စာအုပ်ကဖေး
Vol. 14 Ch. 189
ဆိုင်ခွဲ ဖွင့်တော့မယ်...။
ဤသတင်းစကားမှာ ကလောက်၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားသည်။ သူက ထူးခြားဆန်းပြားသော သတင်းအသစ်တစ်ခုကို လက်ဦးမှု ရလိုက်ပြီဟု ခံစားလိုက်ရသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း၌ ကလောက်မှာ ဘလပ်ဖိစ် အဖွဲ့နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကိုင်တွယ်နေရသဖြင့် အလုပ်ရှုပ်နေခဲ့ရာ ဘေးနားရှိ ရုပ်မြင်သံကြားဆိုင်လေး ပိတ်သွားသည်ကိုပင် သတိမပြုမိခဲ့ပေ။ သို့သော်လည်း... ထိုဆိုင်ရှင်အဖို့မူ ယခုကဲ့သို့ ဆိုင်ပိတ်လိုက်ရခြင်းမှာ ကံကောင်းခြင်းတစ်ခုဟု ဆိုရပေမည်။
"မွန်းက တာဝန်ယူလိမ့်မယ်" ဟူသော စကားကို ပြန်လည်ကြားယောင်မိသောအခါ ကလောက်၏ ရင်ခုန်သံမှာ အနည်းငယ် မြန်သွားရသည်။ မွန်းမှာ လင်ကျဲကိုယ်တိုင် မြေတောင်မြှောက် ပေးထားသူဖြစ်ကြောင်း ထင်ရှားလှသည်။
ထို့အပြင်... မွန်းမှာ အမိုးခုံး ဘုရားကျောင်းတော်နှင့် ကိစ္စများတွင်လည်း ပါဝင်ကူညီမည့်ပုံ ရှိသည်။ အကယ်၍ အသင်းတော်မှာ ဝတ်ပြုသူများကို စွဲလမ်းစေတတ်သည့် အရာများဖြင့် အမှန်တကယ်ပင် ထိန်းချုပ်ထားသည်ဆိုပါက ထိုအသင်းတော် ပြိုလဲသွားရန်မှာ မလွဲဧကန်ပင်။ ထိုအချိန်ကျလျှင် နော်ဇင်မြို့သားများ၏ စိတ်ဓာတ်တည်ငြိမ်မှုအတွက် အစားထိုးရန် ယုံကြည်မှုအသစ်တစ်ခု လိုအပ်လာပေလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးတွင် အခြားအဖွဲ့အစည်းများကလည်း ယုံကြည်မှုအသစ်တစ်ခုကို တင်ပြကြရမည်သာ ဖြစ်သည်။
ကလောက်မှာ ထက်မြက်သော လူငယ်တစ်ဦး ဖြစ်သည့်အလျောက် ခဏချင်းအတွင်းမှာပင် ဖြစ်နိုင်ခြေ အသွယ်သွယ်ကို တွေးတောမိသွားသည်။ သို့သော်လည်း... အသေးစိတ်ကိုမူ ဗင်းဆင့်နှင့် မွန်းတို့ကို မေးမြန်းပြီးမှသာ အတည်ပြုနိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဆရာကြီးလင်က အဖြေကို ချပေးထားပြီးဖြစ်ရာ မိမိဘာသာ အမှတ်တမဲ့ ခန့်မှန်းနေခြင်းမှာ လူမိုက်အလုပ်သာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း... ထပ်မံတွေးတောကြည့်လျှင် လင်ကျဲ၏ ယခု အပြုအမူမှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ရပ်တည်ချက်ကို စမ်းသပ်လိုသော ရည်ရွယ်ချက်လည်း ရှိနေပုံရသည်။
ကလောက်က စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
‘ဘာတွေ အထူးအဆန်း စမ်းသပ်နေဦးမှာလဲ... ကျွန်တော်တို့ရဲ့ နှလုံးသားတွေက ဆရာကြီးဆီမှာ ရှိနေပြီးသားပါ... စိတ်မပူပါနဲ့... ဆရာကြီး ခိုင်းတာကိုပဲ ကျွန်တော်တို့ လုပ်မှာပါ... အကြီးအကဲ ကောင်စီကတောင် ဆရာကြီးရဲ့ စွမ်းအား နယ်ပယ်ကို... အဲလေ... မဟုတ်ပါဘူး... ဆရာကြီးကို အမြဲတမ်း အလေးထားနေတာပါ"
မှန်ပေသည်။ ကလောက်မှာ ထိုကဲ့သို့သော စကားလုံးမျိုးကို အပြင်တွင် ထုတ်ဖော်ပြောမည် မဟုတ်ပေ။
ကလောက်က ချောင်းတစ်ချက်ဟန့်လိုက်ရင်း.. လင်ကျဲထံမှ ဆိုင်အသစ်နှင့် ပတ်သက်၍ အနည်းငယ် စူးစမ်း မေးမြန်းဖို့ ဆုံးဖြတ်လိုက်၏။
"ဘယ်လိုပုံစံ ဆိုင်မျိုး ဖွင့်ဖို့ စိတ်ကူးထားတာလဲ သူဌေးလင်..."
လင်ကျဲက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ အမြင်ကို ရှင်းပြလိုက်၏။
"ဟိုဘက်ဆိုင်က နည်းနည်း ပိုကျယ်တယ်... စာအုပ်အများစုကိုတော့ ဒီဆိုင်က စင်တွေပေါ်မှာပဲ ထားမှာပါ... စာအုပ် ဝယ်တာ၊ ငှားတာတွေအတွက် ဒီဆိုင်က နေရာက လုံလောက်ပါတယ်"
"ဟိုဘက်ဆိုင်ကိုတော့ အအေးနဲ့ မုန့်တွေ ရနိုင်တဲ့ စာအုပ်ကဖေး အနေနဲ့ သုံးဖို့ စိတ်ကူးထားတယ်ဗျ... နေရာထိုင်ခင်းလည်း ပိုများတော့ စကားပြောဖို့ ပိုပြီး အဆင်ပြေတာပေါ့... ဖောက်သည်တွေအတွက်ကတော့ မွန်းရဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်"
ဆိုလိုသည်က စီးပွားရေး ချဲ့ထွင်ရန်နှင့် ဖောက်သည် ပိုမိုရရှိရန်အတွက် ဆိုင်နှစ်ဆိုင်၏ ရည်ရွယ်ချက်ကို ခွဲခြားထားခြင်း ဖြစ်သည်။ ဆိုင်ခွဲကို ကော်ဖီနှင့် လက်ဖက်ရည် ရောင်းချရန် အဓိကထားမည် ဖြစ်သော်လည်း စာအုပ်ဝယ်ယူခြင်းမှာမူ မူလဆိုင်၌သာ ဖြစ်သည်။ ဆိုင်ခွဲမှာ ဖောက်သည်များအတွက် စာဖတ်ရင်း အနားယူနိုင်မည့် နေရာတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် လှပလှသော ဆိုင်ရှင် မိန်းကလေးမှာလည်း ဆွဲဆောင်မှု တစ်ခု ဖြစ်လာပေလိမ့်မည်။ မွန်းလေးမှာ လင်ကျဲ၏ အမြင်တွင် ကလေး ဆိုသော်လည်း ပဲမများပဲ ရပ်နေရုံနှင့်ပင် လူအများ၏ အကြည့်ကို ဖမ်းစားနိုင်စွမ်း ရှိပေသည်။ အနည်းဆုံးတော့ သူမမှာ ယောက်ျားသားကြီး လင်ကျဲထက်စာလျှင် ပို၍ ဆွဲဆောင်မှု ရှိမည်မှာ အမှန်ပင်။
ထို့ကြောင့်ပင် ဖောက်သည်များကို ဆွဲဆောင်ရန်မှာ မွန်းအပေါ်တွင်သာ မူတည်သည်ဟု ဆိုခြင်းဖြစ်သည်။
"ဪ... ဒီလိုကိုး..."
ကလောက်က ခေါင်းညိတ်လိုက်မိ၏။ ဤသည်က စာအုပ်ငှားသူများအကြား အချင်းချင်း ဆက်ဆံရေးကို လင်ကျဲက မြှင့်တင်ပေးလိုခြင်းလော။ ဆိုင်၏ စီးပွားရေးမှာ မကောင်းလှကြောင်းနှင့် စာအုပ်ငှားသည့် သက်တမ်းမှာလည်း ရှည်လျားလှကြောင်း ဆရာဖြစ်သူထံမှ ကြားဖူးသည်။
ထို့ကြောင့်ပင်... များသောအားဖြင့် ဖောက်သည်များမှာ အချင်းချင်း ဆုံတွေ့ခွင့် မရကြသလို ဆက်သွယ်ပြောဆိုခွင့်လည်း မရှိကြပေ။ သို့သော်လည်း... ဆိုင်ရှင်မှာ လူအများ သိထားသည်ထက် ပို၍ များပြားလှသော လူများကို လေ့ကျင့်သင်ကြားပေးထားသည်မှာ သေချာလှသည်။
ထို့ကြောင့်ပင်... ဤစာအုပ်ဆိုင်၌ ရှိနေသော အင်အားမှာ သူတို့ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေပေလိမ့်မည်။ ယခုအချိန်အထိ သူက ထိုအင်အားများကို လူမသိအောင် ပြန့်ကျဲထားခြင်းသာ ဖြစ်ပေလိမ့်မည်။
ယခုမူ ဆိုင်ခွဲတစ်ခု ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဤသည်က ဆိုင်ရှင်အနေဖြင့် စာအုပ်ငှားသော ဖောက်သည်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုကို တည်ထောင်ရန် စိတ်ကူးရှိနေခြင်းကို ပြသနေခြင်း ဖြစ်သည်။ ထို့အပြင် မွန်းကို တာဝန်ပေးခြင်းအား ထောက်ချင့်ရပါက... သူက သူမကို စာအုပ်ဆိုင်၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် သတ်မှတ်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။
အမျိုးမျိုးသော အတွေးများဖြင့် တဝဲလည်လည် ရစ်ပတ်ရင်း ကလောက် တစ်ယောက် ဗင်းဆင့်နှင့် မွန်းတို့၏ နောက်မှ လိုက်ကာ ဆိုင်ခွဲသစ်အတွင်းသို့ ဝင်ရောက်လာခဲ့တော့သည်။
အသစ်စက်စက် ပြုပြင်မွမ်းမံထားသည့် ဆိုင်ခန်းမှာ ဆန်းသစ်သော အသွင်အပြင်ရှိပြီး အခင်းအကျင်းမှာလည်း ကျော့ရှင်းလှပလှသည်။ နံရံများပေါ်တွင် နွယ်ပင်များ၊ မက်ဂနိုလီယာ ပန်းအိုးများနှင့် အလှစိုက်ပင်များမှာ နေရာအနှံ့ ရှိနေသည်။ ၎င်းမှာ ဘေးနားရှိ မှောင်မည်းအုံ့မှိုင်းနေသော စာအုပ်ဆိုင်နှင့် လုံးဝ ခြားနားလှပေသည်။
အက်ရှ် ကုန်သည်ကြီးများ အသင်း၏ လက်ရာမှာ အပြစ်ပြောစရာ မရှိပေ။ လင်ကျဲ ယခင်က မြင်တွေ့ဖူးသည့် စာအုပ်ကဖေးများ၏ ပုံစံကို အခြေခံကာ အနည်းငယ် ဖြည့်စွက်ထားသဖြင့် ဆိုင်သစ်မှာ ခေတ်မီသော စတိုင်လ်ကို ရရှိထားသည်။
၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်ဝန်းကျင်ကဲ့သို့ နည်းပညာ အနည်းငယ် နောက်ကျနေသော အဇီး ကမ္ဘာနှင့် နှိုင်းယှဉ်ပါက ယခုလိုမျိုး လန်းဆန်းပြေပြစ်သည့် စာပေအငွေ့အသက်မှာ အလွန်ပင် ဆန်းသစ်ပြီး မျက်စိပသာဒ ဖြစ်လှသည်။
မူလစာအုပ်ဆိုင်မှာမူ ယခင်အတိုင်းပင် ရှိနေသေးသည်။ ယခင်က လင်ကျဲထံတွင် ပြုပြင်ရန် ငွေကြေးမရှိခဲ့သော်လည်း ယခုအခါတွင်မူ ထိုအခြေအနေကိုပင် ကျင့်သားရနေပြီ ဖြစ်သဖြင့် ပြောင်းလဲရန် စိတ်မကူးတော့ပေ။ သို့သော်လည်း... ဆိုင်သစ်ကတော့ အနာဂတ်တွင် ငွေရှာပေးမည့် ကိရိယာကောင်းတစ်ခု ဖြစ်လာမည် ဖြစ်သဖြင့် လင်ကျဲက အသေးစိတ် စဉ်းစားပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်.. ဗဟိုခရိုင်ရှိ တော်ဝင် မျိုးနွယ်များ အတွက် ဖွင့်လှစ်ထားသော ဆိုင်များကို မြင်တွေ့ဖူးသည့် ကလောက်ပင်လျှင် ဆိုင်သစ်ထဲသို့ လှမ်းဝင်လိုက်သောအခါ စတိုင်အသစ်ကို ကြည့်ကာ အံ့ဩမိသွားခြင်း ဖြစ်သည်။ ဆိုင်က အလှပကြီး ဖြစ်နေ၍ မဟုတ်ဘဲ သူ မမြင်ဖူးသေးသော ဆန်းသစ်သည့် ခံစားမှုကို ပေးစွမ်းနိုင်သောကြောင့်ပင်။
"ဒါကိုလည်း သူဌေးလင်ကပဲ ဒီဇိုင်းထုတ်ပေးခဲ့တာလား..."
ကလောက်က တည်ငြိမ်လွန်းလှသည့် မိန်းကလေးငယ်ကို စကားစရန် ကြိုးစားလိုက်၏။ ဆရာကြီးလင်၏ ထိုလက်ထောက်မလေးမှာ ယခင်က စာအုပ်စီခြင်းနှင့် လက်ဘက်ရည် ချပေးခြင်းတို့ကိုသာ အဓိက လုပ်ဆောင်ခဲ့သော်လည်း... အချိန်တို အတွင်းမှာပင် များစွာ တိုးတက် လာခဲ့ကာ သူမထံမှ အလွန်အမင်း အန္တရာယ်ရှိသည့် စွမ်းအားအရှိန်အဝါ တစ်ခုကို ကလောက် ခံစားမိနေခဲ့ပြီ ဖြစ်သည်။
ထို့အပြင်... သူမထံမှ လွတ်လပ်ပေါ့ပါးပြီး မည်သည့်အရာကမျှ ချုပ်နှောင်ထားခြင်း မရှိသည့် အရှိန်အဝါကို ကလောက် ခံစားရသည်။ သူမက ဓားအိမ်ထဲ ထည့်မထားသည့် ထက်မြက်လှသော ဓားတစ်လက်နှင့် တူလှသည်။ တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်နှင့် မဆိုင်းမတွ လုပ်ဆောင်မည့်သူမျိုးပင်။
အကယ်၍ ဆရာကြီးလင်သာ မရှိပါက ဤမိန်းကလေးမှာ အန္တရာယ်အရှိဆုံး ဝရမ်းပြေးများ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေလောက်ပေသည်။
မွန်းက ခေါင်းငြိမ့်ပြကာ ဆိုင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။ သူမ၏ မျက်ဝန်းအစုံ၌ နူးညံ့မှုများ ပေါ်လာပြီး ဖြည်းညင်းစွာပင် ရှင်းပြလိုက်သည်။
"ဟုတ်ပါတယ်... ဒါတွေအားလုံးက ဘော့စ်ကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး ညွှန်ကြားပေးခဲ့တာပါ"
ဆိုင်သစ်ကို ပြုပြင်မွမ်းမံနေစဉ်အတွင်း လင်ကျဲက မကြာမကြာ လာရောက်ကြည့်ရှုကာ အက်ရှ် ကုန်သည်ကြီးများ အသင်း၏ လက်ရာက သူ့ စိတ်ကူးအတိုင်း ဖြစ်မဖြစ် စစ်ဆေးခဲ့သည်။ သူက ကိုယ်ပိုင်အိပ်ခန်း ပြင်ဆင်ခြင်းထက်ပင် ဤဆိုင်ကို ပို၍ အားသွန်ခွန်စိုက် ဂရုစိုက်ခဲ့သည်။
ကလောက်မှာ အံ့ဩသွားသလို အထင်လည်း ကြီးမိသွား၏။
"ဟူး... သူဌေးလင်ကတော့ အရာရာကို တတ်သိနားလည်ပြီး အစွမ်းထက်နေတော့တာပဲ”
ဗင်းဆင့်မှာမူ ယခင်ကထက် ပို၍ တိတ်ဆိတ်နေပုံရသည်။ သူက တည်ငြိမ်သော မျက်နှာထားဖြင့် အနီးအနားရှိ ခုံတစ်ခုတွင် ဝင်ရောက် နေရာယူလိုက်သည်။
မွန်းနှင့် ကလောက်တို့ပါ ထိုင်လိုက်ကြပြီး နောက်တွင်တော့ သူ့ အတွေ့အကြုံများကို စတင်ကာ ပြောပြလေတော့သည်။
***