← Chapters

သတိပေးခြင်း

Vol. 14 Ch. 192

သတိပေးခြင်း

Vol. 14 Ch. 192

လင်ကျဲ ချောင်းတစ်ချက် ဟန့်လိုက်ရင်း ချယ်ရီအား သူ၏ မူလရည်ရွယ်ချက်ကို ပြန်လည် အမှတ်ရစေရန် အရိပ်အကဲ ပြပေးဖို့ ဆုံးဖြတ်လိုက်သည်။

"အဲဒီတုန်းက ငါ မင်းကို ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးရဲ့လား"

ချယ်ရီက ခေါင်းညိတ်ပြလိုက်၏။

"မှတ်မိတာပေါ့ရှင်... တခြားလူတွေနဲ့ ဆက်ဆံတဲ့အခါ အကြမ်းဖက်မှုထက် မေတ္တာနဲ့ ပညာရှိတဲ့ စကားလုံးတွေကို သုံးပြီး ဆက်သွယ်ဖို့ မစ္စတာလင် ပြောခဲ့ပါတယ်... မဖြစ်သာတဲ့ အဆုံးမှသာ အကြမ်းဖက်ဖို့ပေါ့"

လင်ကျဲ အနည်းငယ် အံ့အားသင့် သွားခဲ့၏။

"မင်း တော်တော်လေး မှတ်မိနေပုံရတာပဲ"

"ဒါပေါ့ရှင်... ကျွန်မ ဒီနှစ်တွေမှာ မစ္စတာလင့်ရဲ့ စကားကို အမြဲမြေဝယ်မကျ နားထောင်ခဲ့တာပါ... အားလုံးနဲ့လည်း သေချာ စကားပြော ဆက်ဆံခဲ့သလို အကြမ်းဖက်တဲ့ နည်းလမ်းကိုလည်း တစ်ခါမှ မသုံးဘဲ လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်"

ထိုစဉ်က မစ္စတာလင် သင်ကြားပေးခဲ့သော သင်ခန်းစာများမှာ သူမ၏ စိတ်အစဉ်၌ ယနေ့တိုင် စွဲထင်နေဆဲ ဖြစ်သည်။

နှလုံးသား နှောင်ကြိုး ချိပ်တံဆိပ် ကို အသုံးပြုခြင်းမှာ သူမအတွက် အမြဲတမ်း ပထမဦးစားပေး ဖြစ်ခဲ့ပြီး ၎င်း၏ ထိရောက်မှုမှာ အကြမ်းဖက်ခြင်းထက်ပင် သာလွန်လှသည်။

မျက်နှာချင်းဆိုင် စကားပြောခွင့် ရသည်နှင့် တစ်ဖက်လူမှာ မသိစိတ်မှနေ၍ ထိုချိပ်တံဆိပ်၏ လွှမ်းမိုးခြင်းကို ခံလိုက်ရတော့သည်။ အကောင်းဆုံးအချက်မှာ... ရန်သူဖြစ်သူ နောက်ကွယ်မှနေ၍ မည်မျှပင် ကြိုးကိုင်စေကာမူ သူ့ လက်အောက်ငယ်သားများ ချယ်ရီနှင့် စကားပြောဆိုခြင်းကို မတားဆီးနိုင်ခြင်းပင် ဖြစ်၏။

ဤနည်းဖြင့်... ရန်သူ့အုပ်စုအတွင်းသို့ သတင်းပေးများ ထည့်သွင်းရသည်မှာ အလွန်လွယ်ကူလှပြီး လျှို့ဝှက်ချက်လည်း လုံလှသည်။

တစ်ဖက်လူက ရိပ်မိသွားချိန်တွင်မူ သူ့ ပတ်ဝန်းကျင်၌ သူလျှိုများ ဝန်းရံနေပြီဖြစ်ကာ ထိုသူလျှိုများသည်လည်း မိမိကိုယ်ကိုယ် သံသယဝင်ခြင်း အလျဉ်းမရှိဘဲ သူတို့၏ အမြင်များ ပြောင်းလဲသွားခြင်းက မှန်ကန်သည်ဟုသာ ယုံကြည်နေကြတော့သည်။

ပထမ၌ ထိုဖြစ်စဉ်မှာ ချယ်ရီအပေါ် အနည်းငယ် သနားခြင်း သို့မဟုတ် အထင်ကြီးခြင်းမှ စတင်ကာ တဖြည်းဖြည်းနှင့် နောက်ပိုင်းတွင် သူမ၏ ဆွဲဆောင်မှုအောက်၌ ကျရှုံးသွားပြီး သူမသည်သာ ကိုးကွယ်ထိုက်သည့် သခင်ဖြစ်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်သွားကြခြင်း ဖြစ်သည်။

အတိုချုပ် ပြောရလျှင် ချယ်ရီမှာ လူအများကို သံလိုက်ကဲ့သို့ ဆွဲဆောင်နိုင်သည့် 'ဇာတ်လိုက်မင်းသမီး အရှိန်အဝါ' ကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေသည်။

ဤသည်မှာ ကူးစက်တတ်သော ရောဂါတစ်ခုကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်တစ်ခု ဖြစ်၏။

သို့သော်လည်း တစ်ခါတစ်ရံတွင် တစ်ဖက်လူ၌ ခိုင်မာသော စိတ်ဓာတ် သို့မဟုတ် သူမထက် သာလွန်သော စိတ်စွမ်းအား ရှိနေတတ်သည်။ ထိုသို့သော အခြေအနေတွင် နှလုံးသား နှောင်ကြိုး ချိပ်တံဆိပ် က သိပ်ပြီး အရာမထင်သော်လည်း ချယ်ရီတွင် သစ္စာရှိသော နောက်လိုက်အင်အားစု အခိုင်အမာ ရှိနေပြီးဖြစ်ရာ သူတို့ကို ခိုင်းစေလိုက်ရုံဖြင့် လုံလောက်လှသည်။

လင်ကျဲ မျက်မှောင်ကြုတ်လိုက်ရင်း စိတ်ရင်းမှန်ဖြင့် ဆုံးမစကား ဆိုလိုက်သည်။

"ကလေးမ... မင်းက ဒီစကားကို ကောင်းကောင်း မှတ်မိနေရဲ့သားနဲ့ ဘာလို့ ကိုယ့်စိတ်အလိုကျ တခြားလူတွေကို နာကျင်အောင် လုပ်ချင်ရတာလဲ"

"အရင်ဆုံး ကိစ္စတိုင်းကို သေချာ စဉ်းစားပါ... ပြီးရင် သူနဲ့ စကားပြောကြည့်ပြီး သူ ဘယ်လို မကောင်းမှုတွေ လုပ်ခဲ့သလဲဆိုတာ အရင်ရှာဖွေပါ... တကယ်လို့ သူက တကယ်ပဲ ရာဇဝတ်မှုတွေ ကျူးလွန်ထားပြီး နောင်တမရဘူး ဆိုရင်တော့ ရဲလက်ကို အပ်လိုက်တာ အကောင်းဆုံးပဲ မဟုတ်ဘူးလား"

"ငါ့ဆိုင်မှာလည်း ဗဟိုရဲဌာနက အရာရှိတစ်ယောက် ရောက်နေတယ်လေ... မင်းရဲ့ စုံစမ်းစစ်ဆေးမှုတွေအတွက် သူ ကူညီပေးနိုင်လိမ့်မယ်"

ကလောက် အနေဖြင့်လည်း သူ့ ရာထူးတက်လမ်းအတွက် အောင်မြင်မှု နှစ်ခုကို တစ်ပြိုင်နက်တည်း ရရှိနိုင်မည်ဖြစ်၍ အလွန် ဝမ်းမြောက်သွားလိမ့်မည်ဟု လင်ကျဲ ယုံကြည်နေသည်။

"မစ္စတာလင် ပြောတာ မှန်ပါတယ်"

ချယ်ရီက လေသံကို လျှော့ချလိုက်ရင်း နူးညံ့သိမ်မွေ့စွာ ပြန်ပြောလိုက်သည်။

"ကျွန်မ စိတ်လောသွားတာပါ... သူ့ကို မှန်ကန်တဲ့ နည်းလမ်းနဲ့ပဲ အပြတ်ရှင်းသင့်တာ... အင်း... တရားဥပဒေလက်ထဲ အပ်လိုက်တာက စံနမူနာတစ်ခု ဖြစ်စေတာပေါ့... ဒါမှလည်း ကျွန်မကို ထောက်ခံတဲ့သူတွေ ကျွန်မအပေါ် ပိုပြီး ယုံကြည်မှု ရှိလာကြမှာ"

ကွန်ဂရိကို ရိုးရှင်းလွယ်ကူသည့် နည်းလမ်းများဖြင့် နှိပ်ကွပ်၍ မရနိုင်ပေ။ ထိုသို့လုပ်ဆောင်ခြင်းက သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။ မည်သို့ပင် ဆိုစေ... ဤနှစ်များအတွင်း သူမအား ထောက်ခံလာကြသူများမှာ သူမထံတွင် ထူးခြားသော ပါရမီနှင့် ကံကြမ္မာ ပါလာသည်ဟု ယူဆကာ အက်ရှ် ကုန်သည်ကြီးများ အသင်းကို ဂုဏ်ရောင် ထွန်းပြောင်စေ၍ ရိုးလ် အရင်းအမြစ် ဖွံ့ဖြိုးရေး ကုမ္ပဏီနှင့်ပင် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြ၍ ဖြစ်သည်။

ထိုသူများ၏ အမြင်တွင် သူမ၏ လုပ်ရပ်များမှာ သဘာဝကျကျ တရားမျှတနေရမည် ဖြစ်သည်။ ကွန်ဂရိမှာ သူမနှင့် ဖအေတူ မအေကွဲ မောင်နှမ အရင်း တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင်... သူ့ကိုသာ သတ်လိုက်ပါက မည်မျှ ထွန်းပြောင်သော ဂုဏ်ရောင်အောက်တွင်ပင် မောင်နှမအရင်းအချာအပေါ် ရက်စက်မှုက ဖုံးကွယ်၍ ရနိုင်မည်မဟုတ်ပေ။

သို့သော်လည်း တစ်ဖက်လူကသာ အရင်စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်လျှင်မူ... သူမအနေဖြင့် ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ခြင်းသာ ဖြစ်သွားမည် ဖြစ်သည်။ ကွန်ဂရိကို ထောင်ထဲသို့ ပို့လိုက်ခြင်းက သဘာဝလွန် ပုဂ္ဂိုလ်များ၏ လောက အတွက်သာမက သာမန်လူများအတွက်ပါ လူသိရှင်ကြား စီရင်ချက်ချလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ဤသည်မှာ မာန်မာနကြီးလွန်းသည့် ကွန်ဂရိအတွက် အကြီးမားဆုံးသော ညှဉ်းပန်းနှိပ်စက်မှုပင် ဖြစ်၏။ တစ်ချိန်တည်းမှာပင် မငြိမ်မသက် ဖြစ်ချင်နေသူများအတွက်လည်း သတိပေးချက်တစ်ခု ဖြစ်သွားပေလိမ့်မည်။ ထိုအစီအစဉ်က အလွန် ကောင်းပေသည်။

လင်ကျဲမှာ ချယ်ရီ၏ လေသံနှင့် စကားလုံးများကို နားထောင်ကာ ကျေနပ် သွားခဲ့သည်။

"မှန်တာပေါ့ ကလေး... ဒီကိစ္စကို လူသိရှင်ကြား ဖြစ်အောင် လုပ်လိုက်တာက မင်းရဲ့ စရိုက်နဲ့ လုပ်ကိုင်ပုံ ဘယ်လောက် ကောင်းတယ် ဆိုတာကို ဖော်ပြရာ ရောက်သွားလိမ့်မယ်... အဲဒီအခါကျရင် မင်းရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကလည်း ဒီထက်မက ပိုပြီး ချောမွေ့လာမှာပါ"

"လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်ရှင်... ကျွန်မ ပေါ့ဆသွားပြီး စိတ်စောသွားခဲ့မိတယ်"

ချယ်ရီက ပျော်ရွှင်နေသည့် လေသံဖြင့် ပြောလိုက်၏။

ကွန်ဂရိတွင် ထောက်ခံသူ အများအပြား ရှိနေပြီး ထိုထောက်ခံမှုများကို ဖျက်ဆီးပစ်ခြင်းမှာ အရင်းအမြစ်များကို အလဟဿ ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ မစ္စတာလင်၏ သွန်သင်ချက်မှာ မှန်ကန်လှသည်။ ထိုသူများကို မေတ္တာဖြင့် သူမဘက်ပါအောင် လုံးဝ သိမ်းသွင်းနိုင်ပေသည်။

"မင်း နားလည်သွားရင်ပဲ တော်ပါပြီ..."

လင်ကျဲ၏ မျက်နှာတွင် အပြုံးကလေး တစ်ခု ပေါ်လာ၏။ ချယ်ရီမှာ လူမှုပတ်ဝန်းကျင်နှင့် ထိတွေ့လာရသည်နှင့်အမျှ လူကြီးများ၏ လုပ်ကိုင်ပုံများကို တတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... သူမ၏ မူလရည်ရွယ်ချက်များကို မေ့ပျောက်မသွားရန်၊ အခြေခံ စည်းမျဉ်းများကို ထိန်းသိမ်းရန်နှင့် မသမာသော နည်းလမ်းများကို ဘယ်သောအခါမှ မသုံးစွဲရန် လင်ကျဲ မျှော်လင့်ထားမိသည်။

"ဩော်... ဒါနဲ့... ကျွန်မ ပေးခဲ့တဲ့ လက်ဆောင်ကိုရော မစ္စတာလင် ကြိုက်ရဲ့လား"

ချယ်ရီက မေးလိုက်၏။ ဘဏ္ဍာထိန်းကြီးထံမှ ပြန်သိရသလောက် ဆိုလျှင် 'ကံဆိုးခြင်း ဒင်္ဂါး' ကို ပေးအပ်ပြီး မကြာမီမှာပင် ဘေးအိမ်မှ တစ်ယောက်က 'ကံကောင်းခြင်း ဒင်္ဂါး' ကို ဆိုင်ရှင် လင်ကျဲထံသို့ ယူဆောင်လာခဲ့သည်ဟု ဆိုသည်။

အကယ်၍ တခြားလူသာဆိုလျှင် တိုက်ဆိုင်မှုဟု ယူဆနိုင်သေးသည်။

သို့သော်လည်း... မစ္စတာလင်အတွက်မူ အရာရာတိုင်းက ရှောင်လွှဲ၍ မရနိုင်သော ကံကြမ္မာများသာ ဖြစ်သည်။ သူသည် 'ကံဆိုးခြင်း ဒင်္ဂါး' ရောက်လာမည်ကို ကြိုတင်သိမြင်ထားသဖြင့် 'ကံကောင်းခြင်း ဒင်္ဂါး' ကိုလည်း တစ်ချိန်တည်းမှာပင် ရအောင် ယူထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အရာအားလုံးမှာ ရှင်းလင်းစွာပင် စီစဉ်ပြီးသား ဖြစ်နေသည်။

လင်ကျဲ သူ၏ နှစ်ခုပေါင်း တစ်ခုဖြစ်နေသည့် ဒင်္ဂါးပြားကို ပြန်လည်အမှတ်ရသွားခဲ့၏။ အလည်သွားစဉ်က အဘိုးဝယ်လ်၏ ဖန်ခွက်အား မတော်တဆ ခွဲမိခဲ့ပုံကိုလည်း တွေးမိသွားသည်။ သူက ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ရင်း...

"ကြိုက်တာပေါ့... သိပ်ကြိုက်တာပေါ့... အဲဒါလေးက ချစ်စရာလေးပဲ... အဲ... သုံးရတဲ့ နေရာတော့ နည်းနည်း ရှားတာပေါ့လေ”

မည်သို့ပင် ဆိုစေ... သူက ဗေဒင်ဆရာလည်း မဟုတ်သလို နတ်ဘုရားရေးရာ ကိစ္စများကိုလည်း စိတ်မဝင်စားလေရာ ဤကဲ့သို့သော ကစားစရာလေးကို တစ်ခါတစ်ရံ ကစားရန်အတွက်သာ သုံးနိုင်သည်။

လင်ကျဲ၏ စကားကြောင့် ချယ်ရီ၏ တက်ကြွနေသည့် စိတ်အဟုန်မှာ အနည်းငယ် လျော့ကျသွားသည်။

‘မှန်တာပေါ့... မစ္စတာလင်လို ကံကြမ္မာကို အလွယ်တကူ ကြိုးကိုင်နိုင်တဲ့သူ တစ်ယောက်အတွက်တော့ ကံကြမ္မာ ဒင်္ဂါး ဆိုတာက အရေးမပါတဲ့ အရာတစ်ခုပဲ ဖြစ်မှာပါ...’

ချယ်ရီက သူမ၏ ပါးလေးကို ဖောင်းလိုက်၏။

"ဟုတ်ကဲ့ပါ... ဒါပေမဲ့ အဲဒါက လက်ဆောင်အသေးစားလေးပဲ ရှိသေးတာပါ... ဒီတစ်ခါတော့ ကျွန်မ မစ္စတာလင် စိတ်ကျေနပ်စေမယ့် အကောင်းဆုံး လက်ဆောင်တစ်ခုကို သေချာပေါက် ပေးပါ့မယ်"

"အာ... အဲဒီလောက်အထိတော့ မလိုပါဘူး... အဲဒီ ဒင်္ဂါးပြားကလည်း မဆိုးပါဘူး"

"မစ္စတာလင်ကလည်း... ဒီလက်ဆောင်အတွက် ကျွန်မ ပြင်ဆင်နေတာ ကြာလှပြီနော်..."

လင်ကျဲ ချယ်ရီ၏ လေသံကို သတိထားလိုက်မိရာ ငြင်းပယ်ရန် မသင့်တော်တော့ကြောင်း ရိပ်မိလိုက်သည်။ ထို့ကြောင့်ပင် သူက ခေါင်းညိတ်လိုက်၏။

"အေးပါ... အေးပါ... ဒါဆိုလည်း ငါ စောင့်နေမယ်”

ချယ်ရီမှာ ချက်ချင်းပင် ပြန်လည် ရွှင်လန်းသွားကာ ထိုလက်ဆောင် အတွက် သူမကိုယ်တိုင်လည်း ရင်ခုန်နေကြောင်း ပြောဆိုသည်။

ဟိုဟိုသည်သည် စကားဆက်ပြောရင်း လင်ကျဲမှာ ကွန်ဂရိ ကြားဖြတ်လုယူသွားပြီး ပျောက်ဆုံးနေသည် ဆိုသည့် ကုန်ပစ္စည်းများအကြောင်းကို ရုတ်တရက် တွေးမိသွားသည်။

ဤကိစ္စသည် အမိုးခုံး ဘုရားကျောင်းတော်နှင့် ပတ်သက်နေနိုင်သည်။ ဗင်းဆင့်၏ စကားအရ ဆိုလျှင် လပြည့်ဝန်း အဆီအနှစ် များမှာ အက်ရှ် ကုန်သည်ကြီးများ အသင်းထံမှ လာခြင်း ဖြစ်သည်။

"ဒါနဲ့ ကလေး... ကွန်ဂရိ ကြားဖြတ်လုယူသွားတဲ့ ကုန်ပစ္စည်းတွေထဲမှာ ဘာတွေပါလဲဆိုတာ မင်း သိလား။ စာရင်းရော ရှိလား

လင်ကျဲ မေးကြည့်လိုက်၏။

ချယ်ရီက အသံကို နှိမ့်လိုက်ရင်း ပြန်ဖြေလိုက်သည်။

"ကျွန်မ စုံစမ်းနေတုန်းပါပဲ... ဒါပေမဲ့ မသေချာတာတွေ အများကြီး ရှိနေသေးတယ်"

"လပြည့်ဝန်း အဆီအနှစ် ဆိုတာကိုရော မင်း သိလား"

"အဲဒါက ဘာလဲဟင်...”

ချယ်ရီက ခဏမျှ ကြောင်သွားပြီးမှ ပြန်လည် တုံ့ပြန်လိုက်၏။

“ကွန်ဂရိ ကျွန်မရဲ့ ကုန်ပစ္စည်းတွေကို လုတာက အဲဒီဟာနဲ့ ပတ်သက်နေလို့လား"

လင်ကျဲက ခေါင်းညိတ်လိုက်သည်။

"အင်း... အမိုးခုံး ဘုရားကျောင်းတော်မှာ ကိစ္စတွေ အများကြီး ဖြစ်နေတယ်... မင်းလည်း ကြားချင်ကြားမှာပေါ့... သူတို့က ဝတ်ပြုသူတွေကို ထိန်းချုပ်ဖို့ လပြည့်ဝန်း အဆီအနှစ်ကို သုံးနေကြတာ... ပြီးတော့ အဲဒီ ပစ္စည်းက အက်ရှ် ကုန်သည်ကြီးများ အသင်းကနေ လာတာပဲ"

လင်ကျဲ သူသိထားသမျှကို ပြန်ပြောပြလိုက်သည်။ မကြာသေးမီက ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့သော နေရာများမှာ အမိုးခုံး ဘုရားကျောင်းတော်နှင့် ဆက်စပ်နေနိုင်ကြောင်း၊ ၎င်းက ဗင်းဆင့်၏ ဘာသာရေး ဖောက်ပြန်မှုနှင့််ပတ်သက်နေကြောင်း လင်ကျဲ သတင်းများမှတစ်ဆင့် သိရှိထားသည်။ ဘုရားကျောင်းတော်မှာ သူ့ကို ရှင်းလင်းရန် ကြိုးစားခဲ့ရာမှ အဆိုပါ 'ဂတ်စ်အိုး ပေါက်ကွဲမှု' ဆိုသည့် အရာနှစ်ခု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အတွင်းသိ အဆင်းသိ တစ်ယောက်အနေဖြင့် လင်ကျဲမှာ ယခင်က ဖြစ်ပွားခဲ့သော ဂတ်စ်ပိုင်လိုင်း ပေါက်ကွဲမှုများကို ယခုအခါ ကွဲပြားသော အမြင်ဖြင့် ကြည့်မြင်လာမိသည်။

ဖြစ်နိုင်သည်က... ဗဟိုခရိုင်မှ အထက်တန်းလွှာများမှာ လူသတ်မှုများကို ဖုံးကွယ်ရန်အတွက် 'ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှု' ဆိုသည့် အကြောင်းပြချက်ကို သုံးရသည်ကို ဝါသနာပါနေကြခြင်း ဖြစ်နိုင်သည်။

အထက်တန်းလွှာ မိသားစုဝင် တစ်ယောက်ဖြစ်သလို အက်ရှ် ကုန်သည်ကြီးများ အသင်း၏ အာဏာရှိသူ တစ်ယောက်အနေဖြင့် ချယ်ရီမှာ ထိုအကြောင်းကို သိထားလိမ့်မည်ဟု လင်ကျဲ ယုံကြည်သည်။

ချယ်ရီ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။

"အဲဒီလိုသာဆိုရင်တော့ ကွန်ဂရိရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်က တကယ်ပဲ ကြိုးကိုင်နေတာ ဖြစ်နိုင်တယ်...”

ထိုအချိန်တွင်ပင် စာအုပ်ဆိုင် တံခါးမှာ တစ်ဖန် ပွင့်လာပြီး ကလောက် ဝင်လာ၏။

"ဗင်းဆင့်ဆီက ရတဲ့ လပြည့်ဝန်း အဆီအနှစ် နမူနာကို ဓာတ်ခွဲစစ်ဆေးဖို့ ပို့လိုက်ပါပြီ... တကယ်လို့ အဲဒီထဲမှာ ပါတဲ့ ပစ္စည်းတချို့ရဲ့ အရောင်းအဝယ် မှတ်တမ်းတွေကို ရှာတွေ့နိုင်မယ်ဆိုရင်တော့ ဒီပစ္စည်းတွေ ဘယ်ကနေ ဘယ်လို စီးဆင်းလာသလဲဆိုတာ ခြေရာခံနိုင်ပြီး ဒီအရောင်းအဝယ်မှာ ပါဝင်ပတ်သက်သူတွေနဲ့ ဒါကို ဘယ်မှာ ထုတ်လုပ်သလဲဆိုတာကိုပါ ရှာတွေ့နိုင်မှာပါ"

***

All Chapters