← Chapters

အချိန်းအချက်

Vol. 14 Ch. 196

အချိန်းအချက်

Vol. 14 Ch. 196

"အန်နီ... နင်တို့... နင်တို့အားလုံးလည်း အဲဒီအိမ်မက် မက်ကြသေးလား"

အသီးနား ၏ စကားကို ကြားလိုက်ရချိန်တွင် အန်နီ တစ်ယောက် တစ်ကိုယ်လုံး ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"နင်တို့အားလုံးလည်း အဲဒီအိမ်မက် မက်ကြသေးလား" ဟူသော စကားစုတွင် အနည်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်ခု ပါဝင်နေသည်။

ပထမ တစ်ချက်... သူမက "နင်တို့အားလုံး" ဟု သုံးနှုန်းထားသဖြင့် အန်နီတစ်ယောက်တည်းကိုသာ မဟုတ်ဘဲ သူမ၏ မိသားစုတစ်ခုလုံးကို ရည်ညွှန်းနေခြင်း ဖြစ်သည်။

ဒုတိယ တစ်ချက်... "အဲဒီအိမ်မက်" ဟု ဆိုခြင်းမှာ သူမ မက်ခဲ့သော အိမ်မက်နှင့် တစ်ထပ်တည်းကျသည့် သီးခြားအိမ်မက်တစ်ခုကို ဆိုလိုခြင်း ဖြစ်သည်။

ခြုံငုံကြည့်ရလျှင် အသီးနားမှာ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် အန်နီနှင့် သူမ၏ မိသားစု တစ်ခုလုံးမှာ မနေ့ညက တူညီသည့် အိမ်မက် တစ်ခု မက်ခဲ့ကြသည်ကို ကြိုတင်သိရှိနေခြင်း သို့မဟုတ် ယူဆနေခြင်း ဖြစ်ပေသည်။

သို့သော် အကြောက်ရွံ့ရဆုံးနှင့် နားလည်ရခက်ဆုံး အပိုင်းမှာ ‘အသီးနားက ဒါကို ဘယ်လို သိသလဲ...’ ဆိုသည့် အချက်ပင်။

အန်နီ နိုးလာသည်မှာ ၁၀ မိနစ်ခန့်သာ ရှိသေးပြီး သူတစ်ပါး သိနိုင်လောက်သည့် အပြုအမူမျိုး ဘာတစ်ခုမှ မလုပ်ခဲ့မိကြောင်း သူမ ကျိန်ဆိုနိုင်သည်။

‘အသီးနားက ဒီမှာ စောင့်ကြည့်ရေး ကိရိယာတွေ တပ်ဆင်ထားတာများလား... ဒါပေမဲ့ သူက အဲဒီလို လူစားမျိုး မဟုတ်ပါဘူး... တပ်ဆင်ထားရင်တောင် အိမ်မက်အကြောင်းကို ချက်ချင်း သိနိုင်ဖို့ မဖြစ်နိုင်ဘူး...’

အန်နီ၏ စိတ်ထဲတွင် ပို၍ အဓိပ္ပာယ်မရှိသည့် ထင်မြင်ချက်တစ်ခု ပေါ်လာပြီး ရင်ခုန်သံများ မြန်လာတော့သည်။

"ဘာဖြစ်လို့လဲ အသီးနား... ဘာလို့ မေးတာလဲ"

သူမက ရင်တုန်ပန်းတုန်ဖြင့် ပြန်မေးလိုက်၏။

အသီးနားမှာ အန်နီ၏ လေသံမှ တစ်စုံတစ်ခုကို ရိပ်မိသွားကာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ထပ်မေးလိုက်၏။

"နင်တို့လည်း ကရုဏာ ဝတ်ပြုဆောင်၊ ဖာသာ ဗင်းဆင့်၊ ဖာသာကြီး နဲ့ ဟိုသေမင်း... ပြီးတော့ မီးတောက်ကြီးတွေကို မြင်ခဲ့ကြတယ် မဟုတ်လား"

အသီးနား၏ စကားလုံးများမှာ ဗလုံးဗထွေး ဖြစ်နေပြီး စကားပြောရင်း တံတွေးများ စင်နေမည့်ပုံကို အန်နီ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေမိသည်။ သို့သော်လည်း... ယခုအချိန်တွင် သူမ ပို၍ အလေးထားမိသည်မှာ အသီးနား၏ စကားထဲမှ "နင်တို့လည်း" ဆိုသည့် အချက်ပင်။

ကြည့်ရသည်က သူတို့သည်လည်း ထိုအရာကို မက်မြင်ခဲ့ကြသည်။

အန်နီသည် တစ်ကိုယ်လုံး တုန်တက်သွားခဲ့၏။ သူမ စိတ်ကို အတင်းအကြပ် တည်ငြိမ်အောင် ထားလိုက်ရင်း ပြန်ဖြေလိုက်သည်။

"အင်း... ဂျော့ချ်နဲ့ ကလေးနှစ်ယောက်လည်း အဲဒီအိမ်မက်ကိုပဲ မက်ခဲ့ကြတာ"

အသီးနားက မဆိုင်းမတွပင် ပေါလိုက်သည်။

"ငါလည်း မက်တယ်... ငါတစ်ယောက်တည်း မဟုတ်ဘူး... ပေါလ် လည်း မက်တာ..."

ပေါလ်မှာ အသီးနား၏ ခင်ပွန်းဖြစ်သည်။ အန်နီ ပို၍ ကျောချမ်းလာခဲ့၏။ ဤသည်က သာမန် တိုက်ဆိုင်မှုဆိုလျှင် ယုတ္တိမရှိတော့ချေ။

‘ဒါက တကယ်ပဲ ဖာသာ ဗင်းဆင့်ရဲ့ နာကျည်းနေတဲ့ ဝိညာဉ်ကြောင့်များလား... ဒါပေမဲ့ ဘုရားကျောင်းက သူ့ကို ဆုငွေထုတ်ထားတုန်းပဲဆိုတော့ ဗင်းဆင့်က မသေသေးတာတော့ သေချာတယ် ဘာတွေ ဖြစ်နေတာလဲ...’

ဖုန်း၏ အခြားတစ်ဖက်တွင်လည်း အသီးနားက မယုံကြည်နိုင်စွာဖြင့်...

"အို... ဘုရားရေ... ဘာတွေ ဖြစ်ကုန်တာလဲ"

ဟု ရေရွတ်နေလေသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက်... အန်နီက ဖုန်းကို တင်းတင်းဆုပ်ကိုင်၏။

"အသီးနား... နင် ဖုန်းဆက်လာတာဆိုတော့ တစ်ခုခု သိထားတာ ရှိလို့လား"

ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရချိန်တွင် ရင်းနှီးသူတစ်ဦးထံ ဖုန်းဆက်ခြင်းမှာ သာမန်ပင် ဖြစ်သည်။ သို့သော် ပုံမှန်ဆိုလျှင် ရှေးဦးစွာ မေးသင့်သည့် မေးခွန်းမှာ ဤကိစ္စအတွက် ဘာလုပ်ရမလဲ ဆိုသည်ကို ဖြစ်သည်။

သူငယ်ချင်းဖြစ်သူလည်း အိမ်မက်တူ မက်သလားဟု တည့်တိုးမေးခြင်းမှာ အသီးနားတွင် အရေးကြီးသော သတင်းအချက်အလက် တစ်စုံတစ်ရာ ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။

အသီးနားက သူမ၏ အသံကို နှိမ့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။

"ငါတို့ နှစ်ယောက်တည်း မဟုတ်ဘူး... ဒီအိမ်မက်ကို တစ်ချိန်တည်းမှာ မက်ခဲ့တဲ့သူ အနည်းဆုံး လူတစ်ရာလောက် ရှိနေတာ..."

‘အနည်းဆုံး လူတစ်ရာ...’

အန်နီ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။ ဤအရေအတွက်မှာ တုန်လှုပ်စရာ ကောင်းလှသည်။

"ဒါကို နင် ဘယ်လို သိတာလဲ"

သူမ မေးလိုက်၏။

"ဒီအိမ်မက် မက်ခဲ့တဲ့သူတွေ စုပေါင်းပြီး ဆွေးနွေးဖို့ လျှို့ဝှက်အစည်းအဝေး တစ်ခု ပြင်ဆင်နေကြတယ်လို့ ငါ သတင်းရတယ်... ကြားတာတော့ အဲဒီအိမ်မက် မက်တဲ့သူတွေ အားလုံးက အတိတ်က ဖာသာ ဗင်းဆင့်ရဲ့ အကူအညီ ရခဲ့ဖူးသူတွေချည်းပဲတဲ့"

အသီးနားက ခဏရပ်ပြီး ဆက်မေးလိုက်သည်။

"အိမ်မက်ထဲမှာ ငါတို့ မြင်ခဲ့ရတာတွေက တကယ်ကြီး လို့ နင် ထင်လား"

“ဘယ်သိပါ့မလဲ...”

အန်နီက ခေါင်းခါလိုက်သည်။

"ဒါနဲ့... အဲဒီအစည်းအဝေးက ဘယ်အချိန်လဲ... ဘယ်မှာလဲ... လူဘယ်လောက် ပါမှာလဲ... ဘာတွေ လုပ်ဖို့ ရည်ရွယ်ထားကြတာလဲ..."

"ဒီနေ့ည ၆ နာရီ၊ ၂၃ လမ်းမမှာ အသစ်ဖွင့်တဲ့ စာအုပ်ကဖေး မှာတဲ့... ကြားတာတော့ လူနည်းနည်းလောက်ပဲ တက်ရောက်ကြမယ်ထင်တယ်"

အသီးနားက တိုးတိုးလေး ထပ်ပြေလိုက်သည်။

"ဘာလုပ်ဖို့လဲ ဆိုတာကိုတော့... ငါလည်း ဘယ်သိပါ့မလဲ... ဒါပေမဲ့ ဗဟိုရဲဌာနက အရာရှိတစ်ယောက်လည်း ပါမယ်လို့ ကြားတယ်... သူက ဖာသာ ဗင်းဆင့်နဲ့ ပတ်သက်ပြီး အမိုးခုံး ဘုရားကျောင်းတော်ရဲ့ အတွင်းသတင်းတွေကို သိထားပုံရတယ်"

အန်နီ ရင်တဒိန်းဒိန်း ခုန်လာခဲ့၏။

"ဒီအစည်းအဝေးမှာ ဗဟိုရဲအရာရှိ တစ်ယောက်တောင် ပါမှာလား"

"ဟုတ်တယ်..."

အသီးနားက ဖြေသည်။

"ဒါကြောင့်ပဲ ငါက ဒီအိမ်မက်ကို ယုံကြည်နေတာ... ဖာသာ ဗင်းဆင့်လို လူကောင်းတစ်ယောက်က သတင်းတွေထဲကလို လူစားမျိုး ဘယ်ဖြစ်နိုင်ပါ့မလား..."

ခဏမျှ နားလိုက်ပြီးနောက် သူမက ဆက်မေးလိုက်၏။

"ဒါနဲ့... နင်ရော လာမှာလား"

အန်နီ ခဏမျှ တွန့်ဆုတ်သွားပြီး ခင်ပွန်း ဖြစ်သူကို ကြည့်လိုက်သည်။

"ငါ အရင် စဉ်းစားလိုက်ဦးမယ်"

ဤရွေးချယ်မှုမှာ အလွန်အရေးကြီးပြီး သူမ၏ ဘဝအပေါ် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်ဟု သူမ မသိမသာ ခံစားနေရသည်။

"အေးပါ... သေချာ စဉ်းစားပြီးမှ ငါ့ကို ပြန်ပြောပါ... ငါကတော့ စာရင်းပေးလိုက်ပြီ"

အသီးနားက ဆိုသည်။

"ပြောရရင် ငါက ၂၃ လမ်းမနဲ့ ရင်းနှီးတယ်လေ... ဟိုက အော်ဒီယို ဗီဒီယိုဆိုင်မှာ အခွေတွေ သွားဝယ်နေကျ... ဘေးက မှောင်မှောင်မဲမဲ စာအုပ်ဆိုင်လေးကတော့ အရောင်းအဝယ် မရှိသလိုပဲ.. ဒါပေမဲ့ အဲဒီ အခွေဆိုင်လေးက စာအုပ်ကဖေးအဖြစ် ပြောင်းသွားတာပဲ..."

သူငယ်ချင်းဖြစ်သူ၏ စကားများကို နားထောင်ရင်း အန်နီ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ရှုပ်ထွေးနေတော့သည်။

...

အမှန်စင်စစ် အန်နီနှင့် အသီးနားတို့၏ ခန့်မှန်းချက်မှာ အလွန်ပင် လွဲချော်နေသည် ဟုပင် ဆိုနိုင်ပေသည်။ တကယ်တမ်းအားဖြင့်... မနေ့ညက အိမ်မက်တူ မက်ခဲ့သူမှာ လူ ရာဂဏန်းထက် အများကြီး ပိုသည်။ ဗင်းဆင့်မှာ မွန်း၏ စွမ်းအားကို အသုံးပြု၍ အိမ်မက်ကမ္ဘာကို အကန့်အသတ်ထိ ရောက်အောင် ချဲ့ထွင်ခဲ့ခြင်း ဖြစ်သဖြင့် သူနှင့် ပတ်သက်ဖူးသူ အားလုံး အိမ်မက်ထဲတွင် ပါဝင်ခဲ့ကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ ကာလ အတွင်း... ဗင်းဆင့် ဓမ္မဆရာ လုပ်ခဲ့စဉ်က သူ ကူညီပေးခဲ့ဖူးသူပေါင်းမှာ ၃၀၀၀ ကျော် အထိ ရှိသည်။

"သူတို့ထဲက တစ်ထောင်လောက်ကတော့ ယုံကြည်ဖို့ ရွေးချယ်ကြလိမ့်မယ်... ကျန်တဲ့လူ အများစုကတော့ သံသယ ရှိနေကြဦးမှာဖြစ်ပြီး တချို့ကတော့ နှုတ်ဆိတ်နေကြလိမ့်မယ် တစ်ယောက်စ နှစ်ယောက်စကတော့ ဘုရားကျောင်းကို တိုင်တန်းကြလိမ့်မယ်"

ဗင်းဆင့်သည် အိမ်မက်ကမ္ဘာအတွင်းမှနေ၍ လူတိုင်း၏ တုံ့ပြန်မှုများကို ကြည့်ကာ အခြေအနေကို သုံးသပ်နေခဲ့သည်။

ဤအရာအားလုံးမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်၏။ ထိုတစ်ထောင်ခန့်သော လူများမှာ ယုံကြည်မှုအသစ်၏ ပထမဆုံးသော ဝတ်ပြုသူများ ဖြစ်လာကြပေလိမ့်မည်။

သို့သော်လည်း... ဗင်းဆင့် အနေဖြင့် လူတစ်ထောင်လုံးကို တိုက်ရိုက် ဦးဆောင်၍ မရနိုင်သဖြင့် တရားတော်များကို ဖြန့်ဝေရန် တမန်တော်များ ရွေးချယ်ခြင်းမှာ မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် ဖြစ်သည်။

မှန်ပေသည်။ ဘေးကပ်လျက်ရှိ စာအုပ်ကဖေးတွင် ကျင်းပမည့် လျှို့ဝှက်အစည်းအဝေးမှာ တမန်တော်များ ရွေးချယ်ရန်အတွက် ဖြစ်သည်။

တက်ရောက်လာသူ အယောက်ပေါင်းများစွာထဲမှ ဆယ်ဦးကို နေမင်းနတ်ဘုရား ယုံကြည်မှု၏ တမန်တော်များအဖြစ် ရွေးချယ်မည် ဖြစ်သည်။

ဗဟိုရဲအရာရှိ ပါဝင်လာခြင်းမှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ သူရဲကောင်းများ၏ မိတ်ဆွေဖွဲ့သော ရပ်တည်ချက်ကို ပြသရန် ဖြစ်သည်။

ထိုပွဲ၌ ထုတ်ဖော်ပြသမည့် အမှန်တရားများမှာလည်း အမိုးခုံး ဘုရားကျောင်းတော်ကို ဖြုတ်ချနိုင်မည့် သတင်းအချက်အလက်များသာ ဖြစ်ပေသည်။

ဗင်းဆင့် အိမ်မက်ကမ္ဘာမှ ထွက်လာပြီး မျက်လုံးဖွင့်လိုက်ရာ သူ့ရှေ့တွင် ရပ်နေသော ကလောက်ကို မြင်လိုက်ရသည်။

ကလောက်မှာ သာမန်ပြည်သူများကြားတွင် အယောင်ဆောင် ရောနှောနေသည့် လက်အောက်ငယ်သားများထံမှ အစီရင်ခံစာများကို လက်ခံရရှိထားပြီး ဖြစ်သည်။ သူက ဗင်းဆင့်ထံသို့ အစည်းအဝေး တက်ရောက်မည့်သူများ၏ စာရင်းနှင့် အသေးစိတ် အချက်အလက်များကို ပေးလိုက်၏။ ထို့နောက် ဗင်းဆင့်၏ ပခုံးကို အသာအယာ ပုတ်လိုက်ရင်း...

"ဒီအချိန်က စပြီး ခင်ဗျားရဲ့ စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်တော့တယ်"

ဗင်းဆင့်က မျက်စိမှိတ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရင်း ခေါင်းညိတ်ပြလိုက်၏။

"စိတ်ချ... ကျုပ် မစ္စတာလင်ကို စိတ်ပျက်အောင် မလုပ်ပါဘူး"

...

ချယ်ရီ တစ်ယောက် အလွန်ပင် စိတ်ရွှင်လန်း ပျော်ရွှင်နေပြီး စာအုပ်ဆိုင်သို့ သွားရာ လမ်းတစ်လျှောက်တွင် သီချင်းလေး တညည်းညည်းဖြင့် ခုန်ပေါက် သွားနေခဲ့သည်။

ဝှစ်...

သူမက လမ်းပေါ်ရှိ ချိုင့်တစ်ခုကို ခုန်ကျော်လိုက်ပြီးနောက် နောက်ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

"မြန်မြန်လုပ်ပါ ဘယ်လာရဲ့... မစ္စတာလင်ကို ပြန်တွေ့ဖို့ ငါ မစောင့်နိုင်တော့ဘူး"

ချယ်ရီ၏ မျက်ခုံး စင်းစင်းလေးများနှင့် ထွက်နေသည့် အစွယ်လေးမှာ အလွန်ပင် ချစ်စရာကောင်းလှပြီး သူမကို ပို၍ နှစ်လိုဖွယ် ဖြစ်စေသည်။

သူမ၏ နောက်တွင်တော့ ဘယ်လာမှာ လှပသည့် အနက်ရောင် လယ်သာ ခရီးဆောင်သေတ္တာကို သယ်လျက် လိုက်လာခဲ့သည်။

"သခင်မလေးရယ်... မစ္စတာလင်က ထွက်ပြေးမှာ မဟုတ်ပါဘူး... စိတ်ကို နည်းနည်း ထိန်းပါဦး"

သူမက မတတ်သာသည့် လေသံဖြင့် လှမ်းပြောလိုက်သည်။

ချယ်ရီက ခါးကို ထောက်ကာ မျက်စောင်းထိုးလိုက်သည်။

"မထိန်းနိုင်ပါဘူး... သူရော ငါ့ကို ဘယ်လောက်လွမ်းနေမလဲဆိုတာ သိချင်နေပြီ"

ထို့နောက်တွင်တော့ မိန်းမငယ်လေး၏ မျက်လုံးများမှာ ခရီးဆောင်သေတ္တာဆီသို့ ရောက်သွားကာ နှုတ်ခမ်းလေး တွန့်ရုံ ပြုံးလိုက်သည်။

"ငါ့ရဲ့ လက်ဆောင်ကတော့ အကောင်းဆုံးနဲ့ အနှိုင်းမဲ့ဆုံး ဖြစ်မှာ သေချာတယ်... ဒီလက်ဆောင်ကနေ တစ်ဆင့် ငါ့ရဲ့ ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာတွေကို သူ ခံစားမိလိမ့်မယ်"

***

All Chapters