← Chapters

အနက်ရောင် အရိုးစု

Vol. 132 Ch. 1847

အနက်ရောင် အရိုးစု

Vol. 132 Ch. 1847

“အမွေခံ အပြစ်သား...”

အနက်ရောင် အရိုးစု၏ ထူးခြားလှသည့် ကျား၊ မ ခွဲခြားမရနိုင်သော အသံက ဝေ့ဝူယင်၏ စိတ်ဝိညာဉ်နှင့် အသိစိတ်ထဲတွင် မိုးကြိုးပမာ မြည်ဟီး သွားခဲ့သည်။ ယခင်နှင့် ခြားနားစွာပင် ဝေ့ဝူယင်မှာ အသက်ရှူရုံပင် ခက်ခဲစေသည့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

သူ၏ ငွေရောင် မျက်ဝန်းများက အနက်ရောင် အရိုးစုကို မှင်သက်စွာ စိုက်ကြည့်နေမိ၏။ ကျင့်ကြံခြင်း အခြေခံ မြင့်မားလာမှု၊ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝလာမှုတို့နှင့် အတူ ထိုအရိုးစု၏ တည်ရှိမှုက မည်မျှပင် ထူးခြား ဆန်းကြယ်သည်ကို သူ အာရုံခံနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ထိုအသိကပင်လျှင် အနက်ရောင် အရိုးစု ပထမဆုံးအကြိမ် ပေါ်ထွက်လာစဉ်ကနှင့် နောက်ဆုံးအကြိမ် ကောင်းကင်တာအို ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်ဆောင်မှုကြောင့် လောကီ ပြန်လည် မွေးဖွားသူ ပေါ်ထွက်လာစဉ်က ကွာခြားချက်ကို နားလည်စေခဲ့သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ... အနက်ရောင် အရိုးစုမှာ ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေခြင်း ဖြစ်၏။ မည်သူမျှ နားမလည်နိုင်သော နည်းလမ်းဖြင့် သူမ၏ တည်ရှိမှုကို ဤနေရာသို့ ပို့လွှတ်ကာ ကိုယ်ပိုင် အရှိန်အဝါနှင့် အော်ရာအချို့ကို ပုံဖော်နေခြင်း ဖြစ်သည်။

ဝေ့ဝူယင်၏ လက်မောင်းပေါ်ရှိ အပြစ်သား တက်တူး တစ်ခုလုံးက အလွန်ပင် ပူလောင်နေကာ ပြင်းထန်သည့် ဝေဒနာများကို ခံစားနေရသည်။ သူ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် ကြည့်လိုက်ရာ အနက်ရောင် အရိုးစု ပုံရိပ်ပေါ်တွင် ထပ်ရက်သား ကျနေသည့် ဝေဝေဝါးဝါး မိန်းကလေး တစ်ဦး၏ ပုံရိပ်ကို ခဏတာမျှ မြင်လိုက်ရသည်။ အလွန်တိုတောင်းလှသည့် အချိန်လေး ဖြစ်သော်လည်း ဤပုဂ္ဂိုလ်မှာ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

သို့သော် ထိုထက်ပို၍ မည်သည့်အရာကိုမျှ သူ မမြင်နိုင်ခဲ့ပေ။ အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ ရဲတင်းလှသော ကြိုးပမ်းမှုမှာ အရာမထင်ခဲ့ချေ။

ဝေ့ဝူယင် ကိုယ်တိုင် သတိမထားမိစဉ်မှာပင် သူ၏ မျက်ဝန်းအစုံမှာ သွေးများ အဆက်မပြတ် စီးကျနေခဲ့ပြီ ဖြစ်သည်။ အပြစ်သားတို့၏ အရှိန်အဝါက သူ့ သူငယ်အိမ်များထဲသို့ စိမ့်ဝင်နေပြီ ဖြစ်သည်။

တစ်ချိန်တုန်းက ဝေ့ဝူယင်မှာ ကောင်းကင်တာအိုတို့၏ လျှို့ဝှက်ချက်ကို စူးစမ်းခဲ့သလိုမျိုး ယနေ့တွင်လည်း သူ ရဲဝံ့ခဲ့သည်။

သူ အမြဲတမ်း ကြိုးစားနေမည်သာ ဖြစ်သည်။

"အမွေခံ အပြစ်သား..."

အနက်ရောင် အရိုးစု၏ အသံက အနည်းငယ် တိုးညှင်းသွားကာ သူမ မြင်တွေ့နေရသည့် အရာအပေါ် အနည်းငယ် အံ့အားသင့်သွားပုံရ၏။ သူမ၏ ဟာလာဟင်းလင်း ဖြစ်နေသည့် မျက်တွင်း ဟောက်ပက်ကြီးများက ဝေ့ဝူယင်ထံသို့ စိုက်ကြည့်လာခဲ့သည်။

"ဘာလဲ..."

အနက်ရောင် အရိုးစုက ထူးဆန်းစွာ ရေရွတ်လိုက်၏။

"ဘာလဲ..."

ဝေ့ဝူယင်ကလည်း အလိုအလျောက် တုံ့ပြန်လိုက်မိသည်။

"..."

"..."

"ဝေ့ဝူယင်... အပြစ်ကို ခိုးယူသူ..."

အနက်ရောင် အရိုးစုက စကားလုံး တစ်လုံးချင်းစီကို လေးနက်သည့် လေသံဖြင့် နှေးကွေးစွာ ရေရွတ်လိုက်၏။ သူမက ဝေ့ဝူယင်ကို ဤဘွဲ့အမည်ဖြင့် ခေါ်ဝေါ်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။

မူး ရေကန် အနီးရှိ တောအုပ်ထဲတွင် ပထမဆုံး ဆုံတွေ့စဉ်က ဝေ့ဝူယင်မှာ အမွေခံ အပြစ်သား တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ကျိန်စာသင့်မည့်အစား‘အမွေခံ အပြစ်သား ဖြစ်ခွင့် ရရှိခဲ့သောကြောင့် ထိုအမည်ကို ခေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုအခွင့်အရေးကြောင့်ပင် ဝေ့ဝူယင်မှာ သူတစ်ပါးတို့၏ လောဘနှင့် ပျင်းရိမှု အပြစ်များကြောင့် ဖြစ်ပေါ်လာသည့် နေသွေးနီနီဂိုဏ်း ကပ်ဘေးမှ လွတ်မြောက်ခဲ့ရသည်။

ဝေ့ဝူယင်နှင့် အနက်ရောင် အရိုးစုတို့မှာ တင်းမာလှသည့် အခြေအနေတွင် အချိန်အတော်ကြာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြသည်။

"ငရဲပြည်က အပြစ်နဲ့ ကောင်းကင်ဘုံဆီက ကံတရားကို ခိုးယူတာဟာ အမွေခံ အပြစ်သားတစ်ယောက်ရဲ့ အဓိပ္ပာယ်ပဲ... သင့်ရဲ့ ခရီးလမ်းက တကယ့်ကို မျှော်လင့်မထားတဲ့ လမ်းစဉ်တစ်ခု ဖြစ်နေပြီ... အစစ်အမှန် အပြစ်သား ဝိညာဉ်ကို မကျင့်ကြံရသေးပေမဲ့ သင့်မှာ မူလအပြစ် မျိုးစေ့ - ရာဂ ကို ရနိုင်တဲ့ အခွင့်အရေး ရှိနေပြီ... ဒါပေမဲ့ သင့်ဆီမှာ မူလအပြစ် မျိုးစေ့ - မာနက ရှိနှင့်နေပြီးသားပဲ"

ဝေ့ဝူယင်မှာ ဘာကိုမျှ နားမလည်နိုင်တော့ချေ။ သူ ‘အပြစ်သား ကျမ်းစာ’ ကို အပြန်ပြန်အလှန်လှန် ဖတ်ရှုခဲ့ဖူးသော်လည်း သူမ ပြောနေသည့် ‘မူလအပြစ် မျိုးစေ့’ ၊ ‘မာန’ ၊ ‘ရာဂ’ ဆိုသည်များကို တစ်ခါမျှ မကြားဖူးခဲ့ပေ။

"စိတ်ဝင်စားဖို့ ကောင်းတာက သင့်ရဲ့ စိတ်နဲ့ ရုပ်၊ ရုပ်နဲ့ ဝိညာဉ် အချိတ်အဆက်တွေဟာ အဲဒီနှစ်ခုလုံးနဲ့ သဟဇာတ ဖြစ်နေပြီး ဘာပြဿနာမှ မရှိနေတာပဲ... သင့်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း ဘာယိုင်နဲ့မှုမှ မရှိဘူး... သင့်ရဲ့ ခန္ဓာကိုယ်ကလည်း... အင်း... မဆိုးပါဘူး... ‘မာန အပြစ်’ အတွက်ရော ‘ရာဂ အပြစ်’ အတွက်ပါ သင့်တော်တယ်... ဒါက ရှားပါးပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... သင် နှစ်ခုလုံးကို လက်ခံနိုင်တယ်... ကဲ... ငါ ဆက်လိုက်မယ်"

"ခင်ဗျား ဘာပြောချင်တာလဲ... သင့်တော်တယ်ဆိုတာ ဘာလဲ..."

ယခင်တစ်ကြိမ်နှင့် မတူသည်က ယခု ရောက်ရှိနေသည့် အနက်ရောင် အရိုးစုမှာ မေးခွန်းများကို ပြန်လည် ဖြေကြားနိုင်ခြင်းပင်။

ဝေ့ဝူယင် သူမကို မေးခွန်းထုတ်ရန် မကြောက်ရွံ့တော့ပေ။ အထူးသဖြင့်... သူမ ပြောနေသည့် အရာများက သူတို့ ပထမဆုံး ဆုံတွေ့စဉ်ကနှင့် အလွန်တူညီနေသောကြောင့်ပင်။

အနက်ရောင် အရိုးစုက ပြန်လည် တုံ့ပြန်လိုက်၏။

"အပြစ်သား သွေးမျိုးဆက်ကို လက်ခံဖို့ ဆိုရင် သတ်မှတ်ချက်တွေ ပြည့်မီဖို့ လိုတယ်... သင့်ရဲ့ ပထမဆုံး သွေးမျိုးဆက်ဟာ သင် သတ်ခဲ့တဲ့ သင် ခိုးယူခဲ့တဲ့ လူဆီက ရခဲ့တာ... အခု တစ်ခုကိုတော့ သင် ကိုယ်တိုင် သဘာဝအတိုင်း တည်ဆောက်ခဲ့တာပဲ... ဒါက မမျှော်လင့်ထားတဲ့ အရာ ဖြစ်ပေမဲ့ လုံးဝ မဖြစ်နိုင်တာမျိုးတော့ မဟုတ်ဘူး"

"နေပါဦး... ဒါဆို ကျွန်တော့်မှာ အစတည်းက မာန အပြစ်သား သွေးမျိုးဆက် ရှိခဲ့တာလား... ဟိုအရူးကောင်က ကျွန်တော့်ကို ပေးအပ်ခဲ့တာလား... အခု ကျွန်တော်က ရာဂလို့ ခေါ်တဲ့ ကိုယ်ပိုင် အပြစ်သား သွေးမျိုးဆက်ကို တည်ဆောက်နေတာလား..."

ဝေ့ဝူယင်က အလျင်အမြန် မေးလိုက်သည်။ အနက်ရောင် အရိုးစုက ဤနေရာတွင် ကြာရှည် ရှိနေမည် မဟုတ်ကြောင်း သူ သိနေသည်။

"..."

အနက်ရောင် အရိုးစုမှာ ဖြေလိုပုံမရချေ။ ဝေ့ဝူယင် စိတ်မခုပဲ လက်ခံလိုက်၏။ ပြောရလျှင် စောစောက စကားများမှာလည်း သူ မတော်တဆ ကြားလိုက်ရသည့် တစ်ယောက်တည်း ရေရွတ်နေသော စကားများသဖွယ် ဖြစ်နေကာ အလွန်ပင် ထူးဆန်းလှသည်။

"ကျွန်တော့်ကို ဘာလို့ ရွေးချယ်ခဲ့တာလဲ... ဘာလို့ ကျွန်တော့်ကို ကျိန်စာ မတိုက်တာလဲ ဆိုတာ ခင်ဗျား သိလား... ဘာလို့ ကျွန်တော် ဖြစ်နေရတာလဲ"

ဝေ့ဝူယင် ထိုမေးခွန်းကို အလေးအနက် မစဉ်းစားခဲ့ဖူးပေ။ အကယ်၍ အပြစ်သား သွေးမျိုးဆက်ကိုသာ မရရှိခဲ့ပါက သူ၏ ကံကြမ္မာမှာ လုံချန်၏ ဘေးတွင် ခေါင်းပြတ်လျက် လဲကျနေမည့် အလောင်းတစ်ခုသာ ဖြစ်နေပေလိမ့်မည်။

"ဒါဟာ သင့်ရဲ့ အဖြေပဲ..."

အနက်ရောင် အရိုးစုက ပဟေဠိဆန်စွာ ဖြန်ဖြေလိုက်၏။ ဝေ့ဝူယင်၏ နှလုံးခုန်သံများက မြန်ဆန်လာကာ အေးခဲနေသည့် လောကကြီးတွင် နဂါးဟိန်းသံများ ပဲ့တင်ထပ်သွားခဲ့သည်။

အကယ်၍ အချိန် စီးဆင်းမှုသာ ရပ်တန့်မနေပါက အဆုံးမဲ့ ကောင်းကင် တစ်ခုလုံးမှာ သဘာဝ ဘေးအန္တရာယ်များစွာကို ဖြစ်ပေါ်စေနိုင်သည့် အင်အားပြင်း ငလျင်များ၏ ဒဏ်ကို ခံစားရပေလိမ့်မည်။

"သင့်ရဲ့ သွေးမျိုးဆက်က အတည်မဖြစ်သေးဘူး... ဒါကြောင့် ငါ အပြစ်သား ထုံးတမ်းကို ပေးမယ်... အကယ်၍ သင် အောင်မြင်အောင် လုပ်ဆောင်နိုင်ရင် အားလုံးက သင့် အပိုင် ဖြစ်လာလိမ့်မယ်... အကယ်၍ သင် မလုပ်နိုင်ရင် သင့်ဆီက်အပြစ်သား သွေးမျိုးဆက်ကို ငါ ပြန်သိမ်းသွားမယ်... သင် ဒီလမ်းကို ဆက်လျှောက်စရာ မလိုတော့ဘူး..."

အနက်ရောင် အရိုးစုက ဆိုလိုက်၏။ သွေးမျိုးဆက်ကို ပြန်သိမ်းမည်ဟူသော စကားကြောင့် ဝေ့ဝူယင် အံ့အားသင့်သွားခဲ့၏။ အပြစ်သား သွေးမျိုးဆက်ကို ဆုံးရှုံးရမည်ဟူသော အတွေးမှာ သူ တစ်ခါမျှ မတွေးခဲ့ဖူးသော အရာပင်။

"အခု ယူလိုက်စမ်းပါ..."

ဝေ့ဝူယင်သည် ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ကျင့်ကြံသူတစ်ဦး အနေဖြင့် သူ လမ်းစဉ်ကို ဆုံးဖြတ်ပြီးသား ဖြစ်သည်။

အပြစ်သား သွေးမျိုးဆက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ အထွတ်အထိပ်သို့ ရောက်အောင် ကြိုးစားမည်သာ ဖြစ်သည်။

ကံကောင်းခြင်း... ကမ္မ...

ထိုအရာများကို သူကိုယ်တိုင် ဖန်တီးမည် ဖြစ်သည်။ သူကိုယ်တိုင်ပင် အရယူမည်။ အနက်ရောင် အရိုးစု၏ မျက်တွင်း ဟောက်ပက်များက သူ့ကို စိုက်ကြည့်နေသော်လည်း ဝေ့ဝူယင် မတုန်မလှုပ်ဘဲ ပြန်လည် စိုက်ကြည့်နေခဲ့လေသည်။

***

All Chapters