ကလေးဆန်သည့် ကလေးမ
Vol. 14 Ch. 190
ဗင်းဆင့်နှင့် မွန်းတို့၏ လက်ရှိ စိတ်ကူးမှာ အမိုးခုံးအသင်းတော်၏ ပြစ်မှုများကို လူအများသိအောင် ပထမဦးစွာ ဖွင့်ချရန်ဖြစ်သည်။ ထို့နောက်မှသာ ဗင်းဆင့် ယခင်က ကယ်တင်ခဲ့ဖူးသော အပိုင်နယ်အတွင်းရှိ လူများကို ယုံကြည်မှုအသစ်နှင့် မိတ်ဆက်ပေးရန် ဖြစ်သည်။ သူ၏ ဂုဏ်သတင်းကြောင့် သာမန်လူများက ပို၍ ယုံကြည်လက်ခံရန် အခွင့်အလမ်း ပိုများပေသည်။
သို့သော် တစ်ခုရှိသည်က... သူတို့အနေဖြင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။
"ဒါက ပြဿနာမရှိပါဘူး... အကယ်၍ အမိုးခုံး အသင်းတော်က မိစ္ဆာဘာသာတစ်ခု ပေါ်ပေါက်လာပြီလို့ ကျွန်တော်တို့ကို တိုင်ကြားလာရင်တောင် အဲဒီကိစ္စကို ကျွန်တော်တို့ အချိန်ဆွဲထားပေးလို့ ရပါတယ်"
ကလောက်က ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ပြဿနာက ခင်ဗျားတို့ရဲ့ ဘာသာသစ်ကို လူသိအောင် ဘယ်လိုလုပ်မလဲဆိုတာပါပဲ... နော်ဇင်မြို့မှာ အမိုးခုံးအသင်းတော်ရဲ့ အရှိန်အဝါက ဘယ်လောက်ကြီးမားတယ်ဆိုတာ ခင်ဗျား ကျွန်တော့်ထက် ပိုသိမှာပါ... ဘာသာအသစ်ရဲ့ အမည်နဲ့ တရားဝင်မှတ်တမ်းတွေကိုလည်း မှတ်ပုံတင်ထားရပါလိမ့်မယ်"
"တရားဝင်မှတ်တမ်းတွေအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကျွန်မ ရိုက်နှိပ်ပြီးပါပြီ... ရှင် ပြန်ရင် ယူသွားရုံပါပဲ"
မွန်းက ဆရာကြီးလင်၏ လက်ထောက် အနေဖြင့် သူမ၏ ထက်မြက်မှုကို ပြသလိုက်သည်။ သူမက အေးစက်စွာ ဆက်ပြောလိုက်၏။
"ဘယ်လိုနည်းလမ်းတွေ သုံးမလဲဆိုတာကတော့ ရှင် စိတ်ပူစရာ မလိုပါဘူး"
ဗင်းဆင့်က သူ့ အိတ်ကပ်ထဲမှ တွန့်ကြေနေသည့် စီးကရက်တစ်လိပ်ကို ထုတ်လိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"ကျုပ် ထွက်ပြေးလာပြီးတဲ့နောက်မှာ အရင်လုပ်ဖော်ကိုင်ဖက်ဆီကနေ လပြည့်ဝန်း အဆီအနှစ် နမူနာကို ရခဲ့တယ်... အဲဒါရဲ့ ပါဝင်ပစ္စည်းတွေကို စစ်ဆေးဖို့ ခင်ဗျား ယူသွားလို့ရတယ်"
ဘုန်းတော်ကြီးမှာ မျက်လုံးကို စည်းထားသော်လည်း ကလောက်ကတော့ တစ်စုံတစ်ဦးက သူ့ကို စိုက်ကြည့်နေသကဲ့သို့ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ နောက်ထပ် အန္တရာယ် ရှိသည့် လူတစ်ယောက်ပင်။
"ကောင်းပါပြီ"
ကလောက်က သက်ပြင်းချလိုက်၏။
"လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်အနေနဲ့ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပါ့မယ်... အမိုးခုံးအသင်းတော်က ဒီလောက်အထိ ယုတ်မာနေတာကို ကျွန်တော်တို့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီလို အဖွဲ့အစည်းကြီးတစ်ခုကို အမြစ်ပြတ်ချေမှုန်းဖို့ဆိုတာ အလွန်ခက်ခဲတဲ့ တာဝန်ဖြစ်လို့ ကျွန်တော်တို့ အတူတူ ကြိုးစားမှပဲ ရလိမ့်မယ်ဗျ”
သူက တည်ငြိမ်သည့် အမူအရာဖြင့် လက်ကို ဆန့်ထုတ်လိုက်ကာ ကျန်လူတစ်ယောက်ကို ကြည့်လိုက်၏။
“ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါစေ...”
မွန်းနှင့် ဗင်းဆင့်တို့မှာလည်း လက်များကို ဆန့်ထုတ်လိုက်ကြ၏။
“ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါစေ...”
...
လင်ကျဲ တစ်ယောက်တည်း စာအုပ်ဆိုင်၌ စောင့်ဆိုင်းနေစဉ် ချယ်ရီထံမှ ဖုန်းခေါ်ဆိုမှုကို ရုတ်တရက် လက်ခံရရှိလိုက်သည်။
သူ ဆက်သွယ်ရေး ကိရိယာကို ထုတ်ယူလိုက်ပြီး မကြာခင် လာလည်မည်ဟု ပြောထားသည့် ထိုကလေးမလေး အကြောင်း တွေးတောမိသွား၏။
ဖုန်းကို လက်ခံလိုက်သောအခါ မျှော်လင့်ထားသည့်အတိုင်းပင် တစ်ဖက်မှ ကလေးဆန်ဆန် အသံလေး ထွက်ပေါ်လာသည် ။
"မစ္စတာ လင်..."
အသံကို ကြားရရုံနှင့်ပင် ထိုကလေးမလေး တက်ကြွနေကြောင်း လင်ကျဲ ခံစားလိုက်ရသည်။ သို့သော်လည်း... တစ်ချိန်တည်း၌ သူမ၏ လေသံတွင် စိုးရိမ်ပူပန်မှုနှင့် မပျော်မရွှင်ဖြစ်မှု အချို့ ရှိနေသည်ကို သူ သတိပြုမိလိုက်၏။ ဤသည်မှာ သူမ ပထမဆုံးအကြိမ် အကူအညီတောင်းစဉ်က လေသံမျိုး ဖြစ်နေသည်။
"ချယ်ရီလား..."
"မင်းရဲ့ အလုပ်တွေ ပြီးသွားတာလား... ဒါမှမဟုတ် အကူအညီ ထပ်လိုလို့လား"
လင်ကျဲက ပြုံးလျက် မေးလိုက်၏။
"အဲဒါက..."
မိန်းကလေးက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် အသံကို နှိမ့်ကာ ပြောလိုက်၏။
"ကျွန်မ တကယ်ပဲ အခက်အခဲလေး ကြုံနေရလို့ပါ... ကျွန်မရဲ့ လူတွေက ကွန်ဂရိ ဆီကနေ စာအုပ်တစ်အုပ် ရထားတယ်... ကွန်ဂရိ ဆိုတာက အာဏာကိုပဲ မက်မောနေတဲ့ ကျွန်မရဲ့ အသုံးမကျတဲ့ အစ်ကိုပေါ့... ဒါပေမဲ့ အဲဒီစာအုပ်ထဲက စာတွေကို ဘယ်သူမှ နားမလည်ကြဘူး... ဒါကြောင့် မစ္စတာလင်ကို အကြံဉာဏ် တောင်းချင်လို့ပါ"
...
"ကွန်ဂရိ..."
လင်ကျဲ၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားကာ လက်ချောင်းများနှင့် စားပွဲပေါ်သို့ တဒေါက်ဒေါက် ခေါက်ရင်း အတွေးနက်သွားတော့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့် အတွင်း၌ ချယ်ရီမှာ အက်ရှ် ကုန်သည်ကြီးများ အသင်းအတွင်း၌ အဆင့်မြင့် ရာထူးတစ်ခု ရရှိရန် သူမ၏ ကိုယ်ပိုင် အစွမ်းအစဖြင့်သာ ရုန်းကန်ခဲ့ရသည်ကို သူ သိရှိထားသည်။
မှန်ပေသည်။ ထိုကလေးမလေး၏ ဖခင်မှာ တရားမဝင် ရရှိထားသည့် သားသမီးများအပေါ် ပို၍ မျက်နှာသာပေးတတ်သည်ဟူသော ကောလာဟလများနှင့် သူ၏ အမြှောင်မယားသည်သာ အချစ်စစ် ဖြစ်သည်ဟူသော အတင်းအဖျင်းများလည်း ရှိခဲ့ဖူးသည်။
ထိုကောလဟလများကို ကြည့်ရုံဖြင့်ပင် ချယ်ရီ၏ တက်လမ်းက ချောမွေ့ခဲ့မည်မဟုတ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။ သူမအနေဖြင့် လောဘသား မောင်နှမများကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရမည်သာ ဖြစ်သည်။
ထို့အပြင် အက်ရှ် ကုန်သည်ကြီးများ အသင်းမှာ မိသားစု အများအပြားဖြင့် စုပေါင်း တည်ထောင်ထားသော စီးပွားရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး၊ အဓိက အကိုင်းအခက် သုံးခု ခွဲထားကာ တစ်ခုချင်းစီကို မိသားစုတစ်ခုစီက ထိန်းချုပ်ထားပြီး အချင်းချင်း အပြန်အလှန် ထိန်းကျောင်းထားကြသည်။
ထို့ကြောင့် ချယ်ရီအနေဖြင့် သူမ၏ အရှိန်အဝါကို ထပ်မံ ချဲ့ထွင်လိုပါက အတွင်းစည်းနှင့် အပြင်စည်း နှစ်ဖက်စလုံးမှ အကန့်အသတ်များကို ရင်ဆိုင်ရမည် ဖြစ်သည်။
ထိုအထဲတွင်မှ ချယ်ရီကို အတွင်းစည်းမှ အပြင်းထန်ဆုံး ဆန့်ကျင်နေသူမှာ ကွန်ဂရိ ဆိုသည့် လူတစ်ယောက်ပင် ဖြစ်၏။
အမှန်စင်စစ် ကွန်ဂရိတွင် ထိုသို့ လုပ်ဆောင်ရန် ခိုင်လုံသော အကြောင်းပြချက်နှင့် လုပ်ပိုင်ခွင့်လည်း ရှိနေသည်။ ချယ်ရီ ချက်ပ်မန်း မိသားစုသို့ မပြန်လာမီ အချိန်က ကွန်ဂရိမှာ မိသားစု စီးပွားရေးကို ဆက်ခံရန် အလားအလာ အရှိဆုံးသူ ဖြစ်ခဲ့ပြီး အမာခံ ထောက်ခံသူ အများအပြားကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
အကယ်၍ ချယ်ရီထံတွင်သာ ထူးခြားဆန်းပြားသော စွမ်းရည်နှင့် လျင်မြန်သည့် တိုးတက်မှုများသာ မရှိခဲ့ပါက သူမမှာ အစကတည်းကပင် အပြတ်အသတ် နှိပ်ကွပ်ခြင်းကို ခံခဲ့ရပေလိမ့်မည်။
ယခုအချိန်၌ပင် ကွန်ဂရိ၏ အင်အားကို လျှော့တွက်၍ မရနိုင်သေးပေ။ ချယ်ရီမှာ အသာစီး ရနေပြီဟု ဆိုနိုင်သော်လည်း ကွန်ဂရိကို ချောင်ပိတ်ထားနိုင်ရုံမျှသာ ရှိသေးပြီး ပြိုင်ဘက် စာရင်းမှ လုံးဝ ဖယ်ထုတ်နိုင်ခြင်း မရှိသေးပေ။
ကွန်ဂရိမှာ အမြဲတမ်း ဘေးအန္တရာယ် ပေးနိုင်သူ ဖြစ်နေသဖြင့် ချယ်ရီအနေဖြင့် သူ့ လှုပ်ရှားမှုများကို အစဉ်အမြဲ သတိထားနေရသည်။
ယခုလည်း ကွန်ဂရိထံမှ ရရှိထားသော စာအုပ်တစ်အုပ်အကြောင်းကို သီးသန့် ထည့်သွင်းပြောဆိုလာလေရာ ချယ်ရီ၏ ဖုန်းခေါ်ဆိုမှုက အကြောင်းမဲ့ မဟုတ်ကြောင်း ထင်ရှားနေသည်။
ထိုစာအုပ်ထဲတွင် ကွန်ဂရိကို ထိခိုက်စေနိုင်သည့် သို့မဟုတ် သူ့ အမာခံ ထောက်ခံသူများကို ဆုံးရှုံးသွားစေနိုင်သည့် အထောက်အထား တစ်စုံတစ်ရာ ရှိနေခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် ချယ်ရီမှာ လင်ကျဲကို အားကိုးတကြီး ရှာဖွေလာခဲ့ခြင်း ဖြစ်သည်။
လင်ကျဲ အနည်းငယ် အကြပ်ရိုက် နေမိ၏။ ချယ်ရီ၏ ယခု ရာထူးအဆင့်အတန်းအရ သူမ၏ အနီးအနားတွင် တော်ရုံတန်ရုံ အရည်အချင်းရှိသူများ ဝန်းရံနေမည်မှာ အမှန်ပင်။ သူ့ထံ အကူအညီ တောင်းခံလာခဲ့ခြင်းကို ထောင့်ချင့်ရပါက ထိုသူများ ပင်လျှင် ထိုစာအုပ်ကို နားမလည်ကြကြောင်း ထင်ရှားသည်။
လင်ကျဲအနေဖြင့် ဗဟုသုတ အနည်းငယ် ရှိသည်ဟု ကြွားဝါနိုင်သော်လည်း လျှို့ဝှက်ကုဒ် အဓိပ္ပာယ် ဖော်ခြင်း ကဏ္ဍကတော့ သူ၏ ကျွမ်းကျင်မှု နယ်ပယ်ထဲတွင် မပါဝင်သေးပေ။
ထို့ကြောင့်ပင် သူက လိမ္မာပါးနပ်စွာ အဖြေပေးလိုက်သည်။
"အင်း... ငါ ကြိုးစားကြည့်ပေးမယ်လေ... ဒါပေမဲ့ တတ်နိုင်သလောက်ပဲ ကူညီပေးနိုင်မှာနော်... ပြောရရင် ငါက ဒီလိုကိစ္စမျိုးမှာ သိပ်ပြီးတော့ မကျွမ်းကျင်လှဘူး"
သို့သော်လည်း... ချယ်ရီ၏ လေသံက ချက်ချင်းပင် တက်ကြွသွား၏။
"သိပ်ကောင်းတာပဲ... ကျေးဇူးအများကြီး တင်ပါတယ်ရှင်... ကျွန်မ အခုချက်ချင်းပဲ အဲဒီစာအုပ်ကို ယူလာခဲ့ပါ့မယ်..."
‘ဟေ့... ဟေ့... ကလေးမ... နေပါဦး... ငါကပဲ ကိစ္စအားလုံးကို ဖြေရှင်းပေးလိုက်နိုင်ပြီဆိုတဲ့ ပုံစံမျိုးနဲ့ ပြောမနေပါနဲ့ဦး... ဒီကောင်မလေးကတော့ ငါပြောတာကို အဆုံးထိတောင် နားထောင်ရဲ့လား’
လင်ကျဲ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူမ၏ လေသံအရ စာအုပ်ထဲတွင် မည်သည့် အရာများ ရေးထားသည်ကို အရေးစိုက်နေပုံမရဘဲ လာချင်နေသည့် ဆန္ဒကသာ ပိုကြီးစိုးနေသကဲ့သို့ပင်။
‘ဟင်း... ကလေးဆန်လိုက်တာမှ လွန်ပါရော...’
သို့သော်လည်း တာဝန်သိတတ်သော လူကြီးတစ်ယောက်အနေဖြင့် သူ ဤကိစ္စကို အလေးထားစဉ်းစားပေးရမည် ဖြစ်သည်။
***