← Chapters

အန်နီ တပ်တဲလ်

Vol. 14 Ch. 195

အန်နီ တပ်တဲလ်

Vol. 14 Ch. 195

အန်နီ တပ်တဲလ်သည် သာမန် အိမ်ရှင်မတစ်ဦး ဖြစ်သည်။ သူမတွင် ကလေးနှစ်ယောက်နှင့် မုန့်ဖုတ်ဆရာ ခင်ပွန်းတစ်ဦး ရှိသည်။

ညစာစားချိန်တွင် ကလေးများကို ထမင်းကျွေးရင်း ရုပ်မြင်သံကြားမှ သတင်းကို သူမ ကြားလိုက်ရသည်။ လွန်ခဲ့သည့် ရက်ပိုင်း အတွင်း၌ အမိုးခုံး ဘုရားကျောင်းတော်မှ ဓမ္မဆရာတစ်ဦးမှာ ဘာသာရေးအပေါ် သစ္စာဖောက်ခဲ့ပြီး၊ အမည်မသိ ပေါက်ကွဲစေတတ်သော ပစ္စည်းများကို အသုံးပြုကာ ဘုရားကျောင်း နှစ်ခုကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ကရုဏာ ဝတ်ပြုဆောင်မှ ဖာသာ တားရန့်စ် အပါအဝင် အနည်းဆုံး လူပေါင်း ၁၇၀၀ ကျော် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

"သတ္တမမြောက် သာသနာ့နယ်မြေက လူတွေအနေနဲ့ ဖာသာ တားရန့်စ်ကို ကောင်းကောင်း သိကြမှာပါ... ဒီကျေးဇူးတရားတွေကို ကျောခိုင်းပြီး လူသားဆန်မှု ကင်းမဲ့သွားတဲ့ ဗင်းဆင့်အတွက် တားရန့်စ်က ဖခင်တစ်ယောက်လို ပုဂ္ဂိုလ်မျိုးပါ... ဗင်းဆင့်က သစ္စာဖောက်ပြီးနောက်မှာ ကရုဏာ ဝတ်ပြုဆောင်ကို တိုက်ရိုက်သွားရောက်ပြီး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်..."

အန်နီ မျက်မှောင်ကြုတ်လိုက်ပြီး အခြားလိုင်းတစ်ခုသို့ ပြောင်းရန် ရီမုဒ်ကို ကောက်ကိုင်လိုက်သည်။ ဤသတင်းကို သူမ မြင်တွေ့နေရသည်မှာ သုံးကြိမ်မြောက် ရှိနေပြီ ဖြစ်သည်။

"ဟူး..."

သူမ သက်ပြင်းချလိုက်မိ၏။ ဖာသာ ဗင်းဆင့်မှာ သူမ၏ မိသားစုကို ကူညီပေးခဲ့ဖူးသည်။ အိမ်ပြောင်းလာပြီး မကြာမီတွင် အိမ်အပေါ်ထပ်နှင့် နံရံများထဲမှ ထူးဆန်းသော အသံများ ကြားနေရသဖြင့် နတ်ဆိုးများ၏ လက်ချက်ဟု သူတို့ သံသယဝင်ခဲ့ကြသည်။

သို့သော် ဖာသာ ဗင်းဆင့်ကို ဖိတ်ကြားပြီး စစ်ဆေးကြည့်ရာတွင်မူ မုန့်တိုက်မှ ပေါင်မုန့်အစအနများနှင့် အချိုပွဲများကြောင့် နံရံများထဲတွင် ကြွက်များ ခိုအောင်း ပေါက်ဖွားနေခြင်းသာ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့နောက်... ဖာသာ ဗင်းဆင့်ကိုယ်တိုင် နံရံများကို ဖြိုဖျက်ကာ အိမ်အပေါ်ထပ်ကို သန့်ရှင်းရေးလုပ်ပြီး ထိုကြွက်များကို နှင်ထုတ်ပေးခဲ့သည်။

မိမိ၏ အလုပ်နှင့် လားလားမျှ မသက်ဆိုင်သည့် ကိစ္စကို လုပ်ပေးနေရသော်လည့် ထိုသဘောကောင်းသည့် ဓမ္မဆရာက ရယ်ရင်းမောရင်း...

"လမင်းရဲ့ အရောင်အဝါ ကျရောက်ရာ ဘယ်နေရာမှာမဆို ဝတ်ပြုသူတွေကို အလုပ်အကျွေး ပြုရမှာ ဖာသာတွေရဲ့ တာဝန်ပဲလေ... သမီး..."

ဟု ပြောခဲ့ဖူးသည်။ သန့်ရှင်းရေးလုပ်ရင်း တစ်ကိုယ်လုံး ညစ်ပတ် ပေရေနေသည့် ဗင်းဆင့်က ကြွက်သတ်ဆေး ပုလင်းကို ထုတ်ပြရင်း ဤသည်မှာ ပရိတ်ရေ ဖြစ်ကြောင်း နောက်ပြောင်ခဲ့ပုံကို အန်နီ မေ့မရနိုင်သေးချေ။

ဖာသာ ဗင်းဆင့်ကဲ့သို့ ကြင်နာပြီး ဂရုစိုက်တတ်သည့် လူတစ်ယောက်က ဘုရားကျောင်း နှစ်ခုကို ဖောက်ခွဲပြီး မိမိအပေါ် ဖခင်အရင်းသဖွယ် ကောင်းခဲ့သူကို သတ်ဖြတ်နိုင်ပါမည်လော။

ဖာသာ ဗင်းဆင့်မှာ ထိုကဲ့သို့ လူစားမျိုးဖြစ်လိမ့်မည်ဟု သူမ မယုံကြည်ချင်သော်လည်း... အမိုးခုံး ဘုရားကျောင်းတော်အပေါ် ထားရှိသည့် ယုံကြည်မှုက သူမကို ဝေခွဲမရ ဖြစ်စေသည်။

အန်နီ ခေါင်းယမ်းလိုက်မိ၏။ သူမက နေ့စဉ်ဘဝတွင် ပူပန်စရာ ကိစ္စများစွာရှိသည့် သာမန်လူတစ်ဦးသာ ဖြစ်သည်။ ထိုကိစ္စများမှာ သူမနှင့် အလွန်ဝေးကွာလှပြီး သူမအနေဖြင့် ယုံကြည်ခဲ့လျှင်ပင် ဘာမှ လုပ်ပေးနိုင်မည် မဟုတ်ချေ။

"မေမေ... မေမေ..."

ကလေးနှစ်ယောက်မှာ သူမကို အိပ်ရာပေါ်မှ လှမ်းခေါ်နေကြပြီ ဖြစ်သည်။

"အေးပါ... အေးပါ"

အန်နီသည် ကလေးနှစ်ယောက်ကို လပ်ဝှေ့ယမ်း ပြလိုက်ရင်း ခင်ပွန်း ဖြစ်သူကို ပြုံးပြလိုက်၏။ အေးချမ်းပြီး နွေးထွေးလှသည့် ပတ်ဝန်းကျင်လေးထဲတွင် သူတို့ မိသားစုလေးမှာ ထုံးစံအတိုင်း အိပ်စက်ရန် ပြင်ဆင်လိုက်ကြတော့သည်။

...

"ငါ ဘယ်ရောက်နေတာလဲ"

ရုတ်တရက်... အန်နီ သူမ၏ ပတ်ဝန်းကျင်ကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။ လမ်းမပေါ်တွင် တိတ်ဆိတ်မှုက မင်းမူနေကာ လူသူကင်းမဲ့ပြီး အရာရာက မှောင်မည်းနေခဲ့သည်။ အဝေးတစ်နေရာတွင်မူ မသဲကွဲသည့် ဆူညံသံများကို ကြားနေရသည်။

သို့သော်လည်း... မှတ်မိသလောက်ဆိုလျှင် သူမ အိပ်ပျော်သွားခဲ့ပြီ မဟုတ်ပါလော။

‘ဒါဆို... ငါ အိမ်မက်မက်နေတာလား...’

အန်နီ ဝေဝေဝါးဝါး ခံစားချက်ဖြင့် ရှေ့သို့ တရွေ့ရွေ့ လျှောက်လှမ်းလာခဲ့၏။ သူမ မော့ကြည့်လိုက်သောအခါ 'ကရုဏာ ဝတ်ပြုဆောင်' ဟူသော ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။

‘ကရုဏာ ဝတ်ပြုဆောင်...’

နောက်ဆုံးတော့ သူမ မှတ်မိသွားခဲ့ပြီ ဖြစ်သည်။ သူမ ရောက်ရှိနေသည့် နေရာမှာ ဖာသာ တားရန့်စ် သီတင်းသုံးရာ ကရုဏာ ဝတ်ပြုဆောင်၏ ရှေ့ဘက် လမ်းမပင် ဖြစ်သည်။

သတင်းများတွင် ပြောသကဲ့သို့ပင် သတ္တမမြောက် သာသနာ့နယ်မြေမှ လူများမှာ ဖာသာ တားရန့်စ်ကို ကောင်းကောင်း သိကြသည်။ အန်နီ၏ အသက်အရွယ်ရှိသူများမှာ ငယ်စဉ်ကပင် ဆေးကုသမှု ခံယူရန် ဤဝတ်ပြုဆောင်သို့ လာခဲ့ကြဖူးသည်။

ဝေဝါးနေသော အမှတ်တရများမှာ ချက်ချင်းပင် ရှင်းလင်းသွားပြီး အန်နီသည် မသိစိတ်မှ တံခါးကို ခေါက်ရန် ပြင်လိုက်၏။

သို့သော်လည်း... သူမ မလှုပ်ရှားနိုင်မီမှာပင် လမ်းထောင့်မှ လူရိပ်တစ်ခု ပေါ်လာသဖြင့် အန်နီ လန့်ဖျပ်သွားသည်။

ထိုလူရိပ်မှာ ယိုင်ထိုးလျက် တံခါးဝတွင် ပြိုလဲကျသွားသည်ကို သူမ ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေမိသည်။ ထိုသူ၏ ခန္ဓာကိုယ်မှာ မီးလောင်ကျွမ်းထားသကဲ့သို့ မည်းနက်နေပြီး သွေးများဖြင့် ဖုံးလွှမ်းနေသည်။ မျက်လုံးရှိရမည့် နေရာတွင် သွေးစိမ်းရှင်ရှင် ထွက်နေသော အပေါက်နှစ်ခုသာ ကျန်တော့သော်လည်း အန်နီ ဤမျက်နှာကို မှတ်မိသည်။

ဖာသာ ဗင်းဆင့်...

အန်နီ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိပြီး မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်နေမိ၏။

သို့သော်လည်း... နောက်ထပ် ဖြစ်ပျက်လာမည့် အရာများမှာမူ သူမ သိရှိထားသမျှ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်လေတော့သည်...

...

နောက်တစ်နေ့...

အန်နီ စောစောစီးစီး နိုးလာသော်လည်း ကုတင်ပေါ်မှ မဆင်းသေးဘဲ မျက်နှာကျက်ကိုသာ ငေးငိုင်စွာ စိုက်ကြည့်နေမိသည်။

ထိုအိမ်မက်၏ အဓိပ္ပာယ်ကို သူမ မဝေခွဲနိုင်သော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် လငပုပ် တမန်တော်၊ ကွယ်လွန်သွားပြီဖြစ်သော ဖာသာ တားရန့်စ် နှင့် မီးလျှံများကြားတွင် အသံတိတ် ငိုကြွေးနေသည့် ဖာသာ ဗင်းဆင့် တို့၏ ပုံရိပ်များမှာ သူမ၏ စိတ်အစဉ်၌ အသစ်စက်စက် ရှိနေဆဲပင်။

ထိတ်လန့် ချောက်ချားဖွယ် အတွေးတစ်ခုက သူမ၏ ခေါင်းထဲ၌ တဝဲဝဲလည်နေ၏။

‘ဒါ... ဒါက တကယ့် အမှန်တရားများလား...’

"ဝါး... မေမေ... ကယ်ပါဦး... သား ကြောက်တယ်..."

ကလေးများမှာလည်း ငိုယိုလျက် နိုးလာကြပြီး သူတို့ မြင်မက်ခဲ့သော အိမ်မက်ဆိုးများကို မသဲမကွဲဖြင့် ဗလုံးဗထွေး ပြောပြနေကြသည်။

ကလေးများ၏ စကားကို နားထောင်ရင်း အန်နီတစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားတော့သည်။ ကလေးများ၏ ပြောဆိုပုံမှာ ကွဲပြားသော်လည်း ခြုံငုံကြည့်မည်ဆိုလျှင် သူတို့ ကြုံတွေ့ခဲ့ရသည်မှာ သူမ မြင်မက်ခဲ့သော အိမ်မက်နှင့် တစ်ထပ်တည်း ကျနေသည် မဟုတ်ပါလော။

‘ဒါက တိုက်ဆိုင်မှု လုံးဝ မဖြစ်နိုင်ဘူး...’

‘ဖာသာ ဗင်းဆင့်ရဲ့ နာကျည်းနေတဲ့ ဝိညာဉ်ကများ အမှန်တရားကို လာပြောပြနေတာလား...’

‘ဒါပေမဲ့ ဖာသာ ဗင်းဆင့်က ဘာလို့ အိမ်မက်ထဲမှာ အဲဒီလို ပုံစံမျိုး ဖြစ်နေရတာလဲ...’

‘အဲဒါကြောင့်ပဲ သူက ဘာသာရေးအပေါ် သစ္စာဖောက်ခဲ့တာလား...’

စိတ်ပူပန်နေသည့် အန်နီမှာ ကလေးများကို ခေါ်ဆောင်၍ ဧည့်ခန်းထဲသို့ ထွက်လာခဲ့ရာ ဆိုဖာပေါ်တွင် ငိုင်တိငိုင်တိုင် ထိုင်နေသည့် သူမ၏ ခင်ပွန်းကို တွေ့လိုက်ရသည်။ သူ၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်နှာထားကြောင့် သူမက မေးလိုက်မိ၏။

"ဂျော့ချ်... ရှင်လည်း အဲဒီအိမ်မက်ကို မက်ခဲ့တာလား"

ဂျော့ချ်၏ အမူအရာက တောင့်တင်းသွားပြီး မျက်နှာထားမှာလည်း လေးနက်တည်ကြည်သွားခဲ့သည်။

"မင်းတို့အားလုံးလည်း အဲဒီအိမ်မက်ကို မက်ခဲ့ကြတာလား"

လူကြီး နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်မိရင်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျောရိုးထဲအထိ စိမ့်တက်သွားသည့် အအေးဓာတ်ကို ခံစားလိုက်ရသည်။

ဂျော့ချ်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရင်း အတင်းအကြပ် ပြုံးလိုက်၏။

"အရင်ဆုံး မလန့်ကြပါနဲ့ဦး... ငါတို့ ဘုရားကျောင်းကို သွားကြည့်ရင်..."

သို့သော်လည်း... သူ၏ စကားသံမှာ အဆုံးမသတ်ခင်မှာပင် တိတ်ဆိတ်သွား၏။ အကယ်၍ အိမ်မက်ထဲမှ အရာအားလုံးသည်သာ မှန်ကန်နေမည်ဆိုပါက အမိုးခုံး ဘုရားကျောင်းတော်ကို ဆက်လက် ယုံကြည်၍ ရနိုင်ပါဦးမည်လော။

ကလင်... ကလင်..

ထိုအခိုက်တွင်ပင်... ဧည့်ခန်းရှိ ဖုန်းသံ မြည်လာသဖြင့် အန်နီ သွားရောက် ထူးလိုက်သည်။ သူမ၏ သူငယ်ချင်း အသီးနား ဆီမှ ဖြစ်၏။

သူမသည်လည်း အမိုးခုံး ဘုရားကျောင်းတော်ကို ကိုးကွယ်သူတစ်ဦး ဖြစ်သလို၊ အတိတ်က ဖာသာ ဗင်းဆင့်၏ အကူအညီကို ရယူခဲ့ဖူးသူလည်း ဖြစ်သည်။

ထိုဝဖြိုးဖြိုး အသက်လတ် အရွယ် အမျိုးသမီးကြီးက ဝေခွဲမရသော လေသံဖြင့် မေးလိုက်၏။

"အန်နီ... နင်တို့... နင်တို့အားလုံးလည်း အဲဒီအိမ်မက် မက်ကြသေးလား"

***

All Chapters