ဘတ်ခ်
Vol. 14 Ch. 184
ကလောက် တစ်ယောက် ဘလပ်ဖိစ်၏ လှုပ်ရှားမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက် အစီရင်ခံစာများကို စစ်ဆေးနေခဲ့၏။ သူ၏ စားပွဲပေါ်တွင် ဦးစားပေးအဆင့်နှင့် ဆက်စပ်မှုအလိုက် ခွဲခြားထားသည့် စာရွက်စာတမ်းပုံကြီးမှာ တောင်ပုံရာပုံ ဖြစ်နေပြီဖြစ်သည်။
ထိုအထဲမှ စာရွက်စာတမ်းအချို့ကို အမျိုးအစားခွဲခြားပြီး အခြားဌာနများနှင့် အကြီးအကဲများထံ ပေးပို့ရန် တံဆိပ်ရိုက်နှိပ်ပြီး ဖြစ်သော်လည်း... ကိုင်တွယ်ဖြေရှင်းဖို့ စောင့်ဆိုင်းနေသည့် အရာများစွာ ကျန်ရှိနေသေးသည်။ ဘလပ်ဖိစ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၏ ဦးစားပေးအဆင့်မှာ မြင့်မားလှသဖြင့် သူ၏ ယနေ့မွန်းလွဲပိုင်း အလုပ်များမှာ စတင်ရုံမျှသာ ရှိသေးသည်ဟု ဆိုနိုင်ပေသည်။
ယနေ့ နံနက်အစောပိုင်းကတင် ကလောက်မှာ စစ်ဆင်ရေး၏ တိုက်ပွဲမြေပြင်မှ အနားယူကာ အလုပ်ခွင်သို့ အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်သည်။
ထိုအရာကပင် လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် ထောက်လှမ်းရေးဌာနခွဲရှိ ဘဝမှာ မလွယ်ကူကြောင်း သက်သေပြနေသည်...။ အမှန်အတိုင်း ပြောရလျှင် ကလောက်မှာ မိမိကိုယ်မိမိ ငယ်ငယ်ရွယ်ရွယ်နှင့် ထိပ်ပြောင်သွားမည်ကို စိုးရိမ်နေပြီး သူ၏ ဆံပင်ကို အထူးဂရုစိုက် နေရသည်။
သို့သော်လည်း... နံနက် အိပ်ရာထ၊ မျက်နှာသစ်၍ မှန်ကြည့်တိုင်း တဖြည်းဖြည်း နောက်သို့ ဆုတ်နေသည့် ဆံပင် အနားသတ်လိုင်းများကို ကြည့်ကာ သူ့ စိတ်ဓာတ်ကျမှုများက အထွတ်အထိပ်သို့ ရောက်ရှိလာလေ့ ရှိသည်။
"တစ်ခါတလေကျရင် ဆရာက ငါ့ အခမဲ့လုပ်အားပေးခိုင်းဖို့အတွက်ပဲ သူ့ တပည့်အဖြစ် လက်ခံခဲ့တာလားလို့တောင် သံသယဖြစ်မိတယ်"
ကလောက်က တစ်ကိုယ်တည်း ရေရွတ်ရင်း သက်ပြင်းချကာ ပြီးစီးသွားသည့် ဖိုင်တွဲပုံထဲသို့ ဖိုင်တစ်ခုကို ပစ်ထည့်လိုက်သည်။
တီ... တီ...
ထိုအချိန်တွင် သူ၏ ဆက်သွယ်ရေးကိရိယာမှ မြည်သံ ထွက်ပေါ်လာ၏။ ကလောက် သက်ပြင်းတစ်ချက် ချရင်း ဆက်သွယ်ရေးကိရိယာကို ချက်ချင်း ထုတ်ယူလိုက်သည်။ သို့သော်လည်း... မျက်နှာပြင်ပေါ်ရှိ နာမည်ကို မြင်လိုက်ရသည့်အခါ သူ၏ အမူအရာက လေးနက် သွားခဲ့၏။
ဆရာကြီးလင်...
ကလောက် ဖုန်းကိုင်လိုက်သည့်အခါ လင်ကျဲ၏ တိုင်ကြားချက်ကို ကြားလိုက်ရတော့သည်။
"ဟယ်လို... ရဲစခန်းကလား... အမိုးခုံး ဘုရားကျောင်းတော်နဲ့ ပတ်သက်ပြီး ပြဿနာတစ်ခု တက်တော့မယ်ထင်တယ်"
ကလောက် တစ်ယောက် ဆွံ့အသွားကာ ဆက်သွယ်ရေးကိရိယာမှာ လက်ထဲမှ လွတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့၏။
‘အမိုးခုံး ဘုရားကျောင်းတော်... သူတို့ ဘာဖြစ်လို့လဲ... သူတို့က ဆရာကြီးလင်ကို ဘယ်လိုများ သွားစော်ကားမိလို့လဲ...’
‘ခဏလေး နေဦး... ဟိုတစ်နေ့ညက အမိုးခုံး ဘုရားကျောင်းတော် တိုက်ခိုက်ခံရတာနဲ့ သတ္တမမြောက် စီရင်စု ကျောင်းဆောင် ပျက်စီးသွားတဲ့ ကိစ္စရဲ့ နောက်ကွယ်မှာ စာအုပ်ဆိုင်ပိုင်ရှင် ရှိနေတာလား... အဲဒီအတိုင်းသာဆိုရင် အားလုံးက ယုတ္တိရှိသွားပြီ...’
‘အင်းလေ... စဉ်းစားကြည့်ရင် ဒီလိုအစွမ်းမျိုးက ဆရာကြီးလင်မှာပဲ ရှိနိုင်တာပဲ... တကယ့်လူတွေ... ဘာကိစ္စရှိလို့ သူ့ကို သွားပတ်သက်ကြတာလဲ’
ကလောက်၏ စိတ်အတွင်း အတွေးပေါင်း များစွာက မီးခိုးကြွက်လျှောက် ဖြတ်ပြေး သွားခဲ့၏။ အမှန်တရား ရှာဖွေသူ အုပ်စု၏ ပြဿနာကို ဖြေရှင်း ပြီးစီးသွားတာတောင် မကြာသေးချေ။
အမှန်တရား အသင်းတော် ဥက္ကဌ၏ တူဖြစ်သူ ဦးဆောင်သည့် ထိုလူငယ်တစ်စုမှာ စာအုပ်ဆိုင်သို့ သွားရောက်ခဲ့ကြပြီး... ပြန်ထွက်လာသည့်အခါတွင်မူ လုံးဝ လိမ္မာယဉ်ကျေးသွားကြကာ စာအုပ်ဆိုင်ပိုင်ရှင်၏ နောက်လိုက်များ ဖြစ်သွားခဲ့ကြသည်။
ထိုလူငယ်တစ်စုမှာ ပြင်းထန်သည့် သင်ခန်းစာတစ်ခုကို သေချာပေါက် သင်ယူခဲ့ရပြီဟု ကလောက် ယုံကြည်သည်။
ဆရာကြီးလင်မှာ တစ်ဖက်တွင် အခရာအဆင့် ခြိမ်းခြောက်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး... အခြားတစ်ဖက်တွင်လည်း ချိုသာ၍ ဆွဲဆောင်မှုရှိသည့် စကားလုံးများ ရှိကာ ထိုနှစ်ခုကြားတွင်မူ အနန္တပညာရပ်များ ပြည့်နှက်နေသည့် စာအုပ်ဆိုင်ကြီး ရှိနေသည်။
အကြီးအကဲ ကောင်စီကပင် စာအုပ်ဆိုင်ပိုင်ရှင်မှာ နတ်ဘုရား တစ်ပါး သို့မဟုတ် အသိပညာ နတ်ဘုရားနှင့် ဆက်စပ်နေနိုင်ပြီး... လမ်းမှားရောက်နေသော အမှန်တရားအသင်းတော် အဖွဲ့ဝင်များကို မှန်ကန်သော ယုံကြည်မှု လမ်းကြောင်းပေါ်သို့ ပြန်လည်ခေါ်ဆောင်ရန် ရည်ရွယ်ချက် ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။
ယခု... အမှန်တရားအသင်းတော်၏ ပြဿနာများ ရှုပ်ယှက်ခတ် နေတုန်းမှာပင် အမိုးခုံး ဘုရားကျောင်းတော်က အဘယ်ကြောင့် သွားရောက် ရှုပ်ယှက်ခတ်ရသနည်း။
"သူဌေးလင်... နည်းနည်းလောက် အသေးစိတ် ပြောပြလို့ ရမလား... အမိုးခုံး ဘုရားကျောင်းတော်မှာ ဘာပြဿနာ တက်နေလို့လဲ..."
ကလောက်က သတိထား၍ မေးလိုက်၏။ လင်ကျဲ၏ အသံမှာ ဆက်သွယ်ရေးကိရိယာမှ ထွက်ပေါ်လာပြီး ဗင်းဆင့်နှင့် ပတ်သက်သည့် အကြောင်းအရာအားလုံးကို ပြောပြလေတော့သည်။ မှန်ပေ၏။ သူက အမိုးခုံး ဘုရားကျောင်းတော်၏ ဆိုးယုတ်မှုများနှင့် ဗင်းဆင့် ယခုရင်ဆိုင်နေရသည့် အန္တရာယ်ကိုလည်း အလေးပေး ပြောဆိုရန် မမေ့ခဲ့ပေ။ ဗင်းဆင့်မှာ ဒုက္ခသည် တစ်ယောက် ဖြစ်သဖြင့် သူ့ကို သဘာဝအတိုင်း အကာအကွယ်ပေးရန်နှင့် ကယ်တင်ရန် လိုအပ်ပေသည်။
"လပြည့်ဝန်း အဆီအနှစ်..."
ကလောက်၏ မျက်နှာက ပြောင်းလဲ သွားခဲ့၏။ သူက ထိုသတင်းအချက်အလက်၏ မှန်ကန်မှုကို သံသယမရှိပေ။ ဆရာကြီးလင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးမှာ သူတို့ကို လိမ်ညာရန် မလိုအပ်ပေ။ ထို့ပြင်... လပြည့်ဝန်း အဆီအနှစ်တွင် ဘေးထွက်ဆိုးကျိုးများ အမှန်တကယ် တကယ်ရှိနေပါက လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်၏ အင်အားဖြင့် စုံစမ်းစစ်ဆေးရန်မှာ ခဏလေးသာ ကြာပေလိမ့်မည်။
ထိုအဆီအနှစ်မှာ မကြာသေးမီကမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဘလပ်ဖိစ် ၏ လှုပ်ရှားမှုများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ အကယ်၍ ထိုနှစ်ခုကြားတွင် ဆက်နွှယ်မှု တစ်ခုခု ရှိနေပါက ဤသည်မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။ အကယ်၍ အမိုးခုံး ဘုရားကျောင်းတော်တွင် ပြဿနာတကယ်ရှိပါက လူပေါင်းထောင်ချီ၍ ပါဝင်ပတ်သက်သွားနိုင်ပေသည်။
ဤကိစ္စမှာ ကြီးလေးလွန်းသဖြင့် ကလောက်တစ်ယောက်တည်း ချက်ချင်း ဆုံးဖြတ်၍ မရပေ။ သူ့ အနေဖြင့် ဂျိုးဇက်နှင့် တိုင်ပင်ကာ အကြီးအကဲများ ကောင်စီသို့ အကြောင်းကြားရန် လိုအပ်သည်။
ကလောက်က မတ်တပ်ရပ်ကာ အပေါ်ထပ် ဝတ်ရုံကို ကောက်ဝတ်လိုက်၏။
"ခဏလောက် စောင့်ပေးပါ သူဌေးလင်... ဖြစ်နိုင်ရင်တော့ အနှောင့်အယှက်တွေ အများကြီး မဖြစ်အောင် ထိန်းပေးထားစေချင်ပါတယ်... ကျွန်တော် အထက်လူကြီးတွေဆီက လမ်းညွှန်ချက်တောင်းပြီး အမြန်ဆုံး လာခဲ့ပါ့မယ်"
လင်ကျဲက နားလည်ကြောင်း ပြန်ပြောလိုက်သည်။ မည်သို့ပင် ဆိုစေ... အဆင်အခြင်မဲ့ လှုပ်ရှားခြင်းမှာ ရန်သူကို မလိုအပ်ဘဲ သတိပေးမိနိုင်သဖြင့် ပညာမဲ့ရာ ရောက်ပေသည်။ သူက သူတို့ဘက်တွင် အင်အားမရှိသည့်အပြင် အခြေအနေမှာလည်း အလွန်အန္တရာယ်များနေကြောင်း၊ ရဲများ အမြန်ဆုံး ရောက်ရှိလာရန်သာ မျှော်လင့်ကြောင်းကိုသာ ပြောပြလိုက်သည်။
ကလောက်ကတော့ မယုံကြည်နိုင်သည့် မျက်နှာထားဖြင့် နှုတ်ခမ်းများ တွန့်ကာ သဘောတူလိုက်ရ၏။ သူ ဘာများ ထပ်ပြောနိုင်ဦးမည်နည်း။ ယခုလို အခြေအနေမျိုးတွင် ပြုံးပြုံးလေးနှင့် ယဉ်ယဉ်ကျေးကျေး ပြန်ပြောဖို့သာ လိုအပ်သည်။
...
ထိုနေ့ည...
ဘတ်ခ်မှာ စာအုပ်ဆိုင်နှင့် အနည်းငယ် ကွာဝေးသည့် နေရာရှိ လေထဲတွင် ဝဲပျံနေခဲ့၏။ သူက အနက်ရောင်ဝတ်ရုံ အသစ်တစ်ထည်ကို ဝတ်ဆင်ထားကာ အမှောင်ထုနှင့် လုံးဝ တစ်သားတည်း ဖြစ်နေသည်။ မျက်နှာဖုံးတွင် အပေါက်များနှင့် ကနုတ်များ မရှိသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
ရွှစ်...
သူ၏ တံစဉ်ကြီးမှာ လေထဲတွင် လခြမ်း ပုံသဏ္ဍာန်အတိုင်း စူးရှသည့် ကွေးညွှတ်မှုတစ်ခုကို ဖန်တီးလိုက်၏။
ဘတ်ခ် စာအုပ်ဆိုင်ရှိရာသို့ မျက်နှာမူရင်း အတွင်းမှ လှုပ်ရှားမှုများကို အာရုံခံကြည့်လိုက်သည်။ လောလောဆယ်တွင် လူသုံးယောက် အိပ်ပျော်နေပုံရသည်။ ဗင်းဆင့်မှာ စာအုပ်ဆိုင်အတွင်း ပုန်းအောင်းနေပြီး ကျန်နှစ်ယောက်မှာ စာအုပ်ဆိုင်ပိုင်ရှင်နှင့် သူ၏ လက်ထောက်အသစ် ဖြစ်ပုံရသည်။
သူတို့ထံမှ ထွက်ပေါ်နေသည့် အီသာ စွမ်းအင်များက အလွန်ပင် သာမန်ဆန် နေကြသည်။ အထူးသဖြင့် စာအုပ်ဆိုင်ပိုင်ရှင်ထံမှ အီသာစွမ်းအင်လှိုင်းထွက်ပေါ်မှုမှာ မည်သည့် သာမန်လူသားနှင့်မဆို အတူတူပင် ဖြစ်ပြီး အလွန်ပင် အားနည်းလှသည်။
သို့သော်လည်း... ဤသည်မှာ ဟန်ဆောင်မှုသက်သက်သာဖြစ်ကြောင်း မည်သူမဆို သိနိုင်သည်။ ရိုးရှင်းလွန်းပြီး လုံးဝအတုအယောင်ဖြစ်သည့် ဟန်ဆောင်မှုပင်။
ဆန့်ကျင်ဘက်အနေဖြင့်… ပတ်ဝန်းကျင်တွင်မူ ညကောင်းကင်ယံရှိ မီးပြတိုက်များအလား ထင်ရှားလှသည့် အစွမ်းထက် အီသာလှိုင်းများစွာ ရှိနေခဲ့သည်။ ဤလူများမှာ အမိုးခုံး ဘုရားကျောင်းတော်၏ ဆုကြေးငွေကြောင့် စုဝေးလာကြသည့် အခွင့်အရေး သမားများ ဖြစ်ကြပြီး အခြေအနေကို စောင့်ကြည့်ကာ အခွင့်အရေးကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
သို့သော်လည်း... ယခု ဘတ်ခ် ရောက်ရှိလာသည့်အခါတွင်မူ သူတို့၏ လှုပ်ရှားနေသည့် အီသာလှိုင်းများမှာ ချက်ချင်းပင် ငြိမ်ကျသွားခဲ့ကြပြီ ဖြစ်သည်။ သူတို့က လငပုပ် တမန်တော်ဘတ်ခ် နှင့် ဒဏ္ဍာရီလာ စာအုပ်ဆိုင်ပိုင်ရှင်တို့၏ တိုက်ပွဲကို စောင့်ကြည့်ရန် ပြင်ဆင်လိုက်ကြပြီ ဖြစ်သည်။
သေမင်း နိုင်ငံတော် ဘတ်ခ်သည် ဘာသာရေး ဖောက်ပြန်သူနှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် အသတ်ခံခဲ့ရပြီး အလင်း မယ်တော်၏ အစွမ်းဖြင့် ပြန်လည်အသက်ရှင်လာသည်ကို လူတိုင်း သိကြသည်။ ထိုဖြစ်ရပ်မှာ သူ့ ဘဝတွင် အရှက်ရဆုံးသော ရှုံးနိမ့်မှုပင် ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ ဘတ်ခ်မှာ ပုပ်ရဟန်းမင်းကြီးနှင့် မယ်တော်များ ပေးအပ်ထားသည့် စွမ်းအားများကြောင့် များစွာ ပိုမိုအားကောင်းလာခဲ့သည်။ တိတိကျကျ ပြောရလျှင် ဘတ်ခ်မှာ သူ၏ စွမ်းအားများကို အခရာ အဆင့် အထိပင် အတင်းအကြပ် မြှင့်တင်ထားခြင်း ဖြစ်သည်။
ယခုအချိန်၌ သူ၏ အီသာ စွမ်းအင် လှုပ်ရှားမှုမှာ ပတ်ဝန်းကျင်ရှိ အီသာစွမ်းအား အားလုံးကို ဝါးမြိုနေသည့် ဧရာမ မဟူရာ သေမင်းမီးတောက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူက ယခင်ကထက်ပင် ပိုမိုအစွမ်းထက်နေသည်ဟု ခံစားနေရသည်။
ဘာသာရေး ဖောက်ပြန်သူ ဗင်းဆင့် အသုံးပြုခဲ့သည့် လမင်း၏ တန်ခိုးတော်အား ဆန့်ကျင်နိုင်သော စွမ်းအားမှာ တကယ်ပင် ထူးဆန်းလှသော်လည်း... တစ်ကြိမ် အသုံးပြုတိုင်း စွမ်းအင်များစွာ ကုန်ဆုံးစေသဖြင့် ဆက်တိုက် အသုံးပြု၍ မရနိုင်ပေ။ လက်ရှိ အခြေအနေအရ ဗင်းဆင့်မှာ နောက်တစ်ကြိမ် တိုက်ခိုက်ရန် အလွန်ပင် အားနည်းနေပေလိမ့်မည်။
ထို့ကြောင့်ပင်... ယခုတစ်ကြိမ်၌ သူ တကယ်ရင်ဆိုင်ရမည့်သူမှာ စာအုပ်ဆိုင်ပိုင်ရှင်သာ ဖြစ်သည်။ သို့သော်လည်း... ဘတ်ခ် မကြောက်ပေ။ အကြောင်းကား သူ ပုပ်ရဟန်းမင်းကြီး၏ စကားကို ယုံကြည်သောကြောင့် ဖြစ်သည်။ ရန်သူက အခရာအဆင့် ဖြစ်နေလျှင်ပင် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်မှာလည်း အခရာအဆင့်ပင် မဟုတ်ပါလော။
သူ ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။ လမင်း၏ စစ်မှန်သည့် ယုံကြည်သူများမှာ သေခြင်းတရားကို ဘယ်သောအခါမှ မကြောက်ကြချေ။ သူက လမင်းနှင့် တစ်သားတည်း ဖြစ်သည်။
ဘတ်ခ် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှေ့သို့ တိုးလိုက်လေ၏။
***