← Chapters

အိပ်မက်ဘုံ

Vol. 14 Ch. 185

အိပ်မက်ဘုံ

Vol. 14 Ch. 185

ဘတ်ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။

ဝှစ်...

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ စာအုပ်ဆိုင်ဝင်ပေါက်၏ တစ်ဖက်လမ်းတွင် ပြန်လည် ပေါ်လာခဲ့သည်။ သူ ရှေ့သို့ အသာအယာ လျှောက်လှမ်းလာပြီး တံစဉ်ကို ဝေ့ယမ်းကာ တံခါးကို ဖွင့်လိုက်၏။

ထို့နောက်တွင်တော့ အနက်ရောင် သဲမုန်တိုင်းတစ်ခုအလား စာအုပ်ဆိုင်အတွင်းသို့ တိုးဝင်သွားခဲ့တော့၏။

သို့သော်... ရုတ်တရက် စူးရှတောက်ပသော အဖြူရောင် အလင်းတန်းကြီးတစ်ခု ပေါ်ထွက်လာသဖြင့် ဘတ်ခ် အံ့အားသင့်သွားခဲ့သည်။ သူ မတတ်သာဘဲ ရပ်တန့်လိုက်ရကာ မျက်လုံးများကို လက်ဖြင့် ကာကွယ်လိုက်ရသည်။

"ဒါက ဘာလဲ..."

ဘတ်ခ် နာကျင်မှုကို အံတုရင်း မျက်လုံးများကို ဖွင့်လိုက်ရာ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့၏။

‘နေဦး... မျက်ရည်လား...’

သူ တုန်လှုပ်သွားခဲ့သည်။ ဖျက်ဆီးခြင်းအဆင့် ရောက်ကတည်းက ခန္ဓာကိုယ်၏ လှုပ်ရှားမှုတိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး သာမန်လူသားတစ်ဦးကဲ့သို့ မျက်ရည်ကျခြင်းမျိုး မရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။

သို့သော်လည်း... သူ၏ အဝတ်အစားများနှင့် ဖိနပ်များကို ငုံ့ကြည့်လိုက်သည့်အခါတွင်မူ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ သာမန်လူတစ်ဦး ဖြစ်ခဲ့စဉ်က ပုံစံသို့ ပြန်လည် ရောက်ရှိနေကြောင်း ဘတ်ခ် သဘောပေါက်လိုက်သည်။

သူ စာအုပ်ဆိုင်ကို သေချာမြင်တွေ့နိုင်ရန် အပေါ်သို့ ပြန်လည် မော့ကြည့်လိုက်၏။ သို့သော်လည်း... ဤနေရာမှာ စာအုပ်ဆိုင် မဟုတ်တော့ဘဲ ရှေးဟောင်း စံအိမ်ကြီးတစ်ခု ဖြစ်နေသည်။ အရှေ့သို့ ထပ်မံကြည့်ရှုလိုက်ရာ ပိတ်ထားသည့် ပြတင်းပေါက် အက်ကြောင်းများကြားမှ ဝင်ရောက်လာနေသည့် ရွှေရောင် နေခြည်တန်းလေးများကို မြင်တွေ့လိုက်ရသည်။

‘ဒါပေမဲ့ အခုက ညအချိန် မဟုတ်ဘူးလား...’

ဤသည်မှာ... အိပ်မက်တစ်ခုနှင့် အလွန်ပင် တူလှပေသည်။

‘ချီးပဲ... တစ်ခုခု မှားနေပြီဆိုတာကို ငါ စောစောစီးစီးကတည်းက သတိထားမိသင့်တာ’

ဘတ်ခ် တစ်ယောက် ထူးဆန်းသော ပတ်ဝန်းကျင်အသစ်ကို အကဲခတ်ရင်း စိတ်ထဲမှ ကျိန်ဆဲ နေမိကာ သတိကြီးစွာဖြင့် နောက်သို့ ဆုတ်လိုက်သည်။

သူ့ရှေ့တွင် မြင်နေရသော ခန်းမကြီးမှာ ရှေးဟောင်း ဗီလာအိမ်ကြီးတစ်ခု၏ ပထမထပ်နှင့် တူလှသည်။ ထောင့်တစ်နေရာတွင် လှေကားထစ်များကို ဝေဝေဝါးဝါး မြင်နေရ၏။ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် စာအုပ်များ ပြည့်နှက်နေသည့် စင်များရှိပြီး အနည်းငယ် အလှမ်းဝေးသော နေရာတွင် အခန်းအချို့ ရှိနေသည်။ ခန်းမ၏ အလယ်တွင်မူ ဆိုဖာ၊ လက်ဖက်ရည်သောက်စားပွဲနှင့် အခြား အသုံးအဆောင်ပစ္စည်းများ ရှိနေသည်။

ပြတင်းပေါက်အားလုံးမှာ လုံအောင် ပိတ်ထားသည်။ အပြင်ဘက်ကိုမူ ဝေဝေဝါးဝါးမျှပင် မမြင်ရချေ။

သို့သော်လည်း... တစ်စုံတစ်ယောက်က သူ့ကို ထောင့်ပေါင်းစုံမှနေ၍ အရိပ်တကြည့်ကြည့် စောင့်ကြည့်နေသကဲ့သို့ ထူးဆန်းသော ခံစားချက်ကြီးက လွှမ်းမိုးနေသည်။ အမှောင်ထဲမှ တစ်စုံတစ်ယောက်မှာ ဤအခန်းထဲတွင် ဖြစ်ပျက်နေသမျှကို ချောင်းကြည့်နေပြီး သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသကဲ့သို့ပင်။

ထိုအခိုက်အတန့်တွင် ဘတ်ခ်မှာ သူ့ စွမ်းအားများ အားလုံး လေထုထဲတွင် အငွေ့ပျံ၍ တစ်စက်မျှ မကျန်အောင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ သူ့ ပတ်ဝန်းကျင်တွင်လည်း လှုပ်ရှားနေသည့် အီသာ အငွေ့အသက် လုံးဝ မရှိတော့ပေ။

အီသာ တည်ရှိမှုကိုပင် အာရုံမခံနိုင်တော့လေရာ အသုံးပြုရန်မှာ ဝေလာဝေးပင်။ သူက တကယ့်ကို သာမန်လူသားတစ်ယောက် ပြန်ဖြစ်သွားသကဲ့သို့ပင်...။

တစ်ချိန်တည်းမှာပင် သူ့စိတ်အတွင်း၌ ကာလရှည်ကြာ ပျောက်ကွယ်နေခဲ့သော သာမန်လူသား တစ်ယောက်၏ စိတ်ခံစားမှုများက ရေတံခွန်ကြီး တစ်ခုအလား ပြန်လည် တိုးဝင် တိုးဝင်လာခဲ့၏။

ဒေါသ၊ မသိနားမလည်မှု၊ ကြောက်ရွံ့မှု...

ထိုစိတ်ခံစားချက်များမှာ ယခင်ကထက် ပို၍ ထင်ရှားပြတ်သားလာသည်။ ရေအောက်တွင် ကြာရှည်စွာ နစ်မြုပ်နေခဲ့ရာမှ ရုတ်တရက် ရေမျက်နှာပြင်ပေါ်သို့ ပြန်ပေါ်လာသည့် ဘတ်ခ် ကိုယ့်ကိုယ်ကို ဘာမှ မဟုတ်တော့သလို ခံစားလိုက်ရသည်။ အခြားသူများအပေါ် လွှမ်းမိုးနိုင်မှုကြောင့် ရရှိခဲ့သော သာယာမှုများမှာ ယခုအခါ ဗလာနတ္ထိဖြစ်သွားလေရာ သူ ကြောက်ရွံ့လာမိသည်။

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး... ဒါက ပုံရိပ်ယောင် အစီအရင် တစ်ခုပဲ ဖြစ်ရမယ်”

"ငါ စိတ်အေးအေးထားရမယ်... သဲလွန်စတွေကို ရှာပြီး ဒီပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်အောင် လုပ်နိုင်ရင် ရန်သူ့ရဲ့ အစွမ်းကို ငါ ဖြိုခွဲနိုင်မှာပဲ... ငါ့ရဲ့ အီသာစွမ်းအားတွေက ရှိနေတုန်းပဲ..."

ဘတ်ခ် မိမိကိုယ်မိမိ အတတ်နိုင်ဆုံး နှစ်သိမ့်လိုက်၏။ သူ နောက်သို့ ပြန်လည် ဦးတည်လိုက်ရင်း ပိတ်ထားသည့် သစ်သားတံခါးကို အာရုံစိုက်လိုက်သည်။ ထို့နောက်... အသက်ကို ပြင်းပြင်းရှူကာ ထိုတံခါးကို ဖွင့်ရန် ကြိုးစားလိုက်၏။

ကျွီ...

တံခါးမှာ ကျပ်နေပြီး လုံးဝပွင့်မလာပေ။ သူ မည်မျှပင် အင်အားသုံး၍ တွန်းသော်လည်း ၎င်းက နံရံနှင့် တစ်သားတည်းဖြစ်နေသကဲ့သို့ ငြိမ်သက်နေဆဲပင်။

ဘတ်ခ် မောဟိုက်စွာဖြင့် ရုတ်တရက် ရပ်လိုက်ရင်း တံခါးလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ထားသော သူ၏ လက်များကို စိုက်ကြည့်နေမိသည်။ သူ့ လက်များမှာ မသိမသာ တုန်ယင်နေကြောင်း သိသာလှသည်။

ထို့နောက်... ဘတ်ခ်မှာ သူ၏ လက်များသာ တုန်ယင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။ သူ့ တစ်ကိုယ်လုံးနှင့် ခြေထောက်များပါ တုန်ယင်နေပြီး ပျော့ခွေစပြုလာပြီ ဖြစ်သည်။

‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မဖြစ်နိုင်ဘူး... ငါက ဘာလို့ ကြောက်နေရမှာလဲ...’

ဘတ်ခ် ခံစားနေရသည့် လုံးဝ အင်အားမဲ့သွားသည့် ခံစားချက်မှာ တဖြည်းဖြည်းနှင့် မျှော်လင့်ချက်မဲ့မှုသို့ ကူးပြောင်းသွားခဲ့ပြီး သူ၏ အတွင်းစိတ်ကို ရူးသွပ်သွားစေရန် လှုံ့ဆော်ပေးနေခဲ့သည်။ လျှပ်စစ် ဓာတ်လိုက်သွားသကဲ့သို့ပင် သူ တံခါးလက်ကိုင်ကို ချက်ချင်း လွှတ်လိုက်၏။ သူ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေရာ စိတ်ကို ငြိမ်သက်စေရန် အတင်းအကြပ် ကြိုးစားလိုက်ရသည်။

ထို့နောက် ဘတ်ခ် ထောင့်ရှိ လှေကားထစ်များဆီသို့ လှည့်ကြည့်လိုက်၏။ ဤမြင်ကွင်းကို ဖန်တီးထားသူမှာ သူ့ကို ပုံရိပ်ယောင် ကမ္ဘာက လက်တွေ့ဖြစ်သည်ဟု အထင်မှားစေရန်နှင့် ၎င်းအတွင်းတွင် ပိတ်မိနေစေရန် ရည်ရွယ်ထားခြင်း ဖြစ်ရမည်။

အကယ်၍ သူသာ ထိုသူ၏ အတွေးနောက်သို့ လိုက်ပြီး အပေါ်ထပ်သို့ တက်ကာ သဲလွန်စရှာမည်ဆိုပါက ထောင်ချောက်ထဲသို့ တည့်တည့်တိုးဝင်သွားခြင်း ဖြစ်ပေလိမ့်မည်။ ထိုအခါ သူ၏ အသိစိတ်မှာ ဤမြင်ကွင်းကို ပို၍ လက်တွေ့ကျသည်ဟု ယုံကြည်သွားကာ ဘယ်သောအခါမှ ရုန်းထွက်နိုင်တော့မည် မဟုတ်ပေ။

ဘတ်ခ်က ခပ်ထေ့ထေ့ ရယ်လိုက်၏။ သူသည် ဤကဲ့သို့သော ပုံရိပ်ယောင် အစီအရင်များ အကြောင်း ကောင်းကောင်း သိထားသည်။ ထို့ကြောင့် ယခု လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ... ပထမထပ်တွင်သာ ဆက်လက် စုံစမ်းရန်ပင်...။

မှန်ပေသည်။ ဘတ်ခ်တွင် အပေါ်ထပ်သို့ တက်ရန် အစီအစဉ် မရှိပေ။ သူ့စိတ်ထဲ၌ ပထမဆုံး ဖြစ်ပေါ်လာခဲ့သည့် အတွေးမှာ ပုံရိပ်ယောင် ဖန်တီးသူက သားကောင်ကို တွေးစေချင်သည့် အချက်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူအများမှာ အပေါ်ထပ်သို့ တက်သွားကြပေလိမ့်မည်။

လက်တွေ့တွင်မူ ၎င်းမှာ ထောင်ချောက်တစ်ခုသာ ဖြစ်သည်။ ပုံရိပ်ယောင် ဖန်တီးရှင်မှာ သဲလွန်စများကို အပေါ်ထပ်တွင် ပေါ်ပေါ်ထင်ထင် ထားရှိမည် မဟုတ်ပေ။ သူက အပေါ်ထပ်ကို ပို၍ လက်တွေ့ကျအောင် ဖန်တီးထားလိမ့်မည် ဖြစ်ကာ လူသားတို့၏ စိတ်ခံစားချက်ဆိုင်ရာ အကာအကွယ်များကို ပြိုလဲစေမည့် ထောင်ချောက်များကို များပြားစွာ ဆင်ထားပေလိမ့်မည်။

ထို့နောက် တစ်ဆင့်ချင်းစီဖြင့် သားကောင်၏ နှလုံးသားတံတိုင်းကို ပြိုလဲစေကာ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်ကို ဖြိုဖျက်ပေလိမ့်မည်။ ထို့ကြောင့်ပင်... ပြောင်းပြန်တွေးခေါ်မှုအရ ဘတ်ခ်မှာ ပထမထပ် သာလျှင် သဲလွန်စ အရှိနိုင်ဆုံး နေရာ ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။

ဤနေရာကို အလွန်လက်တွေ့ကျအောင် ဖန်တီးထားသည်။ စာအုပ်များကိုလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် အမြောက်အများ တွေ့ရသည်။ သို့သော်လည်း... လက်တွေ့တွင်မူ ဤစာအုပ်များမှာ ဖန်တီးရန်မှာ အခက်ခဲဆုံး အပိုင်း ဖြစ်ပေလိမ့်မည်။ စာအုပ်တစ်အုပ်တည်းတွင်သာ အမှားတစ်ခုခု ရှာတွေ့နိုင်ပါက... ဤပုံရိပ်ယောင် ကမ္ဘာက သူ့အလိုလို ပျက်ပြယ်သွားပေလိမ့်မည်။

ဘတ်ခ် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို တင်းထားလိုက်သည်။ ပြိုလဲလုနီးပါး ဖြစ်နေသည့် သူ၏ စိတ်များက ပြန်လည် တည်ငြိမ်သွားခဲ့သည်။

"ငါ့မှာ အစွမ်းမရှိတော့ရင်ရော ဘာဖြစ်လဲ... နှစ်တွေ အများကြီး စုဆောင်းထားတဲ့ ဗဟုသုတတွေနဲ့ အသိဉာဏ်တွေ ရှိသေးတယ်... ဒါတွေအားလုံးက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး"

"ဒီလို လှည့်စားမှုမျိုးနဲ့တော့ ငါ့ကို ဖြိုလဲဖို့ မလုံလောက်သေးဘူး..."

ဘတ်ခ် တစ်ယောက်တည်း တီးတိုး ရေရွတ်လိုက်၏။ ထို့နောက်... သူ သတိကြီးစွာဖြင့် စာအုပ်စင်ဆီသို့ တဖြည်းဖြည်းချင်း တိုးသွားခဲ့ပြီး သူ၏ ခြေလှမ်းများမှာလည်း ရဲတင်းလာခဲ့သည်။ "သေမင်း နိုင်ငံတော်" ၏ အရှိန်အဝါများမှာ ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

"မင်း ဘာတွေ ကြံစည်နေလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ဘတ်ခ် စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်လေတော့၏။

***

All Chapters