← Chapters

လျူစုယင်

Vol. 132 Ch. 1840

လျူစုယင်

Vol. 132 Ch. 1840

"..."

လျူစုယင်၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်နေပြီး သူမ၏ မျက်ဝန်းများက ဝေ့ဝူယင်ကို စိုက်ကြည့်နေ၏။ သူမ၏ နှုတ်ခမ်းအလွှာက တဆတ်ဆတ် တုန်နေရှာသည်။ သူမက နှာခေါင်းလေးကို ရှုံ့ထားကာ မျက်နှာ တစ်ခုလုံးတွင် ဒေါသအမျက်နှင့် နာကျည်းမှုများ အထင်းသား ပေါ်လွင်နေ၏။

ဝေ့ဝူယင်အနေဖြင့် သူမ၏ ခံစားချက်ကို နားလည်ရန် ဧဒင်၏ စွမ်းအား အသစ်ကို ဖြစ်စေ၊ ထူးခြားသည့် အာရုံခံနိုင်စွမ်းကို ဖြစ်စေ မလိုအပ်ပါချေ။ ထို့ကြောင့်လည်း သူ သူမ၏ ရိုက်ချက်ကို မရှောင်ဘဲ ငြိမ်ခံနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... သူ စကားလုံးများဖြင့် တုံ့ဆိုင်းမသွားခဲ့သလို အဓိပ္ပာယ်မရှိသော ဆင်ခြေများကိုလည်း မပေးခဲ့ပေ။

ဝေ့ဝူယင်မှာ လျူစုယင်၏ ဘဝအတွင်းသို့ အတင်းအကျပ် ဝင်ရောက်လာပြီး သူမ ကျင့်ကြံထားသည့် စိတ်တံခါးများကို ချိုးဖျက်ကာ ရာစုနှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သည့် ခံစားချက်များကို တာကျိုးသလို ပေါက်ကွဲ ထွက်စေခဲ့သည်။ သူမကို ပထမဆုံး အကြိမ်အဖြစ် ငြိမ်းချမ်းမှု၊ သာယာမှုနှင့် စိတ်အားထက်သန်မှုတို့ကို ပေးအပ်ခဲ့သည်။ ထိုသို့သော မိန်းကလေးတစ်ဦး၏ ရင်ထဲမှ ပူဆွေးမှုနှင့် နာကျင်မှုကို မည်သူမျှ အပြည့်အဝ နားလည်နိုင်မည် မဟုတ်ချေ။

ထိုနေ့က သူ ရုတ်တရက် ပျောက်ကွယ်သွားချိန်... အသက်ရှင်မည် သေမည်ကိုပင် မသေချာသော အခြေအနေမျိုး၌ သူမ မည်မျှ ခံစားခဲ့ရသည်ကို မည်သူ သိနိုင်ပါမည်နည်း။

ဝေ့ဝူယင်မှာ မရေရာသော စကားအချို့ကိုသာ ချန်ထားခဲ့ပြီး အချိန်လေပွေထဲသို့ ခုန်ဆင်းသွားခဲ့သည်။ သူမ ထိုလေပွေဝ၌ တစ်နှစ်တိတိ စောင့်ဆိုင်းနေခဲ့သည်။ အဆုံးမဲ့ ခရီးသွား နယ်မြေမှ ထွက်ခွာကာ ရွှေရောင် ဂိတ်တံခါး နန်းတော်သို့ပင် သွားရောက်ကာ အဖြေရှာဖွေခဲ့သည်။ သို့သော်လည်း ဘာမှ မထားခဲ့ချေ။

ထိုတစ်နှစ်ပတ်လုံး မိန်းကလေးမှာ အံ့ဖွယ် နိမိတ်တစ်ခု ပေါ်လာနိုးဖြင့် အချိန်လေပွေကိုသာ စိုက်ကြည့်နေခဲ့သည်။ သူမ၏ ကိုယ်လုံးလေးမှာလည်း ပိန်ချုံးချို့တဲ့လာပြီး စိတ်ဓာတ်မှာလည်း ပြိုလဲလုနီးပါး အထိ ဖြစ်ခဲ့ရသည်။ မကြာမီမှာပင် အာကာသ လေပွေ ပေါ်ပေါက်လာပြီး အခြေအနေများမှာလည်း ဗြောင်းဆန်သွားတော့သည်။

သို့သော် အဆုံးမဲ့ ခရီးသွား နယ်မြေ ဝါးမြိုခံရပြီးနောက် သူမတို့ ရှေးဟောင်း ချိပ်ပိတ်နယ်မြေသို့ ရောက်ရှိလာသည့်အခါတွင်မူ ဝေ့ဝူယင်မှာ သေမသွားသည့်အပြင် ချစ်သူများစွာကို သိမ်းပိုက်ကာ အင်ပါယာ တစ်ခုကို တည်ထောင်၍ စေ့စပ်ထားသူပင် ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူက အနှိုင်းမဲ့ ခွန်အားနှင့် မမှန်းဆနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။

ထိုအချိန်က သူ လုပ်နိုင်ခဲ့ပါလျက်နှင့်...

သူက...

ဘာလို့...

"ရှင်..."

လျူစုယင် သူမ၏ ရင်ထဲမှ မေးခွန်းများနှင့် နာကျည်းမှုများကို ဟစ်အော်ထုတ်ပစ်ချင်သော်လည်း အသံက လည်ချောင်းထဲတွင်ပင် တစ်ဆို့ နေခဲ့သည်။ မျက်ရည်များကသာ ဝေ့ဝဲလာကာ လှပသော မျက်နှာထက်သို့ စီးကျလာတော့သည်။

မိန်းကလေး၏ ရင်ထဲတွင် ဒေါသမီးများ တစ်ဖန် ဟုန်းဟုန်းတောက်လာပြန်၏။ သူမက လက်ကို တစ်ဖန် မြှောက်လိုက်ပြီး ကျင့်ကြံခြင်း စွမ်းအားအားလုံးကို ပုံအောကာ ဒုတိယအကြိမ် ရိုက်ချလိုက်ပြန်သည်။

ထိုအရှိန်က တိမ်တိုက်များကိုပင် လှုပ်ခတ် သွားစေခဲ့ပြီး မြေပြင်ကိုပါ ငလျင် လှုပ်သလို တုန်ခါ သွားစေခဲ့၏။ သူမ အားကုန် သုံး၍ ရိုက်ချလိုက်ခြင်း ဖြစ်သည်။

အကယ်၍ ဤလက်ဝါးချက်သာ သေမျိုးတစ်ဦးပေါ်သို့ ကျရောက်ခဲ့ပါက ထိုသူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွားပေလိမ့်မည်။

"..."

ကျန်းကျဲဝူရှု၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့၏။

ဖြန်း....

ဝေ့ဝူယင်၏ အကြည့်များမှာ လျူစုယင်ထံမှ တစ်ချက်မျှ မခွာပေ။ ပြင်းထန်သည့် စွမ်းအင်လှိုင်းများ ပတ်ဝန်းကျင်၌ ဝေ့ဝဲသွားသော်လည်း ဝေ့ဝူယင်၏ ပါးပြင်ထက်၌မူ နီမြန်းသည့် အမှတ်အသားတစ်ခုပင် ထင်ကျန်မနေခဲ့ချေ။ သူက မိမိကိုယ်ကို ကာကွယ်ရန် မကြိုးစားခဲ့သလို မည်သည့် စွမ်းအားကိုမျှလည်း ထုတ်မသုံးခဲ့ဘဲ ရိုက်ချက်ကို အပြည့်အဝ လက်ခံခဲ့သည်။ သို့သော်လည်း... အနည်းငယ်မျှ ထိခိုက်ခြင်း မရှိပေ။

လျူစုယင်၏ ဒူးများမှာ ပျော့ခွေလာပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း အားအင်များ ကုန်ခမ်းသွားသလို ခံစားလိုက်ရ၏။ သူမကို ဆက်လက် ရပ်တည်နိုင်အောင် ထိန်းထားပေးသည့် တစ်ခုတည်းသော အရာမှာ သူမ၏ ရင်ထဲမှ ထုတ်မပြောရသေးသည့် ခံစားချက်များပင် ဖြစ်တော့သည်။

ဝေ့ဝူယင်က ရှေ့သို့ နှစ်လှမ်း တိုးလာ၏။ သူ၏ လှုပ်ရှားမှုကြောင့် သူမသည် သွားများကို ကြိတ်ကာ အံကြိတ်၍ အော်ဟစ်လိုက်မိသည်။

"ဘာလို့... ကျွန်မကို ထားခဲ့တာလဲ..."

မိန်းကလေး၏ စကားလုံးများမှာ ရိုးရှင်းလှသော်လည်း အခြေအနေကို မသိသောသူများကမူ လျူစုယင် အလွန်အမင်း တောင်းဆိုနေသည်ဟု ထင်မြင်နိုင်ပေသည်။ တကယ်တမ်း သူတို့ နှစ်ယောက် အပြန်အလှန် ဆက်ဆံခဲ့သည့် နေ့ရက်များမှာ သိပ်မကြာမြင့်ခဲ့သော်လည်း... မိန်းကလေး၏ အမြင်တွင်မူ တစ်သက်တာ အနက်ရှိုင်းဆုံး ခံစားချက်ပင် ဖြစ်သည်။ ဝေ့ဝူယင်က သူမ၏ ခံစားချက်များကို အပြည့်အဝ ထုတ်ဖော်ခွင့်ပေးကာ အနာဂတ်အတွက် မျှော်လင့်ချက်များ ပေးအပ်ခဲ့ပြီးနောက် မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ အချိန်လေပွေထဲ၌ သေခြင်းတရားကို ရွေးချယ်သွားခဲ့သည်ဟု သူမ ထင်မှတ်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း... အမှန်တကယ်တမ်းတွင်တော့ သူ မသေခဲ့ချေ။ သူက သူမကို ဆယ်စုနှစ်ပေါင်းများစွာ တိုင်အောင် ကြေကွဲဝမ်းနည်းစွာ တစ်ဦးတည်း ထားရစ်ခဲ့ပြီး... သူကိုယ်တိုင်ကတော့ အခြားသော မိန်းမများစွာနှင့် အင်ပါယာတစ်ခုကို ပျော်ရွှင်စွာ တည်ထောင်နေခဲ့သည်။

အကယ်၍ သူက သေချင်ယောင်ဆောင်ပြီး အာကာသ ဝေဟင်ဂိုဏ်းကနေ ထွက်ပြေးချင်သည် ဆိုလျှင် သူမကိုတော့‌ ခေါ်သွားခဲ့သင့်သည်။

မည်သို့ပင် ဆိုစေ... အဆုံးမဲ့ ခရီးသွား နယ်မြေ၌ သူမ အတွက် အနာဂတ် ဆိုသည်မှာ မရှိတော့ချေ။ သူမမှာ အာကာသ ဝေဟင်ဂိုဏ်းချုပ် တစ်ယောက် ဖြစ်လာရန် မျှော်လင့်ချက်များ ဆုံးရှုံးခဲ့ရပြီး ဖြစ်သလို ကျင့်ကြံခြင်းကလွဲ၍ အခြား မည်သည့် ပန်းတိုင်မျှလည်း မရှိခဲ့ပေ။ သူမ၌ စစ်မှန်သည့် အိမ်ဆိုသည်မှာလည်း မရှိခဲ့ချေ။

မိန်းကလေးမှာ ငယ်ရွယ်စဉ် အချိန်တည်း၌ လျူယင်လန်း၏ ခေါ်ဆောင်ခြင်း ခံခဲ့ရကာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေနှင့် အဆုံးမဲ့ ခရီးသွား နယ်မြေတို့ကြား အေးစက်စက် ဆက်သွယ်ရေး အရာရှိ တစ်ဦး အဖြစ်သာ ရပ်တည် ခဲ့ရသည်။

ဝေ့ဝူယင်နှင့် တွေ့ရှိပြီးနောက်တွင်မှ သူမ စစ်မှန်သည့် ခံစားချက်များ၊ မျှော်လင့်ချက်များကို ခံစားခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း... ထိုအရာအားလုံးကို တစ်ရက်အတွင်းမှာပင် သူမ ရရှိခဲ့ပြီး... နောက်တစ်ရက်မှာပင် အားလုံး ပြန်လည် ရိုက်သိမ်းခြင်း ခံခဲ့ရသည်။

ထိုကဲ့သို့ ခံစားချက်မျိုးကို မည်သူက နားလည်နိုင်ပါမည်နည်း။

ဝေ့ဝူယင် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း မည်သည့် စကားတစ်ခွန်းမျှ မဆိုဘဲ သူမကို သူ့ ရင်ခွင်အတွင်းသို့ ဆွဲသွင်းကာ ပွေ့ဖက်လိုက်လေတော့၏။

နာကျင်စွာ ညည်းညူ ငိုရှိုက်သံလေး တစ်ချက် ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် ပူဆွေးမှု၊ ဝမ်းသာမှုနှင့် ဒေါသတို့ ရောယှက်နေ၏။ သူမ ရုန်းထွက်ရန် ကြိုးစားသော်လည်း ဝေ့ဝူယင်၏ ခွန်အားမှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှသည်။ နောက်ဆုံးတွင်တော့ မိန်းကလေးမှာ ဝေ့ဝူယင်၏ နွေးထွေးသော ရင်ခွင်အတွင်း၌ ငြိမ်သက်သွားခဲ့တော့၏။

"..."

ဘေးမှ ကြည့်နေသည့် အမျိုးသမီး သုံးဦးစလုံးမှာ လျူစုယင်၏ အားအနည်းဆုံးသော ပုံစံဖြင့် ပြိုလဲသွားမှု၊ သူမ၏ စစ်မှန်သော ခံစားချက်များနှင့် အတွေးများကို အထင်းသား မြင်တွေ့နေကြရသည်။

ဝေ့ဝူယင်သည် မိမိ၏ အမှားကို ဝန်ခံတတ်သူ ဖြစ်သည်။ အဆုံးမဲ့ ခရီးသွား နယ်မြေ တစ်ခုလုံး ပိတ်လှောင် ခံရကာ သူ့ထံမှ သတင်းစကားများ သူမထံ မရောက်ရှိနိုင်တော့ကြောင်း ကြိုတင် မသိနိုင်ခဲ့သော်လည်း သူ အလောသုံးဆယ်နှင့် တစ်ကိုယ်ကောင်းဆန်စွာ ထွက်ခွာခဲ့ခြင်းကတော့ အမှန်ပင် ဖြစ်သည်။ သူက လျူစုယင်ကို လက်လွတ်စပါယ် ထားရစ်ခဲ့သည့် အပြင် နောက်ဆက်တွဲ သတင်းကိုလည်း မစုံစမ်းခဲ့ပေ။

တကယ်တမ်းအားဖြင့် သူ့ထံတွင် အဆုံးမဲ့ ခရီးသွား နယ်မြေ အတွင်း ထိုးဖောက် ဝင်ရောက်နိုင်သည့် စွမ်းအား ရှိသလို သူမကို ခေါ်ထုတ်သွားနိုင်သည့် နည်းလမ်းများလည်း ရှိခဲ့သည်။ သို့သော်လည်း သူ မလုပ်ခဲ့...။

သူ အမှားကို ဝန်ခံပေသည်။ မည်သည့် ရှင်းပြချက်၊ မည်သည့် ဆင်ခြေမျှ ပေးရန် မလိုတော့ပေ။ ထိုလက်ဝါးနှစ်ချက်မှာ သူနှင့် ထိုက်တန်လှပေသည်။

"ငါ တောင်းပန်ပါတယ်..."

တစ်ခါတစ်ရံတွင် ရိုးရှင်းသည့် တောင်းပန်စကားတစ်ခွန်းမှာ အနက်ရှိုင်းဆုံးသော အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်၏။ လျူစုယင်၏ ငိုရှိုက်သံများ ပိုမိုကျယ်လောင်လာပြီး သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် စွမ်းအားလှိုင်းများမှာလည်း ချက်ချင်းပင် ငြိမ်သက်သွားခဲ့လေသည်။ သူမ ဝေ့ဝူယင်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ကာ ဂြိုဟ်တစ်ခုလုံးကိုပင် ချေဖျက်နိုင်လောက်သည့် အားမာန်ဖြင့် သူ့ ဝတ်ရုံကို တင်းတင်းဆုပ်ကိုင်ထားမိ၏။ သူမ၏ မျက်ရည်များကတော့ သူ့ ရင်ဘတ်ထက်တွင် စီးကျနေဆဲ...။

စီးကျနေဆဲ... စီးကျနေဆဲ...။

နောက်ဆုံးတွင်တော့ မိန်းကလေး၏ စိတ်ဝိညာဉ်နှင့် အသိစိတ် အာရုံတို့မှာ အစွန်းကုန် ပင်ပန်းနွမ်းနယ်သွားခဲ့ပြီး ဝေ့ဝူယင် တဖြည်းဖြည်းချင်း ထုတ်လွှတ်လာခဲ့သည့် ဧဒင် စွမ်းအင်၏ သက်ရောက်မှု အောက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားရှာတော့သည်။

ဝေ့ဝူယင် လျူစုယင်ကို အသာအယာ ပွေ့ပိုက်ထားလိုက်သည်။ သူ သက်ပြင်းမချသလို၊ အောင်နိုင်သူ၏ အပြုံးမျိုးလည်း မပြုံးခဲ့ပေ။

“ဟမ့်...”

ဘုရင်၏ အသံက သူ၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာ၏။

"အေးပါ... ငါ သိပါတယ်..."

ဝေ့ဝူယင်က ခပ်တိုးတိုး ပြောလိုက်သည်။ သူ၏ မျက်ဝန်းများက လျူယင်လန်းဘက်သို့ ရွေ့လျားသွားကာ ကောင်းကင် တရားစီရင်ရေး တောင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုတောင်ခြေတွင် အမျိုးသမီးတစ်ဦး ပေါ်လာခဲ့ပြီ ဖြစ်၏။

လျူယင်လန်းမှာ ဝေ့ဝူယင်နှင့် လျူစုယင်တို့အပေါ်၌သာ အာရုံရောက်နေခဲ့ပြီး ချစ်သူ နှစ်ဦး၏ ပြန်ဆုံဆည်းမှုကို ကြည့်ကာ စိတ်လှုပ်ရှားနေသဖြင့်... ထိုအော်ရာကို သတိမပြုမိခဲ့ချေ။ ဝေ့ဝူယင် လှမ်းကြည့်လိုက်သည်ကို သတိပြုမိလိုက်သော အခါတွင်မှ အံ့အားသင့်သွားခဲ့ပြီး အလိုအလျောက်ပင် နောက်သို့ လှည့်ကြည့်မိလေသည်။

"..."

ချက်ချင်းပင် သူမ၏ မျက်ဝန်းများမှာ ပြူးကျယ် သွားခဲ့၏။ တစ်ခဏမျှ ဆွံ့အ သွားခဲ့ပြီး နောက်တွင်တော့ သူမမှာ မျက်ရည်များနှင့် အော်ဟစ်လိုက်လေတော့သည်။

"မ... မ...လျူရှို့ယန်...”

***

All Chapters