← Chapters

ဘတ်ခ်

Vol. 13 Ch. 173

ဘတ်ခ်

Vol. 13 Ch. 173

ခဏမျှ စောင့်ပြီးနောက် တံခါးနောက်ကွယ်မှ သံကြိုးများ ဖြုတ်သည့်အသံ ထွက်ပေါ်လာ၏။ ဆင်းရဲသားရပ်ကွက်ထဲတွင် ဖြစ်သဖြင့် ခိုးယူစရာ ဘာမျှမရှိသော်လည်း တံခါးကိုတော့ သေချာ ပိတ်ထားရစမြဲပင်။

ကျွီ...

သစ်သား တံခါးအိုကြီး ပွင့်လာပြီး တာရန့်စ် ထွက်လာသည်။ သူက ဟောင်းနွမ်းနေသော ဘုန်းတော်ကြီးဝတ်ရုံကို ကပျာကယာ ဝတ်ဆင်ထားပုံရသည်။ တံခါးဝတွင် မှီလျှက် ထိုင်နေသည့် ပုံရိပ်မည်းမည်းကို မြင်လိုက်ရသောအခါ သူ လန့်သွားခဲ့သည်။

"ဘယ်သူ... ဟင် ဗင်းဆင့်..."

ဘုန်းတော်အိုကြီးမှာ သူ လမ်းပြခဲ့ဖူးသော ကလေးငယ်ကို ချက်ချင်း မှတ်မိသွားသည်။ ထို့နောက် သွေးများ၊ ဒဏ်ရာများနှင့် မျက်လုံးနေရာတွင် ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်နှာကို မြင်လိုက်ရ၏။

"ဗင်းဆင့်... မင်း ဘာဖြစ်လာတာလဲ...”

"အိပ်မက်သားရဲနဲ့ တွေ့ခဲ့တာလား... နတ်ဆိုးနဲ့လား... နတ်ဆိုးနှင်တာ ရှုံးနိမ့်သွားတာလား... ဒါမှမဟုတ် စီရင်စုနယ်မြေတစ်ခုလုံးကို ပိတ်ဆို့ထားရတဲ့ အဲဒီ မိစ္ဆာကောင်နဲ့ မင်း တွေ့ခဲ့တာလား"

ဘုန်းတော်အိုကြီးက ဗင်းဆင့်ကို ကပျာကယာ ထူလိုက်ပြီး ဝတ်ပြုဆောင်အတွင်းသို့ ခေါ်သွားကာ ခုံတန်းရှည်ပေါ်တွင် လဲလျောင်းစေလိုက်သည်။

ဘုန်းတော်အိုကြီးတွင် ဆေးကုသမှု အတွေ့အကြုံ များစွာ ရှိသဖြင့် ရှေးဦးသူနာပြုသေတ္တာကို ချက်ချင်း ထုတ်ယူကာ ဗင်းဆင့်၏ ဒဏ်ရာများကို ဆေးထည့်ပေးရင်း အီသာ စွမ်းအားအချို့ဖြင့်လည်း ကုသပေးလိုက်သည်။

သို့သော် မကြာမီမှာပင် တစ်စုံတစ်ခု ထူးခြားနေကြောင်း သူ သတိပြုမိသွားသည်။

ဗင်းဆင့်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်သည့် အရှိန်ဖြင့် အံ့ဩဖွယ်ရာ ပြန်လည် ကျန်းမာလာနေသည်။ သူ၏ အီသာ စွမ်းအားများမှာ ထိုဖြစ်စဉ်ကို အရှိန်မြှင့်ပေးရုံသာ ရှိပြီး၊ အရိုးများနှင့် အသားမျှင်များ တစ်ခုနှင့်တစ်ခု လိမ်ယှက် ကြီးထွားလာပုံမှာ ကြည့်ရသည်မှာ ကြောက်စရာပင် ကောင်းလှသည်။

ထို့နောက်တွင်တော့ တူးခြစ်ပြီး မည်းနက်နေသည့် ဒဏ်ရာများမှာ ခြောက်သွေ့နေသော မြေပြင်ကဲ့သို့ အဖတ်များ ကွာကျလာပြီး၊ အက်ကြောင်းများကြားတွင်လည်း နီရဲရဲ ရွှေရောင် အလင်းဖျော့ဖျော့လေးများက ဖြည်းဖြည်းချင်း လင်းလိုက် မှိန်လိုက်နှင့် လှုပ်ရှားနေကြသည်။

ဗင်းဆင့်၏ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းတိုင်းက အသက်ဝင်လာပြီး တည်ငြိမ်စွာ အသက်ရှူနေသကဲ့သို့ပင်...။

တာရန့်စ် နောက်သို့ ဆုတ်လိုက်မိရာ ဆေးသေတ္တာကို တိုက်မိ၍ မှောက်သွား၏။

"ဗင်းဆင့်... ငါ့သား... ဒါ... ဒါတွေက ဘာဖြစ်နေတာလဲ..."

ဤသည်မှာ လမင်းအား ယုံကြည်သူတစ်ဦး ဖြစ်ပျက်နေသည့် ပုံမျိုး လုံးဝ မဟုတ်ပေ။ လမင်းမှာ အမြဲတမ်း မှောင်မည်း၊ တိတ်ဆိတ်ပြီး နက်နဲလှသည်။ ဤကဲ့သို့ ပြင်းထန်လှသည့် ပေါက်ကွဲအားရှိသော သရုပ်လက္ခဏာမျိုး လုံးဝ မရှိနိုင်ပေ။

စောစောပိုင်းက အပြင်ဘက်တွင် အော်ဟစ်နေကြသည့် မိစ္ဆာတစ်ဦး လွတ်မြောက်နေသည်ဆိုသည့် အသံကို တာရန့်စ် ပြန်လည် သတိရလိုက်မိသည်။ မယုံနိုင်စရာ ကောင်းသော အတွေးတစ်ခုက သူ့ ခေါင်းထဲသို့ တိုးဝင်လာ၏။

“...”

ဝတ်ပြုဆောင်လေးအတွင်း တိတ်ဆိတ်သွားသည်။ အပြင်ဘက်တွင်မူ လူများ စုဝေးလာကြပြီး အချို့က ဝတ်ပြုဆောင် တံခါးကို ခေါက်နေကြပြီ ဖြစ်သည်။

တာရန့်စ်မှာ စောစောက တံခါးကို ဖွင့်ထားခဲ့မိသည်။ သူသာ တစ်ချက် သတိပေးလိုက်လျှင် အပြင်က လူများမှာ အတွင်းသို့ တိုးဝင်လာကြပေလိမ့်မည်။

တိတ်ဆိတ်မှုကြားတွင် ဗင်းဆင့်မှာ ဘုန်းတော်အိုကြီး၏ အကြည့်ကို ခံစားနေရ၏။ ၎င်းက ကြောက်ရွံ့မှု ဖြစ်နိုင်သလို၊ စိတ်ပျက်အားလျော့မှုလည်း ဖြစ်နိုင်ပါသည်...။

ဗင်းဆင့် ပါးစပ်ဟလိုက်သော်လည်း သူ့ လည်ချောင်းမှာ ခြောက်ကပ်နေပြီး အမှန်တရားကို ပြောပြရန် ရုတ်တရက် ကြောက်ရွံ့သွားမိသည်။

ဘုန်းတော်အိုကြီးမှာ လမင်းအပေါ် ခိုင်မာသော ယုံကြည်ချက်နှင့် အတူ တစ်ဘဝလုံး ကောင်းမှုများကို ပြုလုပ်လာခဲ့သူ ဖြစ်သည်။ လမင်းမှာ လူသားများထံ အေးချမ်းသာယာမှုများကို ဆောင်ကြဉ်းပေးလိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။ လမင်း၏ တရားတော်များကို ဖြန့်ဝေရန်၊ သာမန်လူများကို ယုံကြည်သူများ ဖြစ်လာစေရန်နှင့် လမင်းက သေမျိုးများ၏ အပြစ်များကို ဆေးကြောပေးကာ... ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေရန်ကတိပြုထားသူ ဖြစ်သည်။

အကယ်၍ ဘုန်းတော်အိုကြီးသာ ဗင်းဆင့်ကို ယုံကြည်လိုက်ပါက သူ ယခင်က လုပ်ဆောင်ခဲ့သမျှ အရာအားလုံး၏ အဓိပ္ပာယ်မှာ ပျောက်ဆုံးသွားပေလိမ့်မည်။

"ကျွန်တော် တောင်းပန်ပါတယ်..."

ဗင်းဆင့် ခုံတန်းပေါ်မှ ဆင်းကာ ဘုန်းတော်အိုကြီးရှေ့တွင် ဒူးထောက်လိုက်၏။ ထို့နောက် ခေါင်းငိုက်စိုက်ချလျက် ရှိုက်ကြီးတငင်ဖြင့် ပြောလိုက်လေသည်။

"ကျွန်တော် ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးခဲ့ပြီး လမင်းအပေါ် သစ္စာဖောက်ခဲ့ပါတယ်... အသင်းတော်က အလိုရှိနေတဲ့ ဘာသာရေး ဖောက်ပြန်တဲ့ မိစ္ဆာက... ကျွန်တော်ပါပဲ"

“...”

တာရန့်စ် တစ်ယောက် မူးလဲမတတ် ဖြစ်သွားခဲ့သည်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာကာ ဒေါသထွက်နေသောအကြည့်ဖြင့် အသက်ကို အကြိမ်များစွာ ပြင်းပြင်းရှူလိုက်ရင်း ဗင်းဆင့်၏ ပုခုံးကို ရိုက်ချလိုက်သည်။

"မင်းရဲ့ အပြစ်တွေကို ငါက ဖုံးကွယ်ပေးလိမ့်မယ်လို့ မျှော်လင့်နေတာလား... အရင်တုန်းက မင်းရဲ့ အမှားတွေကို ငါ ဖုံးကွယ်ပေးခဲ့သလိုမျိုးပေါ့ ဟုတ်လား... ဗင်းဆင့်... ငါက ဖောက်ပြန်တဲ့လူ မဟုတ်ဘူး... လမင်းမြတ် အပေါ် အပြည့်အဝ ယုံကြည်တဲ့သူ တစ်ယောက်ပဲ"

ဗင်းဆင့် ခေါင်းကို ပို၍ ငုံ့ထားလိုက်ပြီး ဘုန်းတော်အိုကြီး၏ ဆူပူသမျှကို ငြိမ်ခံနေလိုက်သည်။

"မှတ်ထား... ဒါက နောက်ဆုံးအကြိမ်ပဲ"

တာရန့်စ်က ဒေါသတကြီးဖြင့် ဗင်းဆင့်၏ ကော်လာကို ဆွဲကိုင်လိုက်၏။ ထိုခဏအတွင်းမှာပင် သူ၏ အရေတွန့်နေသည့် မျက်နှာက အသက် (၁၀) နှစ်ခန့် ပိုအိုစာသွားပုံရသည်။ ဗင်းဆင့်၏ ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်တွင်းများကို ကြည့်ရင်း တာရန့်စ် သူ့ကို ဆုတောင်းခန်းဘက်သို့ စိတ်ပျက်လက်ပျက်ဖြင့် တွန်းပို့လိုက်သည်။

"ဝင်သွား... ပုန်းနေလိုက်...”

"မင်းကို သူတို့ တွေ့သွားရင်တော့ ငါ ကိုယ်တိုင် မင်းကို အပ်လိုက်မှာ"

ဘုန်းတော်အိုကြီးက သေချာပေါက် ကူညီလိမ့်မည် ဖြစ်ကြောင်း ဗင်းဆင့် ကြိုတင် သိထားသော်လည်း သူ ဝမ်းသာနိုင်ခြင်း မရှိပေ။ သူက နောက်သို့ လှည့်ကြည့်ရင်း ပြောလိုက်၏။

"ကျွန်တော် မကြာခင် ထွက်သွားမှာပါ... ဒါပေမဲ့ ဆရာ့ကို ပြောစရာ တစ်ခု ရှိ..."

ရွှပ်...

ရုတ်တရက် အမှောင်ရိပ် တစ်ခု ဖြတ်ပြေးသွားကာ ဗင်းဆင့်၏ မြင်ကွင်းတစ်ခုလုံး သွေးရောင်များ ဖုံးလွှမ်းသွား၏။ ဗင်းဆင့်၏ မျက်နှာပေါ်သို့ သွေးများ စင်ကျလာသည်။ သူ့ ရင်ဘတ်တွင်လည်း ဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်လာကာ မီးခိုးငွေ့များ အဖြစ် လောင်ကြွမ်းလာ၏။

ဝှစ်...

လငပုပ် တမန်တော် ဘတ်ခ်မှာ လေထဲတွင် လွင့်မြောလျှက် ပေါ်လာခဲ့၏။ သူ့ မျက်နှာပေါ်တွင် အနက်ရောင် မျက်နှာဖုံးတစ်ခု တပ်ဆင်ထားပြီး၊ အေးစက်စက် မျက်လုံးများကိုသာ မြင်ရသည်။ သူက လက်ထဲတွင် ဧရာမ အနက်ရောင် လွှသွားကြီးကို ကိုင်ဆောင်ထားကာ၊ တစ်ခန်းလုံးကို သံကြိုးများဖြင့် ပိတ်ဆို့လိုက်ပုံက ဝိညာဉ်ကို လာရောက် သိမ်းဆည်းသည့် သေမင်းနှင့်ပင် တူနေတော့သည်။

ဒလိမ့်ဒလိမ့်နှင့် ဘုန်းတော်အိုကြီး၏ ဦးခေါင်းမှာ ထောင့်တစ်နေရာသို့ လိမ့်ဆင်းသွားသည်။ ယူကျုံးမရနှင့် ဝမ်းနည်းနေသည့် သူ့ မျက်ဝန်းများမှာ ယခုတိုင် မျက်ရည်စများနှင့် စိုစွတ်နေဆဲပင်...။

***

All Chapters