ကျွန်တော် ထပ်ပြီး မရှုံးစေရဘူး
Vol. 14 Ch. 183
ဗင်းဆင့်၏ အခြေအနေ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာသည်ကို တွေ့လိုက်ရပြီး နောက်တွင်တော့ လင်ကျဲက ဖတ်လက်စ စာအုပ်ကို ချကာ လည်ချောင်း တစ်ချက် ရှင်းရင်း ပြောလိုက်၏။
"ကျွန်တော် ခင်ဗျားကို အခွင့်အရေးတစ်ခု ဆုပ်ကိုင်ဖို့ ပြောရတဲ့ အကြောင်းရင်းကို အမှန်အတိုင်း ပြောရရင် ခင်ဗျားရဲ့ ကိုယ်ပိုင်အင်အား တစ်ခုတည်းနဲ့ ဘာမှလုပ်နိုင်မှာ မဟုတ်လို့ပဲ..."
"နည်းနည်း ချဲ့ကား ပြောရရင် ခင်ဗျားက ဘုရားကျောင်းတော်ကို ထိပ်တိုက်ရင်ဆိုင်တယ်ထား... သူတို့ထဲက ဆယ်ယောက်လောက်ကို ခင်ဗျား အနိုင်ယူနိုင်ကောင်း ယူနိုင်လိမ့်မယ်... ဒါပေမဲ့ ဆယ်ယောက်ပဲလေ... အမိုးခုံး ဘုရားကျောင်းတော်မှာ ကိုးကွယ်သူတွေနဲ့ ဓမ္မဆရာတွေ မရေမတွက်နိုင်အောင် ရှိတာ"
"နောက်ပြီး အဲဒီ လုပ်ရပ်က အရမ်း အန္တရာယ်များလွန်းတယ်... ခင်ဗျားရဲ့ တန်ဖိုးရှိတဲ့ အသက်ကို အဲဒီလို လူယုတ်မာ အနည်းငယ်နဲ့ လဲလှယ်ဖို့ဆိုတာ တကယ်ကို မလိုအပ်တဲ့ ကိစ္စပဲ..."
ဗင်းဆင့် ထိုင်ခုံပေါ်တွင် ထိုင်လျက် ငေးငိုင်စွာ နားထောင်နေမိ၏။ ချမ်းစိမ့်တုန်လှုပ်မှုတစ်ခုက သူ့ကို လက်တွေ့ကမ္ဘာဆီသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။ သူ့ မျက်နှာတွင် ချွေးစေးများ ပြည့်နှက်နေပြီး ကြောက်လန့်နေသော ပုံစံပေါက်နေ၏။
သူက ဝေခွဲမရဖြစ်နေသေးသော်လည်း စိုးရိမ်တကြီး ခေါင်းညိတ်ကာ လင်ကျဲ၏ ပြောစကားများကို ထောက်ခံလိုက်သည်။
"ဟုတ်ပါတယ်... ဆရာ ပြောတာ မှန်ပါတယ်"
လင်ကျဲက ဘုန်းတော်ကြီးဟောင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ နားလည်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့်ပင် သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
"ဒါကြောင့် တိုက်ရိုက် ပြန်တိုက်ခိုက်တာက အလုပ်မဖြစ်ဘူး ဆိုတာ သိသာတယ်... ဒါပေမဲ့ ခင်ဗျားမှာ အမိုးခုံး ဘုရားကျောင်းတော်ကို ပြန်တိုက်ဖို့ အကြီးမားဆုံး ဝှက်ဖဲ ရှိနေပြီလေ... ဟုတ်တယ်မလား”
ဗင်းဆင့်က ချက်ချင်း တုံ့ပြန်လိုက်၏။
"ဟုတ်ပါတယ်... လပြည့်ဝန်း အဆီအနှစ်ပါပဲ..”
စာအုပ်ဆိုင် ပိုင်ရှင် ပြောတာ မှန်သည်။ သူတစ်ယောက်တည်းနှင့် အမိုးခုံး ဘုရားကျောင်းတော်ကို ဖြုတ်ချရန် မဖြစ်နိုင်ပေ။ အခုအချိန်တွင် ပို၍ အရေးကြီးသည့် အရာက အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့နှင့် အမိုးခုံး ဘုရားကျောင်းတော်၏ ယုံကြည်မှုအတုအယောင်ကို ဖျက်ဆီးပစ်ဖို့ပင်။
ကံဆိုးစွာပင် သူ၏ လပြည့်ဝန်း အဆီအနှစများ အားလုံးမှာ ဧရာမ ပေါက်ကွဲမှုနှင့် မီးတောက်များအတွင်း တစ်စက်မျှမကျန်အောင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
သူက ထိုအကြောင်းကို လင်ကျဲအား ပြောပြလိုက်၏။ သို့သော်လည်း လင်ကျဲက ပြုံးလျှက် ခေါင်းခါလိုက်သည်။
"လက်ထဲမှာ ရှိနေဖို့ အရေးမကြီးပါဘူး... အရေးကြီးတာက အဲဒီဟာရဲ့ မြစ်ဖျားခံရာ၊ ပါဝင်ပစ္စည်းတွေနဲ့ သက်သေအထောက်အထားတွေပဲ..."
"ဒါတွေအားလုံးကတောင် သိပ်ပြီး အရေးမကြီးသေးပါဘူး... အဓိက အကျဆုံးအချက်က လူတွေ ခင်ဗျားကို ယုံကြည်လာအောင် လုပ်ဖို့ပဲ"
လင်ကျဲက လက်ပိုက်လိုက်ရင်း ဆက်ပြောလိုက်သည်။
"ဒီလို ပစ္စည်းတွေအတွက် ကုန်ကြမ်းတွေ ရဖို့ဆိုရင် သူတို့မှာ သီးသန့် လမ်းကြောင်းတွေ ရှိရမယ်... အကယ်၍ ရှိခဲ့တယ်ဆိုရင်တော့ အက်ရှ် ကုန်သည်ကြီးများအသင်းနဲ့ ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တို့က တစ်ခုခု သိနေမှာ သေချာတယ်... ကျွန်တော် သူတို့ကို အကူအညီတောင်းပြီး စုံစမ်းခိုင်းလိုက်ပါ့မယ်... အမိုးခုံး ဘုရားကျောင်းတော်ကို တုန်လှုပ်သွားစေမယ့် ဝါဒဖြန့်မှုမျိုးနဲ့ ပတ်သက်ရင်တော့ ခင်ဗျားလို ဘုန်းတော်ကြီးတစ်ပါးက ကျွန်တော့်ထက် ပိုသိမှာပါ"
"ဪ... ဒါနဲ့ ပြောရဦးမယ်... အမိုးခုံး ဘုရားကျောင်းတော်ကတော့ ခင်ဗျားကို နှုတ်ပိတ်ဖို့ နည်းလမ်းမျိုးစုံ စဉ်းစားနေမှာပဲ... သူတို့ မကြာခင် ရောက်လာတော့မယ် ထင်တယ်... ဟဲ... ဟဲ... ဒါပေမဲ့ မပူပါနဲ့"
လင်ကျဲ မိမိ၏ ဖောက်သည် အဆက်အသွယ်များ အပေါ် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်ရင်း ကလောက်၏ ဖုန်းနံပတ်ကို နှိပ်လိုက်၏။ တစ်ခဏကြာပြီးနောက် ဆက်သွယ်၍ ရသွားခဲ့သည်။
"ဟယ်လို... ရဲစခန်းကလား... အမိုးခုံး ဘုရားကျောင်းတော်နဲ့ ပတ်သက်ပြီး ပြဿနာတစ်ခု တက်တော့မယ်ထင်တယ်"
....
တစ်ချိန်တည်း၌ အမိုးခုံး ဘုရားကျောင်းတော် အတွင်းတွင်...
"ဗင်းဆင့်က စာအုပ်ဆိုင်ကို တကယ်ပဲ ပြန်ရောက်သွားပြီပေါ့... အဲဒီ အခရာအဆင့် ပုဂ္ဂိုလ်က နောက်ကွယ်ကနေ ကြိုးကိုင်တဲ့သူ တကယ်ပဲ ဖြစ်ပုံရတယ်"
“မဟုတ်ရင် ဗင်းဆင့်လို သာမန် ဘုန်းတော်ကြီး တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက် စနစ်ကျတဲ့ လမ်းညွှန်မှုမျိုးကို ရနိုင်မှာလဲ... နောက်ပြီး လပြည့်ဝန်း အဆီအနှစ် အပေါ်မှာ သံသယတွေ ဖြစ်လာဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ ကိစ္စပဲ...”
"ဒါတွေအားလုံးက ဗန်ဆက်ဆာ မသေခင်က ပို့ခဲ့တဲ့ အစီရင်ခံစာထဲမှာ ပါပြီးသားပဲ... ဒီစာအုပ်ဆိုင်ပိုင်ရှင်ဆိုတာ မိစ္ဆာနတ်ဘုရားတစ်ပါးရဲ့ လက်ပါးစေ ဖြစ်ရမယ်"
"သူတို့ရဲ့ ရည်ရွယ်ချက်က အမိုးခုံး ဘုရားကျောင်းတော်ကို တုန်လှုပ်စေဖို့နဲ့ သိမ်းပိုက်ဖို့ဆိုရင်တော့... ဒီထိုးနှက်ချက်က နောက်ဆုံး မဟုတ်သေးဘူး"
“သူက အခရာအဆင့် ဖြစ်နေတော့ရော ဘာဖြစ်လဲ... ငါလည်း အခရာ အဆင့် တစ်ယောက်ပဲ မဟုတ်ဘူးလား”
ပုပ်ရဟန်းမင်းကြီး ရော့ဒ်နီက မျက်မှောင်ကြုတ်ရင်း သူ၏ ရာဇလှံတံထိပ်ဖျားကို ကြည့်လိုက်၏။ မူလက အရည်ပျော်သွားခဲ့သည့် အစိတ်အပိုင်းမှာ ပြန်လည် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သော်လည်း ယခင်ကထက်စာလျှင် အနည်းငယ် မှိန်ဖျော့နေသည်။
သူ့ထံတွင် အိပ်စက်နေသည့် လပြည့်ဝန်း ကလေးငယ်ဟု ခေါ်သည့် အထွတ်အမြတ် ပစ္စည်းကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထိုအရာက လမင်း၏ ရင်သွေးနှင့် ဆင်တူကာ လမင်း၏ အင်အားတစ်စိတ်တစ်ပိုင်း ကိန်းအောင်းနေသည်။
သူက သတင်းလာပို့သော နောက်လိုက်အား ထွက်ခွာသွားရန် အချက်ပြလိုက်၏။ ထို့နောက်... ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ရှယ်ရီလ်..."
"ရောက်ပါပြီ"
ချက်ချင်းပင်... အဖြူရောင် သီလရှင်ဝတ်စုံ ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးက ပေါ်လာကာ ပြန်လည်ဖြေကြားလိုက်သည်။ သူမ ထံမှ နှိုင်းတုလို့ မရနိုင်သည့် မြင့်မြတ် သန့်စင်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
သို့သော်လည်း... ယခုအချိန်၌ သူမမှာ ကလေးတစ်ဦးနှင့်အတူ ရှိနေပြီး သူမ၏ မျက်နှာ အမူအရာတွင် ပေါ်လွင်နေသည့် နူးညံ့မှုတို့က မိခင်တစ်ဦး၏ အရောင်အဝါမျိုးပင်။
ရော့ဒ်နီက မေးလိုက်သည်။
"ဘတ်ခ်ရဲ့ သန္ဓေတည်မှု အခြေအနေ ဘယ်လိုရှိလဲ..."
ရှယ်ရီလ်က သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။
"အဆင်ပြေပြေနဲ့ ဖြစ်ထွန်းနေပါတယ်... ကျွန်မ သူ့ကို အမှောင်ထုထဲကနေ ပြန်ပြီး ခေါ်ဆောင်လာပါ့မယ်... မွေး... အား...."
စကားပြောနေစဉ်မှာပင် ရှယ်ရီလ်၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူမသည် ဝမ်းဗိုက်ကို ကိုင်ထားရင်း လက်ချောင်းများကြားမှ သွေးများစွာ ပန်းထွက်လာခဲ့သည်။ သူမ၏ နဖူးပေါ်တွင် ချွေးစေးများ ပြည့်နှက်လာသော်လည်း နာကျင်နေသည့် အမူအရာက ကျေနပ်အားရမှုများနှင့် ရောယှက်နေ၏။
"မွေး... မွေးဖွားခြင်းနဲ့... သေဆုံးခြင်းဟာ... အဖန်တလဲလဲ ဖြစ်ပေါ်နေတယ်... သေဆုံးသွားသူတွေဟာ... ရှင်သန်ခြင်းကို ပြန်လည် ရရှိကြ... အား..."
ရှယ်ရီလ်၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။ သူမ၏ ဖောင်းကားနေသည့် ဝမ်းဗိုက်မှာ အတွင်းပိုင်းမှ လက်တစ်ဖက်ဖြင့် ဆွဲဖြဲခြင်း ခံလိုက်ရသည်။ ထိုလက်မှာ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး၏ လက်ဖြစ်ကြောင်း ထင်ရှားလှသည်။
“အား... အား...”
နာကျင်စွာ အော်ဟစ်သံများ ကြားမှပင် ပြန်လည်အသက်ဝင်လာသော ဘတ်ခ်မှာ ရှယ်ရီလ်၏ ဝမ်းဗိုက်ထဲမှ တွားသွားကာ ထွက်လာခဲ့၏။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပိုင်းကွဲလုနီးပါး ဖြစ်နေသည့် ရှယ်ရီလ်မှာ သူမ၏ ဖြူရော်နေသည့် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
ထိုလက်နှစ်ဖက်က မြေပြင်ကို ထောက်ထားကာ ကျန်ရှိနေသည့် ခန္ဓာကိုယ်ကို ထိန်းမတ်ပေးထားသည်။ ထို့နောက်တွင်တော့... စုတ်ပြဲသွားသော ဝမ်းဗိုက်မှ စတင်၍ ရှယ်ရီလ်၏ အရေပြားမှာ အတွင်းပိုင်းမှနေ၍ လှန်လာခဲ့ကာ အခြားသော အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဍာန်ကို ဖြစ်ပေါ်လာခဲ့တော့သည်။
သူမက အမှောင်မယ်တော် အန်ဂျလီနာပင် ဖြစ်လေတော့သည်။ အန်ဂျလီနာက ကောင်းကင်သို့ မော့ကြည့်ရင်း နတ်ပူး သကဲ့သို့ တုန်ရီလာကာ ဗတ္တိဇံမင်္ဂလာ ခံယူစဉ် စကားလုံးများကို စတင် ရေရွတ်လေတော့၏။
“ငါတို့သည် လမင်းနှင့် တစ်သားတည်း ဖြစ်သည်... အလင်းရောင်အောက်တွင် မွေးဖွားပြီး အမှောင်ထုအောက်တွင် သေဆုံးရသည်... လမင်းကြီး အလင်းနှင့် အမှောင်ကြားတွင် တစ်ပတ်လည်သွားတိုင်း မွေးဖွားခြင်းနှင့် သေဆုံးခြင်း သံသရာသည် အဖန်တလဲလဲ ဖြစ်ပေါ်နေသည်... သေဆုံးသွားသူတို့သည် ဘဝသစ်ကို ပြန်လည် ရရှိကြသည်...”
တစ်ချိန်တည်း၌ ဘတ်ခ်မှာ ရော့ဒ်နီ၏ ရှေ့မှောက်တွင် ရူးသွပ်နေသည့် မျက်ဝန်းများဖြင့် ဒူးထောက်လိုက်ပြီး ခိုင်မာစွာ ကြေညာလိုက်လေတော့၏။
"ဒီတစ်ကြိမ်တော့ ကျွန်တော် ထပ်ပြီး မရှုံးစေရတော့ပါဘူး..."
***