← Chapters

ရင်းနှီးနေသော ခံစားချက်

Vol. 132 Ch. 1845

ရင်းနှီးနေသော ခံစားချက်

Vol. 132 Ch. 1845

ကောင်းချီးခံ ယီအင်ပါယာမှ အဘိုးအိုမှာ သူ ရရှိထားသည့် နက်ခရို ရည်ရွယ်ချက်ကို အာရုံပြုရင်း တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။ အစစ်အမှန် မွေးဖွားခြင်း ထံမှ ထိုအရာကို ရရှိပြီးကတည်းက သူ မည်သည့်အရာကိုမျှ အာရုံမစိုက်တော့ချေ။ ဟင်းလင်းပြင်နဂါး ပေါ်လာသည်ကိုပင် ဂရုမပြုခဲ့ချေ။ သို့သော်လည်း... ယခုတွင်တော့ ရုတ်တရက်ဆိုသလို သူ့ မျက်လုံးများမှာ ပွင့်လာခဲ့၏။

သခင်လေးရှန့်ကတော့ ဘေးနားရှိ ကြိမ်ကုလားထိုင်ပေါ်တွင် ဝိုင်သောက်ရင်း အတော်လေး ရေချိန်ကိုက် နေခဲ့ကာ သူ့ ကမ္ဘာမှ တေးသံတစ်ခုကို ညည်းဆိုနေခဲ့သည်။

သို့သော်လည်း... အဘိုးအို မျက်လုံးများ ပွင့်လာခဲ့သည့် ခဏတွင်ပင် သူ၏ မူးယစ်နေသည့် အရိပ်အယောင်များမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားကာ အချိန်နှင့် အာကာသကို ဖောက်ထွင်းနိုင်သည့် အကြည့်များဖြင့် အထက်ကောင်းကင်သို့ စိုက်ကြည့်လိုက်လေသည်။

အဘိုးအိုက သခင်လေးရှန့်ကို တစ်ချက် လှည့်ကြည့်လိုက်၏။

"ကျွန်တော် ဒီကိစ္စကို ရှင်းလိုက်ရမလား"

"တကယ့်ကို အာဏာပြချင်တဲ့ ကောင်လေးပဲ"

သခင်လေးရှန့်က အေးအေးလူလူ မှတ်ချက်ပေးလိုက်သည်။

"ထားလိုက်ပါတော့... သူတို့ဆီ သွားပြီး သူတို့ရဲ့ ရတနာ အနှောင့်အယှက် ခံရတာ ငါတို့နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောလိုက်... ပြီးတော့ ငါတို့ရဲ့ တာဝန်ကို လာပြီး မနှောင့်ယှက်ဖို့လည်း ပြောခဲ့ဦး... ပြောရရင် ငါတို့ရဲ့ အင်ပါယာ တစ်ခုလုံးက ဒီအပေါ်မှာ မူတည်နေတာ"

ထို့နောက်တွင်တော့ သူ၏ မျက်ဝန်းများတွင် မူးယစ်ရိပ်များ ပြန်လည် ဖုံးလွှမ်းသွားကာ ဝိုင်ကို အေးအေးဆေးဆေး တစ်ငုံ သောက်လိုက်ရင်း ကဗျာတစ်ပုဒ်ကို ပြန်လည် ရွတ်ဆိုနေတော့သည်။

"ကောင်းပြီလေ..."

အဘိုးအိုက ဖြည်းညင်းစွာ ထရပ်လိုက်ရင်း ဝေ့ဝူယင် ရှိရာသို့ ပြုံးလျက် လှမ်းကြည့်လိုက်၏။ ဤလူငယ်လေးမှာ သူ ပိုင်ဆိုင်ထားသည့် ဥပ‌ဒေသ အပေါ် သာမည အာဏာများအား မည်သို့ အသုံးချရမည်ကို ကောင်းစွာ သိပေသည်။ သခင်မလေး ပြောပြခဲ့သည့် သူ၏ ရဲတင်းမှုနှင့် မဆင်မခြင် လုပ်တတ်မှုများမှာ အမှန်ပင် ဖြစ်ပုံရသည်။

ဝှစ်...

အဘိုးအို၏ ခန္ဓာကိုယ်မှာ မူလနေရာတွင်ပင် ပျောက်ကွယ်သွားတော့၏။ ရှေးဟောင်း ချိပ်ပိတ် နယ်မြေ အတွင်းမှ ထွက်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ ဝိညာဉ် ချိပ်တံဆိပ်များက ပွင့်ထွက်သွား၏။ ချက်ချင်းပင်... ဝိညာဉ်အာရုံ အမြောက်အများက သူ့ အပေါ်သို့ ကျရောက်လာကာ အလွန် ရက်စက်ကြမ်းကြုတ်လှသည့် အရှိန်အဟုန်တစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့၏။

ဝေါ... ဝရော...

အဇူရာ မူလ ဂလက်စီ နယ်မြေ တစ်ခုလုံး တော်လဲ သကဲ့သို့ တုန်ရီ သွားခဲ့တော့သည်။

...

ရှေးဟောင်း ချိပ်ပိတ် နယ်မြေ၏ ပြင်ပလောကတွင် ဖြစ်ပေါ်နေသည့် လှုပ်ခတ်မှုများမှာ အတွင်းဘက်ရှိ ကမ္ဘာငယ်လေး အပေါ် သက်ရောက်မှု မရှိလေရာ မည်သူမျှ သတိမထားမိကြချေ။

သို့သော်လည်း... ပြင်းထန်လှသေည့် အော်ရာများနှင့် ဝိညာဉ်အင်အားတို့၏ ပြင်းထန်လှသော ရိုက်ခတ်မှုများမှာ ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများ အတွင်း ရောင်စုံလှိုင်းတံပိုးများအဖြစ် ထင်ဟပ်နေ၏။ ထိုလှိုင်းများက သူ့ ငွေရောင်မျက်ဝန်းများကို ထူးခြားဆန်းပြားစွာ တောက်ပစေကာ မြင်ရသူအဖို့ ရင်သပ်ရှုမောဖွယ် အလှတရားတစ်ခုအဖြစ် ဖန်တီးပေးနေ၏။

အနားရှိ အမျိုးသမီးတစ်စုမှာမူ ကိုယ်စီအတွေးများဖြင့် နစ်မျောနေကြသည်။ အထူးသဖြင့် ဟူမေဖန်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေကာ သူမ၏ ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်လေးမှာလည်း တုန်ရီ နေရှာသည်။ ဟင်းလင်းပြင် နဂါးကြီးက သခင်အသစ်အပေါ် ကျိုးနွံစွာ ဦးညွှတ်နေပုံနှင့် ဝေ့ဝူယင်၏ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားသော ပုံရိပ်မှာ သူမ၏ အသိစိတ်ကို လွှမ်းမိုးထားသည်။

ဝေ့ဝူယင် လုပ်ဆောင်လိုက်သည့် အရာ၏ အတိမ်အနက်ကို သူမ အပြည့်အဝ မမှန်းဆနိုင်သော်လည်း ယင်းမှာ အထွတ်အထိပ် အောင်မြင်မှုဖြစ်ရုံမျှမက လျှို့ဝှက်အာဏာရှင်များ၏ ပကတိ ဥပဒေသများကိုပါ ပြောင်ပြောင်တင်းတင်း ဖီဆန်လိုက်ခြင်းဖြစ်ကြောင်း သူမ ခံစားမိနေသည်။

"သူက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို အာဏာရှင် အင်ပါယာတွေဆီကနေ လုယူလိုက်တာပဲ..."

ဤအခြင်းအရာကို အခြားနည်းဖြင့် ကြည့်ရန် မရှိချေ။ ဝေ့ဝူယင်မှာ ကျော်ကြားလှသည့် ကောင်းကင်ရတနာ ဖြစ်သည့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို အတင်းအဓမ္မ သိမ်းပိုက်ကာ အကြွင်းမဲ့ ထိန်းချုပ်ခွင့်ကို ရယူလိုက်ခြင်း ဖြစ်သည်။

ဟူမေဖန်းမှာ ကျန်းကျဲဝူရှုကဲ့သို့ ဝင်္ကပါနှင့် အစီအရင် ပညာရပ်များတွင် ထိပ်တန်း အဆင့်ထိ ရောက်အောင် ကျွမ်းကျင်သူ တစ်ယောက် မဟုတ်သော်လည်း ငွေလ စာကြည့်တိုက်မှူး တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။ သူမ၏ ဉာဏ်ပညာ၊ ဗဟုသုတနှင့် အတွေ့အကြုံတို့မှာ သာမန် ကောင်းကင်ရှန့်ထို အဆင့်များထက်ပင် ကျော်လွန်နေသည်။

သူမ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိ၏။ ထျန်းရှောင်ချွမ်း၏ ငိုရှိုက်သံများနှင့် လျူယင်လန်း၏ မယုံကြည်နိုင်သည့် ရေရွတ်သံများကို ဂရုမထားနိုင်ဘဲ လောကရှန့်ထို တစ်ဦး၏ ဂုဏ်သိက္ခာနှင့် မလျော်ညီအောင်ပင် သူမ၏ နှုတ်ခမ်းလေးများမှာ တုန်ယင်နေတော့သည်။

ကျန်းကျဲဝူရှု၏ အတွေးများမှာမူ ထိုအုပ်စုထဲ၌ အမြန်ဆုံးနှင့် အရှင်းလင်းဆုံး ဖြစ်သည်။ သူမက ချက်ချင်းပင် အသင့်အနေအထား ပြင်လိုက်ပြီး သူမ၏ လျှို့ဝှက်အော်ရာကို အသာအယာ ထုတ်ဖော်ကာ ကောင်းကင်ယံကို စိုက်ကြည့်နေခဲ့သည်။ သူမက တစ်စုံတစ်ခုကို မျှော်လင့်နေခြင်း ဖြစ်သည်။ ၎င်းကား... မည်သူမဆို ခန့်မှန်းနိုင်သည့် အရာပင်။

ကျန်းကျဲဝူရှုမှာ ပြင်းထန်သည့် တုံ့ပြန်မှုများကို မျှော်လင့်နေခြင်း ဖြစ်၏။ ဟူမေဖန်း၏ အတွေးများမှာ လုံးဝ မမှားချေ။ ဝေ့ဝူယင်၏ ရဲတင်းလှသော လုပ်ရပ်မှာ အာဏာရှင် အင်ပါယာများ၏ ကောင်းကင်ရတနာကို ဓားပြတိုက်လိုက်ခြင်းနှင့် မခြားပေ။ ထိုအဆင့်ရှိသည့် ပုဂ္ဂိုလ်များမှာ မိမိတို့ အပိုင် ပစ္စည်း လုယူခံရသည်ကို ကြည့်နေမည် မဟုတ်ဘဲ ပြန်လည် သိမ်းပိုက်ရန် ချက်ချင်း လှုပ်ရှားလိမ့်မည်ဟု သူမ တွေးထားသည်။

ကျန်းကျဲဝူရှုမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ဖောက်ထွင်းခံရမည့် အချိန်ကို စောင့်ရင်း ကျန်းကျဲကလန်သို့ သတင်းပို့ရန် ဝိညာဉ် ဆက်သွယ်ရေး အဆောင်ကို အသင့်ကိုင်ထားသော်လည်း စက္ကန့်အတော်ကြာသည်အထိ အရာအားလုံးက တိတ်ဆိတ်နေဆဲ ဖြစ်သည်။

သူမ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်မိရာ လျူစုယင်ကို ပွေ့ချီထားသည့် ဝေ့ဝူယင်၏ မျက်နှာတွင် လှောင်ပြုံးသဲ့သဲ့ ပေါ်နေသည်ကို တွေ့လိုက်ရသည်။

စက္ကန့်အနည်းငယ် ကုန်ဆုံးသွားပြီ ဖြစ်သည်။ အာဏာရှင် အင်ပါယာများ၏ စွမ်းအားအရဆိုလျှင် ၎င်းက အရေးယူရန် လုံလောက်သော အချိန်ဖြစ်သည်။

ထိုအဆင့်ရှိ ပုဂ္ဂိုလ်များအတွက် လူသားတို့၏ တစ်စက္ကန့်မှာ ကြယ်ကွင်းပြင်များကို ဖျက်ဆီးရန် သို့မဟုတ် ကိစ္စရပ်များစွာကို လုပ်ဆောင်ရန် လုံလောက်လှသည်။

"ကြည့်ရတာ ကျွန်မ အစိုးရိမ်လွန်သွားပုံရတယ်..."

ကျန်းကျဲဝူရှုက အရှက်ပြေ ပြုံးရင်း ပြောလိုက်၏။

ဝေ့ဝူယင်က သူမကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။

"အချို့ အခြေအနေတွေမှာ အစိုးရိမ်လွန်တာက ဘာမှ မတွေးတာထက် ပိုကောင်းပါတယ်... ဒါပေမဲ့ အခုလို ကိစ္စမျိုးမှာတော့ တစ်ယောက်တည်း အများကြီး မတွေးတာ ပိုကောင်းမယ်... ခင်ဗျားဘက်က ဆန္ဒရှိမယ် ဆိုရင် ကျွန်တော်နဲ့ အေးဆေးကျမှ ဆွေးနွေးတာပေါ့"

ဝေ့ဝူယင်၏ စကားကြောင့် ကျန်းကျဲဝူရှုမှာ ‘ပညာရှိ ဆွေးနွေးပဲ ဖိတ်ခေါ်မှု’ ကို ပြန်လည် သတိရသွားသည်။ သူမက သူ့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်၏။

"ရှင်က သေမျိုးတစ်ယောက်ပဲလေ... ဒါကြောင့် နည်းနည်းတော့ ခက်ခဲလိမ့်မယ် မဟုတ်လား"

ဝေ့ဝူယင်၏ မျက်ဝန်းများက မျှော်လင့်ချက်အပြည့်ဖြင့် တောက်ပသွားသည်။ ယခင်ကဆိုလျှင် ကျန်းကျဲဝူရှု၏ စကားမှာ မလိုအပ်သော စကားဖြစ်သော်လည်း ယခု အခြေအနေတွင်မူ ယင်းမှာ 'တာအို ဆွေးနွေးပွဲ' တစ်ခုသို့ ဦးတည်နေခြင်းပင်။

ဝုမ်း...

ရုတ်တရက်... ဝေ့ဝူယင်၏ လက်မောင်းမှာ စူးခနဲ နာကျင်သွားကာ လည်ပင်းအနောက်ဘက်တွင်လည်း အပ်ဖြင့် အထိုးခံရသလို ခံစားလိုက်ရ၏။

အခြားတစ်ဖက်၌.. ထျန်းရှောင်ချွမ်းမှာ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကြုံတွေ့ခဲ့ရသမျှကြောင့် သူမထံတွင် တိုက်ခိုက်လိုစိတ် မရှိတော့ချေ။ ထျန်းတိုက်ကျုံးမှာ သေဆုံးသွားခဲ့တာ ဖြစ်နိုင်သလို သေခြင်းထက် ဆိုးသည့် အခြေအနေ တစ်ခုသို့ ရောက်သွားတာလည်း ဖြစ်နိုင်ပေသည်။

တစ်ဖက်တွင်မူ ဝေ့ဝူယင်မှာ ဤလောက၏ အရှင်သခင်အဖြစ် မိမိကိုယ်ကိုယ် အတည်ပြုလိုက်ရုံသာမက လူတိုင်း သိအောင်ပါ ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။ ဟင်းလင်းပြင်နဂါးကိုပါ ထိန်းချုပ်လိုက်ခြင်းက ရှေးဟောင်း ချိပ်ပိတ်နယ်မြေ အပေါ် အကြွင်းမဲ့ အာဏာစက်ကို ပြသလိုက်ခြင်းပင်။

ထျန်းကလန်၏ အင်ပါယာ အဆင့်အတန်းမှာ ပျောက်ကွယ်သွားပြီဖြစ်ရာ ပြန်လည်ရရှိရန် မျှော်လင့်ချက် မရှိတော့ချေ။

အကယ်၍ ထျန်းလင်းယုသာ မရှိပါက ဝေ့ဝူယင်မှာ သူ၏ 'အာရုဏ်ဦး ဖီဆန် ခေတ်' ကို တည်ထောင်ရန်အတွက် ထျန်းကလန်ကို အမြစ်ပြတ် သုတ်သင်ခဲ့ပေလိမ့်မည်။

သို့သော်လည်း... သူမ ဝမ်းဖြင့်လွယ်၍ သမီးရင်းကဲ့သို့ ပြုစုပျိုးထောင်ခဲ့ရသည့် ထျန်းရှောင်လော့လေးမှာ အသုံးချခံ ယဇ်ကောင်အဖြစ်မှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်လေရာ သူမ များစွာ စိတ်သက်သာရာ ရမိပေသည်။

သူမတွင် အိမ်မရှိတော့ချေ။ ထျန်းရှောင်လော့အတွက် စိုးရိမ်စရာလည်း မရှိတော့ချေ။ ဤလောကမှာ ယခင်က သူမအတွက် လှောင်အိမ်ဖြစ်ခဲ့သော်လည်း ယခုမူ သူမကို မလိုလားသူများထံမှ ကာကွယ်ပေးထားသည့် လုံခြုံသော နေရာ တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားသောအခါ သူမ လမ်းပျောက်သလို ခံစားလိုက်ရ၏

‘အခု ငါ ဘာဆက်လုပ်ရမှာလဲ...’

သူမ၏ လှပသော အကြည့်များမှာ ဝေ့ဝူယင်ထံတွင် ခေတ္တမျှ ရပ်တန့်နေမိ၏။

ဝုမ်း...

ဝေ့ဝူယင်၏ လက်မောင်းနှင့် လည်ပင်းတို့မှာ အရိုးထဲသို့ သံမှိုတစ်ချောင်း ရိုက်သွင်းလိုက်သကဲ့သို့ ခံစားလိုက်ရပြန်၏။

***

All Chapters