← Chapters

လုပ်ကြံသူ

Vol. 13 Ch. 169

လုပ်ကြံသူ

Vol. 13 Ch. 169

"ရွေးချယ်ခံလေး... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ"

မိန်းကလေးက ပြောလိုက်လေ၏။

“...”

ဗင်းဆင့်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဤမြင်ကွင်းက ထူးခြားဆန်းပြားနေသည်မှာ မှန်သော်လည်း ရွေးချယ်ခံ ဆိုသည့် စကားလုံးက သူ့ကို ထိပ်ခေါက်လိုက်သလိုပင်။

သူ့ကို ရွေးချယ်ခံဟု သတ်မှတ်နိုင်သည့် တစ်ခုတည်းသော အချက်မှာ စာအုပ်ဆိုင်ပိုင်ရှင်ထံမှ နေမင်းကျမ်းစာကို ဖတ်ရှုရန် လမ်းညွှန်ခံခဲ့ရခြင်းပင် ဖြစ်ပေလိမ့်မည်။

ဗင်းဆင့် စိတ်ထင်နေခြင်းလား မသိသော်လည်း... မိန်းကလေး စကားပြောသည့် ဟန်မှာ အနည်းငယ် တောင့်တင်းနေပြီး စာသားများကို အခုမှ စတင်လေ့ကျင့်နေရသည့် မကျွမ်းကျင်သေးသူတစ်ဦးနှင့် တူနေသည်။

သို့သော်လည်း... ဗင်းဆင့် ထိုအသေးအမွှား ကိစ္စများကို အာရုံစိုက်နိုင်ခြင်း မရှိချေ။

"ခင်ဗျားက ဘယ်သူလဲ... ကျွန်တော်တို့ ဘယ်ကို ရောက်နေတာလဲ... ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

သူ ထိတ်လန့်တကြားနှင့် အော်မေးလိုက်၏။

မိန်းကလေးက ပြန်ဖြေသည်။

"အခု လောလောဆယ် ငါ့နာမည်ကို သိဖို့ မလိုသေးပါဘူး... ဒါက ငါ့ရဲ့ အိပ်မက်၊ ငါ့ရဲ့ နယ်မြေပဲ... မင်းကို ဒီထဲ ဆွဲခေါ်လာရတာက ငါတို့မှာ တူညီတဲ့ ရန်သူတစ်ယောက် ရှိနေလို့ပဲ... မင်းရဲ့ နှလုံးသားကို သုံးပြီး ခံစားကြည့်လိုက်ပါ၊ အဲဒါဆိုရင် အဖြေကို သိလိမ့်မယ်..."

‘တူညီတဲ့ ရန်သူ... အဲဒါ လမင်းပဲ ဖြစ်ရမယ်...’

ဗင်းဆင့် တွေးလိုက်မိ၏။ လောကတွင် လမင်းနှစ်စင်း ရှိနေသည်။ အမိုးခုံး ဘုရားကျောင်းက ကိုးကွယ်သည့် လမင်းနှင့် ယခု သူ့ရှေ့တွင် ရှိနေသော လမင်းတို့ပင်။ တစ်စင်းက အစစ်အမှန် ဖြစ်ပြီး ကျန်တစ်စင်းက အတုအယောင် ဖြစ်ရမည်။

‘ဒီမိန်းကလေးက စစ်မှန်တဲ့ လနတ်သမီးများ လား’

ဗင်းဆင့်၏ စိတ်အတွင်း ထိုအတွေးက အလိုအလျောက် ပေါ်လာ၏။ သူ့ မျက်ဝန်းများမှာ မိန်းကလေး၏ လက်ထဲမှ နေမင်းဆီသို့ လုံးလုံးလျားလျား ကျရောက်သွားကာ၊ ပြင်းထန်လှသော အလိုဆန္ဒတစ်ခုက သူ့ကို လွှမ်းမိုးလာသည်။

‘ငါ အဲဒါကို လိုချင်တယ်... ငါ အဲဒါကို ရချင်တယ်... ငါ့ကို ပေးရင် ကောင်းမယ်...’

ထိုအတွေးများ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဗင်းဆင့်၏ လက်မှာ လှမ်းလိုက်ပြီးသား ဖြစ်နေသည်။ သူ့ လက်ချောင်းများမှာ နေမင်းကို စတင် ထိတွေ့လိုက်မိရာ ပူပြင်းလှသော အရှိန်အဝါကို ခံစားလိုက်ရ၏။ သို့သော်လည်း ဗင်းဆင့် ရပ်တန့်ခြင်း မရှိပဲ လက်ဖဝါးတစ်ခုလုံးကို ၎င်းအပေါ်သို့ အုပ်မိုးလိုက်သည်။

မိန်းကလေး၏ အကြည့်မှာ တည်ငြိမ်နေဆဲပင် ဖြစ်သော်လည်း ဗင်းဆင့်ကို သတိပေးလိုက်သည်။

"မှတ်ထားပါ... နောက်ပြန်လှည့်လို့ မရဘူးနော်"

ဗင်းဆင့် ခေါင်းညိတ်လိုက်သည်။ ဤအရာမှာ အလွန်အန္တရာယ်ကြီးကြောင်း သူ သိရှိသော်လည်း... သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ သူ့ ခန္ဓာကိုယ်မှာ ထိုနေမင်းကို ယူဆောင်ရန်အတွက် အတင်းအကျပ် ခိုင်းစေခြင်း ခံနေရသကဲ့သို့ပင်။

ဝုန်း...

ပူပြင်းလှသော အပူရှိန်မှာ လက်ချောင်းထိပ်များမှတစ်ဆင့် သူ့ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီးနောက်၊ နွေးထွေးမှုများနှင့်အတူ စူးရှ တောက်ပသော အဖြူရောင် အလင်းရောင်စဉ်များ ပေါက်ကွဲ သွားခဲ့လေသည်။ တစ်ခဏချင်းပင် ၎င်းတို့မှာ ပို၍ ပြန့်ကားလာကာ အရာအားလုံးကို ဝါးမြိုသွားလေတော့၏။

ဗင်းဆင့် တစ်ယောက် မိမိကိုယ်ကိုယ် အဆုံးမဲ့ အလင်းနှင့် အပူရှိန်များ ဖြာထွက်နေသည့် 'နေမင်း' တစ်စင်းအဖြစ် ပြောင်းလဲသွားသလိုမျိုး ခံစားလိုက်ရလေသည်။

...

တစ်ချိန်တည်း၌ ဟိုင်းမန်းမှာ ဗင်းဆင့်၏ နောက်သို့ လျှို့ဝှက်လိုက်ပါလာပြီးနောက် ဘုန်းတော်ကြီး နားနေဆောင်ရှိ သူ့ အခန်းအထိ ရောက်ရှိလာခဲ့သည်။

ပိုမို သေချာစေရန်အတွက် သူက အပြင်ဘက်တွင် အချိန်အတော်ကြာအောင် ပုန်းအောင်းနေခဲ့ပြီး၊ ဗင်းဆင့် အိပ်ပျော်သွားသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက်မှသာ အရိပ်ထဲမှ ထွက်ပေါ်လာပြီး ဝတ်ရုံလက်အင်္ကျီအတွင်းမှ အဆိပ်လူးထားသော ဓားမြှောင်တစ်စင်းကို ထုတ်ယူလိုက်သည်။

ဝှစ်...

သူ မိမိကိုယ်ကိုယ် ဖုံးကွယ်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ဘုန်းတော်ကြီးအနီးသို့ အသံမထွက်စေဘဲ တိုးကပ်သွား၏။ ထို့နောက်တွင်တော့ သူ့ မျက်ဝန်းများထဲတွင် ရက်စက်ယုတ်မာသော အအေးဓာတ်များ ဖြတ်ပြေးသွားကာ ဓားမြှောင်ကို အပေါ်သို့ မြှောက်လိုက်လေသည်။

‘ကိုယ်တော်မြတ်အတွက်... အသင်းတော်အတွက်... ကြီးမြတ်လှတဲ့ လမင်းမြတ်အတွက်...’

ဤသည်မှာ ဟိုင်းမန်း လုပ်ကြံမှုတစ်ခု ပြုလုပ်တိုင်း မိမိကိုယ်ကိုယ် ပြန်လည် ရွတ်ဆိုနေကျ စကားပင် ဖြစ်သည်။ ထို့နောက်တွင်တော့ သူ ဓားမြှောင်ကို အရှိန်အဟုန်နှင့် ဖိချလိုက်တော့၏။

ဘုန်း...

ရုတ်တရက် အချိန်ကိုက် ဆိုသလိုပင် ဗင်းဆင့်၏ ရင်ခွင်အတွင်းရှိ နေမင်းကျမ်းစာမှာ ပွင့်လာကာ မီတောက်မီးလျှံများနှင့် တဟုန်းဟုန်းတောက်လောင် လာခဲ့တော့၏။

ဟိုင်းမန်း တစ်စုံတစ်ရာ တုံ့ပြန်ရန်ပင် အချိန်မရခင်မှာပင် သူ့ တစ်ကိုယ်လုံး၌ စီးဆင်းနေသည့် လမင်း၏ နတ်ဘုရား စွမ်းအားများမှာ ချက်ချင်းပင် မီးကူးခံလိုက်ရ၏။ ထိုစွမ်းအားများမှာ စိတ်ကူး၍ မရနိုင်သော အပူရှိန်များအဖြစ် ပြောင်းလဲသွားကာ သူ့ အသားအရေနှင့် အဝတ်အစားများကိုပါ တစ်ပါတည်း လောင်ကျွမ်းတော့သည်။

ဝုန်း...

"အား..."

ပြင်းထန်လှသော ဝေဒနာကြောင့် ဟိုင်းမန်း၏ အော်ဟစ်သံကြီးမှာ ဟိန်းထွက်သွားကာ လက်ထဲမှ ဓားမြှောင်မှာလည်း ကြမ်းပြင်ပေါ်သို့ ချွင် ခနဲ ပြုတ်ကျသွားသည်။ လူးလှိမ့် ကခုန်နေသည့် မီးလျှံများအကြားတွင် ဟိုင်းမန်းမှာ တောက်လောင်နေသည့် လူသားမီးတုတ်ကြီးအလား ဖြစ်သွားကာ အဝေးမှ ကြည့်ပါက ငရဲဘုံမှ တက်လာသည့် ငရဲသား တစ်ဦးနှင့်ပင် တူနေတော့သည်။

...

ဗင်းဆင့် ထိတ်လန့်တကြား နိုးလာပကာ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ထိုအခါက... သူ ပထမဆုံး မြင်လိုက်ရသည်က လုံးဝ တူးခြစ်သွားသည့် အလောင်းတစ်လောင်းနှင့် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဝိုင်းရံနေသည့် နီရဲရဲ မီးပင်လယ်ကြီးပင် ဖြစ်လေသည်

ဂျိမ်း... ဂျိမ်း...

အမိုးများမှာ စတင် ပြိုကျလာနေချေပြီ။ ဗင်းဆင့် ကုတင်ပေါ်မှ ဝုန်းခနဲ ခုန်ဆင်းလိုက်စဉ် ကျန်ရှိနေသေးသည့် အဝတ်အစား အစအနများကို ကြည့်ရင်း ဤလူမှာ လကွယ် တမန်တော်၏ တံခါးဝတွင် စောင့်နေတတ်သော အစေအပါးပင် ဖြစ်ကြောင်း မှတ်မိသွားသည်။

"ရန်သူ တိုက်ခိုက်နေပြီ... ရန်သူ တိုက်ခိုက်နေပြီ..."

အပြင်ဘက်မှ ကျယ်လောင်သည့် အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက်၊ တဖြည်းဖြည်း နီးကပ်လာသည့် ခြေသံများကို ကြားလိုက်ရလေတော့သည်။

...

ရုတ်တရက်ကြီး အရှိန်အဟုန်နှင့် လောင်ကျွမ်းလာသည့် မီးတောက်များ၊ လကွယ် တမန်တော် အစေအပါး၏ တူးခြစ်နေသော အလောင်းနှင့် အပြင်ဘက်မှ ဘုန်းတော်ကြီးများ၏ အော်ဟစ်သံများ...

ဗင်းဆင့်မှာ အသင်းတော်၏ လုပ်ကြံမှုတွင် သားကောင်ဖြစ်ခဲ့ရပြီး အထက်လူကြီးထံ ထူးခြားမှုများကို သွားရောက် တင်ပြခဲ့မိသည်။ ထို့ပြင် သူ၏ လက်ထဲတွင်လည်း ဤဘေးဒုက္ခနှင့် သေဆုံးမှုများကို ဖြစ်ပေါ်စေသည့် မိစ္ဆာအယူအဆ 'နေမင်းကျမ်းစာ' ရှိနေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ ဘာလုပ်သင့်သနည်း။

ရွေးချယ်စရာ တစ်ခုတည်းသာ ရှိသည်။ ပြေးရန်ပင်။

ခဏတာမျှ ထိတ်လန့်သွားပြီးနောက် ဗင်းဆင့် ချက်ချင်းပင် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး၊ ဘုန်းတော်ကြီးများ အခန်းထဲသို့ အတင်းဝင်မလာမီ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ချကာ ဖနှောင့်နှင့် တင်ပါး တစ်ပါးတည်းကျအောင် ထွက်ပြေးခဲ့တော့သည်။

အခင်းဖြစ်ပွားရာနေရာတွင် ထိုအစေအပါး အပြင် သူတစ်ယောက်သာ ရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ တစ်ယောက်က သေနေပြီး ကြမ်းပြင်ပေါ်တွင်လည်း ဓားမြှောင်တစ်စင်း ရှိနေသည်။ မည်သူမဆို ရောက်လာပြီး ဤအခြေအနေကို မြင်လိုက်သည်နှင့် ဖြစ်နိုင်ခြေအရှိဆုံး ဇာတ်လမ်းကို ပုံဖော်မိကြပေလိမ့်မည်။

ဗင်းဆင့်သည်လည်း ထိုအစေအပါး အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသလဲဆိုသည့် အကြောင်းရင်းကို ရိပ်မိပြီးသားဖြစ်သည်။ ဗန်နက်ဆာက တစ်စုံတစ်ရာကို ရိပ်မိသွားခြင်း သို့မဟုတ် သူ့ အခြေအနေနှင့် ပတ်သက်၍ မရေရာမှုများ ရှိနေခြင်းကြောင့် သူ့ကို သတ်ရန် အစေအပါးကို လွှတ်လိုက်ခြင်း ဖြစ်ရမည်။

ထို့ကြောင့်ပင် ဗန်နက်ဆာက မည်သည့်ဘက်သို့ ယိုင်နေကြောင်း ရှင်းနေပြီဖြစ်သည်။ အဖမ်းခံရပါက ဗင်းဆင့်အတွက် သေခြင်းတရားသာ စောင့်ကြိုနေပေလိမ့်မည်။

သူ့အတွက် ကျန်ရှိသည့် တစ်ခုတည်းသော ရွေးချယ်စရာမှာ ထွက်ပြေးရန်သာ ဖြစ်သည်။

ဘုန်း...

"သူ ဘယ်ကို သွားတာလဲ ... သူ ထွက်ပြေးသွားပြီ"

ဗင်းဆင့် အသားကုန် ထွက်ပြေးနေရင်း နောက်ဘက်မှ တံခါးမကြီးကို အတင်းချိုးဖျက်ဝင်လာသည့် အသံနှင့်အတူ သံချပ်ကာအင်္ကျီများ၏ သတ္တုချင်း ထိခိုက်သံများကို ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်သောအခါ လုံးချင်း တည်းခိုဆောင် တစ်ခုလုံး ပြိုကျသွားပြီဖြစ်ပြီး၊ ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားည့် ဓားကိုင် ဓမ္မဆရာ အနည်းဆုံး တစ်ဒါဇင်ခန့် တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

ခေါင်းဆောင်ဖြစ်သူ ဓမ္မဆရာမှာ လောင်ကျွမ်းနေသော အခန်းနှင့် တူးခြစ်နေသည့် အလောင်းတို့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် ဗင်းဆင့်ဘက်ကို လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သူက ဓားကို မြှောက်လျှက် အော်ဟစ်လိုက်လေတော့၏။

"အလုပ်အကျွေး ဟိုင်းမန်း အသတ်ခံလိုက်ရပြီ... လူသတ်သမားနဲ့ မီးရှို့တရားခံက ဟိုမှာ... ဘာသာတရား ဖောက်ပြန်တဲ့ ဖာသာ ဗင်းဆင့်ပဲ... သူ့နောက်ကို လိုက်ကြ"

"လူခွဲပြီး သူ့ကို ဝိုင်းထားကြ... သတ္တမမြောက် စီရင်စုက ဘုန်းတော်ကြီးတွေ အကုန်လုံးနဲ့ စုံစမ်းစစ်ဆေးရေးရုံး ကို အကြောင်းကြားပြီး ဒီနယ်မြေတစ်ခုလုံးကို ပိတ်ဆို့လိုက်"

***

All Chapters