ပြန်ပေါ်လာသော...
Vol. 132 Ch. 1846
လျူယင်လန်းမှာမူ သူမ၏ ကျိန်စာများ ပျက်ပြယ်သွားပြီဖြစ်ကြောင်း ထပ်ခါတလဲလဲ အတည်ပြုနေမိသည်။ သူမ အနှောင်အဖွဲ့ ကင်းသွားပြီ ဖြစ်သည်။ သူမ... လွတ်လပ်သွားလေပြီ။
သို့သော်လည်း... ထျန်းရှောင်ချွမ်းကဲ့သို့ပင် သူမသည်လည်း လမ်းပျောက်နေ၏။ ထျန်းတိုက်ကျုံး သေပြီ။ အဆုံးမဲ့ ခရီးသွား နယ်မြေမှာလည်း ပျောက်ကွယ်သွားပြီ။ သူမ၏ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားသည့် လျှို့ဝှက် ကျိန်စာများလည်း မရှိတော့ချေ။ သူမ၏ အစ်မမှာလည်း ဘေးကင်းလုံခြုံစွာ ရှိနေသည်။
လျူယင်လန်းမှာ သွေးမျိုးဆက် ပုံတူပွား ထျန်းရှောင်လော့ကိုသော်လည်းကောင်း... သူတို့၏ အစီအစဉ်များကို သော်လည်းကောင်း ဂရုမစိုက်တော့ချေ။ အစ်မဖြစ်သူမှာ ထျန်းတိုက်ကျုံးနှင့် ပူးပေါင်း၍ ယုတ်မာသည့် အစီအစဉ် အချို့ကို ချမှတ်ခဲ့ကြောင်း သူမ ရိပ်မိသော်လည်း ဝေ့ဝူယင်က ၎င်းတို့ကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်လေရာ သူမ စိတ်ထဲတွင် နာကျင်မှုများ ကိန်းအောင်းရန် အချိန်ပင် မရလိုက်ချေ။
ဤလောကတွင် သူမ အလိုချင်ဆုံးသော အရာအားလုံးကို လူသား တစ်ယောက်က ဖြည့်ဆည်းပေးလိုက်ပြီ ဖြစ်သည်။ လျူစုယင်ကို ကြင်နာစွာ ပွေ့ဖက်ထားသည့် ဝေ့ဝူယင်အား လှမ်းကြည့်ရင်း သူမ ရင်ခုန်သံများ မြန်လာရ၏။ သူမသည် 'သေမျိုး ပြန်လည် ဆေးလုံး' ကို ကိုင်ဆောင်ရင်း ဝေ့ဝူယင်၏ အခန်းရှေ့၌ ရပ်တန့်ခဲ့ဖူးသည့် အိပ်မက်ကို သူမ ဝေဝါးစွာ ပြန်လည် သတိရလိုက်မိသည်။
ဝုမ်း...
ဝေ့ဝူယင်၏ လည်ပင်းနှင့် လက်မောင်းတို့မှ ခံစားချက်မှာ ပိုမို၍ ပြင်းထန်လာကာ သံမှိုများကို တူဖြင့် ထုနှက်နေသကဲ့သို့ သူ့ အရိုးနှင့် အသိစိတ်ထဲ အထိ ထိုးဖောက်ဝင်ရောက်လာသည်။ ဝေ့ဝူယင်၏ တောက်ပသည့် မျက်ဝန်းများက မှေးမှိန်သွားကာ ညာဘက်လက်မောင်းကို တစ်ဖန် ပြန်လည် ကြည့်လိုက်မိပြန်သည်။
လျူရှို့လန်သည်လည်း အခြားသူများကဲ့သို့ပင် လမ်းပျောက်နေသလို ခံစားနေရသည်။ သူမက ပိုမိုကောင်းမွန်သည့် နယ်မြေသို့ လွတ်မြောက်ရန်အတွက် နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် အစီအစဉ်များ ချမှတ်ခဲ့သည်။ အရာအားလုံးမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာ သေခြင်းတရားနှင့် အဆုံးမဲ့ ပျက်စီးခြင်းတို့ ပြည့်နှက်နေသည့် လောကကြီးတွင် အံ့အားသင့်ဖွယ် အစွမ်းထက် လူငယ် တစ်ဦး မွေးဖွား ကြီးပြင်းလာခဲ့သည့် အချိန်မှ စတင်ခဲ့ခြင်း ဖြစ်သည်။
သူမ အမှန်တရားကို သိခဲ့ရသည်။ ဤကမ္ဘာမှာ လှောင်အိမ်တစ်ခုသာ ဖြစ်သည်။ ဤကမ္ဘာမှာ ကစားပွဲတစ်ခုမျှသာ ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းနှင့် အနာဂတ်မှာ ကန့်သတ်ခံထားရသည်။ လျူရှို့လန်မှာ ရှင်သန်ရန် အတွက် အစွမ်းကုန် ကြိုးစားခဲ့ပြီး သူမ၏ ပါရမီမှာလည်း လူတိုင်း ချီးကျူးရလောက်အောင် ထူးချွန်ခဲ့သည်။ သူမက လျူကလန်ကို ဦးဆောင်ခဲ့ပြီး ထျန်းတိုက်ကျုံး၏ လက်အောက်တွင် လောကကို လွှမ်းမိုးရန် အလုပ်အကျွေး ပြုခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ထျန်းတိုက်ကျုံး၏ အကူအညီဖြင့် သူမ မြေကြီးရှန့်ထိုအဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုစဉ်က လျူရှို့လန်မှာ ထျန်းကလန် အတွင်းသို့ သွေးချောင်းစီး တိုက်ခိုက် ဝင်ရောက်ကာ ပုန်ကန်မှုကို ဦးဆောင်ခဲ့သည်ဟု အများက ထင်မှတ်ခဲ့ကြသော်လည်း ယင်းမှာ အယောင်ပြ ဖန်တီးမှုတစ်ခုသာ ဖြစ်သည်။ အဖြစ်မှန်ကို ဖုံးကွယ်ထားသည့် လှည့်ကွက်တစ်ခုသာ ဖြစ်၏။
အမှန်စင်စစ် လျူရှို့လန်နှင့် ထျန်းတိုက်ကျုံးတို့မှာ လောကကြီးကို လှည့်ဖြားရန် ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော်... ထိုစုံတွဲမှာ ချိပ်ပိတ် နယ်မြေအတွင်းမှ လွတ်မြောက်ရန် နှစ်ရှည် အစီအစဉ် တစ်ခုကို ကြံစည်ခဲ့ကြခြင်း ဖြစ်ပေသည်။
လျူရှို့လန်၏ ညီမအရင်းဖြစ်သူ လျူယင်လန်းမှာ အာကာသနှင့် အချိန် လမ်းစဉ်များတွင် ပါရမီတွင် အလွန် ထူးချွန်သူ ဖြစ်သည်။ သို့သော်လည်း ထိုစဉ်က အာကာသ ဝေဟင် ဂိုဏ်းချုပ်မှာ လျူကလန်နှင့် ထျန်းတိုက်ကျုံး၏ ပတ်သက်မှုကို သိရှိသဖြင့် လျူယင်လန်းကို အဆုံးမဲ့ခရီး လောကနယ်မြေသို့ ဝင်ရောက်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။
ထိုဂိုဏ်းချုပ်မှာ ထျန်းတိုက်ကျုံးကို ရန်သူနှင့် ပြိုင်ဘက်အဖြစ် မြင်ရုံမကပဲ ထျန်းတိုက်ကျုံးကဲ့သို့ တဟုန်ထိုး တိုးတက်လာသည် နယ်ရုပ်များကြောင့် ကစားပွဲ မပျက်စီးစေရန် တားဆီးရမည့် ကြားနေအဖွဲ့အစည်းအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။
ထို့ကြောင့်ပင်... ထျန်းတိုက်ကျုံးနှင့် သူမတို့ နှစ်ယောက်မှာ အတုအယောင် ပုန်ကန်မှုတစ်ခုကို ဖန်တီးခဲ့သည်။ လျူရှို့လန်မှာ အကျဉ်းချခံခဲ့ရပြီး လျူကလန်မှာလည်း လူသိရှင်ကြား အရှက်ခွဲ ဖျက်ဆီးခြင်း ခံခဲ့ရသည်။
အာကာသ ဝေဟင် ဂိုဏ်းချုပ်မှာ လျူယင်လန်း၏ အလှနှင့် ပါရမီကို မက်မောလေရာ သူမကို သူ့ ဇနီး (ကျန်းကျဲကလန်ဝင် တစ်ဦး) မသိအောင် လျှို့ဝှက် မယားငယ် တစ်ဦး အဖြစ် ထားရှိရန် ကြံစည်ခဲ့သည်။ မိန်းကလေးကို ဂိုဏ်းအတွင်း အဆင့်မြင့် ရာထူး မပေးနိုင်သော်လည်း ရေစက်ကြိုး ပိုင်ရှင် တစ်ဦး အဖြစ် သတ်မှတ်ပေးခဲ့သည်။ လျူယင်လန်းမှာ ထျန်းတိုက်ကျုံးကို ကလဲ့စားချေရန်နှင့် အစ်မ ဖြစ်သူကို ကယ်တင်ရန်အတွက် ထိုအရာကို လက်ခံခဲ့ရသည်။
ဂိုဏ်းချုပ်က လျူယင်လန်းကို မျက်နှာသာပေးသည့် အနေဖြင့် လျူကလန်ကို အမြစ်ပြတ် မသုတ်သင်ဖို့ ထျန်းတိုက်ကျုံးကို တားဆီးပေးမည်ဟု ကတိပေးခဲ့သည်။ သို့သော်လည်း... လျူယင်လန်း ရေစက်ကြိုး ပိုင်ရှင် တစ်ယောက် ဖြစ်လာပြီးနောက် မကြာခင်မှာပင် ထျန်းတိုက်ကျုံးက လျှို့ဝှက် တွေ့ဆုံမှုတစ်ခု ဖန်တီးကာ ဂိုဏ်းချုပ်ကို တိုက်ရိုက် သတ်ဖြတ်ပစ်လိုက်တော့သည်။ ထိုအချိန်အထိ လျူယင်လန်းမှာ ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်သာ ဖြစ်နေသေးဆဲ ဖြစ်သည်။
သို့သော်လည်း... ထိုလုပ်ရပ်ကြောင့် ထျန်းတိုက်ကျုံးမှာ ကျန်းကျဲကလန်၏ တုံ့ပြန်မှုကို ခံစားခဲ့ရသည်။ ဂိုဏ်းချုပ်မှာ ကျန်းကျဲကလန်၏ သွေးရင်း မဟုတ်သော်လည်း ကျန်းကျဲ ကလန်ဝင်တစ်ဦးနှင့် လက်ထပ်ထားသူ ဖြစ်လေရာ ထျန်းတိုက်ကျုံးကို ကျန်းကျဲကလန်က ပလ္လင်တစ်ခုပေါ်တွင် အကျဉ်းချထားခဲ့သည်။
ဤသည်က ကျန်းကျဲကလန်မှာ အဇူရာ မူလ ဂလက်စီ နယ်မြေတွင် မည်မျှ အစွမ်းထက်ကြောင်းနှင့် ရှေးဟောင်း ချိပ်ပိတ် နယ်မြေ အတွင်းကိုပင် ဝင်ရောက် စွက်ဖက်နိုင်ကြောင်းကို သက်သေပြလိုက်ခြင်းပင် ဖြစ်လေသည်။
ထျန်းတိုက်ကျုံးနှင့် လျူရှို့လန်တို့၏ အဓိက အစီအစဉ်မှာ လျူယင်လန်းကို အာကာသ ဝေဟင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာစေရန် ဖြစ်သည်။ သို့မှသာ သူမ၏ သွေးမျိုးဆက်မှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ နှင့် ချိတ်ဆက်သွားလိမ့်မည် ဖြစ်သည်။
ထို့နောက် သွေးမျိုးဆက် ပုံတူပွား တစ်ခုကို အသုံးချကာ အက်ကြောင်းတစ်ခု ဖန်တီးပြီး ပိုမိုကောင်းမွန်သည့် နယ်မြေများသို့ ထွက်ခွာရန် ဖြစ်သည်။ ၎င်းမှာ အာဏာရှင် အင်ပါယာကြီးများ၏ ကစားပွဲနှင့် လှောင်အိမ်အတွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းနေကြသည့် လူနှစ်ဦး၏ နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် ရေးဆွဲခဲ့သော အစီအစဉ်ပင် ဖြစ်လေသည်။
သူတို့ အောင်မြင်ခဲ့သည်ဟုလည်း ဆိုနိုင်ပေသည်။ လျူယင်လန်းနှင့် ထပ်တူကျသည့် သွေးမျိုးဆက် ပုံတူပွား တစ်ခု ဖန်တီးရန် အချိန်အတော်ကြာခဲ့သော်လည်း အလုပ်ဖြစ်ခဲ့သည်။ ထျန်းရှောင်ချွမ်း၏ ထူးခြားလှသည့် ခန္ဓာကိုယ် တည်ဆောက်ပုံမှာ အချို့သော နည်းလမ်းများအတွက်... အထူးသဖြင့် သွေးမျိုးဆက် ပုံတူပွားကို မွေးမြူရန်အတွက် အလွန်ကောင်းမွန်သော ယင်မီးဖို တစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့်... ထျန်းရှောင်လော့ မွေးဖွားလာနိုင်ခြင်း ဖြစ်သည်။
အစီအစဉ် အောင်မြင်သည်နှင့် ထျန်းတိန်ကျန့်၊ ထျန်းတိုက်ကျုံး၊ သက်တံလောက ကြယ်တာရာ နယ်မြေမှ ရှကျား၊ လျူရှို့လန်နှင့် အခြားလူ အနည်းငယ်တို့မှာ မည်သူမျှ မသိအောင် ဤလှောင်အိမ်အတွင်းမှ ထွက်ပြေးကြပေလိမ့်မည်။ ရှကျားမှာ ထျန်းရှောင်လော့ကို ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုထက် ပိုမို၍ ကျင့်ကြံနိုင်သည့် ရှေးဟောင်း နည်းလမ်းကို သင်ကြားပေးခဲ့ကာ ကျင့်ကြံခြင်း ပါရမီကို မြှင့်တင်ရာတွင်လည်း များစွာ ကူညီပေးခဲ့သည်။
အားလုံး အဆင်သင့် ဖြစ်ပြီးနောက်တွင် ထျန်းတိုက်ကျုံးမှာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေ၏ ကစားပွဲ၌ မိမိကိုယ်စား ဆက်လက် ကစားပေးမည့် နယ်ရုပ်သစ် တစ်ခုကို ကြေညာကာ ကြီးကျယ် ခမ်းနားသည့် တိုက်ပွဲ တစ်ခုကို ဟန်ပြ ဖန်တီး၍ ထွက်ခွာသွားလိမ့်မည် ဖြစ်သည်။
(မူရင်း စာရေးသူ မှတ်ချက် ။ အတိတ်ဘဝ၌ စန်းယွန်းလီ သေဆုံးခဲ့ရသည့် အကြောင်းရင်းမှာလည်း ထျန်းတိုက်ကျုံး မွှေးခဲ့သည့် မီးကြောင့် ပလ္လင်လုပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ရာမှ တစ်ကမ္ဘာလုံး ပျက်စီးခဲ့ပြီး သူမ ကိုယ်တိုင်လည်း အသက် ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။)
ပျက်စီးသွားခဲ့ပြီ ဖြစ်သည့် အစီအစဉ်များနှင့် လှည့်ကွက်များကို ပြန်လည် တွေးတောရင်း လျူရှို့လန် သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။ သူမ၏ လိုအင်ဆန္ဒများနှင့် ပန်းတိုင်များမှာ တစ်ခဏအတွင်း ကြေမွသွားခဲ့ပြီ ဖြစ်ပေသည်။
သို့သော်လည်း... သူမ စိတ်ထဲ၌ အတွေးတစ်ခု လက်ခနဲ ပေါ်လာ၏။ ဝေ့ဝူယင်က သူ အလိုရှိသည့် အချိန်တိုင်း ရှေးဟောင်း ချိပ်ပိတ် နယ်မြေထဲမှ အလွယ်တကူ ထွက်သွားနိုင်သည်ဟု ဆိုခဲ့သည်။ သူ့ အစွမ်းဖြင့်ဆိုလျှင် အသက်တစ်ချက် ရှူရသလောက် လွယ်ကူသည်ဟုပင် ဆိုခဲ့သည်။ လျူရှို့လန်မှာ ပရိယာယ် မာယာ ကြွယ်ဝသူ ဖြစ်သည်။
သူမ ကြီးပြင်းလာခဲ့ရသည့် ခေတ်ကိုက သူမကို ထက်မြက်ရန်၊ ရက်စက်ရန်နှင့် အခွင့်အရေး အတွက် မည်သည့် အရာကိုမဆို လုပ်ဆောင်ရန် သင်ကြားပေးခဲ့သဖြင့် ဤဗီဇကို သူမ မစွန့်လွှတ်နိုင်ချေ။ အရင်းအမြစ် အတွက် သူမ များစွာသော အရာများကို လုပ်ဆောင်ခဲ့သည်။ သူမ သစ္စာဖောက်ခဲ့သည်။ ကိုယ်ပိုင် မျိုးနွယ် ဖြစ်သည့် လျူမျိုးနွယ်ကိုပင် ပျက်စီး နိမ့်ကျစေခဲ့သည်။ သူမ၏ စနက်ဖြင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ အသက်ပေါင်းများစွာမှာ မိစ္ဆာ ကျင့်ကြံသူများကိုပင် ရှက်ရွှံ့သွားစေပေလိမ့်မည်။
သို့သော်လည်း... ၎င်းမှာ ထျန်းတိုက်ကျုံး မလွှမ်းမိုးမီ အမှောင် ကြယ်တာရာ ခေတ်အတွင်း အောင်မြင်မှု ရယူခဲ့ကြတိုင်း၏ သဘာဝပင် ဖြစ်သည်။
လျူရှို့လန်မှာလည်း ခြွင်းချက် မဟုတ်ပါချေ။ သူမက အချစ်ရဆုံးသော ညီမလေးကိုပင် နှစ်ပေါင်း နှစ်သောင်းကြာ လွတ်မြောက်မှု အစီအစဉ် အတွက် အလွှာကြားက လောကကို တွန်းပို့ခဲ့သည်။
သို့သော်လည်း... ယခုအခါတွင် လျူယင်လန်းမှာ ထူးခြားသည့် စွမ်းအားများ ပိုင်ဆိုင်သည့် ဂုဏ်သရေရှိ လောကရှန့်ထို တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ထို့ပြင် သူမ၏ လျှို့ဝှက် ကျိန်စာများ ပျက်ပြယ်သွားပြီ ဖြစ်သည့်အတွက် ထိုစွမ်းအားများကို သူမ စိတ်ကြိုက် အသုံးပြုနိုင်ပြီ ဖြစ်သည်။ လောကရှန့်ထိုအဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် သူမထံတွင် မိမိကိုယ် မိမိမှလွဲ၍ မည်သည့် တာဝန်ဝတ္တရားမျှ မရှိတော့ချေ။ ထို့ကြောင့် လျူရှို့လန်မှာ အပြစ်ရှိသလို လုံးဝ မခံစားရတော့ပေ။
သူမ၏ မျက်ဝန်းများမှာ ဝေ့ဝူယင်ထံသို့ ကျရောက်သွား၏။
ဝုမ်း...
ဧရာမ တူကြီးတစ်လက်ဖြင့် သံမှိုခေါင်းကို ရိုက်ချလိုက်သကဲ့သို့ နာကျင်မှုက ဝေ့ဝူယင်၏ အရိုးနှင့် အသိစိတ်ထဲအထိ စူးစိုက်ဝင်ရောက်သွား၏။ ဝေ့ဝူယင်သည် နာကျင်မှုကြောင့် မျက်နှာပျက်မသွားအောင် ထိန်းထားရင်း သူ၏ ညာဘက်လက်မောင်းကိုသာ စိုက်ကြည့်နေမိသည်။
ပတ်ဝန်းကျင်မှ မန်နာများကို အသုံးပြုရင်း သူ အင်္ကျီလက်ကို အသာအယာ မတင်လိုက်ရာ ညာဘက်လက်မောင်းပေါ်ရှိ အပြစ်သား တက်တူးမှာ ထင်ထင်ရှားရှားပင် ပေါ်ထွက်လာတော့သည်။
ဟူမေဖန်းမှာ ဝေ့ဝူယင်ကို ငေးမော ကြည့်နေမိဆဲ ဖြစ်သည်။ သူက သူမ မြင်ဖူးသမျှ လူသားများထက် ပို၍ မြင့်မြတ် ထည်ဝါနေသလို ခံစားရသည်။ မိန်းကလေး၏ မျက်ဝန်းများမှာ အတိုင်းအဆမဲ့ စိတ်ဝင်စားမှုများ၊ အမြင့်မြတ်ဆုံးသော ရိုသေလေးစားမှုများနှင့် ပြည့်နှက်နေခဲ့လေ၏။
ပထမ ကပ်ဘေး ရှင်သန်ခြင်း ... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း ... ၁/၁
တတိယ ကပ်ဘေး အောင်မြင်ခြင်း ... ၃/၃
စတုတ္ထ ကပ်ဘေး တားဆီးခြင်း ... ၁၈ နှစ်
ယခင်က ရှိခဲ့သည့် ကမ္မတန်ဖိုး ဆိုသည်မှာ မရှိတော့ချေ။ ယင်းအစား သူ တစ်ခါမျှ မမြင်ဖူးသော စာသားအသစ်တစ်ခုကို တွေ့လိုက်ရ၏။
အပြစ် ထုံးတမ်း ... ခန္ဓာရာဂ၊ လွတ်မြောက်လိုမှု ရာဂ၊ ကိုးကွယ် တပ်မက်မှု ရာဂ၊ အသိပညာ ရာဂ၊ ချစ်ခြင်း မေတ္တာ ရာဂ၊ မျှော်လင့်ချက် ရာဂ၊ ဖောက်ပြန် တပ်မက်မှု ရာဂ - ပြီးမြောက်။
တပ်မက်မှု သို့မဟုတ် ရာဂ ခုနစ်မျိုးစလုံးကို အပြစ်သား တက်တူးပေါ်တွင် တစ်ပြိုင်နက် ဖော်ပြထားပြီး နောက်ဆုံးတွင် ပြီးမြောက် ဆိုသော စကားလုံးနှင့် အဆုံးသတ်ထားသည်။
"ဒါက ဘာကြီးလဲ"
ထိုစကားလုံးများ သူ့ နှုတ်ခမ်းဖျားမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကြယ်တာရာ ဝိညာဉ် လေးခုထံမှ သတိပေးချက်များကို တစ်ပြိုင်တည်း ရရှိလိုက်၏။ ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက ကျဉ်းမြောင်းသွားကာ ကောင်းကင်သို့ မော့ကြည့်လိုက်လေသည်။
ရုတ်တရက်.. လောကကြီးတစ်ခုလုံး ရပ်တန့်သွား၏။ သူ့ရှေ့တွင် ဝတ်လစ်စလစ်ဖြစ်လုနီးပါး ဖြူဖွေးသန့်စင်သည့် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အနက်ရောင် အရိုးစု မိန်းမ တစ်ယောက်သာလျှင် ရပ်နေခဲ့လေတော့သည်။
***