အမှတ်အသား ချမှတ်ခြင်း (၂)
Vol. 132 Ch. 1844
ဘုန်း...
တစ်ချိန်က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေဟု ခေါ်တွင်ခဲ့သည့် နယ်မြေ အတွင်း အဆုံးမဲ့လှသော အာကာသ လှိုင်းများ ထွက်ပေါ်လာကာ လူတိုင်း၏ အာရုံ စူးစိုက်မှုများကို ဆွဲယူ သွားခဲ့သည်။ မျက်မမြင်များနှင့် ကလေးငယ်များ ဖြစ်စေကာမူ... သူတို့ အားလုံးမှာ အသံများ တိတ်ဆိတ်လျှက် ဦးတည်ချက် တစ်ခုကို လှည့်ကြည့်လိုက်ကြ၏။
ကျန်းကျဲဝူရှု၊ ဟူမေဖန်း၊ လျူယင်လန်း၊ လျူရှို့လန်၊ စုနန်ကျူး၊ ဝူယုနှင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းရှိ ထိပ်သီး ကျင့်ကြံသူ အားလုံး အသက်ရှူရပ်မတတ် ရင်ခုန်သံများဖြင့် စောင့်ကြည့်နေကြစဉ်တွင် ငွေရောင် အကြေးခွံများ ရှိသည့် သတ္တဝါကြီးတစ်ကောင်မှာ အာကာသ အလွှာကို ဆွဲဖဲ့၍ အမှောင် ဟင်းလင်းပြင်အတွင်း ကူးခတ်နေသည့် ငါးတစ်ကောင်အလား အင်ပါယာကောင်းကင် နံဘေးတွင် ပေါ်ထွက်လာခဲ့တော့သည်။
၎င်းမှာ ဟင်းလင်းပြင် နဂါးကြီး တစ်ဖြစ်လည်း အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ အစောင့်အရှောက် သားရဲပင် ဖြစ်လေတော့သည်။
၎င်း၏ နဂါး မျက်ဝန်းကြီးများက အင်ပါယာကောင်းကင်ကို စူးရဲစွာ စိုက်ကြည့်နေ၏။ ထိုသတ္တဝါကြီးမှာ ယခင်ကလို အလိုအလျောက် တုန့်ပြန်နေသည့် ပုံစံမျိုး မဟုတ်ပဲ အပြည့်အဝ နိုးထနေခြင်း ဖြစ်ပေသည်။
ဟင်းလင်းပြင်နဂါးကြီးကို ကြည့်ရင်း လျူယင်လန်း၏ နှလုံးသားမှာ ပေါက်ကွဲထွက်လုမတတ် တုန်ခါ လာခဲ့တော့သည်။
ကောင်းကင်ယံတွင်တော့ ဝေ့ဝူယင်မှာ လျူစုယင်ကို ပွေ့ချီထားလျက် နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပသော မျက်ဝန်းများဖြင့် အတူ ရပ်နေခဲ့၏။
သူ၏ နောက်ကျောတွင်မူ ဟင်းလင်းပြင်နဂါးကြီးမှာ ဝိညာဉ်ကိုပင် ဖမ်းစားနိုင်လောက်သည့် ပုံရိပ်တစ်ခုအဖြစ် ကူးခတ်နေ၏။ ၎င်း၏ ထက်မြက်သော မျက်ဝန်းများမှာ ဝေ့ဝူယင်ကို ရှာဖွေ တွေ့ရှိ သွားပြီးနောက် မိမိ၏ သခင်ကို အရိုအသေပေးသည့်အလား ဦးခေါင်းကို နှိမ့်ချလိုက်တော့သည်။
“... ငါ့အပိုင်ပဲ"
ဝေ့ဝူယင်၏ နောက်ဆက်တွဲ ကြေညာချက်မှာ ပြတ်သားလွန်းလှ၏။ သူ့ ငွေရောင်မျက်ဝန်းများမှာ တဖြည်းဖြည်း မှိန်သွားကာ ဟင်းလင်းပြင်နဂါးကြီးမှာလည်း အမြီးကို အသာအယာ ခါယမ်းကာ ဟင်းလင်းပြင်အတွင်းသို့ တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားတော့သည်။
"..."
ထိုအခါမှသာ လူတိုင်းမျာ အသက်ဝဝ ရှူနိုင်တော့၏။ အာရုဏ်ဦး ကြယ်ကွင်းပြင် အတွင်းရှိ လျှို့ဝှက်အာဏာရှင်များ၏ ကျောပြင်တွင် ချွေးများ စိုရွှဲနေ၏။ ထိုအထဲ၌ ဝူယုသည်လည်း အပါအဝင်ပင် ဖြစ်သည်။
အပြည့်အဝ နိုးကြားနေသည့် ဟင်းလင်းပြင်နဂါးကြီး၏ အော်ရာမှာ လျှို့ဝှက် အာဏာရှင်အဆင့် အထွတ်အထိပ် တည်ရှိမှုတစ်ခု၏ စွမ်းအားကို ဆောင်ကြဉ်းပေးနေသဖြင့် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
လျူစုယင်ကတော့ ဝေ့ဝူယင်၏ ရင်ခွင်ထဲ၌ နှစ်ခြိုက်စွာ အိပ်စက်နေဆဲ ဖြစ်သည်။ သူမက ရင်းနှီးပြီး စိတ်ကြည်နူးဖွယ် ကောင်းသည့် အနံ့တစ်ခုကို ရှူရှိုက်နေမိသည့်အလား နှာခေါင်းလေး ရှုံ့လိုက်ရင်း အိပ်မက်ကောင်းများပင် မက်နေသလို နူးညံ့သော အပြုံးလေးတစ်ခု ပင်လျှင် သူမ၏ နှုတ်ခမ်းထက်တွင် ပေါ်လာခဲ့သည်။
မိန်းကလေးကို ငုံ့ကြည့်ရင်း ဝေ့ဝူယင်၏ အကြည့်များက ကြင်နာမှု၊ နွေးထွေးမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ ထိုနေ့က... သူမ သူ့ အပေါ်တွင် လဲလျောင်းနေစဉ်ကလည်း ဤကဲ့သို့ အပြုံးမျိုး ရှိခဲ့ဖူးသည်။ မိန်းကလေးမှာ နောက်ဆုံးတွင် အေးချမ်းမှုကို ရရှိသွားပုံရပေသည်။
"ဒီကောင်မလေး..."
ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်၏။ သူ့ အမူအရာက စိတ်ထဲ၌ လေးလံနေသည့် ခံစားချက်အားလုံးကို မှုတ်ထုတ်ပစ်လိုက်သကဲ့သို့ပင်။ ထို့နောက်... သူ ညာဘက်လက်မောင်းကို တစ်ချက်မျှ ကြည့်လိုက်၏။
ဟူး... ဟူး...
ဝေ့ဝူယင် ဖြည်းညင်းစွာပင် အင်ပါယာကောင်းကင်၏ မျက်နှာပြင်သို့ ပြန်လည် ဆင်းသက် လာခဲ့၏။ ဟူမေဖန်း၊ ထျန်းရှောင်ချွမ်း၊ ကျန်းကျဲဝူရှု၊ လျူယင်လန်းနှင့် လျူရှို့လန်တို့မှာလည်း ဘာမှ မစဉ်းစားဘဲ သူ့ နောက်သို့ လိုက်ပါလာကြကာ ပတ်လည်မှ ဝန်းရံလျက်သား ဖြစ်နေကြသည်။
"ဘယ်လိုလဲ..."
ကျန်းကျဲဝူရှုက မေးလိုက်၏။ မေးခွန်းတိုလေး တစ်ခုသာ ဖြစ်သော်လည်း မေးခွန်းပေါင်းများစွာ ပါဝင်နေသည်။ ဝေ့ဝူယင်မှာ ဟင်းလင်းပြင်နဂါး၏ ဝိညာဉ်နှင့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကိုပါ ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း၊ လျူယင်လန်း၏ သွေးမျိုးဆက် ချိတ်ဆက်မှုလည်း ဖြတ်တောက်ခံလိုက်ရပြီ ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိသွားပြီ ဖြစ်သည်။
ဤအခြင်းအရာကြောင့် ထျန်းတိုက်ကျုံးနှင့် လျူရှို့လန်တို့ နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် တည်ဆောက်ခဲ့သည့် ယုတ်မာလှသော အစီအစဉ်မှာလည်း ဖုန်မှုန့်အဖြစ် ကြေမွသွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် လျူယင်လန်းကို အတုယူရန် ဖန်တီးထားသော ထျန်းရှောင်လော့ ဆိုသည့် သွေးမျိုးဆက် ပုံတူမှာလည်း အသုံးမဝင်တော့ချေ။ သူမကို စတေးပြီး အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံအတွင်းမှ လျှို့ဝှက် ထွက်ပေါက်တစ်ခု ဖန်တီးရန်မှာ မဖြစ်နိုင်တော့ပေ။
ယခုအခါ နောက်ဖေးပေါက် ဆိုသည်မှာ မရှိတော့ချေ။
“ဘယ်လိုလဲ...” ဟု မေးလိုက်သော်လည်း... ကျန်းကျဲဝူရှုမှာ အဘယ်ကြောင့် ယခုလို ဖြစ်ရသည်ကို နားလည်ပေသည်။
ထိုစဉ်က အာဏာရှင် အင်ပါယာများမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို အတူတကွ ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ရတနာ၏ ပိုင်ဆိုင်ခွင့်ကို သတ်မှတ်ရန် အလွန် ခဲယဉ်းလှ၏။ အထူးသဖြင့် ၎င်းမှာ အာကာသ၊ အချိန်၊ ဟင်းလင်းပြင်တို့နှင့် ဆက်စပ်နေသည့် အစွမ်းထက် ကောင်းကင်ရတနာ ဖြစ်လေရာ ပို၍ပင် ခက်ခဲလှသည်။
ထို့ကြောင့်ပင်... သူတို့မှာ 'စီမံခန့်ခွဲသူများ' အဖြစ်သာ နေထိုင်ခဲ့ကြပြီး၊ လျူယင်လန်းနှင့် စုနန်ကျူးတို့ကဲ့သို့သော 'ထိန်းသိမ်းသူများ' ကို ခန့်အပ်ကာ ကြေးမုံအား ကာကွယ်ခြင်းနှင့် ပြုပြင်ခြင်းတို့ကို လုပ်ဆောင်စေခဲ့ခြင်း ဖြစ်သည်။
ဥပမာအားဖြင့်ဆိုရသော်... လျူယင်လန်းမှာ ပြင်ပလောကနှင့် အဆုံးမဲ့ ခရီးသွား နယ်မြေကြားသို့ လူများကို စိတ်ကြိုက် ကူးသန်းပို့ဆောင်ပေးနိုင်စွမ်း မရှိချေ။ ၎င်းမှာ ခရီးသွားမြို့တော်၏ အရှင်သခင် သာလျှင် လုပ်ဆောင်နိုင်သည့် အရာမျိုး ဖြစ်သည်။
ထိုသူမှာ ရှုယုပင် ဖြစ်၏။
ဆိုလိုသည်က အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံတွင် စစ်မှန်သည့် ပိုင်ရှင်ဟူ၍ မရှိခဲ့ပေ။ ထို့ပြင် အာဏာရှင် အင်ပါယာများထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ အခြားသူထက် ပိုမိုသည့် လုပ်ပိုင်ခွင့် အာဏာမရှိကြချေ။ အပြန်အလှန် ခွင့်ပြုချက်မရှိဘဲ မည်သည့်အရာကိုမျှ လုပ်ဆောင်၍ မရကြချေ။
ဤကဲ့သို့ ကန့်သတ်ချက်များကသာ သူတို့၏ ကစားပွဲကို မည်သူကမျှ လွှမ်းမိုးဖျက်ဆီးလို့ မရအောင် သန့်စင်စွာ ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း... ဤအချက်မှာပင် သိသာထင်ရှားလှသော အားနည်းချက်တစ်ခု ဖြစ်နေပြန်သည်။ သူတို့က အာဏာစက်ကို သတ်မှတ်ရန်အတွက် သက်သေတစ်ခု လိုအပ်သဖြင့် သွေးမျိုးဆက်ကိုသာ ဆုံးဖြတ်ချက်ချသည့် အချက်အချာအဖြစ် အသုံးပြုခဲ့ကြသည်။ ယခုတွင်တော့ ဝေ့ဝူယင်မှာ ပိုင်ရှင်မဲ့ဖြစ်နေသည့် ဤဘုံပိုင်ရတနာကြီးကို ပိုင်ရှင်တစ်ဦးတည်း၊ အုပ်ချုပ်သူ တစ်ဦးတည်းသာရှိသည့် ရတနာအဖြစ် ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။ မိမိကိုယ်ကိုယ် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ တစ်ဦးတည်းသော စီမံခန့်ခွဲသူအဖြစ် အခြေချလိုက်ခြင်းပင် ဖြစ်သည်။
အာဏာရှင် အင်ပါယာများမှာ စွမ်းအား ပိုင်ဆိုင်ထားသူတစ်ဦးအား ဤအဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို ကြီးကြပ်ခွင့်ပေးရန် မည်မျှ အန္တရာယ် ကြီးမားကြောင်း ကောင်းစွာ သိရှိကြထားသည်။ အကြောင်းကား... ဤရတနာမှာ သူတို့အားလုံး၏ အင်အားများကို စုစည်း၍ ဖန်တီးထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် သူတို့က အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံအား ထိန်းသိမ်း စောင့်ရှောက်ရမည့် မြို့တော်သခင်များ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို လောကရှန့်ထိုအဆင့်အထိသာ ကန့်သတ်ထားခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေ... လောကရှန့်ထို အဆင့်မှာ ဥပဒေသ ဉာဏ်အလင်းများ မပါဝင်မီ တစ်ဆင့်အလို ကျင့်ကြံခြင်း အဆင့်ပင် မဟုတ်ပါလော။
ယခု... ဝေ့ဝူယင်က သွေးမျိုးဆက် ချိတ်ဆက်မှုများအား ဖြတ်တောက်လိုက်သည်ကို အာဏာရှင် အင်ပါယာများ သိရှိပါမည်လော။
သိမည်မှာ သေချာပါသည်။ သို့သော်လည်း... သူတို့သည် ဝင်ရောက် စွက်ဖက်ချင်မှ စွက်ဖက်ပေလိမ့်မည်။ အကြောင်းကား... ထိုသို့ စွက်ဖက်ခြင်းမှာ သူတို့ ကစားနေသည့် မည်သည့် ဂိမ်းကိုမဆို အရှုံးပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့်တာည်း။
တစ်ချိန်တည်း၌... ဝေ့ဝူယင်မှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ အပေါ် မိမိ၏ ထိန်းချုပ်နိုင်စွမ်းကို ခံစားနေရ၏။ ဤရတနာအား လက်ဝယ် ရရှိထားခြင်းဖြင့် သူ အချိန်နှင့် အာကာသ ဥပဒေသများကို ပိုမို ထိရောက်စွာ အသုံးချနိုင်တော့မည် ဖြစ်သည်။
ထို့အပြင်... သူ အလိုရှိပါက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနှင့် ၎င်းအတွင်းရှိ အရာအားလုံး အဆုံးမဲ့ခရီး လောကနယ်မြေ၊ ရှေးဟောင်း ချိပ်ပိတ် နယ်မြေ၊ ဟင်းလင်းပြင် အသိုက်များနှင့် ကြယ်တာရာ အသိုက်များ အားလုံးကို ဟင်းလင်းပြင်အတွင်းသို့ ဖျောက်ထားနိုင်ပေသည်။
အာကာသနှင့် အချိန် ဥပဒေသများ အပေါ် သာမည အာဏာကို ပိုင်ဆိုင်ထားသည့် အစစ်အမှန် ဟင်းလင်းပြင်နဂါး တစ်ကောင် အနေဖြင့် ဝေ့ဝူယင်မှာ ဤရတနာ၏ စွမ်းအားကို အာဏာရှင် အင်ပါယာများ စတင် ဖန်တီးခဲ့စဉ်ကထက်ပင် ပိုမို ထိရောက်စွာ အသုံးချနိုင်မည်ဟု ဆိုလျှင်လည်း မမှားနိုင်ချေ။
ဝေ့ဝူယင်က ကျန်းကျဲဝူရှု၏ မေးခွန်းကို ပြန်မဖြေဘဲ လျူယင်လန်းကိုသာ တစ်ချက် ကြည့်လိုက်၏။
"ခင်ဗျားရဲ့ လျှို့ဝှက်ကျိန်စာတွေ အားလုံး ပျက်ပြယ်သွားပြီ... အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို ထိန်းချုပ်ခွင့် မရှိတော့တဲ့အတွက် ခင်ဗျားမှာ ဘာ အနှောင်အဖွဲ့မှ မရှိတော့ဘူး... တကယ်တော့ ဒီအချိန်မှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံဟာ အရင်နဲ့ မတူတော့တဲ့ လုံးဝ ခြားနားတဲ့ ရတနာသစ်တစ်ခု ဖြစ်သွားပြီလို့တောင် ပြောလို့ရတယ်"
“...”
လျူယင်လန်း၏ မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူမ မူလ ဝိညာဉ်ကို အလျှင်အမြန် စစ်ဆေးကြည့်လိုက်ရာ ကျန်ရှိနေသည့် လျှို့ဝှက်ကျိန်စာ အချို့မှာ အလိုအလျောက် ပျော်ဝင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ဤနေရာတွင် ‘ကျန်ရှိနေသည့် လျှို့ဝှက်ကျိန်စာ အချို့’ ဟု သုံးနှုန်းရသည့် အကြောင်းရင်း ရှိပေသည်။ သူမကို နွားတစ်ကောင်လို နဖာကြိုး ထိုးထားသည့် ကျိန်စာ ဖြစ်သည့် အဆုံးမဲ့ ခရီးသွား နယ်မြေကို စောင့်ရှောက်ရန်နှင့် ရှေးဟောင်း ချိပ်ပိတ် နယ်မြေ အတွင်းသို့ တိုက်ရိုက်ဝင်ရောက်ခြင်း သို့မဟုတ် စွက်ဖက်ခြင်း မပြုရန် တားဆီးထားသည့် လျှို့ဝှက် ကျိန်စာများမှာ အဆုံးမဲ့ ခရီးသွား နယ်မြေ အာကာသလေပွေအတွင်း ဝါးမြိုခံလိုက်သည့် အချိန်ကတည်းက စလို့ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေ... မတည်ရှိတော့သည့် အရာတစ်ခုကို မည်ကဲ့သို့ ဆက်လက် စောင့်ကြပ်နိုင်ပါမည်နည်း။ မည်သည့် လျှို့ဝှက် ကျိန်စာက ဤအခြေအနေကို ဆက်လက် ချည်နှောင်ထားနိုင်ပါမည်နည်း။ ထိုအချိန်ကတည်းက စလို့ သူမ ချိပ်ပိတ် နယ်မြေထဲကို စိတ်ကြိုက် ဝင်ထွက် နိုင်ခဲ့သည်။
ထိုနည်းတူစွာပင် ယခုအခါအတွင်တော့... အာဏာရှင် အင်ပါယာများက တစ်စုံတစ်ရာကို ထပ်မံ အဆုံးအဖြတ် မပေးမီအထိ သို့မဟုတ် မျိုးဆက်သစ် အာကာသ ဝေဟင် ဂိုဏ်းချုပ်လောင်းတစ်ဦး ပေါ်မလာမချင်း 'ထိန်းသိမ်းသူ' အဖြစ် တာဝန်ယူရမည်ဟူသော ကျိန်စာများမှာလည်း ပျက်ပြယ်သွားခဲ့ပြီ ဖြစ်သည်။
မမြင်နိုင်သည့် လျှို့ဝှက် ကျိန်စာများ၏ ဒိုင်လူကြီးက ထိုတာဝန်များကို ဆက်လက် ထမ်းဆောင်ရန် မလိုအပ်တော့ကြောင်း ဆုံးဖြတ်လိုက်သလိုပင်။
ဝေ့ဝူယင်က ထျန်းရှောင်ချွမ်းဘက်သို့ လှည့်လိုက်၏။
"ထျန်းရှောင်လော့က သူရဲ့ ဘဝကို သူ့ ကိုယ်ပိုင်အဖြစ် ရှင်သန်နိုင်ပါပြီ... တခြားသူတွေရဲ့ ရည်ရွယ်ချက်အတွက် အသုံးချခံ နယ်ရုပ် တစ်ခု မဟုတ်တော့ဘူး"
"..."
ထျန်းရှောင်ချွမ်းမှာ ဝေ့ဝူယင် ဘာလုပ်လိုက်သည်ကို အပြည့်အဝ နားမလည်နိုင်သော်လည်း သူ့ စကားလုံးများက သူမ၏ နှလုံးသားကို လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်သွားစေခဲ့သည်။ ဝမ်းဗိုက်ကို အမှတ်မထင် ထိတွေ့ရင်း ပူနွေးသော မျက်ရည်စက်များမှာ သူမ၏ မျက်ဝန်းများမှ ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့တော့သည်။ သူမက ရှိုက်သံကို ထိန်းရင်း ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်မိလေ၏။
ဝေ့ဝူယင် သက်ပြင်းချလိုက်မိသည်။ သူ ဤအရာများကို ထျန်းရှောင်လော့ သို့မဟုတ် ထျန်းရှောင်ချွမ်းအတွက် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ အတွက် အကျိုးအမြတ် ရှိသွားတာကတော့ ဝမ်းသာစရာပင်။
အမှန်အတိုင်း ပြောရလျှင်... ဝေ့ဝူယင်၏ မူလ အစီအစဉ်မှာ အာဏာရှင် အင်ပါယာများ ကဲ့သို့ ရန်သူများကို ရင်ဆိုင်ရန်အတွက် ထိုအရာကို ဝှက်ဖဲ တစ်ချပ် အနေဖြင့် သိမ်းဆည်းထားချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယခုမူ အခြေအနေ အရပ်ရပ်ကြောင့် စောစီးစွာ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ရသည်။
မည်သို့ပင် ဆိုစေ... အာဏာရှင် အင်ပါယာများ သတိပြုမိသွားကြပြီ ဖြစ်လေရာ ယခင်က မဖြစ်နိုင်ခဲ့သည့် အကျိုးဆက်အချို့ ပေါ်ပေါက်လာတော့မည်ကို သူ ကြိုတင် သိမြင်နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ဖြည်းညင်းစွာပင် အရပ် မျက်နှာတစ်ခုကို လှမ်းကြည့်လိုက်လေ၏။
***