သက်တန့်ကဲ့သို့ ဓားအလင်းရောင်
Vol. 8 Ch. 74
ညအမှောင် ကျရောက်လာသောအခါ မီးပုံသည် အရှိန်ပြင်းစွာ တောက်လောင်နေပေသည်။
ယင်းက မီးပုံဘေးရှိ လူအနည်းငယ်၏မျက်နှာများကို လင်းထိန်စေချေ၏။
ကျန်ရှိသော စစ်ကဲများသည် အဓိကကျသော နေရာများကို အလှည့်ကျ စောင့်ကြပ်နေကြပြီး မီးရှူးတိုင်ကဲ့သို့ စူးရှသော အကြည့်များဖြင့် အနည်းငယ်မျှသော လှုပ်ရှားမှုကိုပင် လွတ်မသွားစေပေ။
"တိုက်ပွဲ ဖြစ်လာမလား"
ဝမ်မုန့် သည် စိုးရိမ်တကြီး လက်ကို ပွတ်သပ်လိုက်ပေသည်။
"မဖြစ်လောက်ပါဘူး၊ ဟုတ်တယ်မလား။ ချင်းဖုန်း ဂိုဏ်းချုပ်က ရူးသွားပြီလား။ တပည့်တစ်ယောက်အတွက်နဲ့ စစ်သူကြီးချန် နဲ့ ဘာလို့ အတိုက်အခံဖြစ်မှာလဲ"
"အဲဒီတပည့်က နောက်ထပ် ဂိုဏ်းချုပ် ဖြစ်ဖို့ အလားအလာအရှိဆုံး သူလေ"
လျိုတာ့ချန်း က ပြန်ပြင်ပေးလိုက်ပေသည်။
"လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း သူရဲကောင်းဂိုဏ်းအဖြစ် ချင်းဖုန်းတောင် ရဲ့ ဂုဏ်သတင်း တစ်ဝက်လောက်ကို သူက ထွင်းထုပေးခဲ့တာ၊ တကယ့် ဓားသိုင်း သူရဲကောင်းပဲ"
"အဲဒီလို လူတစ်ယောက်က တကယ်ပဲ ကျောင်းနတ်ဆိုးအဖြစ် ပြောင်းလဲသွားတာ ဖြစ်နိုင်ပါ့မလား"
ဝမ်မုန့်သည် နှုတ်ခမ်းကို သပ်လိုက်ပြီး ရုတ်တရက် တီးတိုး ပြောလိုက်ချေ၏။
"အကယ်လို့ သူက ကျောင်းနတ်ဆိုးကနေ အသွင်ပြောင်းလာတယ် ဆိုရင်တောင် အဲဒါက ဘဝသစ် တစ်ခုကို ပြောင်းလဲလိုက်တာ မဟုတ်ဘူးလား"
"ရှူး"
လျိုတာ့ချန်း သူ့ကို ကန်လိုက်ပေသည်။
စစ်သူကြီးချန်သည် နတ်ဆိုးများကို သတ်ဖြတ်ရန် ရောက်ရှိနေခြင်း ဖြစ်ပြီး ဤကောင်လေးက နတ်ဆိုးတစ်ကောင်ကို ချီးမွမ်းနေချေ၏။
သူ ပုန်ကန်ချင်နေသလော။
"ဒါပေမယ့် ဇနီးမယား အများအပြား ရှိပြီး မကြာခဏ ဖမ်းဆီးခံရလေ့ရှိတဲ့ သူ့ဂုဏ်သတင်းအရဆိုရင်၊သူ မရှိခိုက် အခွင့်ကောင်းယူပြီး ယန်ချွန်းမြစ် ထဲက မြွေနတ်ဆိုး တစ်ကောင်ကောင်ကိုများ သူစော်ကားမိခဲ့လို့ သူ့ကို လက်စားချေ သူ့အမြှောင်မယားကို အဓမ္မပြုကျင့်ခဲ့တာများလား"
အခြား စစ်ကဲ တစ်ဦးက အနားကပ်လာပြီး အကြံပြုလိုက်ပေသည်။
"ဘာပဲဖြစ်ဖြစ် သူ့ကို လွှဲပြောင်းပေးပြီး မေးမြန်းစစ်ဆေးဖို့ နတ်ဆိုးနှိမ်နင်းရေးဌာနကို ခေါ်သွားရင် အရာအားလုံး ရှင်းလင်းသွားမှာပါ"
လျိုတာ့ချန်းသည် လုပ်ဖော်ကိုင်ဖက်များကို မတတ်သာသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်ပေသည်။
"တကယ်လို့ သူတို့က သူ့ကို လွှဲပြောင်းပေးဖို့ ငြင်းဆန်ပြီး စစ်သူကြီးချန်က သတ်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်လိုက်မယ်ဆိုရင် ချင်းဖုန်းဂိုဏ်း အနေနဲ့ သွေးတောင်ထွတ် ဂိုဏ်း လို့ နာမည်ပြောင်းလိုက်တာ ပိုကောင်းလိမ့်မယ်"
လျိုတာ့ချန်းက တွေးတောရင်း ပြောလိုက်ချေ၏။
"မလာခင်က ကျွန်တော် သေလောက်အောင် ကြောက်နေခဲ့တာ၊ အခုတော့ ကံကောင်းခြင်း ကြီးကြီးမားမား တစ်ခုလို ဖြစ်နေပြီ"
ဝမ်မုန့် ပြုံးစစ လုပ်လိုက်ပေသည်။
"စစ်သူကြီးဟုန် ရဲ့ အရိပ်အမြွက် ပြောကြားချက်အရဆိုရင် ဂိုဏ်းချုပ်အိုကြီးက နောက်ထပ် ရက်အနည်းငယ်လောက်ပဲ တုံ့ဆိုင်းနေဦးမယ့်ပုံပဲ။ ကျွန်တော်တို့နဲ့အတူ ကျောက်စိမ်းအဆင့် သိုင်းပညာရှင် နှစ်ယောက် ပါလာတာ ကံကောင်းတယ်၊ ဘာမှ ကြီးကြီးမားမား ဖြစ်မှာ မဟုတ်ပါဘူး"
ဝမ်မုန့်သည် ထိုစကားကို ကြားသောအခါ တခစ်ခစ် ရယ်မောလိုက်ပေသည်။
ထိုစကားများအပေါ် အားလုံးက သူတို့၏အကြည့်များကို အနီးနားတွင် လက်နှစ်ဖက် ဘေးချကာ ရပ်နေသော လူငယ်လေးထံသို့ ပို့လိုက်ကြပေသည်။
ရှန်းယီသည် ထိုစကားဝိုင်းကို နားထောင်နေရင်း သူ၏နက်ရှိုင်းသော မျက်လုံးများဖြင့် သစ်တောအုပ်ကို တိတ်ဆိတ်စွာ ကြည့်နေချေ၏။
'တကယ်ပဲ တိုက်ပွဲဖြစ်လာမှာလား။အဲဒီလိုဆိုရင် သူမဘာတွေ ထိတ်လန့်နေတာလဲ။ ဓားသမားကိုလွှဲပြောင်းပေးလိုက်၊ ဒါဆိုရင် နတ်ဆိုးနှိမ်နင်းရေးဌာနက တောင်ပေါ်ကနေ အလိုလို ဆုတ်ခွာသွားမှာလေ'
ချင်းဖုန်းတောင် သည် ချင်ကျိုး၏ထိပ်တန်း ဓားဂိုဏ်းအဖြစ် ဆက်လက် တည်ရှိနေဦးမည်။
မည်သည့်အရာကို တုန့်ဆိုင်းနေရသနည်း။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပေသည်။
စစ်ကဲများသည် အလှည့်ကျ စောင့်ကြပ်ရန် မတ်တပ်ရပ်လိုက်ကြပေသည်။ ပြန်လာသူများသည် ဗိုက်ဖြည့်ပြီးနောက် သူတို့၏ တဲများတွင် အနားယူရန် သွားကြချေ၏။
သိုက်ပင်း သည် လက်ထဲတွင် ဓားကို ကိုင်လျက် သစ်တောအုပ်ထဲမှ ပြန်လာခဲ့ပေသည်။
အစားအသောက် စားချင်စိတ် သိပ်မရှိပုံ ရပေသည်။
သူမသည် မီးပုံဘေးတွင် ထိုင်လိုက်ရာ သစ်ပင်ကို မှီလျက် လှုပ်ရှားစပြုလာသော ရှန်းယီကို မျက်လုံးထောင့်မှ မြင်လိုက်ရပေသည်။
သူမ ရုတ်တရက် ပြောလိုက်ချေ၏။
"ရှင် တစ်ညလုံး မျက်လုံး မမှိတ်ခဲ့ဘူးနော်။ ဟုန်လေ့က ရှင့်ကို ကျွန်မကိုစောင့်ကြည့်ခိုင်းထားလို့လား"
ရှန်းယီသည် ဝန်ခံခြင်း၊ ငြင်းဆိုခြင်း မပြုဘဲ ထွက်ခွာသွားပေသည်။
သိုက်ပင်း၏နှုတ်ခမ်းများက ကိုယ့်ကိုယ်ကို လှောင်ပြောင်သည့်အလား တွန့်ကွေးသွားပေသည်။
"တစ်ယောက်လောက် လွတ်သွားမှာကို အရမ်းကြောက်နေတာလား၊အပြစ်မဲ့သူတွေကို အရေးယူဖို့ ရှင် အဲဒီလောက်တောင် စိတ်အားထက်သန်နေတာလား။ မဟုတ်ဘူး၊ အပြစ်မဲ့သူတွေတင် မကဘူး၊ နတ်ဆိုးသတ်ဖြတ်တဲ့ သူရဲကောင်း ဓားသမားအဖွဲ့ တစ်ဖွဲ့ကိုပါ အရေးယူချင်နေတာလား"
လူငယ်လေး ဝေးရာသို့ လျှောက်သွားသည်ကို ကြည့်ရင်း...
သူမ ရုတ်တရက် စိတ်လှုပ်ရှားလာကာ လက်မောင်းပေါ်ရှိ တိမ်တိုက်သုံးခု ပုံစံကို ဆုပ်ကိုင်လိုက်မိပေသည်။
"ကျွန်မ နတ်ဆိုးနှိမ်နင်းရေးဌာန မှာ အနှစ်နှစ်ဆယ် တာဝန်ထမ်းဆောင်ခဲ့တာ ရှင့်ယုံကြည်မှု ရဖို့ မလုံလောက်သေးဘူးလား။ ဘာလို့ ရှင့်အနေနဲ့ ကျွန်မကို တစ်ကြိမ်လောက် မယုံကြည်ပေးနိုင်ရတာလဲ"
ရှန်းယီ သူမဘက်သို့ အကြည့် အနည်းငယ် လှည့်လိုက်ပေသည်။
"ကျွန်တော် ခင်ဗျားကို ယုံပါတယ်"
"..."
သိုက်ပင်း၏အသက်ရှူသံများ မမှန်မကန် ဖြစ်နေပြီး ခေတ္တမျှ ကြောင်အမ်းသွားကာ သူ၏ နောက်ဆက်တွဲ စကားတစ်ခွန်းကို ကြားလိုက်ရချေ၏။
"အဲ့တာဆို ကျွန်တော်ကလူမိုက်တစ်ယောက် ဖြစ်သွားမှာပေါ့"
ရှန်းယီ လှည့်ထွက်သွားပြီး စိုစွတ်သော သစ်တော
ထဲသို့ ပြန်လည် ဝင်ရောက်သွားပေသည်။
ဤအမျိုးသမီး၏ရည်ရွယ်ချက်များကို သူမ၏ မျက်နှာပေါ်တွင် အထင်းသား ရေးထားသကဲ့သို့ ဖြစ်နေပေသည်။
သူတင်မကဘဲ ချန်ကျိ ပင်လျှင် ထိုအရာကို သတိပြုမိနိုင်ပေသည်။
ရှန်းယီသည် အမှန်တရားကို မသိဘဲ တစ်စုံတစ်ခုအပေါ် ဝေဖန်ပိုင်းခြားလေ့ မရှိပေ။
သူ သေချာပေါက် သိထားသော တစ်ခုတည်းသော အရာမှာ...
ကောလာဟလများ မည်သို့ပင် ရှိစေကာမူ၊ ထို ဓားသမားသည် သူ၏အမြှောင်မယား ရုံးတော်ထဲသို့ ခိုးဝင်လာခြင်း၊ ယုတ်မာသော ကျောင်းနတ်ဆိုးတစ်ကောင် မွေးဖွားခြင်း၊ ထို့နောက် အရိုးပင် မကျန်အောင် စားသောက်ခံရခြင်းတို့အတွက် ကျိုးကြောင်းဆီလျော်သော ရှင်းပြချက် တစ်ခုမျှ မပေးသေးခြင်းပင် ဖြစ်ပေသည်။
သာမန် စစ်ကဲ တစ်ဦးပင်လျှင် ဆင်ခြေအချို့ လုပ်ကြံဖန်တီးနိုင်သော်လည်း သူက ငြင်းဆန်ခဲ့ချေ၏။
တောင်ပေါ်တွင်သာ ဆက်နေပြီး ချင်းဖုန်းတောင်၏အကာအကွယ်ကို ရယူကာ နတ်ဆိုးနှိမ်နင်းရေးဌာနနှင့် ထိပ်တိုက်တွေ့နေခြင်း ဖြစ်ပေသည်။
၎င်းသည် သေသည်အထိ သစ္စာဖောက်ခံရခြင်း အရိပ်အယောင်ကိုပင် လက်မခံဘဲ ငြင်းဆန်နေခြင်း ဖြစ်ပေသည်။
'ဪ၊ မေ့လုနီးပါးပဲ။'
ထို့အပြင် ရှန်းယီ နောက်ထပ် အရာတစ်ခုကို သိထားသေးချေ၏။
သူ တိတ်ဆိတ်သွားပြီး နှုတ်ခမ်းကို စေ့ကာ နှလုံးသားပေါ်သို့ လက်တင်လိုက်ပေသည်။
ထို ရင်းနှီးသော အရှိန်အဝါသည် သိမ်မွေ့သော်လည်း အဆုံးမရှိပေ။
ဓားသမားသည် ကျောင်းနတ်ဆိုး ဟုတ်မဟုတ် မသေချာသော်လည်း ချင်းဖုန်းတောင်တွင် ကျောင်းနတ်ဆိုးတစ်ကောင် ခိုအောင်းနေသည်မှာ သေချာပေသည်။
အာရုံခံစား၍ တကယ် ရနိုင်ပေသည်။အာရုံခံစားမှုက တစ်ဖက်သတ်လား၊ သို့မဟုတ် တစ်ဖက်လူကလည်း အာရုံခံစားနိုင်သလား ဆိုသည်ကိုသာ မသေချာခြင်း ဖြစ်ပေသည်။
ဤရှာဖွေတွေ့ရှိမှု တစ်ခုတည်းကပင် ခရီးစဉ်ကို တန်ဖိုးရှိစေချေ၏။
...
နေ့နှင့် ညများ လျင်မြန်စွာ ကုန်ဆုံးသွားပြီး သုံးရက်တာ ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပေသည်။
စစ်ကဲများသည် သစ်တောထူထပ်သော နေရာမှ ယုန်များနှင့် ရစ်များကို ဖမ်းမိသော်လည်း ချင်းဖုန်းတပည့် တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းမမိခဲ့ပေ။
တပည့် ရာပေါင်းများစွာသည် လှုပ်ရှားမှု တစ်စုံတစ်ရာမရှိဘဲ ကျန်ရှိနေပြီး၊ မြင့်မားသော ချောက်ကမ်းပါးပေါ်ရှိ အကြီးအကဲ နီကျန့်သည် ကျောက်ဖြစ်ရုပ်ကြွင်း သစ်တုံးတစ်တုံးနှင့် တူနေပေသည်။
သူ၏ကျဲပါးသော ငွေရောင် ဆံပင်များသည် တုန်ခါခြင်းပင် မရှိပေ။
နတ်ဆိုးနှိမ်နင်းရေးဌာနမှ သူတို့၏ဂုဏ်သိက္ခာကို မထိခိုက်စေရန် ဓားမြင်ကွင်းလျှိုမြောင် ကို စောင့်ကြပ်ရန်အတွက်သာ သူ ရှိနေပုံရပေသည်။
ဝမ်မုန့်သည် ကြက်သားကို ကျောက်ပြားပေါ်တွင် ကင်လိုက်ပေသည်။
ပထမဦးစွာ သူသည် အသားတစ်ဖဲ့ကို ရှန်းယီအား ကမ်းလှမ်းလိုက်ပြီး နောက်တစ်ဖဲ့ကို သိုက်ပင်းအား ပေးလိုက်ချေ၏။
ဤ ကျောက်စိမ်းနယ်ပယ် သိုင်းပညာရှင် နှစ်ဦးသည် သူတို့ အသက်ရှင်ရပ်တည်ရန် အားကိုးရမည့် အရင်းအနှီးများ ဖြစ်ပေသည်။
သူတို့ ဘယ်လိုလုပ် ကောင်းကောင်း မစားရဘဲ နေနိုင်ပါမည်နည်း။
"..."
အရသာမရှိဘဲ အနည်းငယ် ညှီစို့စို့နိုင်သော အသားတစ်ဖဲ့ကို ဝါးရင်း ရှန်းယီသည် လင်းပိုင်ဝေ့ ကို ရုတ်တရက် သတိရသွားပေသည်။
သူမ ဘာမဆိုမြည်းစမ်းကြည့်ရတာကို နှစ်သက်တာ အံ့သြစရာ မဟုတ်တော့ပေ။
အကယ်၍ သူသာ ဤကဲ့သို့သော အစားအစာမျိုးကို နှစ်ဝက်ခန့် စားရလျှင် သူမ၏ဟင်းချက်စွမ်းရည်များကို သင်ယူနိုင်လောက်ပေသည်။
သူ့ဘေးတွင်တော့
သိုက်ပင်းသည် ကြက်သားကို အမူအရာ ကင်းမဲ့စွာဖြင့် မျိုချလိုက်ပြီး လက်တစ်ဖက်က ဓားအိမ်ပေါ်တွင် တင်ထားချေ၏။
သူမ ရနိုင်သမျှ အာဟာရ မှန်သမျှကို ဗိုက်ထဲသို့ ထည့်ချင်နေပုံ ရပေသည်။
ဤရင်းနှီးနေသော မြင်ကွင်းက
ရှန်းယီကို သူမ၏လက်မောင်းဆီသို့ လှမ်းကြည့်မိစေပေသည်။
ကျန်တာတွေက အသေးအဖွဲ ဖြစ်သော်လည်း အနှစ်နှစ်ဆယ်ကြာ ကြိုးစားအားထုတ်မှုသည် အတော်လေး နှမြောစရာ ကောင်းပုံရပေသည်။
ကျောက်ပြားပေါ်ရှိ အဆီများ ဖြည်းညင်းစွာ ခဲသွားပြီး မီးပုံ အနည်းငယ် မှိန်သွားသည်ကို စောင့်ဆိုင်းနေကြသည်။
စစ်ကဲအများအပြားသည် ထုံးစံအတိုင်း သစ်တောအုပ်ကို ကင်းလှည့်ရန် မတ်တပ်ရပ်လိုက်ကြပေသည်။
သို့သော် ရုတ်တရက် ရှန်းယီ၏အသံကို ကြားလိုက်ရချေ၏။
"ဒီည ကျွန်တော် ကင်းလှည့်လိုက်မယ်၊ ကျန်တဲ့သူတွေ သွားနားကြတော့" ဟု သူ ပြောလိုက်ပေသည်။
ထိုစကားကို ကြားသောအခါ ဝမ်မုန့်နှင့် အခြားသူများသည် ကြောင်အမ်းသွားပြီး အတင်းကာရော ပြုံးလိုက်ကြပေသည်။
"အရာရှိရှန်း၊ ခင်ဗျားက သိပ်ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်တို့ တာဝန်ထမ်းဆောင်လာတာ ဆယ်စုနှစ်ချီနေပါပြီ၊ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးပါဘူး"
ရက်အနည်းငယ် အတူနေပြီးနောက် ရှန်းယီသည် ဘယ်သောအခါမျှ အဓိပ္ပာယ်မဲ့သော စကားများ မပြောတတ်ကြောင်း သူတို့ သိကြပေသည်။
ပြိုင်တူကျေးဇူးတင်စကား ပြောပြီးနောက် အားလုံးသည် သူတို့၏တဲများထဲသို့ ဝင်ရောက်သွားကြချေ၏။
သိုက်ပင်း ဓားကို ကိုင်ထားသော လက်သည် တင်းကြပ်သွားပြီး အနီးနားတွင် ဖြည်းညင်းစွာ ထရပ်နေသော လူငယ်လေးကို စိုက်ကြည့်နေပေသည်။
မှိန်ဖျဖျ မီးရောင်အောက်တွင် သူ၏ဖြူဖျော့သော အသားအရေသည် အလင်းနှင့် အမှောင်ကြား ပြောင်းလဲနေချေ၏။
သူမ၏သတိထား ဖုံးကွယ်ထားမှုကြားမှ သူမ၏ လျှို့ဝှက်ချက်ကို သူ မည်သို့ ခန့်မှန်းမိသည်ကို နားမလည်သော်လည်း၊
သူမ ရုတ်တရက် ခေတ္တမျှ နူးညံ့သွားသလို ခံစားလိုက်ရပေသည်။
"ရှင်လည်း အနားယူသင့်တယ်၊ ဒီည ကျွန်မ တာဝန်ယူလိုက်မယ်"
လူငယ်လေးသည် ချောမောပြီး ထူးချွန်သော ပါရမီရှိကာ အလွန် ထက်မြက်ပြီး အလွန် ငယ်ရွယ်ပေသည်။
စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလောက်အောင် ငြင်းခုံတတ်သည့် အချိန်မှလွဲ၍ သူသည် ပြီးပြည့်စုံလုနီးပါး ဖြစ်ပေသည်။
သူ့အနေဖြင့် ချင်းဖုန်းတောင် ခြေရင်းတွင် သေဆုံးရမည်မှာ နှမြောစရာ ကောင်းပုံရပေသည်။
သူယုံကြည်ကြောင်း ကိုယ်တိုင်ကြေညာပြီးနောက်တွင် သူမ၏စကားများသည် ဝန်ခံချက်တစ်ခုအဖြစ် မှတ်ယူနိုင်လုနီးပါး ဖြစ်ပေသည်။
သိုက်ပင်း၏စောင့်ကြည့်နေမှုအောက်တွင်၊
ရှန်းယီသည် သူ၏လက်မောင်းကို ပုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်ချေ၏။
"မြန်မြန်လုပ်၊ ကျွန်တော့်မှာ အချိန်သိပ်မရဘူး"
နတ်ဆိုးနှိမ်နင်းရေးဌာန ပင်လျှင် ဤအမျိုးသမီးကို မခြိမ်းခြောက်နိုင်သဖြင့် သူသည် စကားအပိုများ ပြောကာ အချိန်ဖြုန်းမနေတော့ပေ။
"..."
သူ၏စကားသံ ဆုံးသွားသည်နှင့်၊အမျိုးသမီးငယ်သည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး... သူမ တကယ်ပင် အလွန် စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း သဘောပေါက်လိုက်ချေ၏။
သူမသည် ဓားအိမ်မှ ဓားကို ဆွဲထုတ်လိုက်ပေသည်။
သို့သော် ဓားတစ်ချောင်း၏စူးရှသော အသံသည် ဆန့်ကျင်ဘက် သစ်တောအုပ်မှ ထွက်ပေါ်လာပေသည်။
မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းတစ်ခုသည် အစက်အပျောက်တစ်ခုအဖြစ် စုစည်းသွားပြီး ကောင်းကင်သို့ ပျံတက်သွားသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ အမြင့်မြတ်ဆုံးစွမ်းအားကဲ့သို့ပင် ဖြစ်ချေ၏။
သာမန်အဖွဲ့အစည်းဝတ်စုံ ကို ဝတ်ဆင်ထားသော အမျိုးသားသည် စူးရှသော မျက်လုံးများနှင့် အေးစက်သော မျက်နှာထား ရှိပြီး သုံးပေအရှည်ရှိသော ချင်းဖုန်းဓား ကို ကိုင်ဆောင်ထားပေသည်။
ကျောက်စိမ်းအဆင့်၏ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ထိန်းချုပ်ထားခြင်း မရှိဘဲ ထွက်ပေါ်လာချေ၏။
သစ်တောအုပ်ထဲရှိ လူတစ်ဖက်စာ လုံးပတ်ရှိသော သစ်ပင်ကြီးတစ်ပင်သည် ဓားစွမ်းအင်၏ လက်ကျန် လှိုင်းများအောက်တွင် ရိုးရှင်းစွာ ကျိုးပဲ့ပြီး ပြိုလဲသွားပေသည်။
ဤ ဓားတစ်ချက်သည် နှစ်ပေါင်းတစ်ရာ သိုင်းပညာစွမ်းရည်ကို ပြသလိုက်ခြင်း ဖြစ်ချေ၏။
ဓားစွမ်းအင်များ လှိုင်းလုံးပမာ ဝင်ရောက်မလာမီ၊
ရှန်းယီ၏ဆံနွယ်များသည် သူ၏မျက်နှာကို ဖွဖွလေး ပွတ်တိုက်သွားပြီး ကိုယ်ကို မတ်မတ်ထားလျက် သူ၏အနက်ရောင် ဝတ်ရုံသည် တဖျပ်ဖျပ် လှုပ်ရှားနေပေသည်။
သူ၏နက်မှောင်နေသော မျက်လုံးများထဲတွင်သာ ရွှေရောင် အလင်းတန်းတစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာချေ၏။
...