ဘတ်ခ် (၂)
Vol. 13 Ch. 174
လငပုပ် တမန်တော် ဘတ်ခ်သည် တမန်တော် ခုနစ်ပါးအနက် ဖျက်ဆီးခြင်း အဆင့် ရှိသူ နှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။ သူက သက်တမ်းအရှည်ဆုံး ကျန်ရစ်သူ တမန်တော်ဖြစ်သလို စုံစမ်းစစ်ဆေးရေးရုံး၏ အကြီးအကဲလည်း ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်ပြီး ဘာမှမမှုတတ်သည့် ဘတ်ခ်ကို 'အသက်ရိတ်သမား’ ၊ 'သေမင်း တမန်တော်' စသည်ဖြင့် အမျိုးမျိုး ရည်ညွှန်းကြသည်။
သို့သော်လည်း လူအများအပြားက သူ့ကို 'သေမင်းနိုင်ငံတော်' ဟု အမည်ပြောင် ပေးထားကြသည်။ အကြောင်းကား သူ၏ လွှသွားကြီးအောက်တွင် သဘာဝလွန် စွမ်းအားရှင်များ အပါအဝင် လူပေါင်းသောင်းချီ၍ သေဆုံးခဲ့ရသည်ဟု ကောလာဟလများ ရှိသောကြောင့်ပင်။
စုံစမ်းစစ်ဆေးရေးရုံးက ရက်စက်စွာ ကွပ်မျက်ခဲ့သည့် ဘာသာရေး ဖောက်ပြန်သူများနှင့် မိစ္ဆာအရေအတွက်မှာလည်း မရေမတွက်နိုင်အောင် ရှိသည်။ အကယ်၍ ထိုလူများအားလုံးကို တစ်နည်းနည်းဖြင့် ပြန်လည် အသက်သွင်းနိုင်ပါက နိုင်ငံတော်တစ်ခု တည်ထောင်နိုင်လောက်အောင် အရေအတွက် များပြားလှပေသည်။ ထိုအချက်ကပင်လျှင် ဘတ်ခ်၏ အမည်ပြောင် ဖြစ်ပေါ်လာရသည့် အကြောင်းရင်းပင် ဖြစ်သည်။
ထို့ပြင်... ဘတ်ခ်မှာ တစ်နှစ်ပတ်လုံး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်လေ့ရှိပြီး အနက်ရောင် ဦးခေါင်းခွံ မျက်နှာဖုံးနှင့် ဧရာမ လွှသွားကြီးကို လက်နက်အဖြစ် ကိုင်ဆောင်လေ့ ရှိသည်။ ၎င်းမှာ အသက်ဇီဝိန်များကို တစ်ခုပြီးတစ်ခု ရိတ်သိမ်းနေသည့် စစ်မှန်သော သေမင်းနှင့်ပင် တူနေပြီး၊ သူ၏ လျှို့ဝှက်ဆန်းပြားကာ သွေးပျက်ဖွယ် ပုံရိပ်ကို ပိုမို ထင်ရှားစေသည်။
ဘတ်ခ်မှာ သစ္စာရှိ တမန်တော်တစ်ဦးဖြစ်သည့်အတိုင်းပင် ပုပ်ရဟန်းမင်းကြီး၏ အမိန့်ကို ရရှိသည်နှင့် ချက်ချင်း စုံစမ်းစစ်ဆေးရေးရုံးမှ ထွက်ခွာလာခဲ့ကာ ကရုဏာတော် ဝတ်ပြုဆောင်ထံသို့ အမြန်ဆုံး လာခဲ့ခြင်း ဖြစ်သည်။
သူ့ တာဝန်အတွက် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ ပထမ တစ်ခု... ဗင်းဆင့် ထိုနေရာသို့ ရောက်မလာခဲ့ပါက ဘုန်းတော်အိုကြီးတာရန့်စ်ကို ဓားစာခံအဖြစ် ဖမ်းဆီးရန် ဖြစ်သည်။
ဒုတိယ တစ်ခု... ဗင်းဆင့် ရောက်လာခဲ့ပါက အရိပ်ထဲတွင် ပုန်းအောင်းစောင့်ဆိုင်းပြီး အမိုးခုံး ဘုရားကျောင်းအတွက် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်လာသော ထိုဘာသာရေး ဖောက်ပြန်သူအား ရှင်းလင်းပစ်ရန် ဖြစ်သည်။
ဒုတိယ အခြေအနေနှင့် ကြုံတွေ့ရသည့်အခါ တာရန့်စ် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘတ်ခ်အတွက် အရေးမကြီးပေ။ သို့မဟုတ်လျှင်လည်း ဘတ်ခ်၏ မျက်စိထဲတွင် သာမန်လူနှင့် မခြားနားသော ဘုန်းတော်အိုကြီးတစ်ပါးမှာ အရေးမပါသော အရာပင်။
တာရန့်စ် သေဆုံးသွားရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ တိုက်ခိုက်မှု စတင်ချိန်တွင် သူက ဗင်းဆင့်၏ ရှေ့တည့်တည့်၌ ရပ်နေခဲ့သောကြောင့်သာ ဖြစ်သည်။
ထိုမျှသာပင်။
ရှဲ... ရှဲ...
ဘတ်ခ်က လွှသွားကြီးကို မြှောက်လိုက်ရာ လမင်း၏ နတ်ဘုရားစွမ်းအားများမှာ အနက်ရောင် မီးလျှံများအလား ဓားသွားတစ်လျှောက် ပတ်ခွေ တောက်လောင်လာသည်။
လေထုမှာလည်း လှိုင်းများထသကဲ့သို့ တုန်ခါသွားပြီး တောက်ပသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲရင်း ၎င်း၏ ထက်မြက်မှုကို ပြသနေသည်။
ဘတ်ခ် မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ဒုတိယမြောက် ထိုးနှက်ချက်ကို ပြင်ဆင်လိုက်၏။
ပထမအကြိမ် ထိုးနှက်ချက်ကပင် ဗင်းဆင့်ကို နှစ်ပိုင်းပြတ်လုမတတ် ဖြစ်သွားစေခဲ့ကြောင်း သူ သိသည်။ ဗင်းဆင့်၏ အီသာစွမ်းအင် ထိန်းချုပ်နိုင်မှု အဆင့်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုတို့ကို ကြည့်ခြင်းအားဖြင့် ထိုဘုန်းတော်ကြီးမှာ သေလုမြောပါး ဖြစ်နေလောက်ပြီဟု သူ ယူဆသည်။
သို့သော်လည်း ဘတ်ခ်မှာ ရန်သူကို အမြစ်ပြတ် ရှင်းလင်းနိုင်ရန်အတွက် သတိကြီးစွာဖြင့်သာ ဆက်လက် လုပ်ဆောင်ရန် ရွေးချယ်ခဲ့သည်။
ဘတ်ခ်မှာ စိတ်လိုက်မာန်ပါ လုပ်တတ်သူ မဟုတ်ပေ။ သူ ဤနေရာသို့ မလာမီကပင် သတင်းအချက်အလက်များကို ဖတ်ရှုခဲ့ပြီး ဗင်းဆင့်၏ လက်ရှိအင်အားကို ခန့်မှန်းတွက်ချက်ပြီးသား ဖြစ်သည်။
ဗင်းဆင့်က မည်သို့သော နည်းလမ်းများအား အသုံးပြုခဲ့သည် မသိသော်လည်း သတ္တမမြောက် စီရင်စု ဝတ်ပြုကျောင်းတော်ကို မြေလှန်ပစ်ခဲ့ပြီး ဗန်နက်ဆာကို သတ်နိုင်ခဲ့သည်။ သို့သော် ယခုမှ ရာထူးတက်ခါစ ဖြစ်သည့် လကွယ် တမန်တော်သစ်မှာ 'ငရဲဘုံ အဆင့်' တစ်ယောက်မျှသာ ဖြစ်သည်။
ထို့ပြင် သူမ၏ ‘ဆိတ်ငြိမ်နယ်မြေ' မှာ အထောက်အကူပြု စွမ်းရည်တစ်ခု မျှသာ ဖြစ်သည်။ သူမ၏ ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းရည်မှာ အတော်ပင် နိမ့်ပါးလှရာ၊ ယခုလိုမျိုး အလွယ်တကူ အသတ်ခံလိုက်ရခြင်းက ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။
ထို့ပြင် ဘတ်ခ် စောစောက မြင်တွေ့လိုက်ရသည့်အတိုင်း ဗင်းဆင့်၏ အခြေအနေက အတော်ပင် ဆိုးရွားနေသည်။ ဤသည်မှာ လျှို့ဝှက်နည်းလမ်း တစ်ခုကို အသုံးပြုလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လိမ့်မည်ဟု ယူဆလိုက်သည်။
အကယ်၍ ဗင်းဆင့်တွင် 'ဖျက်ဆီးခြင်း အဆင့်' အင်အား ရှိနေခဲ့လျှင်ပင် သူက ထိုလျှို့ဝှက်နည်းလမ်းဖြင့် အသက်သွင်း ထားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း... ဘတ်ခ်မှာမူ 'ဖျက်ဆီးခြင်း အဆင့်' ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ရာ သူ့အနေဖြင့် ကြောက်နေစရာ လုံးဝ မလိုပေ။
ဘတ်ခ်မှာ တည်ငြိမ်စွာပင် ရှိနေခဲ့၏။ အနက်ရောင် ဦးခေါင်းခွံ မျက်နှာဖုံးနောက်ကွယ်မှ သူ့ မျက်လုံးများက ခံစားချက် ကင်းမဲ့နေကာ လွှသွားကို မြင့်မြင့်မြှောက်လိုက်ရင်း အောက်သို့ အားပါပါ ဝှေ့ယမ်းချလိုက်သည်။
ဝေါ...
သေခြင်းတရားနှင့် မှောင်မိုက်မှုတို့ကို ဆောင်ကြဉ်းပေးနေသည့် လမင်း၏ နတ်ဘုရားစွမ်းအားမှာ သတ်ဖြတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေသည့် ရေလှိုင်းကြီးတစ်ခုအလား စီးထွက်လာသည်။ ထိတွေ့မိသမျှ အရာအားလုံး အမြစ်ကစ၍ အသတ်ခံလိုက်ရပြီး ဟောင်းလောင်းပေါက် ဖြစ်သွားသည်။
ဟင်းလင်းပြင်ပင်လျှင် ချွင်းချက်မရှိဘဲ ပျက်စီး တွန့်လိမ်သွားကာ ဝတ်ပြုဆောင်၏ အလယ်ဗဟိုတွင် တွင်းနက်ကြီး တစ်ခုအလား ဖြစ်ပေါ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဘတ်ခ်က 'မိစ္ဆာစစ်ဆေးခြင်း' အစွမ်းကိုပါ အသက်သွင်းလိုက်ရာ သူ့ နောက်ဘက်တွင် လငပုပ်၏ အရိပ်တစ်ခု ထွက်ပေါ်လာ၏။
ပုပ်ရဟန်းမင်းကြီး ရော့ဒ်နီ လငပုပ် တမန်တော်ကို လွှတ်လိုက်ရသည့် အခြားသော အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ ၎င်းကား... ဘတ်ခ်၏ စွမ်းအားမှာ 'ဥပဒေသ' များနှင့် စိမ့်ဝင်နေကာ လမင်း၏ အလိုတော်ကို ဆောင်ကြဉ်းပေးခြင်းကြောင့် ဖြစ်သည်။ ရန်သူ၏ စွမ်းအားမှာ အလားတူ 'ဥပဒေသ' အဆင့်တွင် ရှိနေခဲ့လျှင်ပင် လမင်းအား နောက်ခံထားနေသည့် ဘတ်ခ်ကို ခုခံနိုင်ရန် လုံလောက်မည် မဟုတ်ပေ။
အမည်အတိုင်းပင် 'မိစ္ဆာစစ်ဆေးခြင်း' မှာ တစ်ဖက်လူ လမင်းအား အမှန်တကယ် ယုံကြည်သူ ဟုတ်မဟုတ်ကို ဆုံးဖြတ်ပေးနိုင်သည်။ တစ်ဖက်လူ၏ စွမ်းအားမှာ ဘတ်ခ်ထက် နိမ့်ကျနေသရွေ့ ဤစွမ်းရည်က ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ရန်သူမှာ ဘာသာရေး ဖောက်ပြန်သူ ဖြစ်နေပြီ ဖြစ်သဖြင့် လမင်းအား ယုံကြည်သူ မဟုတ်တော့ပေ။ ထို့ကြောင့် ဤစွမ်းရည်မှာ ဗင်းဆင့်ကို ကိုင်တွယ်ရန်အတွက် အကောင်းဆုံးသော စွမ်းရည်ပင် ဖြစ်ပေတော့သည်။
"လမင်းရဲ့ အလင်းတန်းအောက်မှာ သေခွင့်ရတာ မင်းအတွက် ဂုဏ်ယူစရာပဲ..."
ဘတ်ခ်သည် လေထဲတွင် ဝဲပျံရင်း ဗင်းဆင့်၏ သေဆုံးခြင်းကို ကြေညာလိုက်၏။
ရွှမ်း...
ခဏချင်းမှာပင် ဘတ်ခ်၏ လွှသွားမှာ ဗင်းဆင့်၏ လည်ပင်းနားသို့ ရောက်ရှိလာသည်။ သို့သော်လည်း... နောက်တစ်စက္ကန့်တွင်မူ ဗင်းဆင့်က သူ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လွှသွားအား ဖမ်းကိုင်လိုက်သည်ကို သူ မြင်လိုက်ရသည်။
ဗင်းဆင့်၏ လက်မှာ သွေးများ၊ မီးလောင်ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေ၏။ ကာကွယ်လိုက်သော အင်အားကြောင့် ထိုဒဏ်ရာအဖတ်များမှာ ကွာကျသွားကာ ၎င်းတို့အောက်တွင် ချော်ရည်များနှယ် နီရဲ၍ ရွှေရောင် တောက်လောင်နေသော အသားမျှင်များကို မြင်တွေ့လိုက်ရသည်။
ရှဲ...
ဗင်းဆင့်၏ လက်ချောင်းများမှ ထွက်ပေါ်လာသည့် ပြင်းထန်လှသော အပူရှိန်ကြောင့် လွှသွားဓားပေါ်တွင် လက်ဖဝါးပုံစံ အချိုင့်ကြီး ဖြစ်ပေါ်သွားသည်။ ချက်ချင်းပင် လွှသွား၏ အနားသတ်များမှာ နီရဲတောက်လာပြီး အပူလှိုင်းများမှာလည်း အပေါ်သို့ ထိုးတက်လာ၏။
ဗင်းဆင့်၏ ခန္ဓာကိုယ်မှာ ဘတ်ခ်ထံသို့ တိုးကပ်လာစဉ် နောက်တစ်ကြိမ် မီးကူးညှိခံလိုက်ရပြန်သည်။
"ဘယ်လိုဖြစ်တာလဲ...”
ဘတ်ခ်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွား၏။ လွှသွားမှတစ်ဆင့် စီးဝင်လာနေသည့် အပူရှိန်နှင့် ပြသနေသော စွမ်းအားမှာ သူ စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေသည်။ သို့သော်လည်း သူ ထိတ်လန့်မသွားဘဲ ဗင်းဆင့်၏ ဦးခေါင်းကို ဖြတ်ပစ်ရန်အတွက် လွှသွားကို ကွေးညွှတ်ကာ ဝှေ့ယမ်းလိုက်၏။
ရွှမ်း...
ဗင်းဆင့်က ခေါင်းကို တိမ်း၍ ရှောင်ဖို့ လုံးဝ မကြိုးစားပေ။ သူက ကျန်ရှိသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဘတ်ခ်၏ မျက်နှာကို ဖိကိုင်လိုက်၏။
ခရက်...
ပြင်းထန်လှသည့် အားတစ်ခုကြောင့် သူ့ မျက်နှာဖုံးမှာ ချက်ချင်းပင် ကြေမွသွားတော့သည်။ ကြောက်လန့်တကြား ဖြစ်နေသည့် ဘတ်ခ်၏ ဖြူရော်ရော် မျက်နှာက ရှင်းရှင်းလင်းလင်းပင် ထွက်ပေါ်လာကာ သူ့ မျက်ဝန်းများထဲ၌ မီးလျှံများ တောက်လောင်နေသည့် ဗင်းဆင့်၏ ပုံရိပ် ထင်ဟပ်လာခဲ့၏။
ထိုအချိန်မှာပင် ဘတ်ခတ် တစ်ယောက် ထိတ်လန့်စရာကောင်းသော အချက်တစ်ချက်ကို သိလိုက်ရသည်။ ၎င်းကား... သူ၏ စွမ်းရည်များက ဗင်းဆင့်အပေါ် မည်သည့် အာနိသင်မျှ မရှိခြင်းပင်။
"အံ့ဩသွားတာလား... မင်းရဲ့ စွမ်းအားက ဘာလို့ အသုံးမဝင်ရတာလဲဆိုတာ မင်း သိလား..."
ဗင်းဆင့်က အသံဩဩဖြင့် မေးလိုက်ပြီးနောက် ရယ်မောလိုက်သည်။
"ဘာလို့လဲဆိုတော့ လမင်းရဲ့ အလင်းဆိုတာ နေမင်းရဲ့ အလင်းပြန်မှု တစ်ခုသာ ဖြစ်လို့ပဲ...”
***