← Chapters

လျှို့ဝှက်ချက်များ

Vol. 132 Ch. 1842

လျှို့ဝှက်ချက်များ

Vol. 132 Ch. 1842

အခြားတစ်ဖက်၌... ကျန်းကျဲဝူရှုကတော့ ထျန်းရှောင်ချွမ်းကို စိတ်ဝင်တစား ကြည့်နေ၏။

"အဲဒါကြောင့်ကိုး... အံ့ဩစရာ မရှိတော့ဘူး"

သူမ၏ လေသံက လှောင်ပြောင် သရော်မှုများ ပါဝင်နေသည်။ အခြား တစ်ဖက်တွင်မူ ဟူမေဖန်းမှာ ရှုပ်ထွေးလှသော ဆက်ဆံရေးများနှင့် သမိုင်းကြောင်းများကို မသိရှိရှာပေ။ ထျန်းရှောင်ချွမ်း၏ မျက်နှာအလှမှာ သူမထက် သာလွန်နေသည်ဟု ခံစားရသော်လည်း... ခန္ဓာကိုယ် အချိုးအစားပိုင်းတွင်မူ သူမကို မယှဉ်နိုင်ဟု တွေးတောရင်း မိမိကိုယ်ကိုယ် အားပေးနေမိသည်။

ထျန်းရှောင်ချွမ်းကတော့ ရှိနေသည့် လောကရှန့်ထိုများကို ဂရုမစိုက်ဘဲ ဝေ့ဝူယင်၏ အနားတွင်သာ ကပ်၍ နေနေ၏။ သူမ၏ ဝိညာဉ်အာရုံကတော့ လျူရှို့လန်နှင့် လျူယင်လန်းတို့ထံသို့သာ ရောက်ရှိနေပြီး ရုတ်တရက် တိုက်ခိုက်လာမည့် ဘေးကို ကာကွယ်ရန် အသင့်ပြင်ထားသကဲ့သို့ ရှိသည်။

ဝေ့ဝူယင်က သူ့ လက်မောင်းပေါ်တွင် အိပ်မောကျနေသည့် လျူစုယင်ကို အသာအယာ ပြန်လည် ပြင်ဆင် ပွေ့ချီလိုက်သည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အိပ်ပျော်နေသူ တစ်ယောက်ကို ပွေ့ချီရခြင်းမှာ ဤသည်နှင့်ဆိုလျှင် ဒုတိယအကြိမ် ရှိပြီဖြစ်ရာ အိပ်မောကျနေသည့် မိန်းမလှလေးများအား ပွေ့ချီရာတွင် သူက အတော်ပင် ကျွမ်းကျင်လာပြီ ဖြစ်သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ပြီးဆုံးကတည်းက သူ့ဘဝမှာ မိန်းမများ ကြားတွင်ပင် အချိန်ကုန် နေခဲ့ရသည်။ ယခုလည်း လောကရှန့်ထို သုံးဦးနှင့် မြေကြီးရှန့်ထို အဆင့် နှစ်ဦး... စုစုပေါင်း ငါးဦးသော လှပျိုဖြူများ ဝန်းရံခြင်းကို ခံနေရသည်။ သူတို့ တစ်ဦးချင်းစီတိုင်းမှာ လရောင်ကိုပင် မှိန်စေနိုင်လောက်သည့် အလှတရားများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်၏။

ထိုကဲ့သို့ အခြေအနေမျိုး၌... ယောကျ်ားသားအများစု တွေးတောမိသကဲ့သို့ပင် ဝေ့ဝူယင်၏ စိတ်ထဲတွင်လည်း... အလွန် ထူးချွန်ထက်မြက်ပြီး အင်အားကြီးမားလှသည့် ဤမိန်းကလေး ငါးဦးလုံးကို ခုတင်တစ်လုံးတည်းပေါ်တွင် အတူရှိနေစေကာ၊ တစ်ဦးနှင့်တစ်ဦး အနီးကပ် ပြုစုယုယရင်း ယင်နှင့် ယန် သဟဇာတဖြစ်နေသည့် ပုံရိပ်များ ပေါ်ပေါက်လာတော့သည်။

ထိုအတွေးမှာ တောမီးကဲ့သို့ပင်...။ တစ်ကြိမ်တစ်ခါ ပေါ်ပေါက်လာပြီးနောက် အလွယ်တကူ ငြှိမ်းသတ်၍ မရတော့သလို မည်သည့်အရာများ ဆက်ဖြစ်မည်ကိုလည်း ခန့်မှန်း၍ မရနိုင်တော့ချေ။

"လောကရှန့်ထို အာရုဏ်ဦး..."

ရုတ်တရက် ထိတ်လန့်တကြား ခေါ်လိုက်သည့် အသံတစ်ခုက ဝေ့ဝူယင်ကို အတွေးထဲမှ နိုးကြားလာစေ၏။ ထိုအခါ... သူ့မျက်စိရှေ့တွင် ထျန်းရှောင်ချွမ်း၏ အပြစ်အနာအဆာ မရှိ လှပသည့် မျက်နှာလေး ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ အမူအရာက အတော်လေး ရုန်းကန်နေရပုံ ပေါ်ကာ နဖူးမှ ချွေးစက်များ စီးကျနေ၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ဧကရီဟောင်းမှာ တစ်စုံတစ်ခုသော ဖိအားအောက်တွင် ရောက်နေသကဲ့သို့ ရှိနေသည်။

ဝေ့ဝူယင် အသက်ကို ခပ်ဖြည်းဖြည်း ရှူလိုက်၏။ ဝိညာဉ်အင်အား တစ်ခုက ချက်ချင်းပင် ထျန်းရှောင်ချွမ်းကို လွှမ်းခြုံသွားကာ သူမ၏ ဝိညာဉ်ပင်လယ်ကို ဖျက်ဆီးရန် ကြိုးပမ်းနေသည့် လျူယင်လန်းအား တားဆီးလိုက်သည်။ တစ်ဆက်တည်းပင် နောက်ဆက်တွဲ တိုက်ခိုက်မှုများမှလည်း ကာကွယ်ပေးလိုက်သည်။ ဝေ့ဝူယင် မျက်မှောင်ကြုတ်၍ လျူယင်လန်းကို လှည့်ကြည့်လိုက်၏။

"ရပ်စမ်း..."

သူက အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။ စကားလုံး တစ်လုံးတည်းသာ ဖြစ်သော်လည်း လျူယင်လန်း၏ စိတ်ထဲ၌ သူမသာ နာခံခြင်းမရှိပါက လောကကြီးတစ်ခုလုံးက သူမကို ကြိတ်ခြေပစ်တော့မည့်အတိုင်း ခံစားလိုက်ရသည်။ တဖြည်းဖြည်းနှင့် လျူယင်လန်းမှာ အသက်ရှူပင် ကြပ်လာခဲ့၏။

သူမ၏ ဘေးတွင် ရှိနေသည့် လျူရှို့လန်ပင်လျှင် မည်သည့်အရာကိုမျှ မခံစားမိသော်လည်း ကျန်းကျဲဝူရှု၏ မျက်ဝန်းများကတော့ လက်ခနဲ ဖြစ်သွားခဲ့သည်။

"အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာ...”

အခြားတစ်ဖက်၌ လျူယင်လန်းမှာ‌ လက်ဖဝါးနှင့် ကျောပြင်တွင် ချွေးများ စိုရွှဲလာကာ တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်ရသည်။

လျူရှို့လန် ညီမလေး ဖြစ်သူကို ဝိညာဉ်အင်အားများ ပေးပို့ကာ ပြန်လည် သက်သာလာစေရန် ကူညီပေးလိုက်၏။ သူတို့ ညီအစ်မနှစ်ဦးမှာ အပေးအယူ အလွန်မျှကြသည်။

နှစ်ပေါင်း နှစ်သောင်းကြာမှ ပြန်လည် ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သော်လည်း အမှောင်ကြယ်တာရာခေတ် အတွင်း အတူတကွ တိုက်ပွဲဝင်ကာ ရှင်သန်ခဲ့ကြသူများ ဖြစ်လေရာ အင်အားမျှဝေသည့် နည်းလမ်းများကို ဟန်ချက်ညီညီ အသုံးပြုနိုင်ကြဆဲ ဖြစ်သည်။

ထျန်းရှောင်ချွမ်းမှာ အသက်ရှူမှန်သွားပြီးနောက် ဝေ့ဝူယင်ထံသို့ ခြေတစ်လှမ်း ထပ်တိုးလိုက်၏။ ယခုအခါ ဝေ့ဝူယင်မှာ သူမ၏ ကိုယ်သင်းနံ့ကိုပင် ရနေပြီ ဖြစ်သည်။ သူ မျက်မှောင်ကြုတ်လိုက်မိသည်။

‘အိုး...’

ရုတ်ချည်းပင် သူ၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းသွား၏။

"ရန်ငြိုးတွေကို နောက်မှပဲ ရှင်းကြတာပေါ့"

ကျန်းကျဲဝူရှုက ကြားဝင် စေ့စပ်ပေးလိုက်သည်။ ဝေ့ဝူယင်က လျူယင်လန်းအား သတ်ပစ်လိုက်မည်ကို သူမ မလိုလားပေ။ ထို့အပြင်... ယောက်ျားများမှာ မိန်းမလှလေးများကို အလွန် ကာကွယ်ပေးလိုကြသည်။ လျူယင်လန်း အနေဖြင့် ထျန်းရှောင်ချွမ်း၏ အလှကို ယှဉ်နိုင်မည် မဟုတ်သလို နုပျိုမှုကိုလည်း ယှဉ်နိုင်မည် မဟုတ်ချေ။

ကျန်းကျဲဝူရှု လှည့်ကြည့်လိုက်ရာ ဝေ့ဝူယင်မှာ သူ၏ ညာဘက် လက်မောင်းကို မျက်မှောင်ကြုတ်လျှက် အသေအချာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းကျဲဝူရှု ဇဝေဇဝါ ဖြစ်သွား၏။ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သလော။

"ထျန်းရှောင်လော့ ဘယ်မှာလဲဆိုတာ ကျွန်မတို့ကို ပြောပြပေးနိုင်မလား..."

လျူရှို့လန်က ခပ်တိုးတိုး မေးလိုက်သည်။ သူမ၏ အသံက နူးညံ့သိမ်မွေ့နေပြီး မျက်ဝန်းအစုံကလည်း ကြင်နာမှုတို့ဖြင့် ပြည့်နှက်နေလေသည်။

"အော်... ဟုတ်သားပဲ"

ဝေ့ဝူယင်က ညာဘက်လက်မောင်းထံမှ အကြည့်ကို လွှဲလိုက်ပြီးနောက် စိတ်မပါ လက်မပါဖြင့် ပြန်ဖြေလိုက်သည်။

"အခုလောလောဆယ်တော့ ထျန်းရှောင်လော့က အဝေးတစ်နေရာမှာ ရှိတဲ့ စစ်မြေပြင် လို့ ခေါ်တဲ့ အပျက်အစီး နယ်မြေတစ်ခုထဲကို ရောက်နေတယ်”

ဝေ့ဝူယင်အနေဖြင့် သူတို့ ရှိသည့် နေရာကို ရှာဖွေနိုင်ခဲ့ခြင်းမှာ သူကိုယ်တိုင်က စစ်မြေပြင်၏ တည်နေရာကို ကောင်းစွာသိရှိသည့် အစစ်အမှန် ဟင်းလင်းပြင်နဂါး တစ်ကောင် ဖြစ်နေသောကြောင့် တစ်ပိုင်းပါသလို ချင်ကူးယဉ်ထံတွင် သူ့ အာကာသလက်စွပ် ရှိနေသောကြောင့်လည်း တစ်ပိုင်း ပါသည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲအပြီး အားလုံး ရှေးဟောင်း ချိပ်ပိတ်နယ်မြေသို့ ပြန်လာချိန်တွင် ထိုအဖွဲ့မှာ အဝေးသို့ ရောက်သွားလိမ့်မည်ဟု ဝေ့ဝူယင် ပင်လျှင် လုံးဝ ထင်မှတ် မထားခဲ့ချေ။ အာဏာရှင်အဖွဲ့၏ မျက်လုံး ဖြစ်သည့် ဝမ်မင်ယာပင်လျှင် ထျန်းရီဝူ၊ စန်းယွန်းလီတို့နှင့် အတူ လိုက်ပါသွားခဲ့သည်။

"စစ်မြေပြင် ဟုတ်လား"

ကျန်းကျဲဝူရှု၊ ဟူမေဖန်း၊ လျူယင်လန်းနှင့် လျူရှို့လန်တို့မှာ ထိတ်လန့်တကြား တုံ့ပြန်လိုက်ကြသော်လည်း ထျန်းရှောင်ချွမ်းမှာမူ စစ်မြေပြင် ဆိုသည့် အပျက်အစီး နယ်မြေကို မကြားဖူးသဖြင့် နားမလည်နိုင်သော မျက်ဝန်းများဖြင့် ငေးကြည့်နေမိသည်။

"ဘယ်လိုဖြစ်ပြီးတော့လဲ"

လျူရှို့လန်၏ အမူအရာက အလွန်အမင်း စိုးရိမ်တကြီး ဖြစ်သွားကာ တုန်တုန်ရင်ရင်ဖြင့် ဝေ့ဝူယင်၏ အနားသို့ တိုးသွားသော်လည်း ခြေလှမ်းအနည်းငယ်တွင်ပင် လျူယင်လန်းက သူမကို ပြန်လည် ဆွဲထားလိုက်သည်။

"အဲဒါကတော့ သူရဲ့ သွေးမျိုးဆက်နဲ့ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံရဲ့ အာကာသ ဂုဏ်သတ္တိတွေ အပြန်အလှန် သက်ရောက်မှုရှိရာကနေ တိုက်တိုက်ဆိုင်ဆိုင် သက်တံ တံတား လို့ခေါ်တဲ့ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း ပွင့်သွားပြီး စစ်မြေပြင်ဆီကို ရောက်သွားတာ ဖြစ်နိုင်တယ်"

ဝေ့ဝူယင်၏ စကားလုံးများကို နားထောင်ပြီးနောက်... လျူရှို့လန်မှာ အံ့အားသင့်သွားခဲ့ကာ လျူယင်လန်း၏ မျက်လုံးများမှာလည်း ပြူးကျယ်သွားခဲ့၏။ သို့သော်လည်း... လျူရှို့လန်မှာ အဖြစ်အပျက်ကြောင့် အံ့ဩရခြင်း ဖြစ်ပြီး လျူယင်လန်းကတော့ သွေးမျိုးဆက် ဆိုသည့် စကားလုံးကြောင့် တုန်လှုပ်သွားခြင်း ဖြစ်၏။

"အဲဒါက ဖြစ်နိုင်လို့လား"

ကျန်းကျဲဝူရှုမှာမူ ဝေခွဲမရ ဖြစ်နေ၏။ သူမမှာ 'အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ’ ၏ ဂုဏ်သတ္တိများကို နားလည်ထားသူ ဖြစ်သော်လည်း ဝေ့ဝူယင်၏ ပြောကြားချက်က အလွန်ပင် ယုတ္တိမရှိသကဲ့သို့ ခံစားရသည်။

“...”

ဝေ့ဝူယင်က ပုခုံးတွန့်ပြလိုက်သည်။ ထျန်းရီဝူမှာ စစ်မြေပြင်သို့ ဦးတည်သည့် သက်တံ တံတားကို ရည်ရွယ်ချက်ရှိရှိ ဖွင့်လှစ်ခဲ့သည်မှာ သေချာသလောက် ရှိသော်လည်း ထိုတံတားမှာ ပြုပြင်မွမ်းမံထားပုံရသဖြင့် စစ်မြေပြင်ရှိ တိုက်တန်တို့၏ နယ်မြေဘက်သို့ ရောက်မသွားနိုင်ကြောင်း ဝေ့ဝူယင် သိနေသည်။

စန်းယွန်းလီကို ခေါ်သွားသကဲ့သို့ ထျန်းရီဝူက ထျန်းရှောင်လော့ကိုလည်း ခေါ်သွားခဲ့သလား ဆိုသည်ကိုတော့... ဝေ့ဝူယင်လည်း မသေချာချေ။ ထျန်းရီဝူနှင့် ထျန်းရှောင်လော့တို့မှာ ပြိုင်ပွဲကာလအတွင်း တစ်ကြိမ်မျှ စကားပြောဆိုခြင်း မရှိခဲ့သလို ပတ်သက်မှုရှိပုံလည်း မပြခဲ့ကြပေ။

"သူ ဘာမှမဖြစ်ပါဘူး... အဂ္ဂိရတ် ပညာရှင်တစ်ယောက် အနေနဲ့ တိုက်ပွဲဝင်မယ့်သူတွေအတွက် ဆေးဖော်စပ်ပေးတဲ့ တာဝန်ကိုပဲ ယူရမှာပါ... အဆိုးဆုံးကို တွေးရရင် သူ့ရဲ့ အလှအပကြောင့် မလိုလားအပ်တဲ့ အာရုံစူးစိုက်မှုမျိုး ရနိုင်ပေမဲ့ သူက အဲဒီလောက်အထိ အသုံးမကျတဲ့သူ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်"

ဝေ့ဝူယင်၏ တည်ငြိမ်လှသော လေသံကြောင့် ထျန်းရှောင်ချွမ်းမှာ စိတ်အေးသွားခဲ့၏။ ဝေ့ဝူယင်က သူမအပေါ် လိမ်လည်လှည့်ဖြားရန် အကြောင်းမရှိဟု သူမ ဗီဇစိတ်က အလိုလို ယုံကြည်နေမိသည်။

ထျန်းရှောင်လော့မှာ ကောင်းချီးခံ တစ်ဦး ဖြစ်ကြောင်းနှင့် စစ်မြေပြင် ဆိုသည်မှာ ကောင်းချီးခံများ အတွက် အခွင့်အရေးများ ပေါများလှသော နေရာဖြစ်ကြောင်း ဝေ့ဝူယင် သိထားသည်။ ကောင်းကင်တာအို၏ အကူအညီဖြင့် ထိုအခွင့်အရေးများကိုသာ သူမ ဆုပ်ကိုင်နိုင်ပါက အံ့အားသင့်ဖွယ်ရာ အကျိုးကျေးဇူးများကို ရရှိပေလိမ့်မည်။

"အဲဒီ ရွံစရာကောင်းတဲ့ မိန်းမရဲ့ သွေးသားက ဘယ်လိုလုပ်ပြီး ဖြစ်ပြီး အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနဲ့ သွေးမျိုးဆက် ချိတ်ဆက်မှု ရှိနေရတာလဲ"

လျူယင်လန်းက အေးစက်စက် မေးလိုက်၏။ သူမမှာ မိမိ၏ လက်ရှိ အခြေအနေကိုပင် မေ့လျော့နေကာ ထိုအချက်ကိုသာ အသည်းအသန် သိချင်နေပုံရသည်။

ထျန်းရှောင်လော့မှာ ထျန်းရှောင်ချွမ်း၏ သမီးဖြစ်ကြောင်း ထင်ရှားသလို မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို၏ တပည့် ဖြစ်သည်မှာလည်း ထင်ရှားသည်။ အခြားလူများ အတွက် မသိသော်လည်း ၎င်းတို့က လျူယင်လန်းအတွက်တော့ မမှားနိုင်သည့် အချက်များပင်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်သားများကတော့ သိပ်မခွဲတတ်ခဲ့ကြချေ။ ထျန်းရှောင်လော့ကို ထျန်းတိုက်ကျုံး၏ သမီးဟု သိကြသော်လည်း... သူမ၏ သဘာဝအတိုင်း အပြာရင့်ရောင် ဆံကေသာမှာ ထျန်းရှောင်ချွမ်းနှင့် ကွာခြားလှသည်။ ရုပ်ချင်းဆင်သော်လည်း မိခင်နှင့် သမီးဖြစ်ကြောင်း ခိုင်လုံသော အထောက်အထား မရှိခဲ့ချေ။

သို့သော်လည်း... လျူယင်လန်းမှာမူ ဤသစ္စာဖောက် မိန်းမပျို ကိုယ်ဝန်ဆောင်စဉ်မှ မွေးဖွားသည်အထိ လျှို့ဝှက်စောင့်ကြည့်ခဲ့သူ ဖြစ်ရာ ထျန်းရှောင်လော့မှာ ထျန်းရှောင်ချွမ်း၏ သမီးဖြစ်ကြောင်း သူမ အသေအချာ ယုံကြည်ထားသည်။

တစ်ဖက်တွင်မူ ထျန်းတိုက်ကျုံးကလည်း ထျန်းရှောင်လော့၏ ဖခင်ရင်း ဖြစ်ကြောင်းမှလွဲ၍ အခြား မည်သည့် သတင်းအချက်အလက်ကိုမျှ ထုတ်ပြန်ခဲ့ခြင်း မရှိချေ။

ထျန်းရှောင်ချွမ်းမှာမူ ဝမ်းဗိုက်ကို ထိကိုင်ရင်း စိတ်မကောင်းဖြစ်နေသည့် မျက်ဝန်းများဖြင့် အားငယ်စွာ ငြိမ်သက်နေတော့၏။

ဟူး... ဟူး...

ဝေ့ဝူယင်က ကောင်းကင်ပေါ်သို့ ဖြည်းညင်းစွာ ပျံတက်လိုက်သည်။

"ထျန်းတိုက်ကျုံးက ထျန်းရှောင်ချွမ်းရဲ့ ယင် ခန္ဓာကိုယ် တည်ဆောက်ပုံကို အသုံးချပြီး အငှား ကိုယ်ဝန်ဆောင် မိခင် အနေနဲ့ အသုံးချခဲ့တာ... သူဟာ ပြင်ပက ယန်အားနဲ့ သန္ဓေတည်နိုင်စွမ်း မရှိပေမဲ့ အငှား ကိုယ်ဝန်ဆောင် မိခင်ကောင်း တစ်ယောက်တော့ ဖြစ်နိုင်တယ်... အမှန်တော့ ထျန်းရှောင်လော့ရဲ့ မိခင်ရင်းဟာ..."

ဝေ့ဝူယင်က လျူရှို့လန်ကို ကြည့်လိုက်၏။

"...သူပဲ"

***

All Chapters