← Chapters

လမ်းလွဲနေသည့် ကလေးမ

Vol. 14 Ch. 191

လမ်းလွဲနေသည့် ကလေးမ

Vol. 14 Ch. 191

တစ်ခဏမျှ စဉ်းစားပြီးနောက် လင်ကျဲက မေးလိုက်၏။

"ဒါနဲ့... ငါမေးစရာ ရှိသေးတယ်... ကလေးမ... မင်း အဲဒီစာအုပ်ကို ကွန်ဂရိဆီက ရခဲ့တာလား... ပြီးတော့ အဲဒါက သူနဲ့ပတ်သက်ရင် အရမ်းအရေးကြီးပြီး သူ့ကို လုံးဝ ပျက်စီးသွားစေနိုင်တဲ့ အရာမျိုးလား"

ချယ်ရီ၏ အသံက မတုန့်မဆိုင်းပင် ထွက်ပေါ်လာသည်။

"ဟုတ်ပါတယ်... ကျွန်မရဲ့ သတင်းပေးတွေဆီက ရတဲ့ အစီရင်ခံစာအရဆိုရင် ဒီစာအုပ်ထဲမှာ ကွန်ဂရိရဲ့ အပြစ်တွေကို ဖော်ထုတ်နိုင်တဲ့ အကြောင်းအရာတွေ ပါဝင်နိုင်ခြေ အများကြီး ရှိနေပါတယ်... ပြီးတော့ သူ့အတွက် အရမ်း အရေးပါတဲ့ အရာတစ်ခုလည်း ဖြစ်နေနိုင်တယ်"

"အဲဒီအပြင်... မကြာသေးခင်က သူ့ရဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။"

"ဒီစာအုပ်ထဲက အကြောင်းအရာတွေကို ရှေးဟောင်း ဘာသာစကား တစ်မျိုးနဲ့ ရေးထားတာကို တွေ့တော့ ကျွန်မက မစ္စတာလင့်ကို သတိရလိုက်တာပါ..."

ချယ်ရီက ခဏမျှ တုန့်ဆိုင်းပြီးနောက် ဆက်ပြောလိုက်၏။

"ခုနောက်ပိုင်းမှာ ကွန်ဂရိက ကျွန်မရဲ့ ကုန်ပစ္စည်း ပို့ဆောင်မှုတွေကို ကြားဖြတ်နှောင့်ယှက်ပြီး ပျောက်ဆုံးအောင် လုပ်နေတာတွေလည်း ရှိပါတယ်... ဒါပေမဲ့ သူက သိပ်ပြီး လျှို့ဝှက်လွန်းတော့ ကျွန်မရဲ့ သတင်းပေးတွေကလည်း လက်ရှိမှာ ဘာသတင်းအချက်အလက်မှ မရနိုင်သေးဘူး ဖြစ်နေတယ်"

လင်ကျဲက ခေါင်းညိတ်လိုက်၏။

"သိပ်ပြီး မပေါ့ဆနဲ့ ကလေး... သူ့ဘက်မှာလည်း ကြိုတင်ကာကွယ်မှုတွေ၊ အစီအစဉ်တွေ တစ်ခုမှ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး... မင်းရဲ့ အခြေအနေက အခုအချိန်မှာ တည်ငြိမ်နေပြီဆိုပေမဲ့ သူ့ကို လုံးဝ အပြတ်မရှင်းနိုင်သေးဘူးဆိုတာ သူမှာလည်း ခိုင်မာတဲ့ အထောက်အပံ့တွေ ရှိနေသေးလို့ပဲ"

"သူ့ကို အထင်မသေးပါနဲ့... အကယ်၍ သူသာ တကယ်ပဲ လူနုံလူအတစ်ယောက် ဖြစ်နေမယ်ဆိုရင် တခြားလူတွေက သူ့ကို ထောက်ခံနေစရာ အကြောင်းမရှိဘူး"

လင်ကျဲက စကားကို ခေတ္တရပ်ကာ မျက်ခုံးတစ်ချက် ပင့်လိုက်၏။

"မင်းရဲ့ စကားသံအရဆိုရင် ဒီစာအုပ်ကို ရဖို့အတွက် သိပ်ပြီး အခက်အခဲ မရှိခဲ့ဘူး ထင်တယ်"

ချယ်ရီ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ် သွားခဲ့ကာ ဤစာအုပ်က ထောင်ချောက်တစ်ခု ဖြစ်နိုင်ကြောင်း သူမကို သတိပေးနေခြင်း ဖြစ်သည်ကို ချက်ချင်း သဘောပေါက်သွားသည်။

စာအုပ်ဆိုင် ပိုင်ရှင်ပြောတာ အမှန်ပင်...။ ဘယ်လာမှာ ကွန်ဂရိ၏ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများ အကြောင်းကိုသာ သတင်းရရှိခဲ့ပြီး... ထိုသတင်းရပြီး ရက်အနည်းငယ်အကြာတွင်ပင် သူမ၏ သတင်းပေးများက ဤစာအုပ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ကိစ္စရပ်များ ဖြစ်ပျက်သွားသည့် အရှိန်အဟုန်မှာ မြန်ဆန်လွန်းနေသည်။

သာမန် အခြေအနေမျိုးတွင်သာဆိုလျှင် ဤသည်မှာ ကြိုတင်စီစဉ်ထားသည့် ဇာတ်လမ်းတစ်ခုလားဟု သူမ သံသယဝင်မိမည်မှာ သေချာသည်။

သို့သော် ကွန်ဂရိအပေါ် ထားရှိသော အထင်အမြင်သေးမှုက စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသဖြင့် ချယ်ရီ သိပ်ပြီး အလေးအနက် မစဉ်းစားခဲ့မိခြင်း ဖြစ်၏။

နောက်ထပ် သတိပြုရမည့် အချက်တစ်ချက်က... သူမ၏ သတင်းပေးမှာ ကွန်ဂရိ၏ အနီးနားတွင် အားအကိုးရဆုံး လူတစ်ယောက် ဖြစ်နေခြင်းပင်။ မူလက ထိုသူမှာ ကွန်ဂရိ၏ ယုံကြည်ရသော လက်ရုံးတစ်ဦး ဖြစ်သော်လည်း နောက်ပိုင်းတွင် ချယ်ရီ၏ နှလုံးသား နှောင်ကြိုး ချိပ်တံဆိပ်ဖြင့် ဦးနှောက်ဆေးခြင်းကို ခံလိုက်ရပြီး သူမအပေါ် အသက်ပေး သစ္စာရှိသူ ဖြစ်လာခဲ့သည်။

နှလုံးသား နှောင်ကြိုး ချိပ်တံဆိပ် ဆိုသည်မှာ လွန်ခဲ့သည့် သုံးနှစ်က လင်ကျဲ သူမအား ပေးသနားခဲ့သော စွမ်းရည်တစ်ခုပင် ဖြစ်သည်။

ဆက်သွယ်မှု တစ်စုံတစ်ရာ ရှိနေသရွေ့ (တစ်ဖက်လူ၏ စိတ်ဓာတ် ကြံ့ခိုင်မှုအပေါ် မူတည်၍) ချယ်ရီအနေဖြင့် တစ်ဖက်လူ၏ စိတ်ထဲတွင် သူမအပေါ် ကိုယ်ချင်းစာမှု၊ ချစ်ခြင်းမေတ္တာ၊ သည်းခံမှု၊ လေးစားမှု နှင့် သစ္စာရှိမှု စသည့် အပြုသဘောဆောင်သော အတွေးအမြင်များကို ပေါ်ပေါက်လာစေရန် တွန်းအားပေးနိုင်စွမ်း ရှိသည်။အကယ်၍ အပြုသဘော အမြဲမဆောင်လျှင်ပင် ချယ်ရီအတွက် အမြဲတမ်း အကျိုးရှိစေမည့် နည်းလမ်းမျိုး ဖြစ်နေတတ်သည်။

ချယ်ရီ၏ 'ချက်ပ်မန်း စုန်းမ' ဟူသော အမည်ပြောင်မှာလည်း ဤကဲ့သို့သော စွမ်းရည်ကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။

စာအုပ်အား ယူလာပေးခဲ့သည့် သတင်းပေးမှာလည်း ထိုနည်းလမ်းနှင့် ပြုစား ခံထားရသူ ဖြစ်သောကြောင့် ချယ်ရီမှာ သူ၏ အရည်အချင်းနှင့် သစ္စာရှိမှုအပေါ် သံသယ မရှိခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးမှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့၏။

"ဟုတ်တယ် မစ္စတာလင်... တကယ်တော့ သိပ်ပြီး အခက်အခဲ မရှိခဲ့တာတော့ အမှန်ပဲ... ဒါပေမဲ့..."

သူမ ဆက်မပြောနိုင်ပဲ တိတ်ဆိတ်သွားခဲ့သည်။ အကယ်၍ ထိုအရာက တကယ်သာ ထောင်ချောက် တစ်ခု ဆိုလျှင် သူမ၏ သတင်းပေးက တစ်ခုခု မှားယွင်းနေပြီ ဆိုသည့် အဓိပ္ပာယ်ပင်။

ထိုအတိုင်းသာ ဆိုပါက... ကွန်ဂရိမှာ ထိုသတင်းပေးကို ပြန်လည် ထိန်းချုပ်နိုင်သွားပြီး နှစ်ဖက်ချွန် စပိုင် အဖြစ် ပြန်လည် အသုံးချနေခြင်းလည်း ဖြစ်နိုင်သည်။

လင်ကျဲက ခေါင်းခါယမ်းလိုက်၏။

"အကောင်းဆုံးကို မျှော်လင့်ထားရမယ် ဆိုပေမဲ့ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားသင့်တယ်... ကလေးမ... မင်း စဉ်းစားကြည့်စမ်း... ဒီစာအုပ်ထဲက အကြောင်းအရာတွေက မင်းကို ပြန်ပြီး ဒုက္ခပေးဖို့ သူ ရေးထားတဲ့ ပေါက်ကရတွေ ဖြစ်နေတယ် ဆိုရင်ရော...”

ချယ်ရီ၏ မျက်နှာမှာ ညှိုးငယ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"တကယ်လို့ ကျွန်မသာ ဒီစာအုပ်က သူ့ကို အလဲထိုးနိုင်လိမ့်မယ် ဆိုပြီး ဆက်ပြီး လေ့လာနေမယ်ဆိုရင်..."

လင်ကျဲက ခေါင်းတစ်ချက် ညိတ်ရင်း စကား ဖြတ်ပြောလိုက်သည်။

"မင်းအတွက် အန္တရာယ်ရှိနိုင်တယ်..."

“...”

ချယ်ရီတစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားတော့၏။ အကယ်၍သာ မစ္စတာလင် မရှိခဲ့လျှင် သူမ၏ စရိုက်အရ ကွန်ဂရိကို အထင်သေးပြီး ဤစာအုပ်မှာ ပြိုင်ဘက်ကို အပြတ်ရှင်းရန် အခွင့်ကောင်းကြီးဟုသာ မှတ်ယူနေမိပေလိမ့်မည်။

ထို့နောက်တွင်တော့... သူမ စာအုပ်ကို ဆက်လက် အဓိပ္ပာယ်ဖော်ဖို့ ကြိုးစားနေမည်ဖြစ်ပြီး၊ ပြိုင်ဘက်က တစ်ဖက်လှည့်ဖြင့် ထိုစာအုပ်မှာ သူမ၏ ပိုင်ဆိုင်မှု ဖြစ်ကြောင်း ပြန်လည် လှည့်တိုက်လိုက်ပါက သူမ အကြီးအကျယ် ဒုက္ခရောက်သွားနိုင်ပေသည်။

‘ဒါက ကွန်ဂရိ လုပ်လေ့ရှိတဲ့ အဆင့်အတန်းမျိုးနဲ့ မတူဘူး...’

အခြားတစ်ဖက်၌... လင်ကျဲ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ ချယ်ရီ တိတ်ဆိတ်သွားသည်ကို ကြည့်ခြင်းဖြင့် သူမ အခြေအနေကို သဘောပေါက်သွားပြီး စိုးရိမ်စိတ်ဝင်သွားကြောင်း သူ ရိပ်မိလိုက်သည်။ ထို့ကြောင့် သူက အနည်းငယ် နှစ်သိမ့်ပေဖို့ ဆုံးဖြတ်လိုက်သည်။

"ကလေးမ... ဒါက ငါ့ရဲ့ ခန့်မှန်းချက် သက်သက်ပဲနော်... အရင်ဆုံး စာအုပ်ကို ငါ့ဆီ ယူလာခဲ့ပြီး ပြကြည့်ပါဦး... ငါ့နေရာကတော့ တော်တော်လေး ဘေးကင်းမှာပါ"

လန်ဒန်ဟုဒ်တို့ အဖွဲ့ ဖောက်ထွင်းပြီး နောက်ပိုင်း ရင်းနှီးသည့် အဆင့်မြင့် ရဲတစ်ယောက် အဝင်အထွက် ရှိနေလေရာ တော်ရုံတန်ရုံလူ လာနှောက်ယှက်ရဲလိမ့်မည်ဟု လင်ကျဲ မထင်ချေ။

ချယ်ရီက လိုလိုလားလားပင် သဘောတူလိုက်၏။

"ဒါက ကျွန်မ အစကတည်းက ရည်ရွယ်ထားတဲ့ အတိုင်းပါပဲ... အခြေအနေကတော့ နည်းနည်း ပြောင်းသွားတာပေါ့လေ... ဒီပုံစံ အတိုင်း ဆိုရင်တော့ ကွန်ဂရိက ကျွန်မကို တကယ် ထောင်ချောက်ဆင် ထားတာပဲ...”

ထို့နောက် သူမက မဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။

"ကောင်းပါတယ်... တကယ် နာကျင်ရတယ် ဆိုတာက ဘယ်လို မျိုးလဲ ဆိုတာ ငါ နားလည်သွားအောင် ကျွန်မ လုပ်ပြတာပေါ့"

လင်ကျဲ မျက်မှောင်ကြုတ်လိုက်မိ၏။ ဤလေသံက ကောင်းသော လက္ခဏာ မဟုတ်ချေ။ အာဏာလုပွဲ ကြားတွင် နှစ်ရှည်လများ နေထိုင်လာရမှုက ဤကောင်မလေးကို အကြီးအကျယ် ပြောင်းလဲသွားစေပုံရပြီး ရက်စက်ကြမ်းကြုတ်သည့် အသွင်တစ်မျိုးကိုပါ ပေးဆောင်လိုက်သကဲ့သို့ပင်...။

လွန်ခဲ့သည့် သုံးနှစ်တုန်းက သူ ချယ်ရီကို 'အကြမ်းမဖက်သော ပေါင်းသင်း ဆက်ဆံခြင်း - ဘဝ၏ ဘာသာစကား' အမည်ရှိ စာအုပ်ကို ပေးခဲ့ဖူးသည်။ မိသားစု ကံဆိုးမိုးမှောင်ကျမှုဒဏ်ကို ခံစားခဲ့ရသည့် ဤကလေးမလေး၏ နှလုံးသားထဲတွင် မေတ္တာမျိုးစေ့လေးတစ်စေ့ ပျိုးထောင်ပေးချင်ရုံသာမက အကြမ်းဖက်မှုဆိုသည်မှာ နောက်ဆုံးမှသာ အသုံးပြုရမည့် နည်းလမ်းဖြစ်ကြောင်း သင်ကြားပေးချင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုကြည့်ရသည်က ချယ်ရီ၏ ကြီးထွားမှု လမ်းကြောင်းမှာ အနည်းငယ် လွဲချော်နေပုံရသည်။

***

All Chapters