ရော့ဒ်နီ
Vol. 13 Ch. 171
"အဲဒါပါပဲ... အဲဒီ စာအုပ်ဆိုင်က မိစ္ဆာတွေ ခိုအောင်းတဲ့ နေရာဖြစ်မယ်လို့ ကျွန်မ သံသယရှိပါတယ်... သူက လပြည့်ဝန်း အဆီအနှစ် ရဲ့ အလုပ်လုပ်ပုံကို သိသွားပြီးတော့ အဲဒါကို အသုံးချပြီး လမင်းအပေါ် ယုံကြည်မှုကို လှုပ်ခါအောင် လုပ်ချင်နေတာပါ..."
"နားလည်ပြီ... သူ့ကို ဆက်ပြီး အာရုံစိုက်ထားလိုက်... အဲဒီ စာအုပ်ဆိုင်က ထင်သလောက် မရိုးရှင်းဘူး၊ ငါတို့ အစီအစဉ်ကို သေချာ ချမှတ်ရမယ်... မှတ်ထားပါ... သတိရှိဖို့က အရေးကြီးဆုံးပဲ"
"ဟုတ်ကဲ့ပါ..."
ဗန်နက်ဆာ ရိုသေစွာ ဦးညွှတ်လိုက်သည်။ ရေမှန် မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက် ဟိုင်းမန်း၏ လုပ်ကြံမှု ရှုံးနိမ့်သွားကြောင်းနှင့် ဗင်းဆင့်ထံတွင် ထူးခြားသည့် လျှို့ဝှက်စွမ်းရည် ရှိနေပုံရကြောင်း အစေအပါး တစ်ဦးထံမှ သူမ သတင်းရရှိခဲ့သည်။
သို့သော်လည်း သူမ များစွာ အာရုံမစိုက်ခဲ့ပေ။ သူမ၏ အမြင်အရ ထူးခြား အဆင့် ဘုန်းတော်ကြီးတစ်ပါးအနေဖြင့် ဗင်းဆင့် ဟိုင်းမန်းကို သတ်နိုင်ခြင်းမှာပင် အကန့်အသတ်သို့ ရောက်နေပြီဖြစ်ရာ စိုးရိမ်စရာ များစွာ မရှိဟု ယူဆထားသည်။
ဗန်နက်ဆာ အပြစ်ဝန်ခံခန်းရှိ သူမ၏ ထိုင်ခုံတွင် ထိုင်ကာ လက်ဖြင့် မေးစေ့ကို ထောက်လျက် ဓမ္မဆရာများထံမှ သတင်းကို စောင့်ဆိုင်းနေသည်။
ဂျိမ်း...
ထိုစဉ် တစ်အဆောက်အဦးလုံး စတင် တုန်ခါလာသဖြင့် ဗန်နက်ဆာ ထိတ်လန့်တကြား ထရပ်လိုက်သည်။ သူမ ဖျက်ဆီးခြင်း အဆင့် ရှိသည့် စွမ်းအားလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ စူးရှလှသည့် အနီရောင် အလင်းတန်းများမှာ ဝတ်ပြုကျောင်းတော်၏ ပြတင်းပေါက်အားလုံးကို ဖောက်ထွက်လာပြီး ပြတင်းပေါက်များမှာလည်း တစ်ခုပြီးတစ်ခု ကွဲအက်သွားသည်။ ထို့နောက် ကြောက်မက်ဖွယ် အင်အားတစ်ခုက နံရံများနှင့် ကျောက်တိုင်များကို ချိုးဖျက်လိုက်ကာ သူမ၏ မြင်ကွင်းတစ်ခုလုံးတွင် မီးလျှံများနှင့် အလင်းတန်းများ ဖုံးလွှမ်းသွားတော့၏။
"ဘာတွေ ဖြစ်နေတာလဲ..."
ဗန်နက်ဆာ မျက်နှာ ပျက်သွားသည်။ သူမ ပတ်ဝန်းကျင်ရှိ အီသာစွမ်းအင်များကို ငြိမ်သက်သွားစေရန် ဆိတ်ငြိမ်သော နယ်မြေ စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်သော်လည်း ကြမ်းတမ်းလှသော အီသာစွမ်းအားများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။
ထို့ပြင် အတိုင်းအဆမှာလည်း အလွန်ပင် ကြီးမားလှသဖြင့် ဗန်နက်ဆာအနေဖြင့် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခုခံနိုင်ရန် သူမ၏ ပတ်ဝန်းကျင် ပေဂဏန်း အနည်းငယ် တွင်သာ ဆိတ်ငြိမ်သော နယ်မြေတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
သူမ အံကို တင်းတင်းကြိတ်လျက် ခုခံနေသော်လည်း ဒုတိယမြောက် အလင်းလှိုင်းတစ်ခု ရုတ်တရက် ရောက်ရှိလာသည်။ အလောတကြီး ဖန်တီးထားသော ဆိတ်ငြိမ်နယ်မြေမှာ ပူပြင်းလှသော မီးလျှံများ၏ ရိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အပြင် မီးလျှံများက ဗန်နက်ဆာကိုပါ ဝါးမြိုသွားသဖြင့် သူမ သတိလစ်သွားတော့၏။
ထို့နောက် မြေပြိုသည့် အလား ပြင်းထန်လှသော ဟိန်းသံကြီး တစ်ခု ထွက်ပေါ်လာလေ၏။
ဂျိမ်း... ဝုန်း...
သတ္တမမြောက် စီရင်စု ဝတ်ပြုကျောင်းတော်ကြီး တစ်ခုလုံး မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားလေတော့သည်။
...
"၂၃ လမ်းမှာရှိတဲ့ စာအုပ်ဆိုင်ကို တကယ်တမ်း ထိန်းချုပ်ထားတာက ဘာသာမဲ့ မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ... ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ လမင်းတစ်စင်းတည်းသာ စစ်မှန်တဲ့ နတ်ဘုရားဖြစ်တယ်... ကျန်တာတွေက အိပ်မက်နယ်ပယ်ထဲမှာ ပုန်းအောင်းနေတဲ့ အတုအယောင်တွေပဲ... ဒါပေမဲ့ ဗန်နက်ဆာ တင်ပြချက်အရတော့ ဒီမိစ္ဆာနတ်ဘုရားရဲ့ စွမ်းအားကို လျှော့တွက်လို့ မရဘူး၊ အမြစ်ပြတ် ချေမှုန်းရလိမ့်မယ်..."
ရေမှန် မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များမှာ ပြတ်တောက်သွားပြီး ဦးညွှတ်နေသည့် ဗန်နက်ဆာ၏ ပုံရိပ်လည်း ပျောက်ကွယ်သွားသည်။
ခမ်းနား ထည်ဝါသည့် ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုသည် သန့်စင်သည့် ရေကန်အနားမှ ခွာ၍ တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ထရပ်လိုက်သည်။ သူ ဆွဲကိုင်ထားသည့် သုံးမီတာရှည်သော ရွှေရောင် ရာဇလှံတံကြီးမှာ မြေပြင်ကို ထိလိုက်သောအခါ သိပ်သည်းလေးလံသည့် ဒုန်း ခနဲ အသံ ထွက်ပေါ်လာသည်။
ထိုအဘိုးအိုမှာ အခြားလူ မဟုတ်...။ အမိုးခုံး ဘုရားကျောင်း၏ လက်ရှိ ပုပ်ရဟန်းမင်းကြီး ဘိုင်းရပ်စ် ရော့ဒ်နီပင် ဖြစ်ပြီး နော်ဇင်မြို့၏ လက်တစ်ဆုပ်စာ အခရာ အဆင့် သဘာဝလွန် စွမ်းအားရှင်များထဲမှ တစ်ဦး ဖြစ်လေသည်။
သူကိုင်ဆောင်ထားသည့် ရာဇလှံတံမှာ ပုပ်ရဟန်းမင်းကြီး၏ အာဏာစက်ကို ဖော်ညွှန်းနေပြီး၊ ထိပ်ပိုင်းတွင် အလှဆင်ထားသည့် ရွှေရောင် ကွင်းနှစ်ကွင်းမှာ အလင်းနှင့် အမှောင် သန့်ရှင်းသော သူတော်စင် နှစ်ပါး ကို ကိုယ်စားပြုသည်။
ထိုကွင်းနှစ်ကွင်းအထက်တွင် တမန်တော် ခုနစ်ပါးကို ကိုယ်စားပြုသည့် လမင်းပုံစံ အလှဆင်ပစ္စည်းများကို အစီအစဉ်တကျ တပ်ဆင်ထားသည်။
အပေါ်ဆုံး ကွင်းနှစ်ကွင်း ထိစပ်သည့် နေရာတွင်မူ 'လပြည့်' ပုံသဏ္ဍာန် ရှိ၏။ ညာဘက်အပြင်ကွင်းတွင် လဆန်း၊ လခြမ်းနှင့် လတက် ပုံသဏ္ဍာန်များ ရှိပြီး၊ ဘယ်ဘက်အတွင်းကွင်းတွင် လဆုတ်၊ လငပုပ်နှင့် လကွယ် ပုံသဏ္ဍာန်များ ရှိသည်။
ဤရာဇလှံတံမှာ တမန်တော်များနှင့် သူတော်စင်များ၏ စွမ်းအားအားလုံးကို အသုံးပြုနိုင်သည်။ တစ်နည်း ဆိုရသော် ထိုစွမ်းအားများမှာ ပုပ်ရဟန်းမင်းကြီးက သူတို့ကို အပ်နှင်းထားခြင်းဖြစ်ပြီး အချိန်မရွေး ပြန်လည် ရုပ်သိမ်းနိုင်သော အရာများ ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးအိုကြီးမှာ ဝတ်ပြုကျောင်းတော်၏ အလယ်ဗဟိုသို့ လျှောက်လှမ်းလာခဲ့၏။ မြင့်မားလှသော အမိုးခုံးရှိ စက်ဝိုင်းပုံ အပေါက်မှတစ်ဆင့် လရောင်မှာ ကျောက်စင်မြင့်ပေါ်တွင် ထားရှိသော မြင့်မြတ်သည့် အမွေအနှစ်ဖြစ်သည့် 'ငွေရောင်အချင်းတိုင်' ပေါ်သို့ ကျရောက်နေသည်။
ရှေးဟောင်းဒဏ္ဍာရီများအရ ၎င်းမှာ ပထမဆုံးသော မယ်တော်က 'လမင်း' ကို ဖွားမြင်စဉ် ကျန်ရစ်ခဲ့သော အစိတ်အပိုင်းတစ်ခုဟု ဆိုကြသည်။
ဤဝတ်ပြုကျောင်းတော် အတွင်းတွင် 'ရှေးဟောင်းလက်စွပ်' နှင့် 'အိပ်မောကျနေသည့် လ ကလေးငယ်' ဟု ခေါ်သော အခြား မြင့်မြတ်သည့် အမွေအနှစ် နှစ်ခုလည်း ရှိသေးသည်။ ပတ်ဝန်းကျင်ရှိ နံရံကပ်စင်များတွင် ယခင် ပုပ်ရဟန်းမင်းကြီး အဆက်ဆက်၏ ရုပ်တုများက မြင့်မားစွာ ရပ်တည်နေကြပြီး ခန့်ညားထည်ဝါမှုကို ပေးစွမ်းနေသည်။
"မိစ္ဆာနတ်ဘုရားတစ်ပါးက ကိုးကွယ်ယုံကြည်မှုကို တည်ထောင်ဖို့ လိုအပ်တယ်..."
ရော့ဒ်နီက မျက်လုံးများက အရောင်တောက်လျက် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
"ဆိုလိုတာက လင်ကျဲ လို့ခေါ်တဲ့ စာအုပ်ဆိုင်ပိုင်ရှင်ဟာ နောက်လိုက်တွေ မွေးမြူဖို့၊ အင်အားစုဆောင်းဖို့၊ အချိန်ကောင်းကို စောင့်ပြီး ဘာသာရေး အသစ်တစ်ခု တည်ထောင်ဖို့အတွက် အဖွဲ့အစည်းအသီးသီးနဲ့ ဆက်သွယ်နေတာပဲ... ပြီးတော့ လပြည့်ဝန်း အဆီအနှစ် ကို အသုံးချပြီး ငါတို့ အသင်းတော်ရဲ့ အုတ်မြစ်ကို ခိုးယူဖို့ ကြိုးစားလိမ့်မယ်"
"ဝေဖန်ဆန်းစစ်ကြည့်ရရင် တစ်ဖက်မှာ အဲဒီလုပ်ရပ်တွေက သူ့ဆီမှာ အင်အားမတောင့်တင်းသေးဘူးဆိုတာကို ပြနေတာပဲ... ဒါကြောင့် သူက သူ့ရဲ့ မူလပုံစံကို မပြဝံ့ဘဲ ပုန်းကွယ်နေရတာ... စောစောစီးစီး သိပြီး အသတ်ခံရမှာကို သူ ကြောက်နေတာပဲ"
"ကံမကောင်းတာကတော့ ဗင်းဆင့်ရဲ့ အထိမ်းအမှတ်တံဆိပ်က သူ့ရဲ့ ပျက်စီးကြောင်း ဖြစ်လာလိမ့်မယ်ဆိုတာ သူ ဘယ်တော့မှ ထင်မှာမဟုတ်ဘူး..."
ရော့ဒ်နီက ပြုံးလိုက်ရင်း ကျောက်စင်မြင့်ပေါ်မှ 'ငွေရောင်အချင်းတိုင်' ကို ဖြည်းညှင်းစွာ ပွတ်သပ်လိုက်သည်။
"ပထမအသုတ် လပြည့်ဝန်း အဆီအနှစ်ရဲ့ အာနိသင်က သုံးစွဲသူတွေပေါ်မှာ အမြစ်တွယ်နေပြီ... သူတို့တွေက လမင်းအပေါ် အစွဲအလမ်းအကြီးဆုံး ယုံကြည်သူတွေ ဖြစ်လာကြလိမ့်မယ်... သေခြင်းတရားကတောင် သူတို့ကို တုန်လှုပ်စေမှာ မဟုတ်ဘူး"
"ခဏလေးပဲ စောင့်ပါဦး... နောက်ထပ် နည်းနည်းလေးပဲ... ငါတို့ စတင်နိုင်တော့မယ်... မင်းက ဒီကမ္ဘာက လူတွေရဲ့ ရုပ်ဆိုးတဲ့ အကြည့်တွေကို ဂရုစိုက်နေစရာမလိုဘဲ အိပ်မက်နယ်ပယ်ထဲကနေ မကြာခင် ဆင်းသက်လာနိုင်တော့မှာပါ..."
ပုပ်ရဟန်းမင်းကြီး၏ အကြည့်မှာ ကြင်နာ နူးညံ့ဟန်ရှိသော်လည်း တစ်ချိန်တည်း၌ ရူးသွပ်သော ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။ ထိုထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် 'ငွေရောင်အချင်းတိုင်' မှာ သူ့ ကိုယ်ပိုင် ရင်သွေးလေးကဲ့သို့ပင်။
ချက်... ချက်...
အချင်းတိုင်ဟု အခေါ်ခံရသောအရာမှာ အနည်းငယ် လှုပ်ခတ်သွား၏။ ၎င်းက အမှန်တကယ် အသက်ရှိသည့် သတ္တဝါတစ်ကောင်ကဲ့သို့ပင်...။
ရုတ်တရက် ရော့ဒ်နီ၏ မျက်မှောင် ကြုတ်သွား၏။ သူ ဘေးဘက်သို့ အမြန်လှည့်ကြည့်လိုက်ရာ ဝတ်ပြုကျောင်းတော်၏ မှန်စီရွှေချ ပြတင်းပေါက်များမှတစ်ဆင့် အဝေး တစ်နေရာ၌ ဖြူဖျော့ဖျော့ အလင်းတန်းတစ်ခု ထိုးတက်လာသည်ကို မြင်လိုက်ရတော့သည်။
***