နောက်ထပ် ဂက်စ်လိုင်း ပေါက်ကွဲမှုလား
Vol. 13 Ch. 175
"အံ့ဩသွားတာလား... မင်းရဲ့ စွမ်းအားက ဘာလို့ အသုံးမဝင်ရတာလဲဆိုတာ မင်း သိလား... ဟား ဟား... ဘာလို့လဲဆိုတော့ လမင်းရဲ့ အလင်းဆိုတာ နေမင်းရဲ့ အလင်းပြန်မှု တစ်ခုသာ ဖြစ်လို့ပဲ...”
ဗင်းဆင့်၏ လှောင်ရယ်သံကြီးနှင့် စကားလုံးများကို ကြားလိုက်ရသော အခိုက်၌ ဘတ်ခ် တစ်ယောက် ငေးငိုင် သွားခဲ့၏။ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများက သူ့ကို လွှမ်းမိုးသွားကာ တစ်ကိုယ်လုံးကို ပြင်းထန်စွာ တုန်ယင်သွားစေသည်။
ရှဲ... ရှဲ...
ထိုအခိုက်တွင်ပင် ဗင်းဆင့်၏ လက်ဖဝါးမှတစ်ဆင့် ပြင်းထန် ပူပြင်းလှသော စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူ့ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို သူ ခံစားလိုက်ရသည်။ ၎င်းမှာ ရေနံကန်ထဲသို့ မီးခြစ်ဆံတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင်၊ သူ့ ခန္ဓာကိုယ် အတွင်းရှိ လမင်း၏ နတ်ဘုရားစွမ်းအားများကို ချက်ချင်းပင် မီးဟုန်းဟုန်း တောက်လျှက် စွဲလောင်သွားလေတော့၏။
ဘုန်း...
"အား...”
ဘတ်ခ်၏ ခန္ဓာကိုယ်မှ မီးလျှံများ ပြင်းထန်စွာ ထွက်ပေါ်လာကာ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် သူ့ ခန္ဓာကိုယ်အတွင်းရှိ လမင်း၏ နတ်ဘုရား စွမ်းအားများ အားလုံး ပေါက်ကွဲထွက်သွားလေတော့၏။
ဘုန်း...
'ဖျက်ဆီးခြင်း အဆင့်' တစ်ဦးမှာ ခဏချင်းအတွင်း ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် ကြည့်စေကာမူ... ဤပေါက်ကွဲမှုမှာ သတ္တမမြောက် စီရင်စု ဝတ်ပြုကျောင်းတော်ကို မြေလှန်ပစ်ခဲ့သည့် ပေါက်ကွဲမှုထက် များစွာ ပိုမို ပြင်းထန်လှသည်။
စက်ဝိုင်းပုံ အလင်းလုံးကြီးမှာ အပြင်ဘက်သို့ ပြန့်ကားသွားပြီး ညကောင်းကင်ယံကြီးတစ်ခုလုံး လင်းထိန်သွားလေတော့၏...။
...
သစ်သား ဝတ်ပြုဆောင်လေးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အဖြူရောင် အလင်းတန်းများမှာလည်း အဝေးသို့ လွင့်စဉ်ကာ ပျောက်ကွယ် သွားခဲ့၏။
'ကရုဏာတော် ဝတ်ပြုဆောင်' ဟောင်း တည်ရှိခဲ့သော နေရာ၏ အလယ်ဗဟို တည့်တည့်တွင်မူ ဗင်းဆင့်မှာ ဘုန်းတော်အိုကြီး၏ ပြာဖြစ်နေသော ဦးခေါင်းကို ဆုပ်ကိုင်လျက် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ရွှေရောင် မီးလျှံများမှာ သူ၏ ဟောင်းလောင်းပေါက် မျက်တွင်းနှစ်ဖက်မှ စီးကျလာပြီး မြေပြင်ပေါ်သို့ တစ်စက်ချင်းစီ ကျရောက်နေလေတော့၏။
...
မြေပြင် အနည်းငယ် တုန်ခါမှုကြောင့် လင်ကျဲမှာ လန့်သွားခဲ့သည်။ 'မှောင်မိုက်သော ခေတ်ကာလ - အဲလ်ဖို့ဒ်၏ ထွန်းကားခြင်းနှင့် ကျဆုံးခြင်း' စာအုပ်ကို လေ့လာနေသောကြောင့် ဤသန်းခေါင်ယံအချိန်အထိ မအိပ်သေးဘဲ ရှိနေခြင်း ဖြစ်သည်။
စာအုပ်ထဲတွင် အာရုံစိုက်နေစဉ်မှာပင် လင်ကျဲ တစ်ယောက် သူ့ စားပွဲမှာ စတင် တုန်ခါလာသည်ကို ခံစားလိုက်ကော၊ ထို့နောက်တွင် သူ၏ ခြေထောက်များလည်း တုန်လာခဲ့သည်။
သူက စာဖတ်နေစဉ် ခြေထောက်လှုပ်တတ်သည့် အလေ့အထ မရှိသဖြင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း သိလိုက်ရသည်။ အစပိုင်းတွင် ငလျင်လှုပ်သည်ဟု ထင်မှတ်သော်လည်း၊ ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်သောအခါ အလင်းတန်းအချို့ကို သတိပြုမိလိုက်သည်။
"ဟင်..."
လင်ကျဲမှာ အံ့ဩသွားပြီး ပို၍ သေချာမြင်ရရန် လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ ထိုအခါ အဝေးတစ်နေရာတွင် သေးငယ်သော အလင်းစက်တစ်ခုနှင့်အတူ ဝုန်းခနဲ အသံကြီးကို သူ ကြားလိုက်ရလေ၏။
"နောက်ထပ် ဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုကြီးလား... "
လင်ကျဲ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်သွား၏။ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ရင်း ရှင်းပြ၍ မရသည့် အပြစ်ရှိစိတ် တစ်ခုကို သူ ခံစားလိုက်ရသည်။
"ပထမနှစ်ခါတုန်းကတော့ ငါနဲ့ အတော်လေး နီးစပ်ခဲ့တယ်... အဲဒါတွေက ငါ့ရဲ့ ကျိန်စာကြောင့် ဖြစ်ချင် ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ဒီတစ်ခါတော့ ငါနေတဲ့ နေရာနဲ့ လမ်းမတွေ အများကြီး ဝေးတဲ့နေရာမှာ ဖြစ်သွားတာလေ... ဒါက ငါနဲ့ ဘာမှမဆိုင်တော့ဘူးလို့ ထင်တာပဲ၊ ဟုတ်တယ်မလား..."
"အရာအားလုံး ပိုကောင်းလာပါစေ" ဟု သူပြောခဲ့သည့် နောက်ဆုံးအကြိမ်က ထိုညမှာပင် သူ့ ဆိုင်မျက်နှာချင်းဆိုင် လမ်းဘက်၌ ဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ကာ အရာအားလုံး အပျက်အစီးဖြစ်သွားခဲ့သည်ကို သူ မှတ်မိနေသေးသည်။
‘နောက်ပြီး ခုရက်ပိုင်း ငါ ဒီလို နိမိတ်မရှိတဲ့ စကားမျိုးတွေ မပြောမိပါဘူး...’
လင်ကျဲက ခေါင်းခါလိုက်ပြီး လိုက်ကာများကို ပြန်ပိတ်ကာ သူ၏ စာရေးစားပွဲသို့ ပြန်လျှောက် လာခဲ့သည်။
"အင်း... နော်ဇင်မြို့မှာ ဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုတွေက တော်တော်လေး အဖြစ်များတာပဲ"
လင်ကျဲ လွန်ခဲ့သည့် သုံးနှစ်အတွင်း လတိုင်းလိုလို ဤကဲ့သို့သော သတင်းများကို တွေ့နေရပြီး အချို့သော ဂက်စ်စက်ရုံများမှာလည်း အခါအားလျော်စွာ ပေါက်ကွဲတတ်သည်။ တစ်ခါတစ်ရံတွင် ထိုစက်ရုံများမှာ ဂက်စ်ထုတ်လုပ်နေခြင်းထက် ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေခြင်းလားဟုပင် လင်ကျဲ သံသယဝင်မိသည်။
သူ တစ်ယောက်ထဲ ထိုကဲ့သို့ ရူးကြောင်ကြောင် တွေးနေသည်တော့ မဟုတ်...။ နော်ဇင်မြို့မှ အချို့သော မီဒီယာများမှာ ပို၍ပင် ဆိုးသေးသည်။ ထိုဂက်စ်စက်ရုံများမှာ အမှန်စင်စစ် 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ’ ၏ လျှို့ဝှက်လက်နက်စက်ရုံများ ဖြစ်နိုင်သည်ဟုပင် သူတို့က သံသယရှိနေကြသည်။ ပေါက်ကွဲမှုတစ်ခုစီတိုင်းမှာ အမှန်တကယ်တော့ လက်နက်သစ်များကို စမ်းသပ်နေခြင်းဖြစ်သည်ဟု သူတို့က အခိုင်အမာ ဆိုကြ၏...။
ပို၍ ယုံကြည်စိတ်ချရသော မီဒီယာတစ်ခုကမူ ရိုးလ်အဖွဲ့၏ အဆင့်မြင့် စီမံခန့်ခွဲသူတစ်ဦးကို လျှို့ဝှက် အင်တာဗျူးခဲ့ပြီး ရရှိခဲ့သော သတင်းအချက်အလက်များအရ ဤ "ဂက်စ်" ဆိုသည်မှာ အမှန်စင်စစ် မြို့တောအောက်ပိုင်းခရိုင်တွင် တွေ့ရှိခဲ့သော တည်ငြိမ်မှုမရှိသည့် စွမ်းအင်သစ်တစ်မျိုးဖြစ်ပြီး၊ စမ်းသပ်ဆဲအဆင့်မှာသာ ရှိသေးသဖြင့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
ထင်မြင်ချက်များ အမျိုးမျိုး ကွဲပြားနေသော်လည်း၊ အချုပ်အားဖြင့်ဆိုရသော် နှစ်စဉ်ဖြစ်ပွားနေသော ဤပေါက်ကွဲမှုများမှာ နော်ဇင်မြို့၏ မြို့ပြဒဏ္ဍာရီများထဲမှ တစ်ခု ဖြစ်နေချေပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ... ဗဟိုခရိုင် အုပ်ချုပ်ရေးအဖွဲ့ကိုမူ ဤအကြောင်းရင်းနှင့် ပတ်သက်၍ မေးမြန်းသည့်အခါတိုင်း "ဘာမှမမေးနဲ့ ဒါ ဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုပဲ" ဟူသည့် အဖြေတစ်ခုတည်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။
လင်ကျဲ၏ အကြည့်မှာ စားပွဲပေါ်ရှိ စာအုပ်ထံသို့ ပြန်လည်ရောက်ရှိသွားကာ စာမျက်နှာများကို လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်နေမိ၏။ ပုံမှန်ဆိုလျှင် သူ ဤအချိန်မျိုး၌ အိပ်ရာဝင်နေပြီ ဖြစ်သော်လည်း၊ ယနေ့တွင်မူ စာအုပ်ထဲ၌ အလွန်အကျွံ အာရုံရောက်နေသဖြင့် အချိန်ကုန်သွားသည်ကိုပင် သတိမပြုမိခဲ့ပေ။
အကယ်၍ ထိုဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုကသာ သူ့ကို အနှောင့်အယှက် မပေးခဲ့လျှင် လင်ကျဲ မိုးလင်းပေါက်သည်အထိ စာဖတ်နေမိနိုင်သည်။
"ငါ ဒီလောက်အထိ ညဖက် နောက်ကျတာ ရှားပါတယ်..."
လင်ကျဲက သက်ပြင်းချလိုက်၏။ ထို့နောက် သူက စာအုပ်မှတ်ကလေးကို ညှပ်လိုက်ကာ စာအုပ်ကို ပိတ်ပြီး အိပ်ရာဝင်ရန် ပြင်ဆင်လိုက်သည်။
အမှန်အတိုင်း ပြောရလျှင် စာအုပ်ထဲတွင် ဖော်ပြထားသည့် အဲလ်ဖို့ဒ်၏ သမိုင်းပုံရိပ်များမှာ အလွန်ပင် စေ့စပ်သေချာပြီး သက်ဝင်လှပလှသည်။ ဒဏ္ဍာရီဆန်ဆန် မှော်ဆန်မှုများနှင့် စိတ်ကူးယဉ်ဆန်သော ဖော်ပြချက်များမှာ တရုတ်ရှေးဟောင်း ဒဏ္ဍာရီများနှင့် သမိုင်းများကို ပေါင်းစပ်ထားသကဲ့သို့ပင် ဖြစ်ပြီး ဖတ်ရှုရသည်မှာ အလွန် အံ့ဩစရာ ကောင်းလှသည်။
သို့သော်လည်း အဲလ်ဖို့ဒ်၏ နောက်ဆုံးဘုရင် ကန်ဒယ်လာ၏ ငယ်စဉ်က လုပ်ရပ်အချို့မှာမူ သူ အိပ်မက်ထဲတွင် မြင်တွေ့ခဲ့ရသည့်အရာများနှင့် ထပ်တူကျနေသဖြင့်၊ စာအုပ်ထဲရှိ အကြောင်းအရာအများစုမှာ အမှန်တရားများ ဖြစ်နိုင်ကြောင်း လင်ကျဲ ခံစားလိုက်ရသည်။
၎င်းတို့မှာ ဟိုးရှေးရှေးတုန်းက ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သဖြင့် ယခုအခါ ပြန်လည် အတည်ပြုရန် မဖြစ်နိုင်တော့ခြင်းသာ ရှိပေလိမ့်မည်။
သို့သော်လည်း... နေမင်းနှင့် လမင်းတို့ အမှောင်ထု၏ ဝါးမြိုခြင်း ခံလိုက်ရပြီးသည့်နောက် 'မှောင်မိုက်သော ခေတ်ကာလ' ရောက်ရှိလာခြင်း အကြောင်းကို ဖတ်ရှုမိသည့်အခါတွင်မူ လင်ကျဲ သံသယအနည်းငယ် ဖြစ်မိသွားသည်။
အကြောင်းကား... ယခုထက်ထိတိုင် နေနှင့်လမှာ ကောင်းကင်ယံတွင် ပုံမှန်အတိုင်း ရှိနေဆဲဖြစ်ပြီး ဝါးမြိုခံထားရသည့် ပုံစံမျိုး မရှိသောကြောင့်ပင်။
သို့သော်လည်း မကြာမီမှာပင် ဤစာအုပ်ထဲရှိ နေနှင့်လမှာ အချို့သော နတ်ဘုရားများကို ကိုယ်စားပြုခြင်း ဖြစ်နိုင်ပြီး၊ ၎င်းတို့ သေဆုံးသွားခြင်းကို ရည်ညွှန်းခြင်း ဖြစ်နိုင်ကြောင်း သူ နားလည်လိုက်သည်။
"နေမင်းသည် တိတ်ဆိတ်စွာ ငြိမ်းသတ်ခံလိုက်ရပြီး၊ လမင်း၏ အရေခွံမှာမူ သားရဲများ၏ ခိုးယူခြင်းကို ခံလိုက်ရသည်..."
ထိုကဲ့သို့ ထူးဆန်းပြီး မရေရာသည့် ဖော်ပြချက်မျိုးမှာ သ် တစ်ဦးတည်း၏ တွေးတောချက်အရဆိုလျှင် ဖြစ်နိုင်ခြေများစွာ ရှိနေသည်။
လင်ကျဲ ထိုအကြောင်းများကို စဉ်းစားရင်း ခေါင်းနည်းနည်း ကိုက်လာသဖြင့် နားထင်ကို ကိုင်လိုက်မိ၏။
"ဆစ်ဗာက ငါ ဓားရေးတတ်မြောက်မှ အမှန်တရားကို ပြောပြမယ်လို့ ပြောခဲ့တာပဲ... အား... ငါ လိမ်ခံလိုက်ရတာပဲ”
"ဒါပေမဲ့ ကိုယ့်အိပ်မက်ကို ကိုယ်တိုင် ဖန်တီးရတာက ပိုပြီးတော့တောင် အလိမ်ခံရသလိုပဲ..."
လင်ကျဲက မကျေမနပ် ရေရွတ်ရင်း မီးပိတ်ကာ အိပ်ရာပေါ်တွင် လဲလျောင်းလိုက်တော့သည်။ လွန်ခဲ့သည့် ရက်ပိုင်း အတွင်း... ပထမဆုံးသော အိပ်မက်ဘုံအတွက် အခြေခံပုံစံကို သူ တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သော်လည်း... ထိုအိပ်မက် တစ်ခုလုံးက မှောင်မည်းပြီး အဆုံးမရှိသည့် နေရာလွတ်ကြီးတစ်ခုသာ ဖြစ်သည်။ ထိုနေရာတွင် ဘာမျှမရှိဘဲ သူ လမ်းလျှောက်နေရုံသာ တတ်နိုင်သည်။ လင်ကျဲသည် သူ စုဆောင်းထားသော 'အီသာ' အားလုံးကို ထိုအိပ်မက်ဘုံထဲသို့ ထည့်သွင်းထားသည်။
ထို့ကြောင့်ပင်... လင်ကျဲမှာ အိပ်မက်ထဲတွင် ရှိနေချိန်၌သာ အီသာများကို မြင်တွေ့နိုင် ခံစားနိုင်သည့် အထူးအခြေအနေ တစ်မျိုးကို ပိုင်ဆိုင်ထားပေသည်။
ထိုအချက်မှလွဲ၍ ကျန်ရှိသော တိုးတက်မှုများမှာမူ ခရုသွားသကဲ့သို့ အလွန် နှေးကွေးလှသည်။
အိပ်မက်ဘုံ ထဲတွင် လက်တွေ့ဘဝနှင့် နီးစပ်သော အရာဝတ္ထုများကို ဖန်တီးရန်မှာ အလွန်ခက်ခဲလှပြီး၊ မိမိကိုယ်တိုင်ပင် ထိုအရာကို အစစ်အမှန်ဟု ယုံကြည်သွားသည်အထိ ဖန်တီးရမည် ဖြစ်သည်။
သို့သော်လည်း လင်ကျဲ ယနေ့တွင် စိတ်ကူးသစ်တစ်ခု ရရှိခဲ့ပြီး၊ ထိုနည်းလမ်းက အိပ်မက်ကို တည်ဆောက်ရာတွင် အခက်အခဲများကို လျှော့ချပေးကာ ပိုမို လွယ်ကူစေလိမ့်မည်ဟု သူ ထင်သည်။
***