တာဝန်သိ ပြည်သူ လင်ကျဲ
Vol. 14 Ch. 188
ငြိမ်သက်သွားသည့် ငွေရောင် အချင်းတိုင်ကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် ရော့ဒ်နီက နောက်သို့ လှည့်ကာ သူတော်စင် နှစ်ပါးထဲမှ တစ်ဦး ဖြစ်သည့် အလင်း မယ်တော်ကို ဆင့်ခေါ်လိုက်လေသည်။
အလင်းမယ်တော်၏ လှပသော မျက်နှာမှာ ဖြူလျော်နေကာ သူမ၏ မျက်ဝန်းအစုံမှာလည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ သူမက ရော့ဒ်နီ၏ ရှေ့တွင် ဒူးထောက်လိုက်ကာ တုန်ရင်သော အသံဖြင့် တင်လျှောက်လိုက်သည်။
"အရှင်... ကျွန်မ... ဘတ်ခ်ရဲ့ ဝိညာဉ်ကို ရှာမတွေ့တော့ပါဘူး... သူက လောကမှာ မရှိတော့သလိုပါပဲ... တစ်ယောက်ယောက်က သူ့ရဲ့ ဝိညာဉ်ကို အပြီးအပိုင် ဖျက်ဆီးပစ်လိုက်တာပါ"
သူတို့ ဘတ်ခ်ကို ဗင်းဆင့် နောက်သို့ လိုက်လံသတ်ဖြတ်ရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း လငပုပ် တမန်တော်မှာ စာအုပ်ဆိုင်ပိုင်ရှင်နှင့် ထိပ်တိုက် တွေ့ဆုံခဲ့လေရာ ယခုအခြေအနကေ စာအုပ်ဆိုင်ပိုင်ရှင်၏ လက်ချက်ဖြစ်ကြောင်း ထင်ရှားနေချေပြီ ဖြစ်သည်။
သူက ဘတ်ခ်ကို သတ်ဖြတ်လိုက်ရုံသာမက နတ်ဘုရား စွမ်းအား၏ အရင်းအမြစ်ကိုပင် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ပေသည်။
"သူပ ဘယ်လို တည်ရှိမှုမျိုးလဲ..."
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့သော်လည်း နော်ဇင်မြို့တော်ကတော့ တိတ်ဆိတ် ငြိမ်သက်လျက်သာ ရှိနေခဲ့သည်။ အခရာအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ဖျက်ဆီးခြင်းအဆင့်ကို သတ်ဖြတ်ရန် အားအနည်းငယ် စိုက်ထုတ်ရစမြဲ ဖြစ်သည်။ ဖျက်ဆီးခြင်းအဆင့်ဟူသော အမည်မှာ ဒေသတစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိသောကြောင့် ထိုကဲ့သို့ ပေးထားခြင်း ဖြစ်သည်။ သို့သော်လည်း... စာအုပ်ဆိုင်ပိုင်ရှင်ကတော့ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးကို ဟင်းရွက်ကန်စွန်း လှီးဖြတ်ရသကဲ့သို့ အလွယ်တကူ အစပျောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
ရော့ဒ်နီ၏ မျက်နှာအမူအရာက အလွန်ပင် ဆိုးဝါးသွားခဲ့၏။ သူက လက်ကို ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။
“သိပြီ... မင်း သွားလို့ရပြီ"
အလင်း မယ်တော် ထွက်ခွာသွားပြီးနောက် လပြည့် တမန်တော် ရောက်ရှိလာကာ စာအုပ်ဆိုင် ပတ်ဝန်းကျင်၌ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် တင်ပြလာသည်။
ရော့ဒ်နီမှာ နားထောင်ရင်းနှင့် ပို၍ ထိတ်လန့်လာကာ ဒေါသလည်း ထွက်လာတော့၏။ သူ လက်ထဲမှ လှံတံကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိရာ လက်ဆစ်များပင် ဖြူရော်လာခဲ့သည်။
ဤလောကတွင် ဖျက်ဆီးခြင်းအဆင့်ကို အသာအယာ ချေမှုန်းနိုင်သည့် အခရာအဆင့်များ ရှိနေပါ၏လော။ သို့မဟုတ်... စာအုပ်ဆိုင်ပိုင်ရှင်မှာ တစ်ခါမှ မတည်ရှိဖူးသည့် ဒဏ္ဍာရီလာ အဆင့်တစ်ခုခုသို့ ရောက်ရှိနေပြီလော။
"မဖြစ်နိုင်တာ... အဲဒီလို အဆင့်မျိုးက အိပ်မက်ဘုံထဲမှာပဲ ရှိနိုင်တာ... ကမ္ဘာဦး စုန်းမတွေ၊ နတ်ဘုရားတွေ... သူတို့အားလုံးက အိပ်မက်ဘုံထဲမှာပဲ ရှိကြတာ... တကယ့်ပြင်ပလောကမှာ ဘယ်သူမှ အဲဒီအဆင့်ကို မရောက်ဖူးဘူး"
"မရောက်ဖူးရဘူး... မဟုတ်ရင် ငါတစ်သက်လုံး လိုက်စားခဲ့တဲ့အရာက မှားနေမှာပေါ့... မဟုတ်တာ... ငါ မမှားနိုင်ဘူး"
ရော့ဒ်နီသည် သွေးနီရောင် မျက်လုံးများနှင့် သွားကြိတ်ကာ တစ်ယောက်တည်း ရေရွတ်နေတော့၏။
"ဟုတ်တာပေါ့... မင်း မမှားနိုင်ပါဘူး"
ရုတ်တရက် အသံတစ်သံက ထွက်ပေါ်လာသည်။ ထိုအသံမှာ နက်ရှိုင်းပြီး နားထောင်သူကို ဆွဲဆောင်နိုင်သည့် ယုံကြည်မှု အပြည့်ရှိသော အသံမျိုး ဖြစ်သည်။
ရော့ဒ်နီ ခေါင်းလှည့်ကြည့်လိုက်သောအခါ ထောင့်စွန်းတစ်ခုတွင် ရပ်နေသည့် ဝတ်ရုံနက်ဝတ် ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူ၏ မျက်နှာမှာ မြူနှင်းများ ဖုံးလွှမ်းထားသကဲ့သို့ ဝေဝါးနေပြီး ငွေရောင်မျက်လုံးအစုံကိုသာ မြင်တွေ့ရ၏။ သူ၏ ရင်ဘတ် အလယ်တည့်တည့်၌ အီသာ စွမ်းအင်များ ပြည့်နှက်နေပုံရသည့် ထူးဆန်းသော တံဆိပ်တစ်ခု ရှိနေခဲ့သည်။
၎င်းမှာ မီးတောက်များ ဝန်းရံနေသည့် ဓားရှည်တစ်လက် ပုံသဏ္ဌာန် ရှိသည်။
"မီးတောက်ဓားလမ်းစဉ်"
ရော့ဒ်နီ ထိုတံဆိပ်၏ အမည်ကို စိတ်ထဲမှ ချက်ချင်းပင် ရေရွတ်မိလိုက်၏။
ဝတ်ရုံနက်နှင့် လူက အေးအေးလူလူ လျှောက်လာပြီး ပုပ်ရဟန်းမင်းကြီးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် အနည်းငယ် အေးစက်စက် လေသံနှင့် မေးလိုက်၏။
"ရော့ဒ်နီ... မင်းရဲ့ ခံယူချက်တွေအပေါ် မင်းက ဒီလောက်တောင် မသေမချာ ဖြစ်နေရတာလား"
"မဖြစ်ဘူး... ကျုပ် မှန်တယ် ဆိုတာ ကျုပ်ယုံတယ်..."
ရော့ဒ်နီက အော်ကြီးဟစ်ကျယ် တုန့်ပြန်လိုက်၏။ ထို့နောက်တွင်တော့... သူ၏ အမူအရာက အနည်းငယ် တုံ့ဆိုင်းသွားကာ...
"ဒါပေမဲ့ ဟိုစာအုပ်ဆိုင်ပိုင်ရှင်... အဲဒီ လင်ကျဲ ဆိုတဲ့လူက ဘာလဲ... ဗင်းဆင့်ရဲ့ စွမ်းအားက အမိုးခုံးအသင်းတော်ကို အပြည့်အဝ ဆန့်ကျင်နေတာ... ခင်ဗျားလည်း မြင်သားပဲ... ကျုပ်တို့ သူ့ကို ဘာမှလုပ်လို့ မရဘူး... ခင်ဗျားတို့ဘက်ကရော ဘယ်လိုလဲ"
ရော့ဒ်နီက ဒေါသတကြီးဖြင့် ဆက်ပြောလိုက်၏။
"ခင်ဗျားတို့ ကျုပ်ကို ကူညီမယ်လို့ ပြောထားတယ် မဟုတ်လား"
"သောက်ရူးကောင်..."
ဝတ်ရုံနက်နှင့်လူက သူ့ကို စိုက်ကြည့်လိုက်သည်။
"မင်းက အမိုးခုံးအသင်းတော်ကိုပဲ လိုချင်တာလား... ဒါမှမဟုတ် အခရာအဆင့်ကို ကျော်လွန်တဲ့ စွမ်းအားကို လိုချင်တာလား"
ရော့ဒ်နီ တုန်လှုပ်သွားခဲ့၏။ ထို့နောက်... ဤနေရာမှာ မိမိ ဒေါသထွက်ရမည့် နေရာမဟုတ်ကြောင်း သတိဝင်လာကာ စိတ်ကို ပြန်ထိန်းလိုက်သည်။ ပုပ်ရဟန်းမင်းကြီးက သူ၏ ဖရိုဖရဲဖြစ်နေသော ဦးခေါင်းကို နှိမ့်ချစွာ ငုံ့လိုက်၏။
"စွမ်းအားကိုပဲ လိုချင်တာပါ"
ဝတ်ရုံနက်နှင့်လူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် တိုးညှင်းစွာ ပြောလိုက်၏။
"ဒါဆိုရင် တခြားဟာတွေကို ဂရုမစိုက်နဲ့... လမင်းကြီး အိပ်မက်ဘုံကနေ လွတ်မြောက်လာနိုင်ဖို့ ဓမ္မထုံးတမ်း အခမ်းအနားအတွက်ပဲ အာရုံစိုက်ပြင်ဆင်တော့... လမင်းကြီး အိပ်မက်ဘုံကနေ ထွက်ခွာလာနိုင်မှပဲ ငါတို့က အိပ်မက်ဘုံရဲ့ အက်ကြောင်းတွေကို ချဲ့ထွင်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ"
"ငါတို့ မင်းဆီကို လိုအပ်တဲ့ ပစ္စည်းတွေ ဆက်ပို့ပေးမယ်... ဒါပေမဲ့ အခုကစပြီး အားလုံးကို အရှိန်မြှင့်ရမယ်... အက်ရှ် ကုန်သည်ကြီးများ အသင်းဘက်က ကိစ္စလည်း မကြာခင် ဖော်ထုတ်ခံရတော့မယ်... မင်းက အချိန်ဖြုန်းနေချင်သေးတာလား"
"မှတ်ထား... မင်းရဲ့ ပထမဆုံး တာဝန်က လမင်းကြီးကို အိပ်မက်ဘုံကနေ ထွက်ပေါ်လာအောင် ကူညီဖို့ပဲ... နားလည်လား"
ရော့ဒ်နီသည် မကျေမနပ်ဖြင့်ပင် ခေါင်းညိတ်လိုက်၏။
"နားလည်ပါပြီ"
ဝတ်ရုံနက်နှင့်လူက ပြတင်းပေါက်နားသို့ လျှောက်သွားရင်း လက်ပိုက်ကာ မှောင်မည်းနေသည့် ညကောင်းကင်ယံကို ကြည့်လိုက်သည်။
"လင်ကျဲကိုတော့ အရှင်မိုက်ကယ် က ကိုင်တွယ်လိမ့်မယ်... အဲဒီ ခွေးကောင်က ငါတို့ရဲ့ အစီအစဉ်တွေကို နှစ်ကြိမ်တောင် ဖျက်ဆီးခဲ့ပြီးပြီ... မီးတောက်ဓားလမ်းစဉ်ရဲ့ ရန်သူဖြစ်တာကြောင့် ငါတို့ သူ့ကို သုတ်သင်ပစ်မှာပါ"
"ဗင်းဆင့် ဘာလုပ်မလဲဆိုတာနဲ့ အမိုးခုံးအသင်းတော် ဘာဖြစ်မလဲဆိုတာက မင်းနဲ့ မဆိုင်ဘူး"
ဝတ်ရုံနက်က လှည့်ကြည့်လိုက်ရာ စက်ဆုပ်ဖွယ်ကောင်းသည့် ငွေရောင်မျက်လုံးများ ပေါ်လာခဲ့၏။
"မှတ်ထား... ငါတို့ မင်းကို ပုပ်ရဟန်းမင်းကြီး နေရာမှာ ထိုင်ခိုင်းထားတာက အမိုးခုံးအသင်းတော်ကို ကာကွယ်ဖို့ မဟုတ်ဘူး... မင်းမှာ အဲဒီလို လုပ်ပိုင်ခွင့်မျိုး မရှိဘူး"
ရော့ဒ်နီ သူ့ ရှေ့မှောက်တွင် ရှိနေသူ၏ အစစ်အမှန် အဆင့်အတန်းကို ပြန်လည်သတိရသွားသည်။ ထိုသူမှာ မီးတောက်ဓားလမ်းစဉ်ကို စတင်တည်ထောင်ခဲ့သည့် ပုဂ္ဂိုလ် ဆယ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ယခုအခါ ဂါဘရီယယ်ဟု အမည်ဝှက် ပေးထားသူ ဖြစ်သည်။
တစ်နည်းဆိုရသော်... ထိုပုဂ္ဂိုလ်မှာ တတိယခေတ် အစပိုင်းတွင် အမိုးခုံးအသင်းတော်ကို စတင်တည်ထောင်ခဲ့သည့် မူလပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်ပင် ဖြစ်တော့သည်။
...
နောက်တစ်နေ့ နံနက်...
ကလောက် တစ်ညလုံး အလုပ်လုပ်ခဲ့ရသော်လည်း ဆိုင်ဖွင့်ချိန်တွင် စာအုပ်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ စာအုပ်ဆိုင်မှာ ယခင်အတိုင်းပင် ရှိနေသော်လည်း ယခုတစ်ကြိမ်တွင်မူ လူသစ်တစ်ယောက် ထပ်တိုးနေသည်ကို တွေ့ရသည်။
မျက်လုံး စည်းထားသည့် ဘုန်းတော်ကြီး ဗင်းဆင့်မှာ အဆုံးမဲ့ ပျက်သုဉ်းခြင်း ကျမ်းစာကြောင့် ရရှိလာသည့် ယုံကြည်ချက်သစ်များကြောင့် လည်းကောင်း၊ အိပ်မက်ထဲတွင် မွန်းနှင့် တိုင်ပင်ခဲ့သော အစီအစဉ်များကြောင့်လည်းကောင်း ယခင်ကထက် ပို၍ စိတ်ဓာတ်တက်ကြွနေပုံရသည်။
သူတို့နှစ်ဦးမှာ အိပ်မက်ထဲတွင် သဘောတူညီမှု ရယူပြီးနောက် ဘာသာတရား အသစ်တစ်ခုကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ဝတ်ပြုကိုးကွယ်သူများ ရရှိရန်မှာမူ ဆက်လက်ကြိုးစားရဦးမည်ဖြစ်ပြီး အထူးသဖြင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပေမည်။
ကလောက်မှာ ဆိုင်ထဲသို့ ဝင်လာပြီးနောက် ဆိုင်ရှင် လင်ကျဲကို ပထမဦးစွာ နှုတ်ဆက်ကာ သူ၏ ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်စကား ပြောကြားလိုက်သည်။
တာဝန်သိပြည်သူ လင်ကျဲမှာမူ မျက်နှာတစ်ခုလုံး ပြုံးဖြီးလျှက် ရှိနေခဲ့၏။
"မလိုပါဘူး... မလိုပါဘူး... တရားမျှတမှုကို ဖော်ဆောင်ဖို့ဆိုတာ လူတိုင်းရဲ့ တာဝန်ပဲလေ"
ထို့နောက် သူက ဘေးနားရှိ ဗင်းဆင့်ကို ညွှန်ပြလိုက်၏။
"ဒါကတော့ ကာယကံရှင်ပဲ... အသေးစိတ်ကိုတော့ သူ့ကိုပဲ မေးမြန်းနိုင်ပါတယ်... ကျွန်တော်ကတော့ ဆိုင်ဖွင့်ထားရဦးမှာဆိုတော့... ဒါနဲ့ ခင်ဗျားတို့တွေ ဟိုဘက်ခန်းကို သွားပြီး လွတ်လွတ်လပ်လပ် စကားလို့ ရတယ်နော်"
"ဟိုဘက်ခန်း..."
"ဟုတ်တယ်... ဟိုဘက်က ဆိုင်ခန်းကိုလည်း ထပ်တိုးပြီး ဖွင့်တော့မလို့ဗျ..."
လင်ကျဲက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
"အဲဒီဆိုင်ကိုတော့ မွန်းက တာဝန်ယူလိမ့်မယ်..."
***