← Chapters

ပျော်နေသည့် ဝါးပူဂစ်

Vol. 13 Ch. 178

ပျော်နေသည့် ဝါးပူဂစ်

Vol. 13 Ch. 178

မွန်းက အလုံးစုံ နားမလည်သေးသော်လည်း လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။ သူမအနေဖြင့် အချက်သုံးချက်ကိုမူ ဖမ်းဆုပ်မိလိုက်သည်။

ပထမအချက်မှာ... လမင်းနှင့် နေမင်းတို့၏ ဆက်နွှယ်မှုနှင့် လမင်း တည်ရှိနေရသည့် အကြောင်းရင်းပင် ဖြစ်သည်။ ဤအချက်၏ အရေးကြီးဆုံးအပိုင်းမှာ "အသွင်ပြောင်းလဲခြင်း" ဖြစ်ပြီး၊ ဤသည်မှာ လမင်း ပိုင်ဆိုင်ထားသည့် အင်အား၏ အနှစ်သာရလည်း ဖြစ်သည်။ လမင်းမှာ နေမင်း တစ်ခုတည်းနှင့် သက်ဆိုင်နေခြင်း မဟုတ်ပဲ စကြဝဠာတစ်ခုလုံးနှင့် သက်ဆိုင်နေခြင်း ဖြစ်သော်လည်း ၎င်းအပေါ် နေမင်း၏ လွှမ်းမိုးမှုက အကြီးမားဆုံး ဖြစ်နေခြင်းသာ ဖြစ်သည်။

‘အင်း... ဘော့စ်ကတော့ အကုန်လုံးကို သိနေတာပဲ... လမင်းနဲ့ နေမင်းရဲ့ ဆက်နွှယ်မှုကို ဝါပူးဂစ် ပြောသလိုပဲ အတိအကျ ရှင်းပြသွားတာပဲ’

မွန်း တွေးတောနေမိသည်။

ဒုတိယအချက်မှာ... လမင်းကြီး၌ ရှိသင့်ရှိထိုက်သော အရည်အချင်းများ ဖြစ်ပြီး၊ တတိယအချက်မှာမူ... အယူဝါဒတစ်ခုနှင့် ပိုတူနေသည်။

လမင်းကြီးမှာ ထာဝရတည်မြဲနေသရွေ့ လူသားတို့အတွက် မြင့်မြတ်သည့် အရာတစ်ခု ဖြစ်လာရန် ကံပါလာပြီး ဖြစ်သလို၊ ယုံကြည်ကိုးကွယ်သူများနှင့် နောက်လိုက်များလည်း ရှိလာရပေမည်။ ဥပမာအားဖြင့် 'အမိုးခုံး ဘုရားကျောင်းတော်' ကဲ့သို့ပင်။

ဘော့စ်က အမိုးခုံး ဘုရားကျောင်းတော်ကို လှောင်ပြောင်နေခြင်း ဖြစ်သည်ဟု မွန်းက ဝေဝေဝါးဝါး ခံစားမိလိုက်၏။ မနေ့ညက သူတို့ ဖော်ပြခဲ့သည့် ပြတ်သား ရက်စက်လှသော လုပ်ရပ်များကို ပြန်တွေးကြည့်လျှင်၊ သူတို့မှာ အေးချမ်းသာယာပြီး နူးညံ့သိမ်မွေ့လှသည့် လမင်းအား ကိုးကွယ်နေသော လူများနှင့် မတူဘဲ မိစ္ဆာဂိုဏ်းတစ်ခုနှင့်သာ ပိုတူနေသည်။

သူတို့က "ရိုသေကိုင်းရှိုင်းမှု၊ နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုနှင့် သည်းခံခွင့်လွှတ်မှု" ဟူသော အချက်များကို လျစ်လျူရှုကာ ကိုးကွယ်ယုံကြည်သူများ၏ စိတ်ကို ထိန်းချုပ်ရန်သာ အားထုတ်ကြသည်။ အမိုးခုံး ဘုရားကျောင်းတော်ထဲတွင် ဆန့်ကျင်ဘက် အမြင်များအတွက် နေရာမရှိပေ။

လပြည့်ဝန်း အဆီအနှစ်ကို စွဲလမ်းအောင် ပြုလုပ်ခြင်းဖြင့် ဗင်းဆင့်ကဲ့သို့ အတွင်းပိုင်း သားကောင်ပေါင်း မည်မျှကို ဘုရားကျောင်းက ထိန်းချုပ်ထားကြောင်း မည်သူမျှ မသိနိုင်ပေ။

တတိယအချက်မှာ... အင်အားနှင့် ယုံကြည်မှု၏ နယ်ပယ်ပင် ဖြစ်သည်။ သူတို့ အနေဖြင့် စစ်မှန်သော ဘာသာတရားတစ်ခုကို ပြန်လည်တည်ဆောက်ကာ ယုံကြည်သူများကို စုစည်းပြီး ယုံကြည်မှု၏ အင်အားကို ရယူရန် လိုအပ်သည်။

လက်ရှိတွင် ဗင်းဆင့်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် တမန်တော်နှစ်ပါး ကျဆုံးခဲ့ရပြီး တိတ်ဆိတ်ခြင်း နယ်ပယ်နှင့် မိစ္ဆာစစ်ဆေးခြင်း တို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ မိစ္ဆာ စစ်ဆေးခြင်း၏ မူလအမည်မှာ ရင်းမြစ် သေဆုံးခြင်း ဖြစ်ပြီး ခပ်သိမ်းသောအရာများအား သုတ်သင်နိုင်သည့်၊ နတ်ဘုရားတို့၏ စစ်မှန်သော နယ်ပယ်တစ်ခုလည်း ဖြစ်သည်။

သို့သော်လည်း... အမိုးခုံး ဘုရားကျောင်းတော်က ထိုအရာကို ပိုင်ဆိုင်ခဲ့ပြီး နောက်တွင် အရင်းအမြစ် မတူညီသည့် (လမင်း၏ တန်ခိုးမဟုတ်သည့်) အရာများကိုသာ ဖျက်ဆီးနိုင်သည့် သာမန် ဖျက်ဆီးခြင်း အင်အားတစ်ခုအဖြစ်သာ အသွင်ပြောင်းသွားခဲ့သည်။

စွမ်းအား၏ အနက်အဓိပ္ပာယ်မှာလည်း ကျဉ်းမြောင်းသွားခဲ့ပြီး တန်ခိုးအဆင့်အတန်းကလည်း သိသိသာသာ လျော့ကျသွားခဲ့ရသည်။

ဝါပူးဂစ်က ထိုနတ်ဘုရားအတုကို အထင်အမြင်သေးစွာဖြင့် "သားရဲ" ဟု ခေါ်ဝေါ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ကြီးမားလှသည့် အင်အားကို ပိုင်ဆိုင်ထားသည်ကလွဲလျှင် ထိုအရာမှာ တန်ခိုးတော်များကို မည်ကဲ့သို့ အသုံးချရမည်မှန်းမသိသည့် အသိဉာဏ်မဲ့သည့် ရှေးဦး သားရဲတစ်ကောင်ကဲ့သို့ပင် အလွန်တုံးအလှသည်။

မွန်း၏ အမူအရာကို ကြည့်ရင်း ထိုကလေးက သင်ကြားပြသရန် ထိုက်တန်သော တပည့်ကောင်းတစ်ဦးဟု လင်ကျဲ ခံစားမိသွားသည်။ သူသည် လက်ကို ပြန်ရုပ်လိုက်ပြီး သူမ၏ ပုခုံးကို ပုတ်လိုက်ရင်း...

"လမင်းကြီး ဖြစ်ချင်တယ်ဆိုတာ မလွယ်ကူပေမဲ့ မိုင်ပေါင်း တစ်သောင်း ခရီးလည်း ခြေလှမ်းတစ်လှမ်းကနေ စတာပဲ... စိတ်ပါလက်ပါ လုပ်ဆောင်မယ်ဆိုရင် ဒီလောကမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး... မင်းသာ ကြိုးစားအားထုတ်ပြီး ကောင်းမှုတွေ အများကြီး လုပ်မယ်ဆိုရင် တစ်နေ့မှာ လူတိုင်းရဲ့ နှလုံးသားထဲက လမင်းကြီး ဖြစ်လာမှာပါ"

လင်ကျဲ နားလည်ရခက်သည့် အပြုံးတစ်ခုနှင့်အတူ စကားလုံးများကို ပါးပါးနပ်နပ် ပြောင်းလဲလိုက်သည်။ ရုပ်ဝတ္ထုပစ္စည်းဖြစ်သည့် လမင်းကြီးအစား 'လူတိုင်း၏ နှလုံးသားထဲမှ လမင်းကြီး' ကို အစားထိုးလိုက်သည်။

‘ဒီလိုဆိုရင်တော့ ဒီကလေးမလေး ကောင်းကင်ပေါ် ပျံတက်သွားဖို့ တကယ်ကြီး စိတ်ကူးတော့မှာ မဟုတ်ဘူး... ဟုတ်တယ်မလား...’

‘ဒါပေမဲ့ တစ်ဖက်က ပြန်တွေးကြည့်ရင်လည်း အာကာသယာဉ်မှူး ဖြစ်ချင်တယ်ဆိုတာကတော့ ကောင်းမွန်တဲ့ ရည်မှန်းချက်တစ်ခုပါပဲလေ...’

"အင်း"

မွန်းမှာ လင်ကျဲ၏ အပြုံးကို မြင်လိုက်ရသဖြင့် လိမ်လိမ်မာမာပင် ခေါင်းငြိမ့်ပြလိုက်၏။

"မင်း သေချာပေါက် လုပ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်... အသေးစိတ်ကတော့... အင်း... ဗင်းဆင့်ရဲ့ ပြဿနာကို ငါ့အတွက် ကူညီဖြေရှင်းပေးတာကနေ စနိုင်တာပေါ့... တကယ်လို့ အမိုးခုံး ဘုရားကျောင်းတော်က သူတို့ရဲ့ ဓမ္မဆရာတွေကို စွဲလမ်းစေတဲ့ ဆေးဝါးတွေနဲ့ ထိန်းချုပ်ထားတာ တကယ်ဆိုရင်တော့ ဒီလူတွေဟာ အတော်လေးကို အောက်တန်းကျတဲ့ လူတွေပဲ... သူတို့ကို ဖယ်ရှားပစ်ဖို့ လိုလိမ့်မယ်"

လင်ကျဲက ကျေနပ်အားရစွာ ပြုံးရင်း ပြောလိုက်သည်။ အမှန်အတိုင်း ပြောရပါက သူ ဗင်းဆင့်၏ အခြေအနေကို အတော်လေး စိုးရိမ်နေမိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က စုံစမ်းရန် ပြန်လွှတ်ခဲ့သော်လည်း ယခုထက်ထိ မည်သည့်သတင်းမှ ပြန်မရသေးပေ။

ဤသည်မှာ မွန်းလေးအား သင်ခန်းစာပေးရန် အကောင်းဆုံးသော ပုံစံတူ သာဓကတစ်ခုပင် ဖြစ်သည်။ မှန်ပါသည်... သူမကို အန္တရာယ်ရှိသော အလုပ်များ စေခိုင်းမည်မဟုတ်ဘဲ သုတေသနပြုလုပ်ခြင်း သို့မဟုတ် အချက်အလက် ရှာဖွေခြင်းများတွင်သာ ကူညီခိုင်းမည် ဖြစ်သည်။

လင်ကျဲ ဆေလာမွန်း (sailors moon) ထဲမှ အုဆာဂီ (Usagi) ကို ပြန်လည် မြင်ယောင်လာမိပြီး မှတ်ချက်ပေးလိုက်သည်။

"ငါ့ဇာတိမြေမှာ ငါမြင်ဖူးတဲ့ လမင်းကြီးကလည်း ငယ်ရွယ်ချောမောတဲ့ မိန်းကလေးတစ်ယောက်ပဲ... သူ့ရဲ့ ဆောင်ပုဒ်က 'လမင်းကြီးရဲ့ ကိုယ်စား... မင်းကို ငါ အပြစ်ပေးမယ်' တဲ့"

"အဲဒါက ကောင်းကင်ဘုံရဲ့ ကိုယ်စား တရားမျှတမှုကို ဖော်ဆောင်တာပဲ... ဒါကြောင့် လမင်းကြီးဆိုတာ တရားမျှတမှုရဲ့ သင်္ကေတလည်း ဖြစ်တယ်ပေါ့လေ"

ထို့ကြောင့် သူ၏ ကောက်ချက်မှာ 'ချစ်စရာကောင်းသော မိန်းကလေးများမှာ တရားမျှတမှု ဖြစ်သည်' ဟူ၍ပင်။

သို့သော်လည်း လင်ကျဲမှာ မွန်းရှေ့တွင် သူ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ထိုနောက်ဆုံး ကောက်ချက်ကိုမူ ထုတ်ဖော်မပြောခဲ့ပေ။

ဘော့စ်၏ အကြည့်မှာ အနည်းငယ် ထူးဆန်းနေသည်ကို မွန်း သတိထားမိလိုက်သော်လည်း၊ သူမမှာ သူ၏ စကားလုံးများထဲတွင်သာ ပို၍ အာရုံရောက်နေခဲ့သည်။

ဤသည်မှာ ဘော့စ် အစကတည်းက အလိုရှိခဲ့သောအရာ ဖြစ်သည်ဟု သူမ နားလည်လိုက်သည်။ သူမ အနေဖြင့် ဘုရားကျောင်းသစ်တစ်ခုကို တည်ထောင်ကာ အမိုးခုံး ဘုရားကျောင်းတော်ကို ဖြုတ်ချရမည်။ သို့သော်လည်း... လူအများကို သူမအား ကိုးကွယ်ဆည်းကပ်ရန် အတွက် အတင်းအဓမ္မ စေခိုင်းမည်မဟုတ်ပေ...။

အရင်က သူမကိုယ်တိုင်ထံတွင်လည်း ထိုသို့သော အတွေးမျိုး မရှိခဲ့ဖူးပါ။ ဓာတ်ခွဲခန်းမှ လွတ်မြောက်လာသည့် အချိန်မှစ၍ သူမ၏ အကြီးမားဆုံးသော ဆန္ဒမှာ ပြည့်ဝခဲ့ပြီဟု ထင်မှတ်ခဲ့သည်။ လွတ်လပ်ပြီး စစ်မှန်သည့် သက်ရှိ သတ္တဝါ တစ်ယောက် ဖြစ်လာရန်သာ သူမ အလိုရှိခဲ့သည်။ ယခုမူ သူမထံ၌ အတွေးသစ်တစ်ခု ရှိလာခဲ့လေပြီ။

ရှင်သန်ရန် တစ်နှစ်သာ အချိန်ကျန်တော့သဖြင့် မွန်းမှာ လူအများ၏ အမှတ်ရခြင်းကို ခံချင်သည်။ ဤကမ္ဘာကြီးက သူမ တည်ရှိခဲ့ဖူးကြောင်း သိရှိသွားစေရန် အလိုရှိသည်။

"ကျွန်မ လုပ်ပါ့မယ်"

မွန်း၏ မျက်ဝန်းများထဲတွင် မယိမ်းယိုင်သည့် အကြည့်များ တဖြည်းဖြည်း ပေါ်လွင်လာ၏။

"ဗင်းဆင့်ကို ကူညီပြီး... တရားမျှတမှုကို ဖော်ဆောင်ပါ့မယ်"

"အရမ်းကောင်းတယ်..."

လင်ကျဲက ကြည်နူးစွာ ပြောလိုက်လေ၏။

...

မွန်းမှာ နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်စက်ရန် ဟူသော အကြောင်းပြချက်ဖြင့် သူမ၏ အိပ်မက်ဘုံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဝေဝါးနေသည့် လခြမ်း ပုံသဏ္ဍာန်ပေါ်တွင် ဘေးတိုက် ထိုင်နေသည့် ဝါပူးဂစ်ကို သူမ မြင်လိုက်ရ၏။ ဝါပူးဂစ်၏ အနက်ရောင် ဝတ်စုံမှာ လေထဲတွင် လွင့်ပျံနေပြီး ဖြူဝင်းချောမွေ့သည့် ခြေတံများနှင့် သွယ်လျလှပသော ခြေဖဝါးလေးများမှာ ရေပြင်ပေါ်တွင် ရေလှိုင်းတွန့်ငယ်လေးများကို ဖြစ်ပေါ်စေသည်။

ဝါပူးဂစ်မှာ ခေါင်းကို အနည်းငယ် စောင်းကာ လက်တစ်ဖက်ဖြင့် မေးထောက်လျက် တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေပုံရ၏။

မွန်း အနားသို့ အနည်းငယ် တိုးကပ်သွားသည်။ သူမ မျက်စိမှားသည်လား မသိသော်လည်း ဝါပူးဂစ်၏ ပါးပြင်လေးများမှာ အနည်းငယ် နီမြန်းနေ၏။

"ဆေဘာမွန်း လား ဘာလား..."

သူမ တစ်ယောက်တည်း ရေရွတ်နေသည်ကို မွန်း ကြားလိုက်ရလေတော့သည်။

မွန်းသည် အတန်ကြာအောင် စောင့်ဆိုင်းနေပြီးမှ ခပ်တိုးတိုး ခေါ်လိုက်သည်။

"ဝါပူးဂစ်..."

ဝါပူးဂစ်မှာ တစ်ချက်မျှ တွန့်ခနဲ ဖြစ်သွားပြီး ရေပြင်ထက်တွင် လွှဲယမ်းနေသည့် သူမ၏ ခြေထောက်များကို ရပ်တန့်ကာ အပေါ်သို့ မတင်လိုက်သည်။ ထို့နောက် ကိုယ်ကို မတ်မတ်ထိုင်ကာ လည်ချောင်းတစ်ချက် ရှင်းလိုက်၏။

"ဘာကိစ္စရှိလို့လဲ မွန်း..."

“...”

***

All Chapters