ဓားရေကန်
Vol. 8 Ch. 80
(လင်းပိုင်ဝေ့ရဲ့ဆရာက စစ်သူကြီးပဲ ဖြစ်ပါတယ်၊ကျနော်အကြည့်မှားသွားတာပါ ဒု-စစ်သူကြီး၊စစ်သူကြီး၊မဟာစစ်သူကြီး၊)
နတ်ဆိုးနှိမ်နင်းရေးဌာနသို့ မဝင်ရောက်မီအချိန်က ဟုန်လေ့သည်လည်း ဝတ်ရုံဖြူကို ဝတ်ဆင်၊ မြင်းဖြူကိုစီးကာ ဓားတစ်လက်ဖြင့် ကမ္ဘာလောကအနှံ့ ခြေဆန့်ရန် အိပ်မက်မက်ခဲ့ဖူးပေသည်။
သို့သော် ယခုအချိန်တွင်မူ ချင်းဖုန်းတောင်ဂိုဏ်းသို့ မဝင်ဘဲ ပို၍အန္တရာယ်များသော နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ဝင်ရောက်ခဲ့ခြင်းက နှိုင်းယှဉ်ကြည့်လျှင် ကံကောင်းသည်ဟု ဆိုရပေမည်။
ချင်းဖုန်းတောင် တပည့် ၅၀၊ ၆၀ ခန့်ကို တပ်မှူးများက တောင်ပေါ်သို့ မောင်းနှင်ခေါ်ဆောင်သွားကြပေသည်။
သူတို့သည် မိမိတို့၏ဂိုဏ်းဆီသို့ ပြန်ရခြင်း ဖြစ်သော်လည်း မျက်နှာများမှာ သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်နေကြပေ၏။
ရှန်းယီနှင့် ဟုန်လေ့တို့သည် လူအုပ်၏ နောက်ဆုံးမှ လိုက်ပါလာကြပေသည်။
"ဓားရေကန် ဆိုတာ ဘာလဲဗျ"
ထိုမေးခွန်းကို ကြားသောအခါ ဟုန်လေ့က အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်မိပေသည်။
"မင်းက ချင်ကျိုးဇာတိ မဟုတ်ဘူးလား"
"ကျွန်တော်က ဘိုင်ယွင်နယ်ကပါ"
ရှန်းယီက ဖုံးကွယ်မထားဘဲ ပြောလိုက်ပေ၏။
"သြော်... ဒါကြောင့်ကိုး၊ တောမြို့လေးက ဖြစ်နေတာကိုး"
ဟုန်လေ့က ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် ပြောလိုက်ပြီးမှ တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိထားမိလိုက်ပေသည်။
သူသိသော ဘိုင်ယွင်နယ်အကြောင်း ပြောနေခြင်း ဟုတ်ပါလေစ။ ထိုကဲ့သို့သော ကြက်ပျောက်ငှက်ပျောက် တောမီးလောင်တော နေရာမျိုးက ရှန်းယီကဲ့သို့ လူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ပါသလော။
သူ ပါးစပ်ဟလိုက်ပြီး မေးချင်သော်လည်း မမေးရဲသဖြင့် စကားလမ်းကြောင်း လွှဲလိုက်ရပေသည်။
"ပထမတန်းစား အင်အားကြီးဂိုဏ်းတွေမှာ ရွှေအမြုတေအဆင့် ကို ရောက်အောင် ပျိုးထောင်ပေးနိုင်တဲ့ ခိုင်မာတဲ့ နည်းလမ်းတွေ ရှိတတ်ကြတယ်ကွ။ ဒါမှ မျိုးဆက်တိုင်းမှာ ဦးဆောင်မယ့် ခေါင်းဆောင်တွေ မပြတ်လပ်မှာလေ။ ဒုတိယတန်းစား ဂိုဏ်းတွေကျတော့ အဲဒီလို မဟုတ်ဘူး။ ဘိုးဘေးတွေ မတော်တဆ တစ်ခုခုဖြစ်သွားရင်၊ ဒါမှမဟုတ် မျိုးဆက်ပြတ်သွားရင် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ ပျောက်ကွယ်သွားတတ်ကြတယ်"
"ငါတို့ နတ်ဆိုးနှိမ်နင်းရေးဌာနမှာလည်း အလားတူ နေရာမျိုးရှိတယ်၊ ဒါပေမဲ့ မြို့တော်မှာ ရှိတာပေါ့"
ဤနေရာတွင် ဟုန်လေ့သည် ရှန်းယီ၏မျက်ဝန်းထဲမှ အရိပ်အယောင်ကို ကြည့်ပြီး တစ်ဖက်လူ၏ အတွေးကို ရိပ်မိလိုက်ပေသည်။
ချင်းဖုန်းတောင် အကြီးအကဲနှင့် နတ်ဆိုးကြီးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သူသည် သေချာပေါက် ကျောက်စိမ်းအဆင့် ပြီးပြည့်စုံခြင်း သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
သူက ရယ်မောလိုက်ပြီး
"မင်းရဲ့ အခုလက်ရှိ စွမ်းရည်နဲ့ဆိုရင် နောက်ထပ် ဆယ်စုနှစ်အနည်းငယ်လောက် ကြိုးစားလိုက်တာနဲ့ သိုင်းပညာဘုံကျောင်း မှာ ရွှေအမြုတေအဆင့် နေရာတစ်နေရာက မင်းအတွက် သေချာပေါက် ဖြစ်လာမှာပါ။ လောလောဆယ်တော့ မစဉ်းစားနဲ့ဦး၊ မိန်းကလေးလင်းရော သမားတော်ပိုင်ရောက မင်းရှေ့မှာ တန်းစီနေကြတာ"
"ကဲ... ဓားရေကန် အကြောင်းပဲ ဆက်ပြောကြတာပေါ့"
ဟုန်လေ့သည် ပါရမီရှင်များ၏စိတ်ဓာတ်ကို နားလည်ထားပေသည်။
သူတို့သည် အခြားသူများက ကိုယ့်ခေါင်းပေါ် တက်နင်းတာကို ဘယ်ခံပါ့မနည်း။
"ချင်းဖုန်းတောင် တပည့်မှန်သမျှ ဂိုဏ်းထဲကို တရားဝင် ဝင်ရောက်ပြီး ဂိုဏ်းချုပ်ကို ဂါရဝပြုပြီးတာနဲ့ ပထမဆုံး လုပ်ရတာက ဓားရေကန်ကို သွားပြီး ပူဇော်ရတာပဲ။ လက်ချောင်းထိပ်၊ နဖူးနဲ့ နှလုံးသွေးတွေကို ပူဇော်လိုက်ရင် ဂိုဏ်းချုပ်ရဲ့ အကာအကွယ်ကို ရရှိပြီး ကျင့်ကြံမှုအရှိန်က တဟုန်ထိုး တက်လာတော့တာပဲ"
"ဒါ့အပြင် သူတို့က စီနီယာတွေ အသုံးပြုခဲ့ဖူးတဲ့ ဓားတစ်လက်ကို ရယူနိုင်ပြီး ကိုယ့်ရဲ့အနှစ်သာရနဲ့ နေ့ညမပြတ် ပြုစုပျိုးထောင်ကြတယ်။ အဲဒါကို တာအိုအကာအကွယ် ရတနာဓား လို့ ခေါ်ကြတယ်။သူတို့ရဲ့ ခွန်အားထက်ဝက်က အဲဒီဓားမှာ ရှိတယ်လို့ ပြောလို့ရတယ်။ မင်းက ဟိုအကြီးအကဲရဲ့ ဓားကို ချိုးပစ်လိုက်တယ် ကြားတယ်၊ အဲဒီတော့ သူ ဒဏ်ရာပျောက်သွားရင်တောင် သူ့ခွန်အားက အရင်ကလို တစ်ဝက်တောင် ပြန်ရမှာ မဟုတ်တော့ဘူး"
ဟုန်လေ့က လက်ဝါးကို ဖြန့်ပြလိုက်ပေသည်။
"ဒါကြောင့် ဟိုတလောက သိုက်ပင်း ရဲ့ ဓားကို ငါ ကြည့်ချင်ခဲ့တာ၊သူက ချင်းဖုန်းတောင် တပည့် ဟုတ်မဟုတ် သိချင်လို့လေ၊ ငါ့ထင်ကြေး မှန်သွားတာပေါ့... စဉ်းစားကြည့်ကွာ၊ နှစ်ထောင်ပေါင်းများစွာ တပည့်တွေရဲ့အနှစ်သာရနဲ့သွေးစက်တွေက ဓားရေကန်နဲ့ဆက်နွှယ်နေတာ။ သူတို့ ကျင့်ကြံခြင်း တိုးတက်လေ ဓားရေကန်ကလည်း အကျိုးကျေးဇူး ရလေပဲ။အဲဒီလို ရတနာမြေမျိုးကမှ သိုင်းပညာရှင် တစ်ယောက်ကို ရွှေအမြုတေအဆင့် ရောက်အောင် ကူညီပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိတာ"
"အဘိုးကြီး နီကျန့်ခမျာ သက်တမ်း ကုန်ခါနီးနေရှာပြီ။ဝါစဉ်အရဆိုရင် သူ ဓားရေကန်ထဲ ဝင်ပြီး နောက်ဆုံးအနေနဲ့ အဆင့်တက်ဖို့ ကြိုးစားခွင့် ရသင့်တာ၊ဒါပေမဲ့ အဲဒီအခွင့်အရေးကို ကျန်းဟန်ကျိုး ဆီ လွှဲပေးလိုက်တယ်။ ဒီနေ့ သူ လုပ်လိုက်တဲ့ ကိစ္စက... သူ့နှလုံးသား လုံးဝကျိုးပဲ့သွားလို့ ဖြစ်မှာပါပဲ"
ဟုန်လေ့က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပေသည်။
ဤအရာကို ကြားတော့ ရှန်းယီ ခဏတာ တိတ်ဆိတ်သွားပေ၏။
သို့သော် သိုင်းလောက သတင်းများကို သိခွင့်ရသည့် ဤကဲ့သို့ အခွင့်အရေးမျိုးက ရှားပါးလှသဖြင့် သူ ဆက်မေးလိုက်ပေသည်။
"အဲဒီ ဓားရေကန်က အဲလောက် အစွမ်းထက်ပြီး နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့တာဆိုရင် ချင်းဖုန်းတောင်မှာ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူက တစ်ယောက်တည်း မက ရှိသင့်တာပေါ့"
"စစ်သူကြီးချန် တစ်ယောက်တည်း လာတာမို့လို့ သူတို့ကို မနိုင်မှာ စိုးရိမ်နေတာလား"
ဟုန်လေ့က ထပ်မံ ရယ်မောလိုက်ပြန်ပေသည်။
"မင်းက ကျောက်စိမ်းအဆင့်၊ ငါကလည်း ကျောက်စိမ်းအဆင့်ပဲ။ မင်းသာ ငါ့လိုကောင် နှစ်ယောက် သုံးယောက်လောက်နဲ့ တစ်ပြိုင်နက်တည်း ရင်ဆိုင်ရရင် ကြောက်မလား"
ရှန်းယီ ခဏတာ စဉ်းစားပြီး ခေါင်းခါပြလိုက်ပေ၏။
"အေးလေ... ဒါဆို အယောက် နှစ်ဆယ်၊ သုံးဆယ်လောက် ဆိုရင်ရော..."
ဟုန်လေ့က ဆက်ပြောလိုက်သော်လည်း လူငယ်က လေးလေးနက်နက်စဉ်းစားနေပြီးမှ ခေါင်းထပ်ခါပြသည်ကို တွေ့လိုက်ရပေသည်။
သူ့မျက်နှာပေါ်မှအပြုံးက တောင့်တင်းသွားရပေ၏။
သူ အကြည့်လွှဲလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ဘာမှ မမြင်လိုက်သကဲ့သို့ ဟန်ဆောင်လိုက်ရပေသည်။
"အယောက် နှစ်ဆယ် သုံးဆယ် ရှိနေရင်တောင် နတ်ဆိုးနှိမ်နင်းရေးဌာနမှာ အဘိုးကြီးချန် တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ။ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ၁၂ ယောက် ရှိတယ်ကွ။ အဘိုးကြီးချန်က အသက်ကြီးလွန်းနေပြီ၊ ခွန်အားပိုင်းမှာဆိုရင် ယန်အန်းစီရင်စု က စစ်သူကြီးရဲ့နောက်မှာ ကပ်ပါးလေး လိုက်နေရတာ"
"ယန်အန်းစီရင်စုက စစ်သူကြီးက အဆင့်ဘယ်လောက်မို့လို့လဲ"
ရှန်းယီက စိတ်ဝင်တစား ကြည့်လိုက်ပေသည်။
ဟုန်လေ့ မျက်လုံးလှန်ကြည့်လိုက်ပြီး အကြာကြီး တိတ်ဆိတ်နေပြီးမှ ပြောလိုက်ပေသည်။
"ဆယ့်တစ်"
"ဒါဆို ပထမက ဘယ်သူလဲ"
"မဟာစစ်သူကြီးရဲ့ ဒုတိယတပည့်"
"ဒုတိယကရော..."
"မဟာစစ်သူကြီးရဲ့ပထမတပည့်ကြီး"
"ဘာလို့ ပြောင်းပြန် ဖြစ်နေရတာလဲ"
"ညီအစ်ကိုရှန်း... ရောက်ပြီဟေ့"
ဟုန်လေ့ ရပ်တန့်လိုက်ပြီး ခေါင်းတော်တော် ကိုက်သွားရပေသည်။
ယခုလို စကားများအား ဤတိုင်းလျှောက်ပြောချင်ရာပြော၍ ဖြစ်မည်လော။
ရှန်းယီ ရှေ့ကို လှမ်းကြည့်လိုက်ပြီး ထပ်သိချင်နေသေးပေသည်။
ချင်းဖုန်းတောင် တံခါးဝ၏ရှေ့တွင် သန့်ရှင်းသော ကျောက်ဖြူတုံးများ ခင်းကျင်းထားသည့်ကျယ်ဝန်းလှသော ယဇ်ပလ္လင်တစ်ခု ရှိနေပေသည်။
ယခုအချိန်တွင်မူ တစ်ဖက်တစ်ချက်စီ၌ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ဓားသမားများ ဒူးထောက်နေကြသည်မှာ ပြည့်ကျပ်နေပေ၏။
ရွှေလင်းယုန် မင်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အတွင်းစခန်းမှ အရာရှိ ၃၀၀ သည် ကြီးမားသော ယဇ်ပလ္လင်၏အပြင်ဘက်တွင် စက်ဝိုင်းသဏ္ဍာန် ဝိုင်းရံထားကြသည်။
သူတို့၏ကိုယ်နေဟန်ထားများမှာ ဖြောင့်မတ်နေပြီး အနက်ရောင် သံကြိုးများ လွင့်ပျံနေကာ ယဇ်ပလ္လင်တစ်ခုလုံးကို ပိတ်ဆို့ထားကြပေသည်။
အပြင်ဘက်စခန်းမှ လူတစ်ထောင်ကျော်သည်လည်း စည်းစနစ်ကျသော ပုံစံဖြင့် စုရုံးရပ်တည်နေကြပြီး မျက်နှာထားများ အေးစက်နေကြပေ၏။
လူအုပ်ကြီး၏ရှေ့ဆုံးတွင် ဒု-စစ်သူကြီး ဒါဇင်ပေါင်းများစွာ ဝန်းရံထားသော ထူးဆန်းသည့် သံချပ်ကာ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် သံကုလားထိုင်ကြီးပေါ်တွင် ထိုင်နေပေသည်။
သူသည် လေးလံသော သံလှံကြီးကို ကိုင်ဆောင်ထားပြီး သွေးစွန်းနေသော နေဝင်ချိန်ကဲ့သို့ နီရဲနေသည့် ပိုးသားဝတ်ရုံရှည်ကြီး လွင့်ပျံနေပေသည်။
...
ရှန်းယီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပေသည်။
တောင်ပေါ်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုး ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
သူကတော့ အောက်မှာ အသေအလဲ တိုက်ခိုက်နေခဲ့ရပြီး အခြေအနေ အလွန်ဆိုးရွားနေပြီဟု ထင်ခဲ့သော်လည်း ဒီမှာတော့ လူအုပ်ကြီးက ဒူးထောက်နေကြသည်တဲ့လား။
ဤမျှအားနေကြလျှင် အဘယ်ကြောင့် အောက်ဆင်းပြီး လူများကိုမကယ်ကြသနည်း။
"မင်း ထင်သလောက် မရိုးရှင်းဘူးကွ"
သူ့မျက်နှာထား ပြောင်းလဲသွားသည်ကို မြင်သောအခါ ဟုန်လေ့သည် ဖြည်းညှင်းစွာ ရှေ့တိုးလာပြီး လူအုပ်ကို ဦးဆောင်ကာ ရှေ့သို့ ဆက်သွားလိုက်ပေသည်။
သူ့မျက်နှာထားမှာ တဖြည်းဖြည်း လေးနက်လာပေ၏။
ချင်းဖုန်းတောင် တပည့်များက ခုခံမည့် အရိပ်အယောင် လုံးဝ မပြသော်လည်း စစ်သူကြီးချန်က သူတို့ကို မလွှတ်ပေးဘဲ ဝိုင်းရံထားဆဲ ဖြစ်သည်။
ဤအရာက တစ်ခုတည်းသော အဓိပ္ပာယ်ကိုသာ ပြသနေပေသည်။
ဟို ဂိုဏ်းချုပ် အဘိုးကြီး ရူးသွားပြီ ဖြစ်ရမည်။
ကြီးမားသော ယဇ်ပလ္လင်၏အလယ်တည့်တည့်တွင်...
အမျိုးသားတစ်ဦးသည် အပေါ်ပိုင်းဗလာဖြင့် တင်ပျဉ်ခွေ ထိုင်နေပေသည်။
ပင့်ကူအိမ်ကဲ့သို့ ရှုပ်ထွေးသော ဒဏ်ရာများသည် ကြွေကွဲနေသော ကြွေထည်ပစ္စည်းတစ်ခုကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖုံးလွှမ်းနေပေသည်။
ဤရင်းနှီးသော ဒဏ်ရာများကို မြင်လိုက်ရသောအခါ ရှန်းယီ အသက်အောင့်လိုက်မိပေသည်။
ရွှေယွင်ရွာတွင် ထို ကျောင်းနတ်ဆိုး၏ခန္ဓာကိုယ်ပေါ်၌ သူ ဤဒဏ်ရာများကို မြင်ခဲ့ဖူးသည်။
၎င်းတို့သည် ထပ်တူနီးပါး တူညီနေပေ၏။
ယခုတွင်မူ...
ရှန်းယီသည် ထိုအမျိုးသားထံမှ အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်ပေသည်။
သူ ခြေလှမ်းလှမ်းပြီး နီးကပ်သွားလေ ထိုအရှိန်အဝါသည် ပိုမို ပြင်းထန်လာလေ ဖြစ်ပေသည်။
ရုတ်တရက် ထိုအမျိုးသား မျက်လုံးဖွင့်လိုက်ပြီး သူတို့ရှိရာသို့ ဖြည်းညှင်းစွာ လှမ်းကြည့်လိုက်ပေ၏။
သွေးရောင်လွှမ်းနေသော ထိုမျက်လုံးအစုံနှင့် တစ်ချက် အကြည့်ခံလိုက်ရရုံဖြင့် ရှန်းယီ၏ခန္ဓာကိုယ် တင်းမာသွားပြီး လက်က ဓားရိုးကိုအလိုအလျောက် ဆုပ်ကိုင်မိသွားရပေသည်။
သူ စတင် နိုးထလာစဉ်က သာမန်လူခန္ဓာကိုယ်ဖြင့် ခွေးနက်နတ်ဆိုးကို ရင်ဆိုင်ခဲ့ရစဉ်ကပင်...ယခု ရုတ်ခြည်း ထွက်ပေါ်လာသော ဖိနှိပ်မှုမျိုးလောက် စိတ်လှုပ်ရှားဖွယ် မကောင်းခဲ့ပေ။
"သူက ကျန်းဟန်ကျိုး ပဲ"
ဟုန်လေ့ကတော့ ဘာမှ ထူးခြားပုံမရဘဲ မိတ်ဆက်ပေးလိုက်ပေသည်။
"ချင်ကျိုး ဓားသိုင်းပညာရှင်လေ၊ သူ့ရဲ့ သူရဲကောင်းဆန်မှုကြောင့် ချင်ကျိုးတစ်ခွင်မှာ နာမည်ကြီးတယ်။ စစ်သူကြီးချန်ရဲ့ ကောက်ချက်အရဆိုရင် သူက ယန်ချွန်းမြစ်ထဲက ကျောင်းနတ်ဆိုး ဖြစ်လောက်တယ်"
ရှန်းယီ ဘာမှ မကြားရသကဲ့သို့ ဖြစ်နေပေသည်။
ထိုအမျိုးသားသည် သူ့မျက်နှာကို စူးစိုက်ကြည့်နေပြီး နာကျင်မှုကြောင့် ဖြစ်ပေါ်လာသော ရက်စက်ကြမ်းကြုတ်မှုများနေရာတွင် မုန်းတီးမှုအရိပ်အယောင်များ ဝင်ရောက်လာပေသည်။
ထိုအကြည့်အောက်တွင်...
ရှန်းယီ မျက်နှာသေ ဖြစ်နေသော်လည်း အသက်ရှူသံများ ပိုမို ပြင်းထန်လာပေ၏။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ သူ့ရင်ထဲတွင် ကိန်းအောင်းလာပေသည်။
အားလုံးက စောင့်ကြည့်နေကြစဉ်...
ကျန်းဟန်ကျိုး ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အစွန်းဘက်သို့ တစ်လှမ်းချင်း လျှောက်လာပေသည်။
ချင်းဖုန်းတောင် တပည့်များအားလုံး ခေါင်းမော့လာကြပြီး နတ်ဆိုးနှိမ်နင်းရေး တပ်မှူးများကလည်း လက်နက်များကို ပြိုင်တူ ဆုပ်ကိုင်လိုက်ကြကာ "နောက်ဆုတ်နေစမ်း" ဟု အော်ဟစ်လိုက်ကြပေသည်။
သို့သော် သူတို့၏စိတ်ထဲတွင် မသေချာမှုများ ပြည့်နှက်နေပေ၏။
လွန်ခဲ့သော လဝက်ခန့်က သူ ပြဿနာရှာခဲ့စဉ်က စစ်သူကြီးချန်သည် သူ့ကို သံလှံဖြင့် ရိုက်နှက်ပြီး မောင်းထုတ်ခဲ့ရသည်။
ဤရက်ပိုင်းများတွင် သူငြိမ်နေခဲ့ပြီးမှ အဘယ်ကြောင့် ရုတ်တရက် ပြန်ထလာရသနည်း။
"ငါက အပြစ်ကင်းတယ်... မင်းတို့ ငါ့ကို သတ်လို့ မရဘူး"
ကျန်းဟန်ကျိုး၏အသက်ရှူသံများ ပြင်းထန်နေပြီး ခန္ဓာကိုယ် အနည်းငယ် ကိုင်းညွှတ်နေကာနက်ရှိုင်းသော အသံဖြင့် ပြောလိုက်ပေသည်။
သူသည် အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော အဘိုးအိုကို ကြည့်နေပေ၏။
သူ အံများကို ကြိတ်လိုက်ပြီး "ငါ ချင်ကျိုးအတွက် နတ်ဆိုးတွေကို သတ်ဖြတ်ပေးခဲ့တာ နှစ်ပေါင်း တစ်ရာ့ငါးဆယ် ရှိပြီ။ လင်းကျန်းစီရင်စုက ပြည်သူတွေကို ကာကွယ်ပေးခဲ့တာ နှစ်ပေါင်း တစ်ရာ့ငါးဆယ် ရှိပြီ။သူတို့က ငါ့ကို သူရဲကောင်းအဖြစ် ဂုဏ်ပြုကြတယ်ကွ ငါ့မှာ အပြစ်မရှိဘူး"
ချန်ချမ်ကွန်း၏ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီး မျက်နှာထားမှာ ထူးခြားခြင်း မရှိဘဲ သာမန် အဘိုးအိုတစ်ယောက်နှင့် တူနေပေသည်။
သူ၏မျက်နှာထား တည်ငြိမ်နေပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်ပေသည်။
"သူ့ကို နောက်တစ်ခေါက် ထပ်ဖတ်ပြလိုက်စမ်း"
သူ့ဘေးရှိ ဒု-စစ်သူကြီးတစ်ဦး ရှေ့ထွက်လာပြီး
"ကျန်းဇီထောင်၊ချင်းဖုန်းတောင် တပည့်။ လွန်ခဲ့တဲ့ သုံးနှစ်က သူ ရွှမ်ယန်နယ်ကို နတ်ဆိုးသတ်ဖို့ သွားခဲ့တယ်။ ကြောင်နတ်ဆိုး တစ်ကောင်ကို သတ်ခဲ့တယ်။ ပြည်သူ အယောက် ၂၀ ကျော် သေဆုံးခဲ့ပြီး အလောင်းတွေ လုံးဝ ရှာမတွေ့ခဲ့ဘူး။ နတ်ဆိုးဖမ်းသမားတွေရဲ့စုံစမ်းစစ်ဆေးချက်အရ လွန်ခဲ့တဲ့ နှစ်ရက်က အဲဒီနတ်ဆိုးကို မိုင်ငါးရာအကွာက ဝေါ်နျူတန်မှာ တွေ့ခဲ့ရတယ်လို့ ဆိုတယ်"
"ကျန်းယွီစုန်း၊ ချင်းဖုန်းတောင် တပည့်။ လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ ခုနစ်လက ချီယွမ်နယ်က ရွာတစ်ရွာမှာ အလားတူ နည်းလမ်းနဲ့ပဲ နတ်ဆိုးတစ်ကောင်ကို သတ်ခဲ့တယ်။အိမ်ထောင်စု ၃၀ သေဆုံးပြီးအလောင်းတွေ လုံးဝ ပျောက်ဆုံးသွားခဲ့တယ်"
"ကျန်းလင်းလုံ၊ ချင်းဖုန်းတောင် တပည့်..."
နတ်ဆိုးသတ်ဖြတ်မှု ပုံစံတူများ၊ အလောင်းများ လုံးဝ ပျောက်ဆုံးသွားမှုများ...
စာရင်းထဲရှိ အမည်များအားလုံးသည် ခြွင်းချက်မရှိ ဤခန့်ညားသော ဓားသမားကြီး၏မျိုးဆက်များ ဖြစ်ကြပေသည်။
လွန်ခဲ့သော သုံးနှစ်တာ ကာလအတွင်းမှာတင် စာရင်းက ရှည်လွန်းသဖြင့် ဖတ်ပြနေသော ဒု-စစ်သူကြီး၏ပါးစပ်ပင် ခြောက်ကပ်သွားရပေ၏။
ချင်းဖုန်းတောင် တပည့်များ တိတ်ဆိတ်စွာ ခေါင်းပြန်ငုံ့သွားကြပြန်ပေသည်။
"ဒါဆို ငါ့ရဲ့ကောင်းမှုတွေက အတုတွေပေါ့ ဟုတ်လား"
ကျန်းဟန်ကျိုး တစ်ယောက်သာ မျက်နှာသေဖြင့် ကျန်ရစ်ပြီး အဘိုးအိုကို စိုက်ကြည့်နေဆဲ ဖြစ်ပေသည်။
"မင်းရဲ့ကောင်းမှုတွေက အစစ်အမှန်တွေပါ။ ဒီစစ်သူကြီးလူလွှတ်ပြီး စုံစမ်းခိုင်းပြီးပါပြီ။ မင်းက ချင်းဖုန်းတောင်ရဲ့သူရဲကောင်း ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်"
ချန်ချမ်ကွန်း ခေါင်းအနည်းငယ် ညိတ်လိုက်ပေသည်။
"ဒါဆိုရင်..."
ကျန်းဟန်ကျိုး၏အသံ ရုတ်တရက် စူးရှသွားပေသည်။
"ငါ့ရဲ့ကောင်းမှုတွေနဲ့ဆိုရင် လင်းကျန်းစီရင်စုက ပြည်သူတွေက ငါ့ရဲ့မျိုးဆက်တွေကို ပြုစုပျိုးထောင်ပေးသင့်တာ မဟုတ်ဘူးလား သူတို့အားလုံးက နတ်ဆိုးသွေးပါသူတွေ၊ဒါ သူတို့ရဲ့ သဘာဝပဲ။ ငါ သူတို့ကို သွန်သင်ဆုံးမဖို့ ကြိုးစားနေတာပါကွ"
"ဘာဖြစ်လို့လဲ မင်းတို့က ငါ့ကို အချိန်နည်းနည်းလောက် မပေးနိုင်ကြတာလဲ"
"ဘာဖြစ်လို့လဲ မင်းတို့က ငါ့ကို အခွင့်အရေး တစ်ကြိမ်လောက် မပေးနိုင်ကြတာလဲ"
နက်ရှိုင်းသော နာကျည်းမှုများ ပြည့်နှက်နေသည့် ဟိန်းဟောက်သံကြီးသည် တောင်တံခါးဝတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပါတော့သည်။