လမင်း ဖြစ်ချင်သူ အတွက် အကြံ
Vol. 13 Ch. 177
“...”
မွန်း၏ လေသံထဲတွင် အနည်းငယ် စိတ်ကောက်နေသည့် အရိပ်အယောင်ကို လင်ကျဲ သတိထားမိလိုက်၏။ အခြေအနေက အနည်းငယ် ကိုင်တွယ်ရ ခက်သွားပြီ ဖြစ်သည်။
"အဟမ်း... ဘာမှမဟုတ်ပါဘူး... အကြံအစည်ကောင်းတစ်ခုပဲ... အင်း... ငါလည်း မင်းကို အပြည့်အဝ ထောက်ခံပါတယ်"
လင်ကျဲ လည်ချောင်းတစ်ချက်ရှင်းကာ မျက်နှာပိုးသတ်လိုက်ရင်း တည်တည်တံ့တံ့ နေဖို့ ကြိုးစားလိုက်သည်။ သို့သော် သူ၏ မျက်ဝန်းထဲမှ အကြည့်များကတော့ အနည်းငယ် ရွှင်မြူးနေ၏။ ချစ်စရာကောင်းသည့် ကလေးငယ်လေး တစ်ဦးကို တကယ်ပဲ မွေးစားထားရသကဲ့သို့ သူ ခံစားနေရသည်။
“အမ်း...”
မွန်းက ခပ်တိုးတိုးသာ တုံ့ပြန်လိုက်၏။ ဘော့စ်က ထိုစကားများကို သူမအတွက်မူ ဝတ္တရားအရ ပြောနေသကဲ့သို့သာ ခံစားရသည်။
သို့သော် ဘော့စ်ကိုယ်တိုင်က ထိုကဲ့သို့ ပြောဆိုလာလေရာ သူတို့၏ လုပ်ရပ်များကို ကန့်ကွက်ခြင်း မရှိဟု မှတ်ယူရပေမည်။ မွန်း၏ စိတ်ထဲမှ စိုးရိမ်မှုများမှာ အတော်လေး လျော့ပါးသွားခဲ့၏။
လင်ကျဲက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဤသည်မှာ မွန်းလေးအား ဘဝတန်ဖိုးများ သင်ကြားပေးဖို့ အခွင့်ကောင်းတစ်ခုဟု ယူဆလိုက်သည်။
ထို့ကြောင့် သူ တူကို ချလိုက်ကာ ချော့မော့သော လေသံဖြင့်...
"ဒါပေမဲ့ လမင်းကြီး ဖြစ်ချင်တယ်ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူးနော်... အရင်ဆုံး ကိုယ့်ဆီမှာ စေ့စပ်သေချာတဲ့ အစီအစဉ်တစ်ခု ရှိဖို့ လိုလိမ့်မယ်"
"ဒါနဲ့ မွန်းလေး... မင်း ဘယ်လိုလုပ်ပြီး ဒီလို စိတ်ကူးမျိုး ရလာရတာလဲ ဆိုတာ ပြောပြပါဦး... မင်းက ဘာလို့ လမင်းကြီး ဖြစ်ချင်ရတာလဲ"
မွန်း အနည်းငယ် ကြောင်သွားမိသည်။ သေချာစွာ စဉ်းစားပြီးနောက် သူမက ဝေခွဲမရသော လေသံဖြင့် လင်ကျဲကို ပြန်မေးလိုက်သည်။
"ဘာလို့လဲဆိုတော့... အဲဒါက လှလို့လား..."
ဝါပူးဂစ်၏ အိပ်မက်ဘုံထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်က ခံစားခဲ့ရသော တုန်လှုပ်မှုနှင့် ရင်ခုန်မှုတို့မှာ သူမအတွက် ပထမဆုံးအတွေ့အကြုံပင်။ ထိုစဉ်က သူမ၏ စိတ်ထဲတွင် ကြယ်တာရာများ ပြည့်နှက်နေသည့် အိပ်မက်ဘုံမှာ ယုံနိုင်စဖွယ်မရှိအောင် လှပလွန်းနေသဖြင့် ပိုင်ဆိုင်လိုသော ဆန္ဒများလည်း ဖြစ်ပေါ်လာခဲ့သည်။
ထို့ကြောင့်ပင် သူမသည် ဝါပူးဂစ်ကို ကူညီရန် အလိုလို သဘောတူညီခဲ့မိခြင်း ဖြစ်သည်။
"..."
လင်ကျဲ၏ နှုတ်ခမ်းများ တွန့်သွား၏။ မွန်း၏ အကြောင်းပြချက်က မည်သို့မျှ ငြင်းချက်ထုတ်၍ မရနိုင်လောက်အောင်ပင် ခိုင်မာလွန်းနေသည်။
သူ သက်ပြင်းတစ်ချက်ချမိပြန်၏။
‘ကလေးတွေဆိုတာ တကယ့်ကို ပွင့်လင်းရိုးသားကြတာပဲ... အပေါ်ယံအလှအပကို ကျော်လွန်ပြီး အတွင်းသရုပ်ကိုပါ မြင်နိုင်စွမ်း ရှိကြတာကိုး...’
သို့သော် ကြက်စွပ်ပြုတ် ဆရာကြီးမှာ အရှုံးမပေးလိုသေးပေ။
"လမင်းကြီးရဲ့ အလှအပက ဘယ်ကနေ ဆင်းသက်လာတယ်ဆိုတာ မင်းသိလား"
လင်ကျဲက သိပ္ပံဗဟုသုတလေးများကို အခွင့်သာခိုက် ထည့်သွင်းပြောကြားလိုက်၏။
"တကယ်တော့ လမင်းကြီးကိုယ်တိုင်က ကိုယ်ပိုင် အလင်းကို မထုတ်လွှတ်နိုင်ဘူး... လှပတဲ့ လရောင်ဆိုတာ နေမင်းဆီကလာတဲ့ အလင်းပြန်မှုသက်သက်ပဲ"
"ဒါပေမဲ့ နေမင်းရဲ့ အလင်းက အမြဲတမ်း စူးရှ ပြင်းထန်လွန်းသော တိုက်ရိုက်ကြည့်လို့ မရဘူး... နွေးထွေးမှု ရှိတယ်ဆိုပေမဲ့ လူတစ်ယောက်ရဲ့ နှလုံးသား အနက်ရှိုင်းဆုံးအထိတော့ မရောက်နိုင်ဘူးပေါ့"
"လမင်းကြီးက အဲဒီအလင်းကို တဆင့်ပြောင်းလဲပေးလိုက်တဲ့အခါကျမှပဲ ကမ္ဘာလောကမှာ သာယာလှပတဲ့ အလင်းရောင်အဖြစ် ထွန်းလင်းလာတာ"
"ရိုသေကိုင်းရှိုင်းမှု၊ နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုနဲ့ သည်းခံခွင့်လွှတ်မှု... ဒါတွေက လမင်းကြီးရဲ့ ဝိသေသတွေပဲ... မင်းသာ လမင်းကြီး ဖြစ်ချင်တယ်ဆိုရင် ဒီအချက်တွေ မရှိမဖြစ် လိုအပ်လိမ့်မယ်"
"နောက်ပြီး လမင်းကြီးဆိုတာ လူတွေကို ဆက်သွယ်ပေးတဲ့ တံတားတစ်စင်းလည်း ဖြစ်တယ်... တိတ်ဆိတ်တဲ့ ညဉ့်ဦးယံမှာ မွေးရပ်မြေကို လွမ်းဆွတ်နေကြသူတွေဟာ ကောင်းကင်ကို မော့ကြည့်လိုက်တိုင်း လမင်းကြီးကို အမြဲမြင်တွေ့ရတတ်တယ်... ဒါကြောင့်လည်း လမင်းကြီးဟာ လူသားတွေရဲ့ နှလုံးသားထဲမှာ စင်ကြယ်ရိုးသားတဲ့ ခံစားချက်တွေနဲ့ ယုံကြည်မှုတွေကို အမြဲ သယ်ဆောင်ပေးထားပြီး၊ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ဝိညာဉ်တွေကိုလည်း ထောက်ပံ့ပေးထားနိုင်တာပေါ့"
လင်ကျဲ မွန်း၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း သူ့ ရင်ထဲမှ စကားလုံးများကို ရေရွတ်လိုက်သည်။
"လမင်းကြီးဆိုတာ နှလုံးသားမဲ့တဲ့ ရုပ်ဝတ္ထု တစ်ခု မဟုတ်ဘူး၊ လူသားတွေက သူတို့ရဲ့ ခံစားချက်တွေကို အပ်နှံထားတဲ့ တည်ရှိမှု တစ်ခုပဲ... ဒါကို နားလည်နိုင်မှပဲ မင်းက လမင်းစစ်စစ် ဖြစ်လာနိုင်လိမ့်မယ်”
လင်ကျဲ၏ အတွေးက ရိုးရှင်းပါသည်။ မွန်းက လမင်းကြီး ဖြစ်ချင်သည်ဆိုလျှင် သူကလည်း ထိုဆန္ဒနောက်သို့ လိုက်ပါစီးမျောပေးရုံသာ ရှိသည်။ ဤသည်မှာ သူ ဖောက်သည်များကို စည်းရုံးသိမ်းသွင်းရာတွင် အမြဲသုံးလေ့ရှိသော နည်းလမ်းလည်း ဖြစ်သည်။
ဖောက်သည်၏ စိတ်အလိုနှင့် လိုအပ်ချက်တို့ကို လိုက်လျောပေးရန်မှာ မဖြစ်မနေ လိုအပ်သော အချက်တစ်ချက်ပင်။ "ခါးသီးသော အမှန်တရားသည် နားဝင်မချို" ဟူသည့် စကားပုံရှိသည် မဟုတ်ပါလော။ အချို့သော မေးခွန်းများကို အမှန်အတိုင်း ဖြေကြားလိုက်ခြင်းက ရိုင်းစိုင်းရာရောက်သွားစေနိုင်သလို ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
၎င်းက ဖောက်သည်များနှင့် ဆက်ဆံရာတွင် ဆိုးရွားသည့် အထစ်အငေါ့များကို ဖြစ်ပေါ်စေနိုင်သည်။ အမှန်တရားပင် ဖြစ်လင့်ကစား မည်သူက ထိုကဲ့သို့ ခါးသီးသည့် စကားလုံးများကို ကြားချင်ပါမည်နည်း။
အခြားသူတစ်ဦး၏ အတွေးအခေါ်ကို ပြောင်းလဲပစ်ချင်လျှင်ပင်... လင်ကျဲမှာ ထိုသူ၏ ကိုယ်ပိုင်ကျိုးကြောင်းဆင်ခြင်မှုဖြင့်သာ အရင်ဆုံး နားဝင်အောင် ပြောဆိုလေ့ရှိပြီး၊ ထို့နောက်မှ မိမိ၏ စကားလုံးများဖြင့် အစီအစဉ်တကျ ချောမွေ့စွာ လမ်းညွှန်ပေးတတ်သည်။
မှန်ပါသည်... ဤသည်မှာ အခြေအနေပေါ်တွင်လည်း မူတည်ပေသည်။ အကယ်၍ တစ်ဖက်လူမှာ လူမိုက်တစ်ဦး ဖြစ်နေပါက၊ သူ့ အတွေးအခေါ်ကို ပြင်ဆင်ပေးနိုင်ရန် လင်ကျဲအနေဖြင့် ပြင်းထန်သည့် ရိုက်ခတ်မှုမျိုး ပေးရန်လည်း ဝန်လေးမည်မဟုတ်ပေ။
မည်သို့ပင် ဆိုစေ... ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်မှာ လူမိုက်များနှင့် အေးအေးဆေးဆေး စကားပြောနိုင်ရန်ဖြစ်ပြီး၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းမှာမူ လူမိုက်များက မိမိအား အေးအေးဆေးဆေး စကားပြောလာစေရန် ဖြစ်သည်။
ထိုအရာမှာ လင်ကျဲအနေဖြင့် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် နေ့စဉ်မပြတ် လေ့ကျင့်ခန်း လုပ်ဆောင်နေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
သို့သော်လည်း... မွန်းတို့ အရွယ် ကလေးငယ်များကို ပညာပေးရာတွင်မူ ခြားနားပေသည်။ အတင်းအဓမ္မ စေခိုင်းခြင်းနှင့် ခြောက်လှန့်ခြင်းတို့မှာ ထိရောက်မှု ရှိနိုင်သည်ဆိုသော်ငြားလည်း၊ ကလေးငယ်တစ်ဦး၏ စိတ်နေစိတ်ထားနှင့် အမြင်များအပေါ် မသိမသာ ဆိုးကျိုးသက်ရောက်စေနိုင်ပြီး ကလေး၏ စရိုက်ကို ပျက်စီးစေနိုင်သည်။
ကလေးငယ်တစ်ဦး၏ ဖြူစင်သော စိတ်ကူးနှင့် ဝါသနာတို့မှာ ထိန်းသိမ်းထားသင့်သည့် အရည်အချင်းကောင်းများဟု လင်ကျဲ ခံစားမိသည်။ သို့သော်လည်း... လမ်းကြောင်းလွဲနေသည့် ဤ 'စိတ်ကူးယဉ် ရောဂါ' ကိုမူ အဆုံးသတ်ပေးရန် လိုအပ်နေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မှားယွင်းသော အတွေးအခေါ်နှင့် ပေါင်းစပ်နေသည့် စိတ်ကူးယဉ်မှုများမှာ အန္တရာယ်ရှိနိုင်သောကြောင့်ပင်။
ထို့ကြောင့် သူ့ အနေဖြင့် အစကတည်းကပင် ကောင်းမွန်သည့် တန်ဖိုးများကို သွတ်သွင်းပေးကာ သူမကို အပြုသဘောဆောင်သည့် လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးရန် လိုအပ်သည်။
'လမင်း' ဟူသော အကြောင်းအရာသည် ချဉ်းကပ်ရန် အလွန်ကောင်းသော အချက်အချာတစ်ခု ဖြစ်သဖြင့် မွန်းအား ထိုဇာတ်ရုပ်အတိုင်း ဆက်လက် သရုပ်ဆောင်ခွင့်ပေးရင်း မှန်ကန်သည့် တန်ဖိုးထားမှုများနှင့် စရိုက်လက္ခဏာများကို တည်ဆောက်ပေးရန် သူ ဆုံးဖြတ်ထားသည်။
ထိုအခိုက် လင်ကျဲမျာ မိမိကိုယ်မိမိ တရားမျှတမှုကို သယ်ဆောင်လာသည့် တမန်တော် တစ်ဦးဟုပင် ခံစားမိနေတော့သည်။
***