ဘာသာရေး ဖောက်ပြန်သူ
Vol. 13 Ch. 170
‘ချီးပဲ... ငါ့နောက်ကို တကယ် လိုက်လာကြတာပဲ’
ဗင်းဆင့် သူ့ကိုယ်သူ မှော်အကာအကွယ်များဖြင့် အားဖြည့်ရင်း အမြန်ပြေးလွှားနေခဲ့၏။ တစ်ချိန်တည်း၌... ဗန်နက်ဆာ၏ ရက်စက်ယုတ်မာသော နည်းလမ်းများကိုလည်း စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
အကယ်၍ ဟိုင်းမန်းသာ အောင်မြင်ခဲ့ပါက အရာအားလုံး အေးဆေးသွားမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ဗင်းဆင့်မှာ ရာထူးရော၊ အာဏာပါ မရှိသည့် သာမန်ဘုန်းတော်ကြီးတစ်ပါးသာ မဟုတ်ပါလား။ ထိုကဲ့သို့သော လူတစ်ယောက် အနေဖြင့် နတ်ဆိုးနှင်ရင်း မတော်တဆ သေဆုံးသွားလျှင်ပင် မဆန်းလှပေ။
လကွယ် တမန်တော် ဗန်နက်ဆာထံတွင် အမှန်တရားကို ဖုံးကွယ်ရန်နှင့် လူတိုင်းက ဗင်းဆင့် ဆိုသည့် တည်ရှိမှုကို လုံးဝ မေ့လျော့သွားစေရန် နည်းလမ်းပေါင်း တစ်ထောင်မက ရှိနေသည်။
ထို့ပြင် သူမ၏ နောက်ကွယ်တွင် အသင်းတော်တစ်ခုလုံး ရှိနေနိုင်သည် မဟုတ်ပါလား။
ယခုလို ဟိုင်းမန်း ရှုံးနိမ့်သွားကာ အသတ်ခံလိုက်ရသည့် အချိန်မျိုးတွင်လည်း သူမက အခြေအနေကို ချက်ချင်း ပြောင်းလဲနိုင်ကာ ဗင်းဆင့်ကို ဘာသာရေး ဖောက်ပြန်မှု အပြစ်ဖြင့် ဓမ္မဆရာများ စေလွှတ်၍ နေရာတွင်ပင် သတ်ခိုင်းနိုင်ပေသည်။
ထို့ကြောင့် ဗင်းဆင့် ဘာလုပ်လုပ် နောက်ဆုံးရလဒ်က သေခြင်းတရားသာ ဖြစ်သည်။ ဗန်နက်ဆာက သူ့လို ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းရန်အတွက် ဤမျှ စေ့စပ်သေချာသော အစီအစဉ်ကို ချမှတ်ထားလိမ့်မည်ဟု ဗင်းဆင့် ထင်မှတ်မထားခဲ့ပေ။
သို့သော်လည်း... ဗန်နက်ဆာ ထည့်မတွက်ထားမိသည့် တစ်ခုတည်းသော အရာမှာ ဗင်းဆင့်၏ လက်ထဲတွင် တောက်လောင်နေဆဲဖြစ်သည့် 'နေမင်းကျမ်းစာ' ပင် ဖြစ်နိုင်ပါသည်။
‘စာအုပ်ဆိုင်ပိုင်ရှင်က တစ်ခုခု ထူးခြားတာရှိရင် သူ့ကို လာတင်ပြဖို့ ပြောခဲ့တယ်... ဟုတ်သားပဲ အိပ်မက်ထဲက အဲဒီမိန်းကလေးက သူ့ရဲ့ လက်ထောက်နဲ့ နည်းနည်း တူနေသလိုပဲ... ဒါဆို... ဒါတွေအားလုံးက သူ့ရဲ့ တွက်ချက်မှုတွေထဲက အစီအစဉ်တွေ ဖြစ်နေမလား’
‘နေမင်းကြီးကို ငါ့လက်ထဲ ထည့်ပေးလိုက်တဲ့ အိပ်မက်က နေမင်းကျမ်းစာရဲ့ စွမ်းအားကို ပြနေတာ မဟုတ်ဘူးလား... အဲဒီ စွမ်းအားကြောင့်ပဲ ဟိုင်းမန်းရဲ့ ဓားဒဏ်ကနေ ငါ လွတ်မြောက်ခဲ့ပြီး ဒီမီးတွေ လောင်ကျွမ်းခဲ့တာပဲ...’
ဗင်းဆင့် ပြေးရင်းလွှားရင်း ခလုတ်တိုက်လဲကျသွားသော်လည်း ချက်ချင်း ပြန်ထလိုက်သည်။ သူက ကြီးမြတ်သော ပုဂ္ဂိုလ်များ ကစားနေသည့် စစ်တုရင်ခုံပေါ်တွင် နယ်ရုပ်လေးတစ်ရုပ် ဖြစ်နေပြီ ဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။ ကံကောင်းသည့် နယ်ရုပ်ကလေး ဖြစ်နိုင်သလို၊ ကံဆိုးသည့် နယ်ရုပ်ကလေးလည်း ဖြစ်နိုင်ပေသည်။
ဗန်နက်ဆာမှာ သူ ဘာလုပ်နေသသည်ကို လွယ်လင့်တကူ သိရှိနိုင်သော်လည်း၊ ယခု ဖြစ်ပျက်သွားသမျှကို ကြည့်ရခြင်းအားဖြင့် စာအုပ်ဆိုင်ပိုင်ရှင်မှာ ဗန်နက်ဆာ၏ လှုပ်ရှားမှုအားလုံးကို ကြိုတင် တွက်ချက်ပြီးသား ဖြစ်ပုံရသည်။
"မဟုတ်ဘူး... သူက အသင်းတော်ရဲ့ ရည်ရွယ်ချက်ကိုပါ ကြိုတင် မြင်နေခဲ့တာ ဖြစ်နိုင်တယ်..."
ဗင်းဆင့် နေမင်းကျမ်းစာကို စိုးရိမ်တကြီး ပိုက်ထားလျက် နောက်ဖက်ကို လှည့်ကြည့် လိုက်မိ၏။ အော်ဟစ်သံများနှင့် သံချပ်ကာချင်း ထိခိုက်သံများက သူ့ကို အန္တရာယ် ခံစားချက်နှင့် စိုးရိမ်ပူပန်မှုများ ပေးနေခဲ့ပြီး ရင်ခုန်သံမှာလည်း တဒိတ်ဒိတ် မြန်နေသည်။
ဓမ္မဆရာတစ်ဦး၏ အင်အားမှာ သူ့ထက် များစွာ သာလွန်လှသည်။ အကယ်၍ ဟုန်းဟုန်းတောက်နေသော မီးလျှံများသာ သူတို့ကို တားဆီးမထားပါက ဗင်းဆင့်အနေဖြင့် လွတ်မြောက်နိုင်ရန် မလွယ်ကူပေ။
ဗင်းဆင့်၏ ရင်ခွင်ထဲရှိ နေမင်းကျမ်းစာမှာမူ အပူရှိန်နှင့် အတိုင်းအဆမရှိသော စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်နေပြီး၊ ဗင်းဆင့် ချောချောမွေ့မွေ့ ဖြတ်သန်းသွားနိုင်ရန် ပတ်ဝန်းကျင်၌ မီးပင်လယ်ကြီး တစ်ခုကို ချန်ထားပေးနေသကဲ့သို့ ရှိနေသည်။
ထိုမီးလျှံများမှာ ဓမ္မဆရာများအတွက် အကြီးမားဆုံးသော အတားအဆီး ဖြစ်သော်လည်း ဗင်းဆင့်အတွက်မူ မည်သို့မျှ အနှောင့်အယှက် မဖြစ်ပေ။
သို့သော်လည်း ဓမ္မဆရာများမှာ သူ့ကို အရပ်မျက်နှာ ပေါင်းစုံမှ ဝိုင်းထားကြပြီ ဖြစ်ပြီး သူတို့၏ ဝိုင်းရံမှုမှာလည်း တစ်မိနစ်ထက်တစ်မိနစ် ပိုမို ကျဉ်းမြောင်းလာနေသည်။ အကယ်၍ ဗင်းဆင့်သာ ဤဝိုင်းရံမှုကို ဖောက်ထွက်နိုင်ခြင်း မရှိပါက၊ သူ နောက်ဆုံးတွင် အဖမ်းခံရပြီး ဘာသာရေး ဖောက်ပြန်မှုဖြင့် အသတ်ခံရမည်မှာ အသေအချာပင်။
ယခင်က ဗင်းဆင့်မှာ သာမန်ဘုန်းတော်ကြီးတစ်ပါးသာ ဖြစ်ခဲ့လေရာ ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံတွေ့ဖူးပေ။ သူက အံကို တင်းတင်းကြိတ်ကာ ဆက်လက် ထွက်ပြေး နေခဲ့၏။ ယခုအခါ သူ၏ ခြေထောက်များမှာ ပျော့ခွေနေပြီ ဖြစ်ပြီး တစ်ကိုယ်လုံးလည်း တုန်ယင်နေချေပြီ။
သတ္တမမြောက် စီရင်စုတွင် ထူးခြား အဆင့်မှသည် ငရဲဘုံ အဆင့် အထိ ဓမ္မဆရာပေါင်း တစ်ရာကျော် ရှိသည်။ သူတို့ထဲမှ မည်သူမဆို ဗင်းဆင့်ကို အကြိမ်ပေါင်း ဆယ်ဂဏန်းမက လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။ စုံစမ်းစစ်ဆေးရေးရုံး ဆိုသည်ကတော့ ပို၍ပင် ကြောက်စရာကောင်းသော အဖွဲ့အစည်း ဖြစ်သည်။
ယခုအခါ သတ္တမမြောက် စီရင်စုနယ်မြေ တစ်ခုလုံး ပိတ်ဆို့ခံထားရပြီး၊ အသင်းတော် အဖွဲ့ဝင် အားလုံးမှာ သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်ပေါ်လာကြပြီ ဖြစ်သည်။ ဤသည်က သေလမ်းဖြစ်နေသည်မှာ သေချာလှပေသည်။
ဗင်းဆင့်၏ မြင်ကွင်းများမှာ ဝေဝါးသွားပြီး ခန္ဓာကိုယ်မှာ ယိမ်းယိုင်လာခဲ့၏။ ထို့နောက် သူ နေမင်းကျမ်းစာကို စိုက်ကြည့်လိုက်သည်။
ထူထဲလေးလံသည့် ထိုစာအုပ်ကြီးမှာ ပြင်းထန်သည့် အလင်းတန်းများကို ထုတ်လွှတ်နေကာ၊ ကြီးမားသော မုန်တိုင်းတစ်ခုကို ဖန်တီးတော့မည့်အလား ရွှေရောင် အလင်းလုံးကြီးတစ်ခု သဖွယ် ဖြစ်ပေါ်နေခဲ့သည်။
‘ဖွင့်လိုက်စမ်း... ဖွင့်လိုက်စမ်း...’
တစ်နေရာရာမှ အသံတစ်ခုက ညွှန်ကြား နေခဲ့၏။ ဗင်းဆင့် အသက် ပြင်းပြင်းရှူလိုက်ရင်း ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။
ဗင်းဆင့် စာအုပ်၏ အဖုံးပေါ်သို့ လက်တင်လိုက်ကာ ဖြည်းညှင်းစွာ ဖွင့်လိုက်လေ၏။
ထိုအချိန်မှာပင် ဓမ္မဆရာများမှ, မီးနံရံကြီးကို ဖောက်ထွက်လာကာ သူ့ကို ဝိုင်းရံလိုက်ကြသည်။ သူတို့ စစ်ကြောင်း တစ်ခု၏ ပုံစံဖြင့် လက်နက်များကို မြှောက်ကာ သူ့ကို ချိန်ရွယ်ထားကြ၏။ ခေါင်းဆောင်ဖြစ်သူ ဓမ္မဆရာက ညာဘက်လက်ကို မြှောက်လိုက်ရင်း တွန့်ဆုတ်ခြင်းမရှိဘဲ အောက်သို့ ချလိုက်သည်။
"သတ်..."
လက်နက်များနှင့် မှော်စွမ်းအင်များမှာ ပေါက်ကွဲထွက်လာ၏။
တစ်ချိန်တည်း၌ ဗင်းဆင့်မှာ နေမင်းကျမ်းစာကို လှန်လိုက်ပြီ ဖြစ်လေရာ အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ လေတိုက်ခြင်း မရှိပါဘဲနှင့် စာမျက်နှာများမှာ သူ့အလိုလို လှန်သွားပြီး၊ ထူးဆန်းသော ရွှေရောင်စာလုံးများမှာလည်း စာမျက်နှာများထဲမှ ပျံထွက်လာကာ သူ့ ပတ်ဝန်းကျင်တွင် လွင့်မြောလာကြသည်။ စာအုပ်အတွင်းမှ စွမ်းအားများမှာလည်း သူ့ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာ၏။
အချိန်များမှာ ရပ်တန့်သွားသကဲ့သို့ပင်။
"အား..."
ရုတ်တရက်... ဗင်းဆင့် တစ်ယောက် တစ်ကိုယ်လုံး လောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရ၏။ သူ့ ခန္ဓာကိုယ် အတွင်းရှိ ကြွက်သားများက လောင်ကျွမ်းနေသည့် မြေပြင်အလား ဖြစ်သွားကာ၊ သူ့ သွေးများမှာလည်း ချော်ရည်များအဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်း၌... သူ၏ မျက်ဝန်းများမှာ သည်းမခံနိုင်လောက်အောင် ပူပြင်း နာကျင်နေပြီး၊ ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်ခုအလား ဖြစ်နေ၏။ သို့သော်လည်း ၎င်းတို့ကို ထုတ်လွှတ်ရန် နည်းလမ်းမရှိ ဖြစ်နေသည်။
အလွန်အမင်း ပြင်းထန်လှသော ဖိနှိပ်မှုအောက်တွင် ဗင်းဆင့် တစ်ယောက် စောစောက အိပ်မက်ထဲတွင် သူ တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သော နေမင်းကို သတိရလိုက်သည်။
ထိုနေမင်း အကြောင်း တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ဗင်းဆင့်မှာ သူ့ လက်ဖဝါးများ ပူတက်လာသည်ကို ခံစားလိုက်ရ၏။ သူ ငုံ့ကြည့်လိုက်ရာ လက်ဖဝါးထဲတွင် နေမင်းနှင့်တူသည့် မီးလုံးလေးတစ်ခု အမှန်တကယ်ပင် ရှိနေသည်ကို မြင်လိုက်ရသည်။ လောင်ကြွမ်းနေသည့် အလင်းတန်းများနှင့် မီးလျှံများမှာ သူ့ လက်ထဲမှ စီးထွက်လာကာ ထိုမီးလုံးလေးကို ပို၍ ကြီးမားလာစေ၏။
ဟူး... ဟူး...
ဗင်းဆင့် စိတ်ကို ဖြေလျှော့လိုက်ရာ၊ ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားအားလုံးမှာ လက်ထဲရှိ နေမင်း အတွင်းသို့ စီးဝင်သွားကာ ၎င်းမှာ ပို၍ ပို၍ ကြီးမားလာတော့သည်။
အခြားတစ်ဖက်၌ ဓမ္မဆရာများမှာ ဘာသာရေး ဖောက်ပြန်သူ၏ လက်နှစ်ဖက်ကြားတွင် နေမင်းကဲ့သို့သော မီးလုံးကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများနှင့်အတူ ပြန့်ကားလာသည်ကို ကြည့်ကာ အံ့ဩတကြီး ဖြစ်သွားကြသည်။
တစ်မီတာ...
သုံးမီတာ...
ဆယ်မီတာ...
တောက်ပစွာ ထိန်လင်းနေသော ထိုနေမင်းကြီးမှာ သုံးထပ်တိုက် တစ်ခု၏ အမြင့်ထက်ပင် ကျော်လွန်သွားကာ ညကောင်းကင်ယံ တစ်ခုလုံးကို လင်းထိန်သွားစေသည်။
၎င်း၏ စွမ်းအား အဆင့်မှာလည်း တဖြည်းဖြည်း မြင့်တက် သွားခဲ့၏။ ပထမဆုံး ထူးခြား အဆင့်၊ ထိုမှ တစ်ဆင့် ငရဲဘုံ အဆင့်၊ နောက်ဆုံးတွင် ဖျက်ဆီးခြင်း အဆင့် အထိပါ ရောက်ရှိသွားခဲ့လေသည်။
ဘုတ်... ဘုတ်...
ဓမ္မဆရာများမှာ သူတို့၏ လက်နက်များကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကြပြီး၊ အချို့မှာလည်း ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်ခွာကုန်ကြသည်။
လေထဲတွင် လွင့်မြောနေသည့် ဗင်းဆင့်မှာမူ အဖြူရောင် အလင်းတန်းများကြောင့် မျက်စိများ ဝေဝါးနေချေပြီ ဖြစ်လေသည်။ သူ၏ အရေပြား အချို့မှာ အက်ကွဲသွားခဲ့ပြီ ဖြစ်ပြီး ထိုအက်ကြောင်းများကြားမှ အလင်းတန်းများ ထွက်ပေါ်လာကာ အလွန်ပြင်းထန်သော အပူရှိန်ကို ထုတ်လွှတ်နေခဲ့သည်။
ဗင်းဆင့် ထိုမီးလုံးကြီးကို ကြည့်ရင်း ရုတ်တရက် နွေးထွေးမှုနှင့် စိတ်အေးချမ်းမှုကို ခံစားလိုက်ရ၏။ သူသည် အသံဩဩဖြင့် စိတ်လွတ်သွားသည့် အလား အော်ဟစ်လိုက်သည်။
"ချီးမွမ်းကြလော့... နေမင်းကြီးကို ချီးမွမ်းကြလော့..."
ဟုန်း... ဟုန်း...
သူ၏ ခေါ်ဆိုမှုကို တုံ့ပြန်သည့်အလား ထိုဧရာမ နေမင်းကြီးမှာ ရုတ်တရက် ကျုံ့သွားပြီးနောက် အရာအားလုံးကို ဝါးမြိုသွားမည့် အတိုင်းအဆမဲ့ အလင်းနှင့် အပူရှိန်များကို ထုတ်လွှတ်လိုက်လေတော့သည်။
"အား..."
ခေါင်းဆောင်ဖြစ်သူ ဓမ္မဆရာမှာ ထိုအနီရောင် အလင်းတန်း၏ ဒဏ်ကို ပထမဆုံး ခံစားလိုက်ရသူဖြစ်ပြီး အော်ဟစ်နေစဉ်မှာပင် ချက်ချင်း ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထို့နောက်တွင်မူ မီးလျှံနှင့် အပူရှိန် အလင်းလုံးကြီးမှာ ဆူနာမီလှိုင်းတစ်ခုအလား အရပ်မျက်နှာ အားလုံးသို့ ပြန့်ကားသွားပြီး ထိတွေ့မိသမျှ အရာအားလုံးကို ဖျက်ဆီး ချေမှုန်းပစ်လိုက်လေတော့သည်။
***