← Chapters

လမင်းကြီး ဖြစ်ချင်တယ်

Vol. 13 Ch. 176

လမင်းကြီး ဖြစ်ချင်တယ်

Vol. 13 Ch. 176

လင်ကျဲ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်လိုက်သောအခါ အိပ်မက်ဘုံ အတွင်းရှိ အမှောင်ထုအတွင်းတွင် ရပ်နေမိပြီ ဖြစ်သည်။

သူ လက်ကို ဆန့်ထုတ်၍ အနည်းငယ် ဖိချလိုက်ရာ ညီညာသော မျက်နှာပြင်တစ်ခုကို ခံစားလိုက်ရသည်။ သူ ငုံ့ကြည့်လိုက်သောအခါ ထိုနေရာလွတ်ထဲတွင် ဟောင်းနွမ်းနေသည့် မဟော်ဂနီ သစ်သားစားပွဲတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။

စားပွဲပေါ်တွင် ရှုပ်ပွနေသည့် စာအုပ်ပုံများ၊ သင်ခန်းစာ အစီအစဉ်အချို့၊ မျက်မှန်တစ်စုံ၊ ကိရိယာငယ်အချို့၊ ဘောပင်များနှင့် ဟောင်းနွမ်းနေသော သားရေစာချပ်တစ်ခု ရှိနေခဲ့သည်။

လင်ကျဲက ပြုံးလိုက်ရင်း စားပွဲပေါ်ကို ခေါက်လိုက်သည်။

ဒေါက်... ဒေါက်...

အသံ၊ ထိတွေ့မှုနှင့် အသွေးအသားမှာ အစစ်အမှန်အတိုင်းပင် ဖြစ်သည်။

"အောင်မြင်သွားပြီ..."

ထိုကဲ့သို့ ပြောပြီးနောက် သူ ရဲရဲဝံ့ဝံ့ပင် နောက်ဖက်သို့ ထိုင်ချလိုက်ရာ ဘယ်ကရောက်လာမှန်းမသိသည့် ကုလားထိုင်တစ်ခုက အလိုအလျောက် နေရာယူထားပြီး ဖြစ်သည်။

သူ အထူးမှာယူထားသည့် ထိုကုလားထိုင်မှာ ထုံးစံအတိုင်း အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။ လင်ကျဲ မျက်လုံးများကို မှိတ်ကာ နောက်ဖက်ကို မှီချလိုက်၏။ ယခုအခါ သူ့ ခြေထောက်များသည် သစ်သားကြမ်းပြင်၏ ထိတွေ့မှုကိုပင ခံစားနေရပြီ ဖြစ်သည်။

လင်ကျဲ မျက်လုံး ဖွင့်ကာ မော့ကြည့်လိုက်သောအခိုက်၌ ရင်းနှီးနေပြီးသား မျက်နှာကျက်က သူ့ကို ဆီးကြိုနေသည်။

လင်ကျဲက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ... အမှောင်ထုမှာ မှိုနံ့သင်းသင်းလေး ထွက်နေသည့် စာအုပ်စင်များဖြင့် ပြည့်နှက်နေသော စာကြည့်ခန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

စားပွဲနှင့် မလှမ်းမကမ်းတွင် ပြတင်းပေါက်မှတစ်ဆင့် သဘာဝအလင်းတန်းများ ဝင်ရောက်နေ၏။ လေထုထဲတွင် ဖုန်မှုန့်လေးများ လွင့်မြောနေပြီး၊ အပြင်ဘက်တွင်ရှိသော သစ်ပင်၏ စိမ်းလန်းစိုပြေသော အရွက်များမှာ လေတိုက်နှုန်းကြောင့် ယိမ်းနွဲ့နေကြသည်။

အကယ်၍ သူ ထိုပြတင်းပေါက်ကို သွားဖွင့်လိုက်ပါက နံရံတစ်လျှောက် တွားသွားနေသော နွယ်ပင်များကို မြင်ရမည် ဖြစ်သည်။ ဆန့်ကျင်ဘက်ရှိ တံခါးကို ဖွင့်လိုက်ပါလျှင်ပင် လှေကားထံသို့ ဦးတည်နေသည့် ရှည်လျားသော စင်္ကြံလမ်း တစ်ခုကို မြင်ရမည် ဖြစ်ကြောင်း လင်ကျဲ သေချာပေါက် သိနေသည်။

ဤသည်က အခြားနေရာ မဟုတ်...။ သူ ဤကမ္ဘာသို့ မရောက်လာမီက နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့သည့် သူ၏ ကိုယ်ပိုင်အိမ်ပင် ဖြစ်လေတော့သည်။ ၎င်းမှာ သူ့အတွက် အကျွမ်းတဝင်အရှိဆုံး နေရာ ဖြစ်ပေသည်။

လင်ကျဲ ပထမဆုံးသော အိပ်မက်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ အနာဂတ်တွင် မည်သည့်အိပ်မက်ကိုမဆို ဖန်တီးရန်မှာ သူ့အတွက် သိပ်မခက်ခဲတော့ဟု လင်ကျဲ ခံစားလိုက်ရသည်။

စားပွဲပေါ်ရှိ သားရေစာချပ်ကို ကြည့်ရင်း လင်ကျဲ တစ်ယောက် အတိတ်ကို လွမ်းဆွတ်သည့် စိတ်များ ပြင်းထန်စွာ ခံစားလိုက်ရ၏။ ထို့နောက် သူ စိတ်ကူးတစ်ခု ရလိုက်ပြန်သည်။

‘တကယ်လို့ ငါ အိပ်မက်ထဲမှာ လူတွေကိုပါ ဖန်တီးနိုင်ရင် ဘယ်လိုဖြစ်မလဲ...’

သူက ခေါင်းခါလိုက်ပြီး ခဏတာ ပေါ်လာသည့် ထိုအတွေးကို ဖျောက်ဖျက်လိုက်လေသည်။

...

မွန်း မိုးလင်းသည်နှင့် အိပ်ရာမှ ထ၏။ မျက်နှာသစ်၊ အဝတ်အစားလဲပြီးနောက် အေပရွန်ကို ဝတ်ကာ စတင် ချက်ပြုတ်တော့သည်။ ထို့နောက် သူမက လူသားနာရီတစ်ခုအလား သတ်မှတ်ထားသော အချိန်တွင် ဆိုင်ရှင်လင်ကို သွားရောက် နှိုးခဲ့သည်။

မွန်း မနက်စာ စားနေစဉ်အတွင်း လင်ကျဲ၏ မျက်နှာကို အခါအားလျော်စွာ ခိုးကြည့်နေခဲ့သည်။ ထို့နောက်တွင်မူ သူမ လင်ကျဲနှင့် အကြည့်ချင်း ဆုံသွားတော့၏။

မွန်း ချက်ချင်း ရပ်လိုက်ပြီး လင်ကျဲကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သူမ၏ ပါးစပ်ထဲတွင် ထမင်းများ ပလုတ်ပလောင်း ရှိနေဆဲ ဖြစ်သဖြင့် ပါးလေးများမှာ ဖောင်းနေသော်လည်း သူမကတော့ ရဲရဲဝံ့ဝံ့ပင် ရှိနေပုံရသည်။

လင်ကျဲ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွား၏။ သူ တူကို ချလိုက်ပြီး စိတ်ရှည်လက်ရှည်ဖြင့် ထိုကလေးကို ပြုံးပြလိုက်သည်။

"မွန်း... ပြောစရာ တစ်ခုခု ရှိလို့လား"

ဤအရွယ် ကလေးများတွင် တစ်ခါတစ်ရံ သူတို့၏ မိဘများကို မေးရန် ရှက်စရာကောင်းသည့် မေးခွန်းများ ရှိတတ်ကြောင်း သူ နားလည်သည်။ ကလေးများ လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်ကို ချောမွေ့စွာ ဖြတ်သန်းနိုင်ရန်အတွက် မိဘများ၏ စိတ်ရှည်လက်ရှည် လမ်းပြမှု လိုအပ်ပေသည်။

မွန်းက ခဏမျှ တွန့်ဆုတ်နေပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။

"ကျွန်မ... ကျွန်မ လမင်း ဖြစ်ချင်တယ်... ဘော့စ်"

“အမ်... လမင်း ဟုတ်လား...”

“ဆေလာမွန်းလား..”

လင်ကျဲ တစ်ယောက် ဆွံ့အ သွားခဲ့လေတော့၏။ လင်ကျဲ အနေဖြင့် မွန်း၏ ကလေးကလေး ဆန်ဆန် စိတ်ကူးယဉ်မှုများနှင့် ရင်းနှီးကျွမ်းဝင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ယခင်က အခြေခံပညာရပ်များကို လေ့လာဖို့ အတွက် သူပေးထားသည့် အဘိဓာန်ဖြင့် မွန်း လေ့ကျင့်ခန်းများ လုပ်ဆောင်သည့်အခါတိုင်း... သူမ၏ အိမ်စာများကို စစ်ဆေးရသည်မှာ ကလေးငယ်များ၏ စိတ်ကူးယဉ်ကမ္ဘာထဲသို့ ရောက်ရှိနေသကဲ့သို့ လင်ကျဲခံစားရလေ့ရှိသည်။

စိတ်ထဲတွင်မူ ရယ်ချင်စရာဟု ထင်မှတ်မိသော်လည် ဤသည်က စိတ်ပါဝင်စားစွာ သင်ယူခြင်း၏ ပြယုဂ်တစ်ခုဟု လင်ကျဲ နားလည်ထားသည်။ ကလေး ကိုယ်တိုင်က နှစ်သက်မြတ်နိုးပြီး ပညာရပ်များကိုလည်း လျင်မြန်စွာ ဆုပ်ကိုင်နိုင်စွမ်းရှိနေသည်ဖြစ်ရာ လင်ကျဲအနေဖြင့် သဘာဝအတိုင်းသာ လွှတ်ထားရန် ဆုံးဖြတ်ခဲ့သည်။

မည်သို့ပင် ဆိုစေ... ဤသည်မှာ ကောင်းသောလက္ခဏာတစ်ရပ်ပင် မဟုတ်ပါလော။

လင်ကျဲ၏ သင်ကြားပြသမှုပုံစံမှာ အမြဲတစေပင် ပွင့်လင်းမြင်သာမှုရှိခဲ့သည်။ တပည့်တစ်ဦးချင်းစီ၏ အရည်အချင်းနှင့် ဝါသနာအလိုက် လိုက်လျောညီထွေ လေ့ကျင့်ပေးတတ်သဖြင့် လူအများ၏ ချီးမွမ်းခြင်းခံရသော ဆရာကောင်းတစ်ဦးလည်း ဖြစ်သည်။

သို့သော်လည်း... ယနေ့ နံနက်စောစောစီးစီးတွင်ပင် ပေါ်ထွက်လာသည့် မွန်း၏ စိတ်ကူးယဉ်လေသံက လင်ကျဲကို အတော်လေး အံ့အားသင့်သွားစေသည်။ ထိုအရာက လိုတာထက် ပို၍ ကလေးဆန်လွန်းလှသည်။

ဆရာမက "အနာဂတ်မှာ ဘာဖြစ်ချင်သလဲ" ဟု မေးသည့်အခါ “သားက အာလ်ထရာမန်းကြီး ဖြစ်ချင်ပါတယ် ဆရာမ” ဟု ဖြေတတ်ကြသည့် ကလေးငယ်များ၏ အဖြေနှင့် ဘာမှမခြားတော့ပေ။

မွန်း၏ အေးစက်တည်ငြိမ်သော အမူအရာကို ကြည့်၍ သူမမှာ သက်တူရွယ်တူများထက် ပို၍ ရင့်ကျက်လိမ့်မည်ဟု လင်ကျဲ ထင်မှတ်ခဲ့သော်လည်း လက်တွေ့တွင်မူ သူမ၏ အတွင်းစိတ်မှာ ကျပ်မပြည့်သေးသည့် ကလေးငယ်တစ်ဦးမျှသာ ရှိသေးသည်။

လင်ကျဲ မွန်း၏ မျက်နှာလေးကို လမင်းကြီးထက်တွင် ပုံဖော်ကြည့်ကာ သူကတော့ တယ်လီစကုပ်ထဲမှ နေ၍ လှမ်းကြည့်နေရမည့် အဖြစ်ကို မြင်ယောင်ရင်း စိတ်ကို မထိန်းနိုင်ဘဲ တခွိခွိ ရယ်သံထွက်သွားရတော့၏။

ဆရာလင်၏ ခိုးရယ်နေသည့် အမူအရာကို မြင်လိုက်ရသောအခါ မွန်းမှာ သူမ အလှောင်ခံနေရသည်ဟု ထင်မှတ်ကာ ပါးဖောင်းဖောင်းလေးနှစ်ဖက်မှာ ပို၍ ဆူထွက်လာခဲ့လေသည်။

အမှန်စင်စစ် မနေ့ညက သူမ မနေ့ညက ဝါပူးဂစ် နှင့် ပူးပေါင်းကာ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ ဝါပူးဂစ်၏ အိပ်မက်ဘုံထဲတွင် မြှုပ်နှံထားသည့် နေမင်း၏ အကြွင်းအကျန်များကို နေမင်းကျမ်းစာ ကိုင်ဆောင်ထားသည့် ဗင်းဆင့်ထံသို့ ပေးအပ်ခဲ့ကာ နေမင်း၏ အကြွင်းအကျန် တန်ခိုးအာဏာများကို အပ်နှင်းခဲ့ခြင်း ဖြစ်သည်။

ဤလုပ်ရပ်ကြောင့်ပင် ပဋိပက္ခများမှာ အဆပေါင်းများစွာ ပိုမိုပြင်းထန်လာခဲ့ပြီး အမိုးခုံး ဘုရားကျောင်းတော်မှ ပုပ္ပားရဟန်းမင်းကြီးကိုပင် တုန်လှုပ်သွားစေခဲ့သည်။ ကံကောင်းထောက်မစွာပင် ထိုအသင်းတော်မှာ အမည်မသိ အင်အားစုများအပေါ် လုံလောက်သည့် သတိဝီရိယ မရှိသေးပေ။

ဘုရားကျောင်းတော်၏ သတင်းအချက်အလက် ချို့တဲ့မှုနှင့် ထောင်လွှားစော်ကားမှုတို့ကို အခွင့်ကောင်းယူကာ တမန်တော်နှစ်ပါးကို သုတ်သင်နိုင်ခဲ့ပြီး ခရိုင်တစ်ခုလုံးကိုလည်း မြေလှန်ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ဤသည်မှာ ဝါပူးဂစ်နှင့် မွန်းတို့ ချုပ်ဆိုခဲ့သည့် ပဋိညာဉ်၏ ပထမခြေလှမ်းပင် ဖြစ်သည်။ စတင်မှုမှာ အတိုင်းထက်အလွန် ပြည့်စုံခဲ့သည်ဟု ဆိုနိုင်သော်လည်း၊ ထိုနတ်ဘုရားအတုများကို အမြစ်ပြတ်ချေမှုန်းရန်မှာမူ သူတို့နှစ်ဦး၏ ပူးပေါင်းအင်အားထက်ပင် ပိုမိုလိုအပ်နေဦးမည် ဖြစ်သည်။

အစစ်အမှန် လမင်း၏ တန်ခိုးအာဏာမှာ သူတို့၏ သိမ်းပိုက်ခြင်းကို ခံထားရပြီး ဖြစ်သဖြင့် ဝါပူးဂစ်၏ လက်ရှိအင်အားမှာ သူမ၏ အိပ်မက်များကို ထိန်းသိမ်းရုံမျှသာ တတ်နိုင်ပြီး၊ လက်တွေ့ကမ္ဘာအပေါ် စွက်ဖက်နိုင်စွမ်း မရှိသေးပေ။

နုနယ်လှသည့် မွန်းလေးမှာ နှစ်ပေါင်းရှည်ကြာ နေထိုင်လာခဲ့သည့် စုန်းမကြီး ဝါပူးဂစ်၏ လှည့်ဖျားမှုကို ခံလိုက်ရသည်ဟု ခံစားနေရသော်လည်း ယခုအချိန်တွင်မူ နောင်တရရန် အချိန်နှောင်းခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်ပင် သူမသည် ဗင်းဆင့်ကို အသုံးချရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဗင်းဆင့်၏ ခန္ဓာကိုယ်ထဲတွင် နေမင်းနှင့် အရင်းအမြစ် တူညီသည့် လမင်း၏ မြင့်မြတ်သော တန်ခိုးအာဏာများ ကိန်းအောင်းနေသဖြင့် နေမင်း၏ တန်ခိုးများကို လက်ခံနိုင်စွမ်း အပြည့်အဝ ရှိနေသည်။ ထို့ပြင် နေမင်းကျမ်းစာကို ကြားခံအဖြစ် အသုံးပြုခြင်းဖြင့် သူက အသင့်တော်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

သာသနာ၏ သားကောင်တစ်ဦး ဖြစ်ခဲ့ရသည့် ဗင်းဆင့်အနေဖြင့် အမိုးခုံး ဘုရားကျောင်းတော်နှင့် ပဋိပက္ခများ ရှိနေခဲ့သည်မှာလည်း အချက်ကောင်းတစ်ခု ဖြစ်ခဲ့သည်။

အမှန်စင်စစ် မွန်းကသာ နေမင်း၏ အကြွင်းအကျန်များကို ပေးအပ်ခဲ့ခြင်း မရှိပါက၊ ဗင်းဆင့်၏ အဆုံးသတ်မှာ ယခုထက် ပို၍ ရင်နာစရာ ကောင်းနေပေလိမ့်မည်။ ဘုရားကျောင်းတော်၏ အမြင်တွင် ဗင်းဆင့်မှာ ရွံရှာဖွယ် ပိုးကောင်တစ်ကောင်မျှသာ ဖြစ်သဖြင့် သုတ်သင် ဖယ်ရှားခြင်း ခံရမှာ ကျိန်းသေသည်။

ဗင်းဆင့်၏ ပျော့ညံ့လှသော စိတ်ထားနှင့် ဘုရားကျောင်းအပေါ် သံယောဇဉ်ရှိနေမှုတို့ကြောင့် သူနှင့် ပတ်သက်မိသူများမှာလည်း ဆက်တိုက်ဆိုသလို ဘေးဒုက္ခနှင့် ကြုံတွေ့ရပေလိမ့်မည်။

မွန်းနှင့် ဝါပူးဂစ်တို့ နှစ်ဦးစလုံးမှာ စာအုပ်ဆိုင်ပိုင်ရှင်က သူတို့အတွက် အကောင်းဆုံးသော လမ်းကြောင်းကို ညွှန်ပြပေးခဲ့ခြင်း ဖြစ်သည်ဟု တညီတညွတ်တည်း လက်ခံထားကြသည်။ သူက စကားလုံးများဖြင့် တိုက်ရိုက်ထုတ်ဖော်မပြောခဲ့သော်လည်း၊ သူတို့ကိုယ်တိုင် လိုလိုလားလား ပူးပေါင်းဆောင်ရွက်လာစေရန် လမ်းကို ထွန်းညှိပေးထားခဲ့သည်။

ဤမိစ္ဆာကြီးမှာ အလုံးစုံကို သိမြင်သူ ဖြစ်သော်လည်း နှုတ်ဆိတ်နေခဲ့ခြင်းသာ ဖြစ်သည်။

ထို့ပြင် ဝါပူးဂစ်က လင်ကျဲ၏ ခန္ဓာကိုယ်ထံမှ ဆစ်ဗာ၏ အငွေ့အသက်ကို ခပ်ဖျော့ဖျော့ ခံစားမိသည်ဟု ဆိုခဲ့သည်။ ဆိုလိုသည်က သူမ၏ မိတ်ဆွေဟောင်းကြီးမှာလည်း လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိရန် နည်းလမ်းများကို ရှာဖွေနေပြီး၊ ဤလျှို့ဝှက်ဆန်းကြယ်သည့် စာအုပ်ဆိုင်ပိုင်ရှင်နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်နိုင်ပေသည်။

ပြောရလျှင်... သူတို့အားလုံးမှာ တစ်ဖက်တည်းသားများ ဖြစ်ကြသည်။ သို့သော် သူတို့၏ ရည်မှန်းချက်များကို အရှိန်မြှင့်ရန် အတွက် လုပ်ဆောင်မှုမှာ မွန်းနှင့် ဝါပူးဂစ်တို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်သည်။ ထိုသို့ လုပ်ဆောင်လိုက်ခြင်းဖြင့် လင်ကျဲ၏ အစီအစဉ်အပေါ် ဆိုးကျိုးသက်ရောက်မှု ရှိ၊ မရှိကိုတော့ မည်သူမျှ မသိနိုင်ပေ။

မွန်းမှာ တစ်ညလုံး တွေးတောပူပန်နေခဲ့သည်။ မိမိဘာသာ စိတ်ထင်သလို လုပ်ဆောင်လိုက်ခြင်းက ဘော့စ်၏ မဟာဗျူဟာကို ထိခိုက်သွားစေမည်လားဟူသော အတွေးဖြင့် စိတ်မလုံဖြစ်နေခဲ့ရသည်။ ထို့ကြောင့်ပင် လင်ကျဲ၏ သဘောထားကို သိရှိနိုင်ရန် စိုးရိမ်တကြီးဖြင့် စကားစခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း... ဘော့စ်က အခြားသူများ၏ ကံကြမ္မာအား ပြောင်းလဲပစ်ခဲ့သည့် သူမ၏ လုပ်ရပ်အပေါ် အထူးတလည် ဂရုစိုက်ခြင်း မရှိပဲ ခိုး၍ ရယ်ပင် နေလိုက်သေးသည်။

ထိုမိစ္ဆာကြီးမှာ ကံကြမ္မာ ရေစက်ကြိုးများအား ပေါ့ပေါ့ပါးပါးပင် တီးခတ်ရင်း ထွက်ပေါ်လာမည့် ထူးခြားသော တုန်ခါသံများကို စိတ်ဝင်တစား နားစွင့်နေသကဲ့သို့ပင်...။ သူ့ကို ကြည့်ရသည်က ထိုအသံများကို သဘောကျနေပုံရသည်။

မွန်း၏ စိတ်ထဲတွင် မဖော်ပြနိုင်သည့် အားမလို အားမရမှုတစ်ခုကို ခံစားလိုက်ရ၏။ သူမအတွက် ခဲရာခဲဆစ် လုပ်ဆောင်ခဲ့ရသမျှအရာအားလုံးမှာ ဆရာလင်၏ အမြင်တွင်မူ ကလေးငယ်များ ဆော့ကစားနေသည့်အလား ပေါ့ပျက်ပျက်သာပင်။

သူမ ပါးစပ်ထဲမှ အစားအစာများကို တိတ်ဆိတ်စွာ မျိုချလိုက်ရင်း...

"ဘော့စ်ကလည်း... ဘာလို့ ရယ်တာလဲ... လမင်းကြီး ဖြစ်ချင်တာ ဘာမှားလို့လဲ..."

ဟု ဆောင့်ကြီး အောင့်ကြီး ပြောလိုက်လေတော့၏။

***

[ဘာသာပြန်သူ၏ မှတ်ချက် ။ sailor moon ဆိုတာက ၁၉၉၂ ခုနှစ်မှာ စပြီး ပြသခဲ့တဲ့ နာမည်ကျော် ဂျပန် anime တစ်ခုပါ။ ဇာတ်လမ်းရဲ့ အဓိက အကြောင်းကတော့ လမင်းနိုင်ငံတော်ရဲ့ မင်းသမီးလေး (ဆရီနတီ) ဟာ ကမ္ဘာမြေမှာ အုဆာဂီလို့ ခေါ်တဲ့ ကောင်မလေး အဖြစ် ဝင်စားလာပြီးတော့ နောက်လိုက် စစ်သည်တွေနဲ့ တစ်ယောက်ပြီး တစ်ယောက် ပြန်ဆုံပြီး မကောင်းဆိုးဝါးတွေကို တိုက်ထုတ်တာမျိုးပါ။ တစ်နည်း ပြောရမယ် ဆိုရင် ဆေဘာမွန်း ဆိုတာ ချောမောလှပတဲ့ လနတ်သမီးလေး အုဆာဂီပါပဲ ]

***

All Chapters