ရုပ်ဆိုးဆိုး ကောင်လေး
Vol. 14 Ch. 186
လင်ကျဲမှာ သူ ဖန်တီးထားသည့် အိပ်မက်ဘုံအတွင်းသို့ ပထမဆုံး ရောက်ရှိလာသည့် ဧည့်သည်ကို အာရုံခံမိလိုက်သည်။
ဆစ်ဗာက အိပ်မက်ဘုံကို အပြည့်အဝ မတည်ဆောက်ရသေးမီ သို့မဟုတ် စီရင်ပိုင်ခွင့် မသတ်မှတ်ရသေးမီအချိန်တွင်... အိပ်မက်ဘုံရှိ သက်ရှိအချို့ သို့မဟုတ် လက်တွေ့ကမ္ဘာရှိ လူများ၏ ဝိညာဉ်များမှာ မတော်တဆ အိပ်မက်အတွင်းသို့ စုပ်ယူခံရနိုင်ကြောင်း ပြောပြခဲ့ဖးသည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့... အဲဒီဧည့်သည်တွေက မင်းအတွက် ဘာအန္တရာယ်မှ မရှိပါဘူး... တကယ်လို့ မင်း သဘောကျတဲ့ အိပ်မက်သက်ရှိတစ်ကောင်ကို တွေ့ရင် အိမ်မွေးတိရစ္ဆာန်အဖြစ်တောင် မင်းရဲ့ အိပ်မက်ထဲမှာ ထားထားလို့ ရသေးတယ်"
သူမက ထိုကဲ့သို့ ပြောခဲ့ဖူး၏။ ထို့ကြောင့်ပင် လင်ကျဲမှာ စိုးရိမ်ထိတ်လန့်မှု မရှိခဲ့ခြင်း ဖြစ်သည်။ သူက ထိုဧည့်သည်၏ လှုပ်ရှားမှုများကိုပင် အပေါ်စီးမှ နေ၍ စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။
ဧည့်သည်ကို မြင်လိုက်ရတော့...
‘ဟ... ဒီကောင်ကတော့ အတော်လေး ရုပ်ဆိုးတာပဲ...’
ဟုပင် သူ တွေးလိုက်မိသေးသည်။ ကြည့်ရသည်မှာ မတူညီသည့် အပိုင်းအစများကို စုစည်းပြီး လူပုံစံဖြစ်အောင် နယ်ဖတ်ထားသကဲ့သို့ပင်။ ထူးဆန်းသည့် အိပ်မက်ဘုံမှ မိစ္ဆာကောင် ဖြစ်ပေလိမ့်မည်။
‘ထားလိုက်ပါတော့... သူ့ကို မြန်မြန်လေး သတ်ပစ်လိုက်တာ ပိုကောင်းမယ်... မဟုတ်ရင် သူ့ကို အကြာကြီး ကြည့်မိပြီး ငါ အိမ်မက်ဆိုးတွေ မက်ကုန်ဦးမယ်...’
‘အမ်... ဟုတ်သားပဲ ငါက အခု အိပ်မက်မက်နေတာပဲလေ’
‘နေဦး... ဒါဆိုရင် ဒီလိုကောင်မျိုးတွေက အိမ်မက်ဆိုးတွေရဲ့ မြစ်ဖျားခံရာ ဖြစ်နေမလား... သာမန်လူတွေရဲ့ အိပ်မက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အိပ်မက်ဘုံက သက်ရှိတွေလား...’
လင်ကျဲ စဉ်းစားနေမိ၏။ သူ သတ်ဖြတ်ဖို့ အတွက် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သော်လည်း တကယ်လက်တွေ့တွင်တော့ မလုပ်ဖြစ်သေးပေ။ မကြာခင်မှာပင် ထိုထူးဆန်းသော လူပုံစံ သတ္တဝါ၏ လှုပ်ရှားမှုများက သူ၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။
‘ဒီကောင်ကြီးက ကြောက်နေတဲ့ပုံပဲ... သူက လွတ်မြောက်ဖို့ တံခါးကို ဖွင့်ဖို့ ကြိုးစားနေသေးတယ်... ပြီးတော့ အာရုံစူးစိုက်ဖို့လည်း ကြိုးစားနေသေးတာပဲ... ဒီသက်ရှိမှာ အသိဉာဏ် တစ်ခုခု ရှိနေတာလား မသိဘူး’
သို့သော်လည်း... လင်ကျဲ ထိုကောင်ကြီးကို ချက်ချင်း ပြန်လွှတ်မပေးချင်သေးချေ။ အိပ်မက်ဘုံ၏ အကန့်အသတ်များကို သူ စမ်းသပ်လိုနေသေးသည်။ အကယ်၍ ၎င်းမှာ လူသားတစ်ဦး၏ ဝိညာဉ်ဖြစ်လျှင်မူ ခဏအကြာတွင် သူ ပြန်လည် စေလွှတ်ပေးမည် ဖြစ်သည်။
မည်သို့ပင် ဆိုစေ... ခန္ဓာကိုယ်တွင် ဝိညာဉ်မရှိပါက ဘာဖြစ်လာမည်ကို စဉ်းစားစရာတောင် မလိုဘဲ သူ ကောင်းကောင်း သိထားသည်။ သူ မည်သည့်အကြောင်းပြချက်မှမရှိဘဲ လူသတ်သမားတစ်ယောက် မဖြစ်ချင်ပေ။
‘ဟင်... သူ စာအုပ်စင်ရှေ့မှာ ရပ်သွားတာလား...’
ထိုလူပုံစံ သတ္တဝါက စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်သည်ကို မြင်လိုက်ရသဖြင့် လင်ကျဲမှာ အံ့အားသင့်သွားခဲ့၏။ သူ မျက်လုံးများလည်း ပြူးသွားခဲ့သည်။
‘ဒီကောင်ကြီးက နက္ခတ္တဗေဒ ကိုတောင် စိတ်ဝင်စားနေတာလား...’
‘အင်း... ဒီလိုဆိုရင် ငါ အိပ်မက်ဘုံထဲမှာ အိပ်မက်သက်ရှိတွေကို ဝန်ဆောင်မှုပေးဖို့ စာအုပ်ဆိုင်တစ်ဆိုင် ဖွင့်လို့ရတာပေါ့...’
သို့သော်လည်း... လင်ကျဲ သူ့ စိတ်ကူးသစ်ကို ဆက်လက် မဖော်ထုတ်နိုင်မီမှာပင် ထိုလူပုံစံ သတ္တဝါ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တွန့်လိမ်သွားခဲ့သည်။ ထို့နောက် သူက "The Scream" ဆီဆေးပန်းချီကားထဲမှ လူတစ်ယောက်ကဲ့သို့ အသံကုန် အော်ဟစ်လိုက်တော့၏။
ရှဲ... ရှဲ...
တဒင်္ဂ အတွင်းမှာပင် ထိုသတ္တဝါမှာ မီးလောင်ကျွမ်းသွားကာ မီးရှို့လိုက်သော ထင်းပုံကြီးတစ်ခုအလား ပြောင်းလဲ သွားပြီး နောက်ဆုံးတွင် ပြာအဖြစ်သို့ ပြိုလဲသွားခဲ့တော့သည်။
လွန်ခဲ့သည့် ခဏလေးကပင် ရည်မှန်းချက်ကြီးစွာ တွေးတော နေခဲ့သည့် ဆရာကြီးလင်မှာ မှင်တက်သွားကာ ဇဝေဇဝါ ဖြစ်သွားခဲ့တော့သည်။ သူက ဘာဖြစ်သွားမှန်း မသိဘဲ မျက်တောင်တဖျပ်ဖျပ် ခတ်ရင်းသာ ကျန်ရစ်ခဲ့တော့၏။
...
ညအမှောင်ထုအောက်တွင် အမိုးခုံး ဘုရားကျောင်းတော်၏ ဆုကြေးငွေကြောင့် စုဝေးလာကြသည့် သဘာဝလွန် ပုဂ္ဂိုလ်များစွာမှာ ငြိမ်သက်နေကြသည်။ သူတို့က ကောင်းကင်တွင် ရပ်ရင်း ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ဖျက်ဆီးခြင်းအဆင့် (ယခုအခါ အခရာအဆင့်အထိ ရောက်နေသော) ပုဂ္ဂိုလ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
သူတို့က အသက်ရိတ်သမား၊ သေမင်းနိုင်ငံတော် စသည့် နာမည်များနှင့် လူသိများသည့် ဤလငပုပ် တမန်တော်ကြီး၏ ကလဲ့စားချေမှုကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ညတွင်းချင်းပင် ဘုရားကျောင်းတစ်ခုကို ဖျက်ဆီးပြီး တမန်တော်နှစ်ပါးကို သတ်ဖြတ်ခဲ့သည့် သစ္စာဖောက်မှာ မနီးမဝေးရှိ စာအုပ်ဆိုင်ငယ်လေးအတွင်း၌ ရှိနေသည်ကို လူတိုင်း သိကြသည်။
ဘတ်ခ် လှုပ်ရှားလိုက်သည်နှင့် နော်ဇင်မြို့တော်တွင် အခရာအဆင့် များအကြား ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း...
တစ်မိနစ် ကုန်လွန်သွား၏။ ထို့နောက် ငါးမိနစ်။
ဆယ်မိနစ်...
မိနစ်သုံးဆယ်...
တစ်နာရီမျှအထိ ကုန်လွန်သွားသည်။
သို့သော်လည်း... ကောင်းကင်ယံတွင် ဝဲပျံနေသည့် ပုံရိပ်ထံမှ မည်သည့် လှုပ်ရှားမှုမျှ ထွက်ပေါ်မလာခဲ့ပေ။
"ဘာတွေ ဖြစ်နေတာလဲ..."
"ဘတ်ခ်ကြီးက ဘာလို့ မလှုပ်ရှားတာလဲ... မိုးတောင် လင်းတော့မယ်..."
"မင်းက ဘာသိလို့လဲ... အခရာအဆင့်တွေရဲ့ တိုက်ပွဲဆိုတာ ဒီလောက် လွယ်မလား... အခြေအနေတစ်ခုလုံးကို ခြုံကြည့်ရမှာလေ..."
"မဖြစ်နိုင်တာ.... ဘတ်ခ်က တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီးတော့ ရှေ့ကိုတောင် တိုးသွားသေးတာပဲ... ဘာလို့ ရုတ်တရက်ကြီး ဒီလောက်အကြာကြီး ရပ်နေရတာလဲ..."
"ကြည့်... ကြည့် သူ လှုပ်ရှားလာပြီ..."
သဘာဝလွန် စွမ်းအားရှင်များ အချင်းချင်း ဆွေးနွေးနေကြစဉ်မှာပင် ကောင်းကင်ယံမှ ပုံရိပ်မှာ နောက်ဆုံးတွင် လှုပ်ရှားလာခဲ့သည်။
အနက်ရောင် ဝတ်ဆင်ထားသည့် လငပုပ် တမန်တော်ကြီးမှာ တုန်ယင်သွားခဲ့ကာ လက်နှစ်ဖက်ဖြင့် မိမိ၏ ဦးခေါင်းကို အုပ်ကိုင်လိုက်ရင်း တစ်ကိုယ်လုံးရှိ အင်အားကို သုံး၍ အသံတိတ် ဟိန်းဟောက်လိုက်လေ၏။
သို့သော်လည်း... မည်သည့် အသံမျှမထွက်ဘဲ မီးပွားလေးတစ်ခုသာလျှင် ထွက်ပေါ်လာကာ ဘတ်ခ်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ညကောင်းကင်ယံရှိ လေပြေနှင့်အတူ လွင့်ပါးသွားခဲ့တော့သည်။
မည်သည့်အရာမျှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။
“...”
ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသည့် လူအားလုံးမှာ မှင်တက်သွားကြပြီးနောက် ခြေလက်များ ထုံကျဉ်သွားကြသည်။ ကြောက်ရွံ့မှုများက ၎င်းတို့၏ နှလုံးသားကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။
သတ္တိနည်းသည့် လူအချို့မှာ ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ အချို့မှာမူ ချက်ချင်းပင် လှည့်ထွက်ကာ ထွက်ပြေးကြတော့၏။
မကြာခင်မှာပင် လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် တိတ်တဆိတ် ထွက်ပြေးသွားခဲ့ကြပြီ ဖြစ်သည်။ မည်သူမျှ ထိုစာအုပ်ဆိုင်အတွင်းသို့ ဝင်ရောက်ရန် စိတ်ကူးပင် မဝံ့ရဲကြတော့ချေ။
...
ဖျက်ဆီးခြင်းအဆင့် ရှိသည့် ပုဂ္ဂိုလ်တစ်ဦးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာအဖြစ်သို့ လွင့်စင်သွားခဲ့ရချေပြီ ဖြစ်သည်။ မြေကမ္ဘာကို တုန်ဟည်းစေမည့် တိုက်ပွဲမျိုးလည်း မရှိ၊ ဟုန်းဟုန်းတောက် အုတ်အော်သောင်းနင်း ဖြစ်ရပ်မျိုးလည်း မရှိချေ။ ထိုမျှမက အပိုအလုပ် အပိုစကားဟူ၍လည်း လုံးဝမရှိခဲ့ပေ။
စကားသံဟူ၍ မြူတစ်စမျှပင် မကြားရပဲ အရာရာက ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။ လငပုပ် တမန်တော် တစ်ဖြစ်လည်း စစ်ဆေးမေးမြန်းရေးရုံး၏ အကြီးအကဲ ဘတ်ခ်မှာ အမိုးခုံးအသင်းတော်၏ ထောက်တိုင်ကြီး တစ်ခုဖြစ်သော်လည်း ယခုမူ မမျှော်လင့်ဘဲ ရုတ်ချည်း အသက်ပျောက်ကွယ်သွားရရှာလေပြီ။
ဘတ်ခ်မျာ နော်ဇင်မြို့တော်၏ အာဏာစက် အထွတ်အထိပ်သို့ ရောက်ရှိနေသူဟု ဆိုနိုင်သော်လည်း ယခုမူ လူအများ၏ ရှေ့မှောက်၌ပင် ဘာမဟုတ်သည့် ပုရွက်ဆိတ် တစ်ကောင် ကဲ့သို့ အလွယ်တကူ သေဆုံးသွားခဲ့ရခြင်းပင်။
ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သည့် ပြင်းထန်လှသော ပေါက်ကွဲမှုကြီးနှစ်ခုကြောင့် တမန်တော်နှစ်ဦး ဆက်တိုက် သေဆုံးသွားခဲ့ရခြင်းမှာ လူအများအဖို့ အံ့ဩတုန်လှုပ်ဖွယ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယုတ္တိဗေဒ သဘောတရားအရမူ လက်ခံနိုင်သေးသည့် အနေအထားတွင် ရှိနေပါသေးသည်။
မည်သို့ပင် ဆိုစေ... ထိုစဉ်က အုန်းအုန်းကျွက်ကျွက် ဆူညံလှသည့် ဖြစ်ရပ်ကို သဘာဝလွန် ပုဂ္ဂိုလ် အားလုံး ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
သတ္တမမြောက် စီရင်စုရှိ ဘုရားရှိခိုးကျောင်းကြီးပင် မြေလှန်ပြားကပ်သွားစေသည့် ထိုပေါက်ကွဲမှုကြီးများ၏ ပြင်းအားကို မည်သူမဆို ခံစားသိရှိနိုင်သဖြင့် တမန်တော်များပင် မခုခံနိုင်ဘဲ ကျဆုံးသွားခြင်းမှာ အဓိပ္ပာယ်ရှိလှသည်။ မည်မျှပင် တိုက်ခိုက်စွမ်းအား ကြီးမားလှသည်ဆိုစေ... ထိုမျှလောက်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် သေဘေးမှလွဲ၍ အခြားမရှိနိုင်ဟု သူတို့ နားလည်ထားကြသည်။
သို့သော် ယခုဖြစ်ရပ်မှာမူကား မည်သည့်အရိပ်အယောင်မျှ မရှိဘဲ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ မသိနားမလည်နိုင်ခြင်းကား ကြောက်မက်ဖွယ် အကောင်းဆုံးသော အန္တရာယ်ပင် ဖြစ်သည်။
လူများစွာ၏ မျက်မှောက်၌ပင် အီသာ လှိုင်းခတ်မှုလည်း မရှိ၊ ကြိုတင်နိမိတ်လည်း မပြဘဲ ဖျက်ဆီးခြင်းအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးမှာ အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ သေဆုံးသွားခဲ့ရသည်။ ဤသည်မှာ ရန်သူ၏ စွမ်းအားက သူ့အပေါ် အပြတ်အသတ် သာလွန်လွှမ်းမိုးသွားခြင်းပင် ဖြစ်တော့သည်။
ဖျက်ဆီးခြင်းအဆင့်ကို အပြတ်အသတ် ချေမှုန်းနိုင်ခြင်းဟူသည်မှာ...
မဟုတ်သေး... ဘတ်ခ် ပြန်လည် ရှင်သန်လာခဲ့ပြီး နောက်တွင် ပုပ်ရဟန်းမင်းကြီး ရော့ဒ်နီ ကိုယ်တိုင်က သူ့ အစွမ်းများဖြင့် ပံ့ပိုးကူညီထားသေးသည်။ ထို့ကြောင့်ပင် ဘတ်ခ်ကို အခရာ အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်း အလိုဆိုလျှင် လွန်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ဘတ်ခ်မှာ ဤနေရာ၌ပင် နိဂုံးချုပ်သွားခဲ့ရချေပြီ။ စာအုပ်ဆိုင်၏ တံခါးဝသို့ပင် မရောက်သေးဘဲ သေဆုံးသွားရခြင်းမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
ထို့ကြောင့်ပင် စောင့်ကြည့်နေသူများမှာ မိုးပြိုမှာကို ကြောက်သည့် ယုန်သူငယ်လေးများနှယ် အလူးအလဲ ပြေးကြခြင်း ဖြစ်သည်။
အကယ်၍သာ အပြေးနှေးသွားပါက ဘတ်ခ်ကဲ့သို့သော အဖြစ်မျိုး မကြုံဟု မည်သူက အာမခံနိုင်မည်နည်း။
***