ကရုဏာတော် ဝတ်ပြုဆောင်
Vol. 13 Ch. 172
မကောင်းသည့် အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် ရော့ဒ်နီက မျက်စိကို မှေးကြည့်လိုက်၏။ ထိုအလင်းတန်းမှာ မိုးကုတ်စက်ဝိုင်း၏ အစွန်ဆုံးမှ လာခြင်းဖြစ်ပြီး၊ ၎င်း၏ အလယ်ဗဟိုတွင် နံနက်ခင်း နေမင်းကြီးအလား အလွန်တောက်ပသော အလင်းစက်တစ်ခု ရှိနေသည်။
သို့သော်လည်း... ယခုမှာ သန်းခေါင်ယံအချိန် ဖြစ်သည်မှာ သေချာလှသည်။
"အဲဒီဘက်က... သတ္တမမြောက် စီရင်စုရှိတဲ့ ဘက်ပဲ... ဗန်နက်ဆာ ဘာဖြစ်သွားတာလဲ"
ရော့ဒ်နီမှာ ရေရွတ်လိုက်သည့် တစ်ချိန်တည်းမှာပင် သတ္တုများ အရည်ပျော်သွားသကဲ့သို့ အသံကို ကြားလိုက်ရ၏။
ရှဲ...
သူ ရာဇလှံတံကို ငုံ့ကြည့်လိုက်ရာ အတွင်းကွင်း ဘယ်ဘက်အောက်ဆုံးရှိ လကွယ်ကို ကိုယ်စားပြုသော အလှဆင်ပုံမှာ သူ့အလိုလို စတင် အရည်ပျော်နေကြောင်း မြင်လိုက်ရသည်။
သတ္တုများမှာ ရွှေရောင်အရည်များအဖြစ် ပြောင်းလဲကာ တစ်စက်ပြီးတစ်စက် အောက်သို့ ကျလာသည်။ သို့သော်လည်း... ထိုအစက်များမှာ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် ပြင်းထန်သော အပူရှိန်ကြောင့် လေထဲ၌ အခိုးအငွေ့ပျံ၍ ပျောက်ကွယ်သွားကြသည်။
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် လကွယ် အလှဆင်ပုံမှာ ပျောက်ကွယ်သွားတော့သည်။
"ဘယ်လိုဖြစ်တာလဲ..."
ရော့ဒ်နီ မျက်နှာ ပျက်သွား၏။ ဤအလှဆင်ပုံမှာ အထိမ်းအမှတ်သက်သက် မဟုတ်ပေ။ ၎င်းမှာ စစ်မှန်သော စွမ်းအင် ပုံဆောင်ခဲ ဖြစ်သည်။ အကယ်၍ ဗန်နက်ဆာ သေဆုံးသွားခဲ့လျှင်ပင် ထိုစွမ်းအားမှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ပြန်လည် ရောက်ရှိလာရမည် ဖြစ်သည်။
ယခု အခြေအနေမှာ ဗန်နက်ဆာ သေဆုံးသွားခြင်း သာမက၊ တစ်ဖက်လူ၏ စွမ်းအားမှာ အဆပေါင်းများစွာ သာလွန်နေပြီး လကွယ် တမန်တော်၏ စွမ်းအားကို အမြစ်ပါမကျန် အကုန်အစင် ဖျက်ဆီးပစ်လိုက်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
ရော့ဒ်နီ ရာဇလှံတံပေါ်ရှိ ကွက်လပ်ကို လက်ဖြင့် အုပ်ကိုင်ရန် ကြိုးစားလိုက်သော်လည်း အပူရှိန်ကြောင့် လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ရသည်။
သူ တုန်ယင်နေသည့် လက်ဖဝါးကို ကြည့်ရင်း၊ ပြင်းထန်လှသော ထိုအပူရှိန်မှာ အပေါ်ယံမျှသာ မဟုတ်ဘဲ... လမင်း၏ နတ်ဘုရားစွမ်းအားများကိုပါ လောင်ကျွမ်းစေကြောင်း သိလိုက်ရသည်။
"ကိုယ်တော်မြတ်... သတ္တမမြောက် စီရင်စု တိုက်ခိုက်ခံလိုက်ရပါတယ်... ဗင်းဆင့်ကြောင့် ဖြစ်နိုင်ချေ ရှိတဲ့ အကြီးအကျယ် ပေါက်ကွဲမှုတစ်ခုက ဝတ်ပြုကျောင်းတော်ကို တုန်ခါသွားစေခဲ့ပါတယ်... ဗန်နက်ဆာ အပါအဝင် အသင်းတော်ဝင် ၂၃၃ ဦး သေဆုံးသွားတာကို အတည်ပြုနိုင်ခဲ့ပါပြီ... ကျန်တဲ့ စီရင်စုတွေကိုလည်း အကြောင်းကြားထားပြီး ဗင်းဆင့်ရဲ့ အဆင့်အတန်းကိုလည်း အမြင့်ဆုံး အလိုရှိ ဝရမ်းပြေးအဖြစ် သတ်မှတ်လိုက်ပါပြီ"
အဖြူရောင် သီလရှင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးမှာ ကျောင်းဆောင်၏ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ပေါ်လာပြီး ရော့ဒ်နီကို ဦးညွှတ်လိုက်၏။ သူမက သန့်ရှင်းသည့် သူတော်စင် နှစ်ပါးထဲမှ တစ်ပါးဖြစ်သူ မယ်တော် ရှယ်ရယ်ပင် ဖြစ်လေသည်။
ရော့ဒ်နီသည် လက်ဖဝါးပေါ်ရှိ အနာကို စိုက်ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်၏။
"ဆိုလိုတာက ဗင်းဆင့် ထွက်ပြေးသွားပြီပေါ့... ဟုတ်လား..."
ရှယ်ရယ်က ခေါင်းကို ပို၍ ငုံ့လိုက်သည်။
"ဟုတ်ပါတယ်...”
ရော့ဒ်နီ၏ အကြည့်များ စူးရှနေသော်လည်း နှုတ်ခမ်းထက်၌ ကြင်နာသည့် အပြုံးတစ်ခုကို ဆက်လက် ဆင်မြန်းထားဆဲ ဖြစ်သည်။
"သူက တကယ်တော်တဲ့ ကလေး တစ်ယောက်ပါ... သူ့ကို ဗတ္တိဇံ ပေးခဲ့တဲ့ ဘုန်းတော်ကြီးနဲ့လည်း အဆင်ပြေတယ် ဆိုတာ ငါ မှတ်မိတယ်"
"ဒါနဲ့ အဲဒီ ဘုန်းတော်အိုကြီးကြီးက သတ္တမမြောက် စီရင်စုရဲ့ ကရုဏာတော် ဝတ်ပြုဆောင်မှာ နေတာ မဟုတ်လား... လငပုပ်ဘတ်ခ်ကို လွှတ်ပြီး ငါတို့ရဲ့ ဝမ်းနည်းကြောင်းကို သွားပြောခိုင်းလိုက်ပါ"
ဆဋ္ဌမမြောက် တမန်တော် လငပုပ် ဘတ်ခ်မှာ စုံစမ်းစစ်ဆေးရေးကို တာဝန်ယူရသူဖြစ်ပြီး မိစ္ဆာစစ်ဆေးခြင်း အစွမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အကယ်၍ ဗင်းဆင့်က ထိတ်လန့်တကြားဖြင့် ထိုဘုန်းတော်အိုကြီးထံ သွားရောက် ခိုလှုံပါက... ထိုဘုန်းတော်အိုကြီးမှာ ဓားစာခံ ဖြစ်သွားမည် ဖြစ်သည်။ အကယ်၍ ဗင်းဆင့် ထိုနေရာကို မရောက်လာခဲ့လျှင်လည်း ထိုဘုန်းတော်အိုကြီးမှာ အသုံးချစရာ တစ်ခု ဖြစ်နေမည်ပင်။
မယ်တော် ရှယ်ရယ်က ခေါင်းညိတ်ပြလိုက်ပြီး အရိပ်များအတွင်းသို့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားတော့၏။
...
"ဟူး... ဟူး... နောက်ဆုံးတော့... ရောက်ပြီ..."
ဗင်းဆင့် တစ်ယောက် ယိုင်တိယိုင်တိုင်ဖြင့် အသက်ကို လုရှူနေရပြီး၊ တံခါးကို အားယူခေါက်လိုက်ကာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။
ယခုအခါ ဗင်းဆင့်၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားလှသည်။ သူ့ မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် အညိုအမဲစွဲ ဒဏ်ရာများ ဖုံးလွှမ်းနေသည်။ သူ၏ မျက်ဝန်းများမှာလည်း သွေးရောင်လွှမ်းနေပြီး၊ စုတ်ပြတ်နေသည့် ဘုန်းတော်ကြီးဝတ်ရုံမှာလည်း သွေးများဖြင့် စိုရွှဲနေ၏။
နေမင်းကျမ်းစာ၏ စွမ်းအားမှာ သတ္တမမြောက် စီရင်စု တစ်ခုလုံးကို မြေလှန်ပစ်လိုက်ရုံသာမက၊ သူ့ ခန္ဓာကိုယ်အတွင်းရှိ လမင်း၏ နတ်ဘုရားစွမ်းအားအားလုံးကိုလည်း လောင်ကျွမ်းပစ်ကာ အပြင်သို့ နှင်ထုတ်ပစ်ခဲ့သည်။ ၎င်းက ဗင်းဆင့်၏ ခန္ဓာကိုယ်ကို သူ ကိုယ်တိုင်ပင် နားမလည်နိုင်သော ပုံစံဖြင့် ပြုပြင်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း... တစ်ခုမှာမူ သေချာသည်။ နောက်ဆုံး ရရှိလာမည့် ရလဒ်များကို မသိရသေးမီမှာပင် သူ့ ခန္ဓာကိုယ် တစ်ခုလုံး အပိုင်းပိုင်း ကွဲထွက်တော့မည့် ပြင်းထန်လှသော ဝေဒနာကို အရင်ဆုံး အံတုနေရခြင်းပင်။
သတ္တမမြောက် စီရင်စု ဝတ်ပြုကျောင်းတော်မှ ထွက်ပြေးလာပြီးနောက် အသင်းတော်အနေဖြင့် နယ်မြေအားလုံးကို ပိတ်ဆို့ကာ သူ့ကို ဖမ်းဆီးရန် ဝရမ်းထုတ်မည် ဖြစ်ကြောင်း ဗင်းဆင့် သိရှိထားသည်။
ယခုအချိန်တွင် သူ ရရှိထားသော ဒဏ်ရာများမှာ ပြင်းထန်လှသဖြင့် အလွန်ဝေးကွာသော စာအုပ်ဆိုင်သို့ ပြေးရန် နည်းလမ်းမရှိတော့ပေ။
တစ်နေရာမှအပ သူ့တွင် သွားစရာ နေရာမရှိတော့...။
ဗင်းဆင့် တံခါးအထက်ရှိ ကရုဏာတော် ဝတ်ပြုဆောင် ဟု ရေးသားထားသည့် သစ်သားဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။ ဤသည်မှာ ဆင်းရဲသားရပ်ကွက်ထဲတွင် တည်ရှိသော အမိုးခုံး ဘုရားကျောင်း၏ ဝတ်ပြုဆောင်ငယ်လေး ဖြစ်ပြီး၊ ဘုန်းတော်အိုကြီးတစ်ပါးနှင့် လူဝတ်ကြောင် အမှုထမ်းနှစ်ဦးသာ ရှိသည်။ အလွန် လူသူနည်းပါးသော နေရာငယ်လေးတစ်ခုပင်...။
ဤနေရာကား သူ အမိုးခုံး ဘုရားကျောင်းသို့ စတင် ဝင်ရောက်စဉ်က ဗတ္တိဇံ ခံယူခဲ့သည့် နေရာပင် ဖြစ်လေတော့သည်။
...
ဗင်းဆင့်မှာ အမိုးခုံး ဘုရားကျောင်းအတွင်း၌ပင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူ့ ကလေးဘဝကို အသင်းတော်က ထောက်ပံ့ပေးသည့် မိဘမဲ့ဂေဟာတွင် ကုန်ဆုံးခဲ့ရပြီး၊ ရွယ်တူများနည်းတူပင် အသင်းတော်ကို အလုပ်အကျွေးပြုသည့် အခိုင်းအစေ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။
လူငယ်ဘဝ၌ ဗတ္တိဇံ ခံယူ၍ တရားဝင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာပြီးနောက်တွင် ဗင်းဆင့်မှာ ကရုဏာတော် ဝတ်ပြုဆောင်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်က ဘုန်းတော်အိုကြီးနှင့်အတူ ရိုးရှင်းစွာ နေထိုင်ရင်း ဆင်းရဲသားများကို ကူညီပေးခဲ့ဖူးသည်။
ဘုန်းတော်အိုကြီး၏ အမည်မှာ တာရန့်စ် ဖြစ်သည်။ သူက သာမန်လူတစ်ယောက် ဖြစ်သော်လည်း ဆင်းရဲသားများကို အခမဲ့ ဆေးကုသပေးတတ်သည့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကြောင့် ဗင်းဆင့်၏ မျက်စိထဲတွင်မူ အလွန်ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့သည်။
တာရန့်စ်၏ သဘာဝလွန် အတတ်ပညာမှာ ထူးခြား အဆင့်များထဲတွင်ပင် အောက်ခြေအဆင့်၌သာ ရှိသည်။ သို့သော်လည်း... သူ၏ ဆေးကုသမှု အတတ်ပညာမှာမူ အလွန်ပင် ပြောင်မြောက်လှပေသည်။
'ကရုဏာတော် ဝတ်ပြုဆောင်' မှာ ဝတ်ပြုကျောင်းများထဲတွင် တွေ့ရခဲသည့် သစ်သားအဆောက်အဦးတစ်ခု ဖြစ်သည်။ အကြောင်းကား သူတို့က ဆင်းရဲလွန်းသောကြောင့်ပင်။
အခြေခံအားဖြင့် ပြောရလျှင် ၎င်းမှာ အမိုးပေါက်ပြီး ခြပုန်းများ ကိုက်နေသည့် သာမန် သစ်သားတဲအိမ်ကြီးတစ်လုံးသာ ဖြစ်သည်။ ထိုနေရာ၏ ဟောင်းနွမ်းစုတ်ပြတ်မှုက အပြင်ပန်း မြင်ရသည့် အတိုင်းပင် ဖြစ်ပြီး၊ နေထိုင်မှု အခြေအနေမှာ တစ်ခါတစ်ရံတွင် လာရောက် အကူအညီတောင်းကြသည့် ဆင်းရဲသားများထက်ပင် ပို၍ ဆိုးရွားတတ်သည်။
သို့သော်လည်း တာရန့်စ်မှာ စိတ်ဓာတ်ကျခြင်း မရှိချေ။
"တခြားသူတွေကို ကူညီဖို့က ငါတို့ရဲ့ တာဝန်ပဲ"
"လမင်းအရှင်က ငါတို့ကို စောင့်ရှောက်နေတယ်...”
“ကျေးဇူးသိတတ်ခြင်းဟာ အကောင်းဆုံး လာဘ်လာဘပဲ"
စသည့် စကားများဖြင့် သူ၏ လက်အောက်မှ ဘုန်းတော်ကြီးများကို အမြဲ အားပေးလေ့ရှိသည်။ အစပိုင်းတွင် အချို့က စိတ်အားထက်သန်ကြသော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ ဘုန်းတော်ကြီးအများစုမှာ သည်းမခံနိုင်လောက်အောင် ဆိုးရွားသည့် အခြေအနေများကြောင့် အခြား ဝတ်ပြုကျောင်းများသို့ ပြောင်းရွှေ့ရန် ရွေးချယ်သွားကြသည်။
ဘုန်းတော်အိုကြီးနှင့် အချိန်အကြာဆုံး နေခဲ့သည့် ဗင်းဆင့်ပင်လျှင် နောက်ဆုံးတွင် ထွက်ခွာခဲ့ရသည်။ သို့သော်လည်း ဗင်းဆင့်မှာ ပိုမိုမြင့်မားသော စွမ်းရည်များ ရရှိရန်နှင့် ယုံကြည်သူ အများအပြားကို ကောင်းချီးပေးနိုင်ရန်အတွက် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
ဘုန်းတော်အိုကြီးမှာ ဗင်းဆင့်၏ ကလေးဘဝအပေါ် များစွာ သြဇာသက်ရောက်ခဲ့သည်။ ထို့ကြောင့် ဗင်းဆင့်မှာ ဘုန်းတော်ကြီးဝတ်ဖြင့် တာဝန်ထမ်းဆောင်သည့်အခါတိုင်း မိမိ၏ တာဝန်ကို ရှောင်လွှဲတတ်သည့် အခြား လုပ်ဖော်ကိုင်ဖက်များနှင့် ခြားနားစွာပင် အကောင်းဆုံး လုပ်ဆောင်လေ့ရှိသည်။ ထိုအချက်ကြောင့်ပင် ဗင်းဆင့်မှာ ယုံကြည်သူများ၏ ချစ်ခင်မှုကို ရရှိခဲ့ပြီး သတ္တမမြောက် စီရင်စုတွင် နာမည်ကောင်း ရခဲ့ခြင်းဖြစ်သည်။
အကယ်၍ ကမ္ဘာပေါ်၌ ဗင်းဆင့်အတွက် လုံးဝ စိတ်အေးလက်အေး နေနိုင်မည့် နေရာတစ်ခု ရှိလျှင် ၎င်းမှာ ဤ 'ကရုဏာတော် ဝတ်ပြုဆောင်' လေးသာ ဖြစ်ပေလိမ့်မည်။
ဘုန်းတော်အိုကြီး တာရန့်စ်အနေဖြင့် ဗင်းဆင့် ပြောသမျှကို ယုံချင်မှ ယုံလိမ့်မည် ဖြစ်သော်လည်း၊ သူ့ကို အသေအချာ ကာကွယ်ပေးလိမ့်မည်မှာမူ မြေကြီးလက်ခတ်မလွဲပင်။
‘ငါ ဒီမှာ တစ်ညလောက် ပုန်းပြီးတာနဲ့ ချက်ချင်း ထွက်သွားမယ်... မဟုတ်သေးဘူး... တရွတ်တိုက် လှုပ်ရှားနိုင်လောက်တဲ့အထိ ဒဏ်ရာသက်သာလာတာနဲ့ ထွက်သွားမယ်... ဖာသာတာရန့်စ်ကို ငါ့ကြောင့် ဒုက္ခမရောက်စေရဘူး... ဒါပေမဲ့ လပြည့်ဝန်း အဆီအနှစ် အကြောင်းတော့ သူ့ကို ပြောပြထားမှ ဖြစ်မယ်... သူ အသုံးချမခံရအောင် သတိပေးရမယ်...’
ဗင်းဆင့် တစ်ယောက် အသက်ကို မောကြီးပန်းကြီး ရှူရင်း တံခါးကို အမှီပြုကာ ထိုင်နေခဲ့၏။ အဝေးမှ အော်ဟစ်သံများနှင့် အပြေးအလွှား တံခါးခေါက်သံများကို ကြားနေရပြီး လူများမှာလည်း တစ်ဦးပြီးတစ်ဦး နိုးလာကာ အိမ်မီးများလည်း ဆက်တိုက် လင်းလာကြသည်။
ဗင်းဆင့်၏ ရင်ထဲတွင် လေးလံသွား၏။ ဘုန်းတော်ကြီးတစ်ပါးအနေဖြင့် ဘာသာရေး ဖောက်ပြန်မှု အပြစ်အတွက် ထုတ်ပြန်ထားသော အမိန့်များကို သူ သိထားသည်။ နယ်မြေကို ပိတ်ဆို့ထားပြီ ဖြစ်သလို၊ လူထုကိုလည်း အခြေအနေများ အသိပေးနေကြပြီး ဖြစ်သည်။
ထိုအသံများမှာ မိုင်ပေါင်းများစွာ ဝေးကွာသော နေရာမှ လာခြင်း ဖြစ်သော်လည်း ဗင်းဆင့်အတွက်မူ ၎င်းတို့မှာ အနားနားတွင် ကပ်၍ ပြောနေသကဲ့သို့ ကြားနေရသည်။
ဗင်းဆင့် ပူပြင်းနာကျင်နေဆဲ ဖြစ်သည့် သူ့ မျက်လုံးကို ထိလိုက်ရင်း ခန္ဓာကိုယ်မှာ ယခင်နှင့် လုံးဝ မတူတော့ကြောင်း နားလည်လိုက်သည်။
အမြင်အာရုံမှာ မှောင်မည်းနေသော်လည်း မီးအလင်းရောင်များ မည်သည့်နေရာတွင် လင်းနေသည်ကိုမူ သူ ခွဲခြားနိုင်စွမ်း ရှိနေသည်။
အမိုးခုံး ဘုရားကျောင်း၏ စွမ်းအားကို သူလောက် သိသူ မရှိပေ...။ ယခုမူ သူက ထိုမျှ ကြီးမားလှသော ဘီလူးကြီးကို ပြန်လည် တိုက်ခိုက်နေရပြီ ဖြစ်လေသည်။
***