ရာဂဆိုတာ ဘာလဲ...
Vol. 132 Ch. 1848
အနက်ရောင် အရိုးစုမှာ မတုန်မလှုပ်ပင် ရှိနေသေးဆဲ ဖြစ်သည်။ သူမက ဝေ့ဝူယင်ကို ကြည့်ကာ ယောက်ျား မဟုတ်၊ မိန်းမ မဟုတ်သည့် အသံဖြင့် တည်ငြိမ်စွာ ရှင်းပြလိုက်၏။
"သင့်ရဲ့ မူလအပြစ် မျိုးစေ့ - မာန ကတော့ သင့် အပိုင်ပဲ... ငါတောင် ပြန်ယူလို့ မရဘူး... ငရဲလည်း မရသလို ကောင်းကင်လည်း မရဘူး... ပထမဆုံး အပြစ်သားတောင် မရဘူး... အကယ်၍ သင် အခုပဲ ရပ်တန့်ချင်တယ် ဆိုရင် ဒီထုံးတမ်းကို ရှုံးနိမ့်တယ်လို့ ငါ သတ်မှတ်ပေးနိုင်တယ်"
အနက်ရောင် အရိုးစု၏ အသံတွင် မည်သည့် ခံစားချက်မျှ မပါသော်လည်း ဝေ့ဝူယင်ကတော့ သူမ၏ စကားများထဲ၌ သနားခြင်း အငွေ့အသက်ကို ခံစားလိုက်ရသည်။ ၎င်းမှာ ဧဒင် မကြာသေးမီက ရရှိလာသည့် ဆင့်ကဲပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပေသည်။
ကောင်းကင်တာအို ခင်းကျင်းထားသည့် လမ်းပေါ်တွင် ‘ကောင်းချီးခံ’ နှင့် ‘အပြစ်သား’ ရန်သူများကြား၌ ရုန်းကန်နေရသည့် သေမျိုးတစ်ဦး၏ ခက်ခဲမှုကို ဤလောကတွင် မည်သူက နားလည်နိုင်ပါမည်နည်း။
ဝေ့ဝူယင်မှာ ကိုယ့်ကိုယ်ကို ကောင်းချီးခံလား။ အပြစ်သားလား။ သေဒဏ် ချမှတ်ခံထားရသူလည်း ဆိုတာကိုပင် မသိတော့ချေ။
သို့သော်လည်း... ခက်ခဲလှပါသည် ဆိုသည့် ထိုခရီးကြမ်းကို ဖြတ်သန်းရင်း ငရဲ၏ ကပ်ဘေး ၁၈ ခုအနက် ၃ ခုကို သေမျိုး တစ်ယောက် အနေဖြင့် သူ ဖြတ်ကျော်နိုင်ခဲ့သည်။ သူ လုပ်နိုင်ခဲ့သည်။ ကြုံလာရသည့် အခက်အခဲတိုင်းကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းဖြင့် ဖြတ်ကျော်နိုင်ခဲ့သည်ချည်း ဖြစ်သည်။
ဤတစ်ခုကို အရှုံးပေးလိုက်သည်နှင့် သူက အရှုံးသမား တစ်ယောက် ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သူ့ထံတွင် အောင်နိုင်သူ တစ်ယောက်၏ ယုံကြည်မှု ပျောက်ဆုံးသွားပေလိမ့်မည်။ သူလျှောက်လှမ်းနေသည့် လမ်းကြောင်း အားလုံးမှာလည်း ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။
အတန်ကြာ စဉ်းစားပြီးနောက် ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူ ဒုတိယမြောက် ထျန်းတိုက်ကျုံး မဖြစ်လိုချေ။
"ခင်ဗျားရဲ့ ထုံးတမ်းကို ကျွန်တော် လက်ခံတယ်... ပြီးတော့ ကျွန်တော် အောင်မြင်အောင်လည်း လုပ်ပြမယ်..."
သူ့ ငွေရောင် မျက်လုံးများက ခိုင်မာသည့် ဆုံးဖြတ်ချက်၊ ယုံကြည်ချက်များနှင့် ပြည့်နှက် နေခဲ့သည်။ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီးသည့်နောက် အရိုးကြေကြေ အရည်ခမ်းခမ်း ကြိုးစားခြင်းမှာ အမွေခံ အပြစ်သား တစ်ယောက် ဖြစ်မလာခင် ကတည်းက သူ့ အရိုးများထဲ၌ စိမ့်ဝင် နေခဲ့သော အရည်အချင်းဖြစ်သည်။ နောင်တစ်ချိန် ကောင်းကင်ဘုံကို သန့်စင်သည့် အချိန်ထိလည်း သူ့ထံ၌ ရှိနေဦးမည်သာ။
ထိုအချိန်တွင်ပင်... အနက်ရောင် အရိုးစုက ဝေ့ဝူယင်ကို အံ့အားသင့်စေမည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်၏။
သူမက ခေါင်းညိတ်ပြလိုက်ခြင်းပင်။
ဤသည်က သူမ၏ ဦးခေါင်းကို သိသိသာသာ လှုပ်ရှားပြလိုက်သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ၎င်းက.. ဝေ့ဝူယင်ကို အသိအမှတ်ပြုလိုက်သည့်နှယ်ပင်။
ရုတ်တရက်... သနားခြင်း ခံစားချက်များက ပျောက်ကွယ်သွားကာ နှစ်သက် သဘောကျသည့် အရိပ်အယောင်လေး တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရသည်။
"ဒါဆိုရင် ငါ စတင်တော့မယ်... သင့်ကို မေးခွန်းတစ်ခု မေးမယ်... သင့်မှာ အခွင့်အရေး သုံးကြိမ်ပဲ ရှိလိမ့်မယ်... သုံးကြိမ်ပဲ... အကယ်၍ သင် အောင်မြင်ရင် အပြစ်သား သွေးမျိုးဆက်ကို ရလိမ့်မယ်... အကယ်၍ သင် ရှုံးနိမ့်ခဲ့ရင်တော့ သင့်ရဲ့ အစစ်အမှန် ဝိညာဉ်ကို မူလအပြစ် မျိုးစေ့က ဝါးမြိုသွားလိမ့်မယ်... ပြီးရင် ဒီလမ်းစဉ်ကို လျှောက်လှမ်းမယ့် နောက်တစ်ယောက်အတွက် ချန်ထားရစ်လိမ့်မယ်"
"နေပါဦး... ဘာပြောလိုက်တာလဲ..."
ဝေ့ဝူယင် ဆွံ့အသွားရပြန်၏။ ရှုံးနိမ့်ခြင်းဆိုသည်မှာ ဝိညာဉ်ကို ဆုံးရှုံးရမည်ဟု ဆိုလိုခြင်းလော။ ၎င်းမှာ သေခြင်းတရားဟု ပြောနေခြင်း မဟုတ်ပါလော။
"ကျွန်တော် ရှုံးရင် သေမှာလား..."
ဝေ့ဝူယင် အတည်ပြုရန် မေးလိုက်သည်။ မည်သို့ပင် ဆိုစေ... သူ့ ထံတွင် ‘မူလအပြစ် မျိုးစေ့ - မာန’ ဆိုသည်မှာ ရှိနှင့်နေပြီးသား ဖြစ်သည်။
"မူလအပြစ် မျိုးစေ့က သင့်ရဲ့ အစစ်အမှန် ဝိညာဉ်ကို သိမ်းပိုက်သွားပြီးတဲ့နောက်မှာ နောက်ထပ် ပေါ်ထွက်လာမယ့်... ၄၉ ယောက်မြောက် အပြစ်သားကို စောင့်ဆိုင်းနေလိမ့်မယ်..."
အနက်ရောင် အရိုးစု၏ စကားအဆုံးတွင် အသံမှာ ထူးဆန်းစွာ ရပ်တန့်သွား၏။
ဝေ့ဝူယင် သက်ပြင်းပင် မချနိုင်တော့ချေ။ အနည်းဆုံးတော့ သူက မာန အပြစ်သား သွေးမျိုးဆက်ကို ပေးအပ်ရန် သဘောမတူခဲ့သလို သူမကိုယ်တိုင်လည်း ၎င်းကို သိမ်းယူနိုင်စွမ်း မရှိခဲ့ပါချေ။
"ကျွန်တော်က ဘယ်လိုလုပ်ပြီး မူလအပြစ် မျိုးစေ့ကို တည်ဆောက်နိုင်ခဲ့တာလဲ... အပြစ်သား ဝိညာဉ်ကို ကျင့်ကြံဖို့အတွက် သူတော်စင်တွေရဲ့ ကျင့်ကြံခြင်း အဆင့်ကို လိုအပ်တာ မဟုတ်လား... ကျွန်တော်က သေမျိုး အဆင့်ပဲ ရှိသေးတာကို ဘာလို့ တည်ဆောက်နိုင်ခဲ့တာလဲ"
ဝေ့ဝူယင် ထပ်မေးလိုက်၏။
"သေမျိုးတစ်ယောက်ကပဲ မူလအပြစ် မျိုးစေ့ကို တည်ဆောက်နိုင်တယ်... အခု သင် အသိစိတ် ရှိနေတာဟာ သင့်ရဲ့ နိုးထလာတဲ့ အပြစ်သား သွေးမျိုးဆက် ကြောင့်ပဲ... ဒီရုပ်ဝတ္ထုလောကကြီး တစ်ခုလုံး အေးခဲရပ်တန့်နေတာက် သင့်ကို အကျိုးသက်ရောက်မှု မရှိဘူး... အကယ်၍ သင်သာ အမွေခံ အပြစ်သား တစ်ယောက် မဟုတ်ခဲ့ရင် ဒီမေးခွန်းကို သင့်ရဲ့ ဝိညာဉ်ဆီ တိုက်ရိုက်မေးမြန်းမှာ ဖြစ်ပြီး သင့်ရဲ့ အဖြေကပဲ သင့်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်သွားမှ်"
အနက်ရောင် အရိုးစုက ဖြေကြားသည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ အခြားသူများသာ ဆိုလျှင် ဤစကားကြောင့် တုန်လှုပ်သွားနိုင်သော်လည်း သူကမူ မည်သို့မျှ မခံစားရချေ။ တစ်ခါတစ်ရံတွင် အချို့သော ပုဂ္ဂိုလ်များမှာ အကြောင်းပြချက် မရှိဘဲ ထူးဆန်းစွာ သေဆုံးသွားကာ အချိန်မြစ်အတွင်း ပျောက်ကွယ်သွားကြသည်က ဤသို့ကြောင့် ဖြစ်ပေလိမ့်မည်။
"တခြား သေမျိုးတွေရော ငရဲရဲ့ ကပ်ဘေးတွေကို ရင်ဆိုင်ရတာလား..."
"..."
ယခုတစ်ကြိမ်တွင်တော့ အနက်ရောင် အရိုးစုမှာ ဆိတ်ဆိတ်၍သာ နေခဲ့သည်။
"ဪ... ဟုတ်သားပဲ..."
ဝေ့ဝူယင် သူ့ အမှားကို ချက်ချင်း သတိထားမိသွား၏။
"အပြစ်သား သွေးမျိုးဆက် ရှိတဲ့ တခြား သေမျိုးတွေရော ငရဲရဲ့ ကပ်ဘေး တွေကို မဖြစ်မနေ ရင်ဆိုင်ရတာလား..."
ပထမမေးခွန်းတွင် အမှားအယွင်း ရှိခဲ့သည်။ သက်ရှိ မှန်သမျှသည် ကောင်းကင်တာအို၏ သန့်စင်မှုကို ခံယူရမည် ဖြစ်သောကြောင့် အဖြေမှာ ‘ဟုတ်သည်’ ဖြစ်မည်သာ။
"..."
သို့သော် ယခုတစ်ကြိမ်လည်း အနက်ရောင် အရိုးစုက ဘာမျှ မဖြေချေ။ ဝေ့ဝူယင် ပိုမို ကောင်းမွန်သော မေးခွန်းပုံစံကို စဉ်းစားလိုက်၏။
သို့သော်လည်း... သူ မမေးရသေးခင်မှာပင် အနက်ရောင် အရိုးစုက အမှတ်မထင် ပြောလိုက်သည်။
"ကောင်းကင်တာအိုရဲ့ သန့်စင်မှု ရှေ့မှောက်မှာ သေမျိုး နှစ်ယောက်ပဲ ထိခိုက်မှု မရှိဘဲ ကျန်ရစ်ခဲ့ဖူးတယ်"
၎င်းမှာ ဝေ့ဝူယင် မေးသော မေးခွန်းအတွက် တိုက်ရိုက် အဖြေမဟုတ်သော်လည်း သူ သိလိုသော အဖြေပင် ဖြစ်သည်။
တစ်ယောက်က သူ ကိုယ်တိုင် ဖြစ်ပြီး အခြားတစ်ယောက်မှာမူ ‘ပထမဆုံးသော အပြစ်သား’ ဖြစ်နိုင်ပေသည်။ ဤအချက်က အခြားသော မေးခွန်းများစွာကိုလည်း အဖြေပေးသွားခဲ့သည်။
သူက အပြစ်သား သွေးမျိုးဆက်ကို အချိန်မတိုင်မီ စောစီးစွာ ရရှိခဲ့သည့် ကံဆိုးသူ မောင်ရှင် သေမျိုး တစ်ဦးဟု ဆိုနိုင်ပေသ်ည။ အခြားသူများမှာ သေမျိုးအဆင့်တွင် မူလအပြစ် မျိုးစေ့ကို ရရှိပြီး သူတော်စင်တို့၏ အဆင့်ကို ရောက်မှသာ အပြစ်သား သွေးမျိုးဆက် နိုးထလာကာ ငရဲ၏ ကပ်ဘေးကြီး ၁၈ ခုကို စတင် ရင်ဆိုင်ကြရခြင်း ဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိ၏။ ငွေရောင်ဆံပင်နှင့် အရူးလူငယ် ပေါ်မလာခဲ့လျှင်ပင် သူတော်စင်တို့၏ အဆင့်ကို ရောက်သည့် အခါ သူ ငရဲ၏ ကပ်ဘေးများကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ သေချာတာ တစ်ခုကတော့ ထိုအချိန်မတိုင်ခင် လုံချန်၏ ဓားချက်ဖြင့် သေဆုံးသွားရဖို့ အလွန် အခွင့်အလမ်း များပေသည်။
"ငါ ဒီမှာ ကြာကြာ မနေနိုင်ဘူး... အခု ‘အပြစ်သား ထုံးတမ်း - ရာဂ’ ကို စတင်မယ်..."
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ သူ့တွင် မေးစရာ မေးခွန်းများစွာ ရှိနေသေးသော်လည်း အနက်ရောင် အရိုးစုမှာ သူ့ကို လုံလောက်စွာ အချိန်ပေးခဲ့ပြီးပြီ ဖြစ်သည်။
ထို့နောက် မေးခွန်း ပေါ်ထွက်လာသည်။ ဝေ့ဝူယင် ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင် သူ၏ ဝိညာဉ်ပင် တုန်ခါသွားရ၏။
"ရာဂ ဆိုတာ ဘာလဲ..."
ရာဂ...
"သင့်မှာ သုံးကြိမ် အခွင့်အရေး ရှိတယ်... သင် စိတ်ကြိုက် ဖြေနိုင်တယ်..."
***