင် မျက်လုံး ကမ္ဘာထဲတွင် နစ်မျော နေကြသည်။ ၎င်းက အားလုံး မှန်ကန်နေသည်တော့ မဟုတ်ချေ။ လျူစုယင်၊ ကျန်းကျဲဝူရှု အစရှိသဖြင့် အခြားသူများ၏ လှုပ်ရှားမှုများကို ဝေ့ဝူယင်က ခန့်မှန်းကာ ဖန်တီးထားရခြင်းသာ ဖြစ်သည်။

ထို့ကြောင့်ပင် သူ စစ်မှန်သည့် အပြိုင် အချိန်စီးကြောင်း တစ်ခုကို ဖန်တီးနိုင်ခြင်း မရှိသေးဟု ဆိုရပေမည်။ အကယ်၍ တစ်နေ့တွင် လူအများအပြားကို ပုံရိပ်ယောင် မျက်လုံး ကမ္ဘာထဲသို့ ဆွဲသွင်းနိုင်ခဲ့ပါက အတိတ်မှ အဖြစ်အပျက်များကိုပင် သူ စိတ်ကြိုက် ပြောင်းလဲ ဖန်တီးနိုင်ပေလိမ့်မည်။ ထိုအတွေးက ဝေ့ဝူယင်၏ အသိစိတ်ထဲ၌ မျိုးစေ့တစ်ခုအဖြစ် စတင် ပေါက်ဖွားလာခဲ့လေ၏။

နောက်ဆက်တွဲ ဖြစ်ရပ်များကတော့ ဝေ့ဝူယင် တစ်ဝက်ခန့် ခန့်မှန်းထားသည့်အတိုင်းပင်။ ပုံရိပ်ယောင် မျက်လုံး ကမ္ဘာထဲမှ ဝေ့ဝူယင်မှာ အသိစိတ် ပင်လယ်ထဲရှိ ဧဒင်၏ အကူအညီနှင့် အတူ လျူယင်လန်း ထားရစ်ခဲ့သည့် သင်္ကေတကို ရှာဖွေ တွေ့ရှိ သွားခဲ့သည်။ လျူယင်လန်းလို အစွမ်းထက်သူတစ်ဦး၏ အမဲလိုက်ခြင်းကို မခံလိုသည့် အတွက် သူ့နေရာတွင် ရဲ့ကျိလင်ကို အစားထိုးနိုင်ရန် ကူညီပေးဖို့ ဆုံးဖြတ်လိုက်သည်။

လျူယင်လန်း ပေးအပ်ခဲ့သည့် ဝိညာဉ်ကျောက်စိမ်းထဲတွင် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနှင့် ချိတ်ဆက်နိုင်မည့် ကျင့်စဉ်၏ ခက်ခဲမှုများ အပါအဝင် အချက်အလက်များစွာ ပါရှိသည်။

ချောင်စွေ့ဖုန်းနှင့် အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် ဝေ့ဝူယင် လျူယင်လန်းတို့ကို သွားရောက် ရှာဖွေခဲ့တော့သည်။

***

All Chapters