ငွေရောင် အချင်းတိုင်
Vol. 14 Ch. 187
လူအင်အားဖြင့် အလောတကြီး ရောက်ရှိလာသည့် ကလောက်မှာ ရှေ့သို့ ဆက်မတိုးရဲပဲ အသက်လုထွက်ပြေးနေကြသည့် ပုဂ္ဂိုလ်များကို ကြည့်နေမိသည်။ သူက စိတ်ပျက်လက်ပျက် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ထိုသူတို့ထဲမှ အချို့ကို ဖမ်းဆီးရန် သူ့ လူများကို အမိန့်ပေးလိုက်လေသည်။
အသက်လုပြေးနေကြရသည့် သဘာဝလွန် ပုဂ္ဂိုလ်များမှာ ယခုကဲ့သို့ စိုးရိမ်ထိတ်လန့်နေချိန်တွင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ လူများ ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ကြပေ။ ထို့ကြောင့်ပင် ပျာပျာသလဲ ဖြစ်နေစဉ်အတွင်း၌ ကလောက်၏ လူများက သူတို့ကို အလွယ်တကူ ဖမ်းဆီးကာ ကလောက်ရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့ကြသည်။
ဖမ်းဆီးခံရသူများအနက် အချို့မှာ သူတို့ရှေ့တွင် ရပ်နေသော ရွှေရောင်ဆံပင်နှင့် လူငယ်ကို မှတ်မိကြသဖြင့် မည်သူက သတင်းပေးလိုက်သနည်းဟု ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အချို့ကတော့ စိုးရိမ်တကြီးဖြင့် ထွက်ပြေးချင်နေကြပြီး မိမိတို့ကို လွှတ်ပေးရန် တောင်းပန်တိုးလျှိုးနေကြသည်။
ကလောက်မှာမူ ဆုကြေးငွေကို မက်မောပြီး လောကကြီး ပျက်စီးလေ ကောင်းလေဟု တွေးတောတတ်ကြသော ထိုကြေးစားများ အပေါ် အထင်ကြီးခြင်း မရှိပေ။ သူက တည်ငြိမ်သော မျက်နှာထားဖြင့် အခြေအနေကို မေးမြန်းလိုက်သော်လည်း ဘတ်ခ် သေဆုံးသွားပြီဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ သူ သက်ပြင်းချလိုက်မိသည်။
သူ ခြေတစ်လှမ်း နောက်ကျပြန်လေပြီ။
ဘတ်ခ်၏ သေဆုံးသွားပုံမှာ လေထဲတွင် လွင့်ပါးသွားသည့် ဆောင်းဦး ရွက်ခြောက်လေး တစ်ခုနှယ် သိမ့်မွေ့လှသည်ဟု ကြားလိုက်ရသော်လည်း ကလောက်ကတော့ များစွာ အံ့ဩခြင်း မရှိပါချေ။ သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ အနည်းငယ်မျှပင် ပျက်စီးခြင်း မရှိသည်ကို တွေ့လိုက်ရသည်။
"ဆရာကြီးလင်ကတော့ ပြောတဲ့အတိုင်း ပါပဲလား"
သူ တွေးလိုက်မိ၏။ သူက ဆူညံပွက်လောရိုက်အောင် မလုပ်ခဲ့သလို ဘေးပတ်ဝန်းကျင်ရှိ အဆောက်အအုံများကိုလည်း အခြစ်အရာလေးပင် မထင်စေခဲ့ပေ။
ယခင်က ကြုံတွေ့ခဲ့ရဖူးသည့် ကပ်ဘေးဆိုးကြီးများနှင့် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ် လင်ကျဲ၏ လက်ချက်မှာ နွေဦးမိုးလေးနှယ် အေးမြသိမ့်မွေ့လှသည်။ သို့သော်လည်း... ဘတ်ခ် သေဆုံးသွားပုံကို ကြည့်ခြင်းအားဖြင့် လင်ကျဲအဖို့ ဖျက်ဆီးခြင်းအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးကို နှိမ်နင်းရန်မှာ အထူးတလည် အားစိုက်ထုတ်နေစရာပင် မလိုကြောင်း ထင်ရှားနေသည်။
ဤသည်က အဆင့်တူ ပြိုင်ဘက်မျိုးပင် မဟုတ်ချေ။
သို့သော်လည်း...
ကလောက် စာအုပ်ဆိုင်အနီးသို့ ချဉ်းကပ်သွားသောအခါ ဆိုင်၏ ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်ထားပြီး မီးများလည်း မှိတ်ထားသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာလည်း ထိုနည်းတူပင် တိတ်ဆိတ်လျက်ရှိရာ ဆိုင်အတွင်းမှ လူများ အိပ်မောကျနေကြပြီဟု ယူဆရသည်။
ကြည့်ရသည်က ဆိုင်ရှင် လင်ကျဲမှာ အိပ်ပျော်နေစဉ် အနှောင့်အယှက် ပေးခံရသည်ကို မနှစ်သက်ဟန် ရသည်။ ထို့ကြောင့် စကားတစ်ခွန်းမျှပင် မပြောတော့ဘဲ ခေါင်းဆောင်ဖြစ်သူကို အမှုန့်ချေ ပစ်လိုက်ကာ ကျန်ရှိသည့် ပိုးမွှားကလေးများကိုလည်း ခြောက်လှန့် မောင်းထုတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
"ငါလည်း သူ့ကို သွားမနှောင့်ယှက်တော့တာပဲ ကောင်းမယ်... မနက်ဖြန် ဆိုင်ဖွင့်ချိန်ကျမှပဲ လာခဲ့တော့မယ်"
ကလောက်သည် စာအုပ်ဆိုင်ကို တစ်ချက်လှမ်းကြည့်ကာ မိမိ၏ အတွေးအတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်၏။ ဆိုင်ရှင်ကိုယ်တိုင်က ဖုန်းဆက်ခေါ်ထားခြင်း ဖြစ်သော်လည်း စိတ်ကြည်၊ မကြည် မသေချာလေရာ ထင်ရာကို စွတ်မလုပ်ရဲချေ။ ဆိုင်ရှင်၏ လက်ချက်မိသွားမည်ကိုလည်း သူ ကြောက်ပေသည်။
အသက် အန္တရာယ်အထိ မစိုးရိမ်ရဟု ဆိုနိုင်သော်လည်း ယခုအချိန်တွင် ဝင်ရောက်နှုတ်ဆက်ရန်မှာ မသင့်တော်သေးဟု သူ တွေးမိသည်။
"ခုလို လူစုလူဝေး ဖြစ်နေတုန်း ဟိုလူတွေကို ဖမ်းထားနိုင်တာလည်း မဆိုးပါဘူး... သူတို့ထဲမှာ ဝရမ်းပြေး အချို့ကိုတောင် တွေ့လိုက်သေးတယ်... ဒါလည်း အလုပ်တစ်ခု ဖြစ်သွားတာပေါ့"
ကလောက် သူ့ လူများကို အလုပ်တာဝန်များ ခွဲဝေပေးလိုက်ပြီး ထိတ်လန့်နေသည့် ပြည်သူများကို နှစ်သိမ့်ပေးရန်လည်း မှာကြားလိုက်သည်။
စီစဉ်စရာ ရှိသည်များကို စီစဉ်ပြီးနောက် သူက စာအုပ်ဆိုင် ရှိရာဘက်သို့ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်၏။
"ဒါကြောင့်လည်း ဆရာကြီးလင်က အခြေအနေက သိပ်အန္တရာယ်များနေလို့ ရဲအကူအညီ လိုတယ် လို့ ပြောခဲ့တာကိုး"
သူ တွေးလိုက်မိ၏။ အမှန်စင်စစ် ဆရာကြီးလင်က... ‘အလွန် အန္တရာယ် များသဖြင့် ကာကွယ်ပေးဖို့ လိုသည်’ ဟု ဖုန်းထဲတွင် ပြောဆိုခဲ့ခြင်းမှာ ရန်သူများ အတွက် ကိုသာ ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။
ကလောက်၏ အမြင်တွင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးနေကြသည့် ထိုကြေးစားများမှာ အကာအကွယ်ပေးရန် လိုအပ်သည့် အားနည်းသူများ မဟုတ်ပေ။ သို့သော်လည်း... လင်ကျဲကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည့် တည်ရှိမှုကြီးနှင့် ရင်ဆိုင်နေရသော အခြေအနေတွင်တော့ သူတို့၏ တည်ရှိမှုမှာ ပုရွက်ဆိတ်ကလေးများသာသာ သာလျှင် ရှိတော့သည်။
"သူ့ကို ဆန့်ကျင်ပြီး တစ်ခုခု မလုပ်ဘူးဆိုရင်တော့ ဆရာကြီးလင်က တကယ်ကို ဖော်ရွေပြီး အလိုက်သိတတ်တဲ့သူပါပဲ"
ဆရ်ဖြစ်သူ ဂျိုးဇက်နှင့် အကြီးအကဲများကောင်စီမှ စေလွှတ်လိုက်သည့် အထူးစစ်ဆေးရေးမှူးတို့၏ အကဲဖြတ်ချက်များမှာ မှားယွင်းခြင်း မရှိခဲ့ပေ။ သို့သော်လည်း.. ရန်သူများအတွက်မူ ဆရာကြီးလင်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးတစ်ကောင် ဖြစ်ပေသည်။
ကလောက် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်၏။ ထိုနေရာမှာ လငပုပ် တမန်တော် ဘတ်ခ် တစ်စစီ ပျောက်ကွယ်သွားခဲ့သော နေရာပင် ဖြစ်သည်။ ယခုမူ ညအမှောင်ထုမှာ မည်သည့် အကြွင်းအကျန်ကိုမျှ မချန်ထားခဲ့ပဲ တိတ်ဆိတ်စွဲမြဲလျက် ရှိ၏။
မျက်မြင်သက်သေများ၏ အဆိုအရ အီသာစွမ်းအင် လှိုင်းခတ်မှုကလေး တစ်စွန်းတစ်စမျှပင် မရှိခဲ့ဟု သိရသည်။
ကလောက် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ဖြည်းညှင်းစွာပင် ပြန်ထုတ်လိုက်သည်။ မည်မျှ အဆင့်မြင့်မားလှသည့် နည်းလမ်းမျိုးနည်း။
အမှန်တရား အသင်းတော်က ထူးခြားအဆင့် ၊ ငရဲဘုံအဆင့် ၊ ဖျက်ဆီးခြင်းအဆင့် နှင့် အခရာအဆင့်ဟူ၍ အဆင့်အတန်းများ သတ်မှတ်ထားရခြင်းမှာ ယနေ့အချိန်အထိ အဇီးတွင် ထိုအဆင့်ရှိသည့် ပုဂ္ဂိုလ်များသာ ရှိခဲ့သောကြောင့် ဖြစ်သည်။ မည်သူမျှ ဤအဆင့်များထက် ပို၍ မတက်လှမ်းနိုင်ခဲ့ကြသေးပေ။
ယခုအခါတွင်မူ... အကြီးအကဲများ ကောင်စီမှာ စာအုပ်ဆိုင်ရှင်နှင့် မည်သို့ ဆက်သွယ်ရမည်၊ မည်သို့ ရင်ဆိုင်ရမည် ဆိုသည့် ရိုးရှင်းသော အရာများကိုပင် အဘယ်ကြောင့် တံခါးပိတ် တိုင်ပင်နေကြရသနည်းဟူသော အချက်ကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
တကယ်တော့ စာအုပ်ဆိုင် ပိုင်ရှင်မှာ ဤလောက၌ တစ်ခါမှ မရှိဖူးသည့် အဆင့်အတန်းမျိုးတွင် ရှိနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
...
ဖူး...
ရော့ဒ်နီပါးစပ်အတွင်းမှ သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရပြီး မျက်နှာမှာလည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။
သူ လက်ထဲရှိ ရာဇလှံတံ မိမိလက်ထဲရှိ လှံတံကို စိုက်ကြည့်နေမိသည်။ ယခုတစ်ကြိမ်တွင် လှံတံမှာ အရည်ပျော်မသွားခဲ့ပေ။ လှံတံပေါ်ရှိ လက္ခဏာရပ်များမှာလည်း ပုံမှန်အတိုင်းပင် ရှိနေသော်လည်း လရောင်နှယ် ထွက်ပေါ်နေတတ်သော အလင်းရောင်မှာမူ မှိန်ဖျော့သွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် လမင်း၏ နတ်ဘုရားစွမ်းအားနှင့် ဆက်သွယ်မှု လုံးဝ ပြတ်တောက်သွားသည်ကို သူ ခံစားလိုက်ရ၏။
ယဇ်ပလ္လင်ထက်ရှိ ငွေရောင် အချင်းတိုင်မှာလည်း ပြင်းထန်စွာ တွန့်လိမ်သွားကာ ကလေးငယ်တစ်ဦး နာကျင်စွာ အော်ဟစ်နေသကဲ့သို့ အသံများ ထွက်ပေါ်လာ၏။ ထိုနောက်တွင်တော့ ၎င်းမှာ သွေးအမြောက်အမြား ပန်းထွက်လာသည်။
တစ်ခဏချင်းမှာပင် အချင်းတိုင်ပေါ်ရှိ အကြိတ်သဏ္ဌာန် အသားပိုတစ်ခုမှာလည်း မည်းတူးသွားကာ လောင်ကျွမ်းသွားလေတော့၏။
ရော့ဒ်နီသည် ရူးသွပ်လုနီးပါး မျက်လုံးများဖြင့် ယဇ်ပလ္လင်ဆီသို့ ပြေးသွားလိုက်လေတော့သည်။
"မဟုတ်ဘူး... မဖြစ်နိုင်တာ..."
သူက မိမိကိုယ်ပေါ်၌ သွေးများ စွန်းပေမည်ကိုပင် ဂရုမပြုအားတော့ဘဲ တုန်ရင်နေသည့် လက်အစုံဖြင့် ရှေ့မှောက်ရှိ ယဇ်ပလ္လင်ပေါ်မှ ငွေရောင် အချင်းတိုင်ကို လှမ်း၍ ဆုပ်ကိုင်ရန် ကြိုးစားနေမိသည်။
ဖြစ်ရပ်များ အပြီးတွင် ငွေရောင် အချင်းတိုင်မှာ ညှိုးနွမ်းသွားခဲ့ပြီး ယခင်ကလိုမျိုး တလှုပ်လှုပ်နှင့် အသက်ဝင်နေမှုမှာလည်း အားနည်းသွားခဲ့ချေပြီ ဖြစ်သည်။ မည်းတူးသွားသော အစိတ်အပိုင်းမှာ ပန်းထွက်လာသည့် သွေးစက်များ၏ ဖုံးလွှမ်းမှုအောက်၌ အသားသစ်များ ပြန်လည်ပေါက်ဖွားလာရန် ကြိုးစားနေသော်လည်း အလွန်ပင် နှေးကွေးလှပေသည်။
ထိုအခြင်းအရာကို စိုက်ကြည့်နေရင်း ရော့ဒ်နီ၏ ခက်ထန်သော မျက်နှာထားမှာ ရုတ်ချည်းပင် နူးညံ့ပျော့ပျောင်းသွားတော့၏။ သူသည် ထိုငွေရောင် အချင်းတိုင်ကို ထိတွေ့ချင်သော်လည်း မဝံ့မရဲ ဖြစ်နေကာ ယဇ်ပလ္လင်ကိုသာ ပတ်၍ လျှောက်နေမိသည်။
"မင်း ကြောက်နေတာလား..."
ရော့ဒ်နီက တိုးညှင်းသိမ့်မွေ့သော လေသံဖြင့် မေးလိုက်၏။
"ဘယ်သူက မင်းကို နာကျင်အောင် လုပ်လိုက်တာလဲ..."
"နှိမ့်ကျလှတဲ့ အစေခံကို မင်းရဲ့ ပြဿနာတွေကို ဖြေရှင်းခွင့်ပေးပါ... မင်းရဲ့ စွမ်းအားတွေကို ငါ့ဆီ တစ်ခေါက်လောက် ပြန်ပြီး အပ်နှင်းပေးပါဦး..."
သူ၏ အသံက အက်ရှကာ နှေးကွေး နေခဲ့၏။
"တောင်းပန်ပါတယ်... ငါ့ဆီ အဲဒါတွေ ပြန်ပေးပါဦး..."
ငွေရောင် အချင်းတိုင်မှာ ပုံပျက်ပန်းပျက် ဖြစ်နေသည့် နှလုံးသားတစ်ခုနှယ် ပြင်းထန်စွာ တုန်ခါသွားပြန်၏။ ပန်းထွက်လာသည့် သွေးများက မည်းတူးနေသော ဒဏ်ရာကို ဖုံးအုပ်သွားပြီးနောက်... အသားသစ်များ ဖြစ်ပေါ်လာကာ ဒဏ်ရာမှာ ပျောက်ကွယ်သွားသည်။ ထိုအခါမှသာ အားနည်းလှသော အလင်းရောင်ကလေးမှာ တစ်ဖန် ပြန်လည် ထွက်ပေါ်လာတော့၏။
ရော့ဒ်နီ၏ လှံတံမှာလည်း ထိုစွမ်းအားနှင့် ဟန်ချက်ညီစွာပင် ပြန်လည်လင်းထိန်လာခဲ့သည်။ သို့သော်လည်း လငပုပ်ကို ကိုယ်စားပြုသော အဆင်တန်ဆာမှာမူ လင်းလက်မလာဘဲ မှောင်မည်းမြဲ မှောင်မည်းနေဆဲပင်။
ငွေရောင် အချင်းတိုင်၏ ပျက်စီးမှုနှင့် တွဲဖက်ကြည့်လျှင် ဤသည်မှာ စွမ်းအား ခေတ္တခဏ ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ဘဲ လငပုပ်၏ စွမ်းအားတစ်ခုလုံးကို လမင်းထံမှ အပြီးအပိုင် လုယူဖယ်ရှားခြင်း ခံလိုက်ရပြီ ဖြစ်ကြောင်း ညွှန်ပြနေပေသည်။
ရော့ဒ်နီ၏ ရင်ထဲ၌ နင့်ခနဲ ခံစားလိုက်ရ၏။ သို့သော်လည်း... သူ ကြင်နာတတ်သည့် မျက်နှာထားကို ဆက်လက်ထိန်းသိမ်းထားရင်း ငွေရောင်အချင်းကို ချော့မော့၍ ပြောလိုက်သည်။
"မင်း တကယ်ကို တော်ပါတယ်... မင်းရဲ့ နိမ့်ကျတဲ့ အစေခံက မင်းအပေါ်မှာပဲ ထာဝစဉ် သစ္စာရှိနေမှာပါ... မင်းရဲ့ ရန်သူမှန်သမျှကို ချေမှုန်းပြီး မင်းကို ထာဝရ ကာကွယ်စောင့်ရှောက်သွားမှာပါ"
***