← Chapters

ပူဇော်ခြင်း

Vol. 14 Ch. 194

ပူဇော်ခြင်း

Vol. 14 Ch. 194

အမိုးခုံး ဘုရားကျောင်းတော်၊ ဗဟို ဝတ်ပြုဆောင်...

ဝတ်ပြုသူ တစ်စုမှာ ပုပ်ရဟန်းမင်းကြီး၏ ခေါ်ယူမှုကို စောင့်ဆိုင်းနေကြ၏။ သူတို့အားလုံးမှာ မျက်စိကို အဝတ်စည်းထားကြသော်လည်း မျက်နှာအမူအရာများတွင် ထူးခြားသော ကြည်နူးမှုများ ရှိနေပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများပင် နီမြန်းနေကြသည်။

ဤဝတ်ပြုသူ အများစုမှာ ဗင်းဆင့်ကဲ့သို့ပင် သာမန် ဘုန်းတော်များနှင့် သီလရှင်များသာ ဖြစ်ကြသည်။ သူတို့အနေဖြင့် အထက်တန်းလွှာများနှင့် အနီးကပ်ဆုံး တွေ့ဆုံနိုင်သည့် အခွင့်အရေးမှာ တမန်တော်တစ်ဦးနှင့် တွေ့ဆုံရခြင်း သို့မဟုတ် တမန်တော်အသစ် ခန့်အပ်ပွဲတွင် ရိုးရှင်းသော ဗတ္တိဇံ မင်္ဂလာကို ခံယူရခြင်းတို့သာ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ မယ်တော်များနှင့် ပုပ်ရဟန်းမင်းကြီး တို့ကိုမူ တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပသည့် နတ်ဘုရား မွေးဖွားခြင်းနေ့ အခမ်းအနားတွင် အဝေးမှသာ မြင်တွေ့ခွင့် ရကြခြင်း ဖြစ်သည်။

သူတို့၏ နှလုံးသားထဲတွင် ခေါင်းဆောင်အပေါ် လေးစားအားကျမှု၊ ကိုးကွယ်မှုနှင့် တောင့်တမှုများသာ ရှိနေကြသည်။

ထို့ကြောင့်ပင်... သာမန် ဝတ်ပြုသူများအနေဖြင့် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခွင့် ရခြင်းမှာ သူတို့အတွက် အကြီးမားဆုံးသော ဂုဏ်ဒြပ်ပင် ဖြစ်သည်။ ဘုန်းတော်ကြီးများနှင့် သီလရှင်များမှာ သူတို့၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ကြိုးစားနေကြသော်လည်း သူတို့၏ မျက်နှာနှင့် လည်ပင်းများမှာ နီရဲနေကြပြီး အချို့မှာ တုန်ရင်နေကြသည်အထိပင်။

ဘေးမှ စောင့်ကြည့်နေသော လှပသည့် မယ်တော် မိန်းမပျိုက နွေးထွေးစွာ ပြုံးပြရင်း နာမည်အချို့ကို ခေါ်လိုက်၏။

"ခုနက ကျွန်မ နာမည် ခေါ်လိုက်တဲ့သူတွေ အရင်ဆုံး အထဲကို လိုက်ခဲ့ကြပါ... ကျန်တဲ့သူတွေကတော့ ဒီမှာ ခဏ စောင့်နေပေးပါဦး"

"ဟုတ်ကဲ့ပါ..."

နာမည်ခေါ်ယူခြင်း ခံရသော ဘုန်းတော်ကြီးများနှင့် သီလရှင်များမှာ ချက်ချင်းပင် ထူးလိုက်ကြပြီး သူတို့၏ ရင်ဘတ်ပေါ်တွင် လပြည့်ဝန်း ပုံသဏ္ဌာန် အမှတ်အသားကို ရေးဆွဲလိုက်ကြကာ မယ်တော် မိန်းမပျို၏ နောက်မှ လိုက်၍ အတွင်းခန်းထဲသို့ ဝင်သွားကြသည်။

အကယ်၍ သူတို့သာ မျက်လုံးများကို စည်းမထားကြပါက... သူတို့၏ ပါးပြင်နှင့် လည်ပင်းပေါ်ရှိ နီမြန်းနေသော အမှတ်အသားများမှာ လောက်ကောင်များကဲ့သို့ မသိမသာ တွန့်လိမ် လှုပ်ရှားနေသည်ကို တွေ့မြင်နိုင်ကြလိမ့်မည် ဖြစ်လေတော့သည်။

...

ယဇ်ပလ္လင်ကို ဝန်းရံထားသည့် ကံထူးသူ ဓမ္မဆရာ ခုနစ်ဦးလုံး မျက်စိတစ်မှိတ်အတွင်း အသားစ အသားန တောင်ပုံရာပုံကြီး အဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း ရော့ဒ်နီ ကျေနပ်စွာ ပြုံးနေလေသည်။ အရပ်မျက်နှာအနှံ့ ပန်းထွက်သွားသည့် သွေးစက်များက ဖြူဖွေး စင်ကြယ်လှသော ယဇ်ပလ္လင်ကို နီရဲတောက်ပသွားစေပြီး လှုပ်ရှားနေဆဲဖြစ်သည့် ကိုယ်တွင်းအင်္ဂါအသီးသီးတို့မှာ ကြမ်းပြင်ပေါ်၌ တုံ့ပြန်ကန်ကျောက်နေကြသည်။

လုံခြုံလှပါသည် ဆိုသော လျှို့ဝှက်ခန်း အတွင်း၌ သွေးညှီနံ့များ ချက်ချင်းပင် ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်ရှိ ယခင် ပုပ်ရဟန်းမင်းကြီးများ၏ ရုပ်တုများမှာလည်း ခန့်ညားထည်ဝါရာမှသည် ကြောက်မက်ဖွယ်ကောင်းသော အသွင်သို့ ပြောင်းလဲသွားသယောင် ရှိတော့သည်။

သေဆုံးသွားခဲ့သည့် ဓမ္မဆရာများ၏ မျက်နှာပေါ်တွင် နောက်ဆုံးကျန်ရစ်ခဲ့သော အရိပ်အယောင်မှာ ကြောက်ရွံ့တုန်လှုပ်မှုများ ဖြစ်ပြီး အသက်ဓာတ် ကင်းမဲ့သွားသည့်တိုင်အောင် သူတို့၏ မျက်ဝန်းအစုံမှာ အရောင်မှိန်လျက် ရုန်းကန်နေကြဆဲပင်။

ရော့ဒ်နီ ယဇ်ပလ္လင်ဆီသို့ လျှောက်လှမ်းသွားပြီး မတ်တတ်ရပ်နိုင်ရန် အသည်းအသန် ရုန်းကန်နေရသည့် နောက်ဆုံးကျန်ရစ်သော ဓမ္မဆရာကို စိတ်ဝင်တစား ကြည့်ရှုနေမိ၏။

လပြည့်ဝန်း အဆီအနှစ်၏ အဓိက ပါဝင်ပစ္စည်းမှာ အိပ်စက်နေသည့် လဝန်း ကလေးငယ် ဟုခေါ်သော အထွတ်အမြတ် ပစ္စည်း၏ အပိုင်းအစများ ဖြစ်သည်။ ယင်းအစွမ်း နိုးထလာပါက လက်ခံဆောင်ကြဉ်းပေးသူ၏ ရုပ်ခန္ဓာ သို့မဟုတ် စိတ်ဝိညာဉ်ကို နတ်ဘုရား ဆင်းသက်ရန် သင့်တော်သော နေရာတစ်ခုဖြစ်အောင် ပြုပြင်ပြောင်းလဲပေးပေလိမ့်မည်။

ဤသည်မှာ ‘သန္ဓေသား’ ဖြစ်သည်။ အလယ်ဗဟိုရှိ ယဇ်ပလ္လင်ပေါ်တွင် တင်ထားသော ငွေရောင် အချင်းတိုင်မှာမူ ‘အချင်း’ ပင် ဖြစ်၏။

ရှေးဟောင်း အက္ခရာများ ထွင်းထုထားသော ဤလျှို့ဝှက်ခန်း တစ်ခုလုံးမှာ ယဇ်ပလ္လင်ကိုယ်တိုင် ဖြစ်သလို ‘သားအိမ်’ လည်း ဖြစ်ပေသည်။

‘သန္ဓေသား’၊ ‘အချင်း’ နှင့် ‘သားအိမ်’ သုံးခုစလုံး စုံညီသွားချိန်တွင် ထိုသန္ဓေသားမှတစ်ဆင့် ‘နတ်ဘုရား’ ဖွားမြင်လာပေလိမ့်မည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရော့ဒ်နီ၏ မျက်နှာတွင် ကြည်နူးပီတိများ လွှမ်းမိုးနေ၏။ ဤသည်မှာ နှစ်ပေါင်း ထောင်ချီတိုင်အောင် ကိုးကွယ်လာခဲ့သည့် စစ်မှန်လှသော နတ်ဘုရားပင် မဟုတ်ပါလော။

ယနေ့တွင်မူ ထိုနတ်ဘုရားမှာ အိမ်မက်ကမ္ဘာမှသည် လူသားတို့၏ လက်တွေ့လောကသို့ အမှန်တကယ် ဆင်းသက်လာတော့မည်ဖြစ်ကာ လူသားတို့၏ ဖူးမြော်ကိုးကွယ်မှုကို ခံယူတော့မည် ဖြစ်သည်။

"ဂတ်... ဂတ်..."

ဓမ္မဆရာ၏ ရင်ဘတ်မှ လက်တံများ ထွက်ပေါ်လာကာ ရူးသွပ်စွာ ကန်ကျောက်နေကြ၏။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက် ဆွဲဖြဲနေကြပြီး လက်တံများ တိုးထွက်လာမည့် အပေါက်ကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်နေသကဲ့သို့ပင်။

ဝေါ့... ဝေါ့...

ဓမ္မဆရာမှာ သွေးများ အဆက်မပြတ် အန်ထုတ်နေကာ တစ်စုံတစ်ခုကို ဆွဲကိုင်ရန် ကြိုးစားနေသကဲ့သို့ လက်များကို ယမ်းခါနေရှာ၏။ ၁၅ မိနစ်ခန့် အသည်းအသန် ရုန်းကန်ပြီးနောက်တွင်မူ အားအင်ကုန်ခမ်းကာ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

သူလဲကျသွားသည်နှင့် လက်တံများသည်လည်း အရှိန်အဟုန် ပျက်သုဉ်းသွားကာ ကြမ်းပြင်ပေါ်၌ ပျော့ခွေကျသွားကြသည်။ အနီးကပ် ကြည့်မည်ဆိုလျှင် ထိုစေးကပ်နီရဲနေသော လက်တံများမှာ အူလမ်းကြောင်းများနှင့်ပင် ဆင်တူနေတော့သည်။

လျှို့ဝှက်ခန်း အတွင်း၌ တိတ်ဆိတ်မှုက ပြန်လည်စိုးမိုးသွားသည်။ ကြမ်းပြင်ပေါ်ရှိ အလောင်းများမှလွဲ၍ ရော့ဒ်နီနှင့် မယ်တော် မိန်းမပျိုတို့သာ အခန်းတွင်း၌ ကျန်ရှိတော့သည်။

အစပိုင်းတွင် ရော့ဒ်နီမှာ မျှော်လင့်ချက်ကြီးစွာဖြင့် ကြမ်းပြင်ပေါ်ရှိ အလောင်းများကို စိုက်ကြည့်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများ ကွယ်ပျောက်သွားကာ စိတ်ပျက်မှုနှင့် ဒေါသတို့က အစားထိုးလာခဲ့သည်။

‘အားလုံး သေကုန်ပြီ... သူတို့ထဲက တစ်ယောက်မှ လနတ်ဘုရား ဆင်းသက်လာတာကို မခံနိုင်ကြဘူးပေါ့... အားလုံး ကျရှုံးသွားပြီ’

"ဘုန်း...”

ရော့ဒ်နီ စားပွဲကို လက်သီးဖြင့် ပြင်းထန်စွာ ထုလိုက်ရင်း ဘေးတွင် ရပ်နေသည့် မယ်တော် မိန်းမပျိုကို အချက်ပြလိုက်၏။

"ရှယ်ရီ... နောက်တစ်သုတ်ကို ခေါ်လိုက်တော့"

"ဟုတ်ကဲ့ပါ"

ရှယ်ရီက အခန်းအတွင်းမှ ထွက်ခွာသွားကာ နောက်ထပ် ဓမ္မဆရာများကို ရွေးချယ်ရန်အတွက် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုကို ပြန်လည် ဆင်မြန်းလိုက်သည်။

"မစိုးရိမ်နဲ့... အဆင်ပြေသွားမှာပါ..."

ရော့ဒ်နီက ယဇ်ပလ္လင်ဆီသို့ သွားကာ တုန်တုန်ရင်ရင်နှင့် တိုးညှင်းစွာ အော်ဟစ်နေသည့် အချင်းတိုင်ကို နှစ်သိမ့်ပေးလိုက်သည်။

မကြာခင်မှာပင်... ကြမ်းပြင်ပေါ်ရှိ သွေးများနှင့် အသားစများကို ဖြူဖွေး စင်ကြယ်သည့် ယဇ်ပလ္လင်က အစက်အပြောက်မျှပင် မကျန်အောင် စုပ်ယူပစ်လိုက်လေရာ အရာအားလုံးမှာ ပြန်လည် ပြောင်လက် သန့်ရှင်းသွားတော့သည်။

“သန္ဓေသားလောင်းတွေ ဒီလောက် အများကြီးရှိနေတာပဲ... တစ်ယောက်မဟုတ် တစ်ယောက်တော့ ကံကောင်းမှာပါ...”

"အချိန်က ငါတို့ကို စောင့်နေမှာ မဟုတ်ဘူး... ကြည့်ရတာ လပြည့်ဝန်း အဆီအနှစ်တွေကို အလုံးအရင်းနဲ့ ဖြန့်ဝေရမယ့် အချိန်ရောက်ပြီ ထင်တယ်..."

ရော့ဒ်နီ တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်လိုက်လေတော့သည်။

***

All Chapters