← Chapters

ဝါးပူဂစ်

Vol. 13 Ch. 179

ဝါးပူဂစ်

Vol. 13 Ch. 179

အကယ်၍ မွန်းသာ ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း မရှိပါက... အခုလေးတင် လဆန်းပုံသဏ္ဍာန်ပေါ်တွင် မှောက်လျက် မေးထောက်ကာ စိတ်ကူးယဉ်နေသည့် အမျိုးသမီးနှင့် ယခု မြင်တွေ့နေရသည့် လျှို့ဝှက်ဆန်းကြယ်ပြီး ကျော့ရှင်းလှပသော ကမ္ဘာဦး စုန်းမကြီးတို့မှာ တစ်ဦးတည်းသာ ဖြစ်ကြောင်း ယုံကြည်နိုင်စရာ မရှိပေ။

ဝါပူးဂစ်၏ ပါးပြင်ပေါ်မှ နီမြန်းမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်ရသည်မှာ စီချွမ်းပြဇာတ်မှ မျက်နှာဖုံးအလဲအလှယ် အတတ်ပညာကို ကြည့်နေရသကဲ့သို့ပင်။ ဤသည်ကို ကြည့်ခြင်းဖြင့် သက်ရှိများ၏ ခံစားချက် သရုပ်သကန်မှာ မည်မျှ နက်နဲကြောင်း မွန်း ပိုမိုနားလည်လာခဲ့သည်။

သို့သော် ထူးဆန်းသည်မှာ..."လမင်းကြီးဆိုတာ ငယ်ရွယ်ချောမောတဲ့ မိန်းကလေးတစ်ယောက်ပဲ" ဟူသော ဘော့စ်၏ စကားကြောင့် ဝါပူးဂစ် ပျော်ရွှင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း... ဤလောက၏ နိယာမများအရ ဝါပူးဂစ်မှာ လမင်းနှင့် နေမင်းတို့ထက်ပင် ပိုမိုမြင့်မားသော အဆင့်အတန်းတွင် ရှိနေကြောင်း မွန်း ဝေဝေဝါးဝါး သိထားသည်။ လွန်လေခဲ့ပြီးသော နှစ်ပေါင်းများစွာတုန်းက ဝါးပူဂစ်မှာ ပျင်းရိငြီးငွေ့လာသောအခါ တစ်ခါတစ်ရံတွင် လမင်း၏ နေရာတွင် ဝင်ရောက် သရုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။

ထို့ကြောင့် အရှိကိုအရှိအတိုင်း ပြောရလျှင် သူမအား လမင်းကြီးအဖြစ် တစ်စိတ်တစ်ပိုင်း သတ်မှတ်နိုင်ပေသည်။

ဝါပူးဂစ်မှာ အမှန်တကယ်ပင် လှပလွန်းလှသည်။ သူမ၏ အလှက လူသားတို့၏ အကန့်အသတ်ကို ကျော်လွန်ကာ ပြည့်စုံလွန်းလှသဖြင့် မည်သူမဆို ရင်သပ်ရှုမော ဖြစ်သွားရပေမည်။ သို့သော်လည်း... 'ငယ်ရွယ်သော မိန်းကလေး' ဟူသော စကားလုံးနှင့် သူမက အဘယ်သို့ သက်ဆိုင်ပါသနည်း။

မွန်းတစ်ယောက် မည်မျှပင် စဉ်းစားသော်လည်း အဖြေမထွက်နိုင်ဘဲ ဝေခွဲမရ ဖြစ်နေတော့သည်။

ကမ္ဘာဦး စုန်းမကြီးမျာမှာ အဇီးတွင် ကမ္ဘာဦး အမှောင်ထု စတင်ချိန်ကတည်းက ပေါ်ထွန်းခဲ့သည့် အစောဆုံး အသိဉာဏ်ရှိ သက်ရှိများ ဖြစ်ကြသည်။ သူတို့မှာ ကြောက်မက်ဖွယ် တန်ခိုးအာဏာများကို ပိုင်ဆိုင်ထားကြကာ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို ထိန်းချုပ်ထားကြသူများ ဖြစ်သည်။ ထို့ကြောင့် အသက်အရွယ်အရဆိုလျှင် ဝါးပူဂစ်မှာ ဤမြေပြင်ကြီးနှင့် သက်တမ်း တူညီနေပေလိမ့်မည်။

မည်သူမျှ ကမ္ဘာဦး စုန်းမကြီးများ၏ အစစ်အမှန် ခန္ဓာကိုယ်ကို မမြင်ဖူးကြပေ။ ယခု ဝါပူးဂစ်၏ ပုံပန်းသဏ္ဍာန်မှာလည်း... လူ့ဘောင်အတွင်း ဝင်ဆံ့နိုင်ရန် ဖန်တီးထားခြင်းသာ ဖြစ်သည်။ အရာခပ်သိမ်းကို ဖန်တီးနိုင်စွမ်းရှိသည့် သူမ၏ ထူးခြားသည့် အစွမ်းကို ပေါ်လွင်စေရန် အမျိုးသမီးပုံစံကို ယူထားခြင်းသာ ဖြစ်သည်။ လူသားတို့၏ စံနှုန်းအရဆိုရလျှင် သူမမှာ လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင် အဆက်ဆက်ထက်ပင် အသက်ကြီးနေပေဦးမည်...။

အတွေးနယ်ချဲ့ရင်း ဇဝေဇဝါ ဖြစ်နေသည့် မွန်း၏ အကြည့်အောက်တွင် ဝါပူးဂစ်၏ အမူအရာမှာ တဖြည်းဖြည်း နေရထိုင်ရခက်လာခဲ့၏။

ဤကလေးငယ်၏ စိတ်ထဲတွင် မည်သည့် အရာများ တွေးနေမှန်း သူမ မသိသော်လည်း တစ်ခုခုတော့ လွဲချော်နေပြီဖြစ်ကြောင်းနှင့် ထိုအရာကို မသိဘဲနေခြင်းကသာ ပို၍ ကောင်းလိမ့်မည်ဖြစ်ကြောင်း သူမ ခံစားမိလိုက်သည်။

သူမ ပြုံးမြဲပြုံးလျက် ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ရန်သာ ဆုံးဖြတ်လိုက်၏။

"မွန်း... ဗင်းဆင့်အကြောင်းမလား... ငါလည်း ကြားပြီးသားပါ"

ဝါပူးဂစ် လခြမ်း သဏ္ဍာန်ပေါ်မှ ကျော့ရှင်းစွာ ဆင်းသက်လိုက်ပြီး တည်ငြိမ်စွာဖြင့်ပင် မေးလိုက်သည်။

"တွေ့လား... ငါပြောသားပဲ၊ သူက ဒါတွေကို ကြိုတင်မျှော်လင့်ထားပြီး မင်း လှုပ်ရှားလာမယ့်အချိန်ကို စောင့်နေတာလို့”

"ငါတို့ နောက်ထပ်လုပ်ရမယ့် အစီအစဉ်တွေကိုလည်း သူ သဘောတူမှာ အသေအချာပဲ... တကယ်တော့ ဗင်းဆင့်ရဲ့ ကိစ္စမှာ ငါတို့ကို ကူညီပေးခဲ့တာ သူကိုယ်တိုင်ပဲလေ... ဒါက သူကိုယ်တိုင် လိုချင်နေတဲ့ ရည်ရွယ်ချက်ပဲ... ဗင်းဆင့် ရောက်လာတဲ့အချိန်ကျရင် ငါတို့ရဲ့ ဒုတိယမြောက် အစီအစဉ်ကို စတင်ဖို့ သူ့ကို စည်းရုံးနိုင်လိမ့်မယ်"

မွန်းက ခေါင်းငြိမ့်လိုက်၏။

"တရားမျှတမှုအတွက် အမိုးခုံး ဘုရားကျောင်းတော်ကို အမြစ်ပြတ် ဖြုတ်ချရမယ်..."

ဝါပူးဂစ်က လက်ကို ဆန့်ထုတ်ကာ မွန်း၏ ပါးပြင်လေးကို အသာအယာ ပွတ်သပ်လိုက်၏။

"မင်းက ကိုးကွယ်ယုံကြည်မှုအသစ်ကို မတည်ထောင်ချင်ဘူး၊ အခြားသူတွေရဲ့ ကိုးကွယ်မှုကိုလည်း မခံယူချင်ဘူးဆိုတော့ ဗင်းဆင့်က အသင့်တော်ဆုံး ပုဂ္ဂိုလ်ပဲ ဖြစ်လိမ့်မယ်... နေမင်းရဲ့ ဘာသာတရားက အမိုးခုံး ဘုရားကျောင်းတော်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်သွားပါစေပေါ့"

"ယုံကြည်မှုအသစ် တစ်ခုက မဖြစ်မနေ လိုအပ်တာလား"

မွန်းက မေးလိုက်သည်။ ဝါပူးဂစ်သည် မွန်းထံမှ ဤကဲ့သို့သော မေးခွန်းမျိုး ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အံ့အားသင့်သွားခဲ့၏။

"မင်းကော ဘယ်လိုထင်လဲ"

သူမက ပြန်မေးလိုက်သည်။ တစ်နည်းဆိုရသော်... မွန်းအား ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စဉ်းစားတတ်စေရန် ဝါပူးဂစ်က မေးခွန်းကို ပြန်ထုတ်လိုက်ခြင်း ဖြစ်သည်။ အမှန်စင်စစ် ဝါပူးဂစ်မှာ သူမ၏ အိပ်မက်ဘုံကို မွန်းထံသို့ အပ်နှံထားပြီး ဖြစ်သလို၊ သူမ၏ တန်ခိုးအာဏာများကိုလည်း ဆက်ခံမည့်သူ အဖြစ် သတ်မှတ်ထားသဖြင့် မွန်းမှာ သူမ၏ တပည့်တစ်ဦးကဲ့သို့ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

မွန်းက ခေါင်းကို အနည်းငယ် စောင်းကာ၊ ယုံကြည်ချက်အပေါ် အလွန်အကျွံ စွဲလမ်းမှုကြောင့် ရက်စက်စွာ သေဆုံးသွားခဲ့ရသည့် ဘုန်းတော်အိုကြီးနှင့် တမန်တော်များအကြောင်းကို တွေးတောနေမိသည်။ နှစ်ဖက်စလုံးမှာ တူညီသော ယုံကြည်ချက်ကြောင့် မျက်စိကွယ်ခဲ့ကြသော်လည်း သူတို့၏ ရလဒ်များမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားခဲ့သည်။

ယုံကြည်မှုအသစ်သည်လည်း အမိုးခုံး ဘုရားကျောင်းတော်ကဲ့သို့ အဆုံးသတ်သွားမည်ကို စိုးရိမ်နေမိသဖြင့် မွန်းမှာ သူမ၏ ကိုယ်ပိုင်အမြင်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

‘ဒီလို ဘုရားကျောင်းတွေသာ မရှိတော့ရင် ကမ္ဘာကြီးက ပိုကောင်းမလား’

မွန်း အဖြေမထွက်နိုင်သေးပေ။ အရာအားလုံးက ရှုပ်ထွေးလွန်းလှသည်။

"နတ်ဘုရားတွေက ယုံကြည်သူတွေကို လိုအပ်နေတာ မဟုတ်ဘူး... လူသားတွေကသာ ယုံကြည်မှုဆိုတာကို လိုအပ်နေတာပါ"

ဝါပူးဂစ်က ပြုံးလျက် ဆက်ပြောလိုက်သည်။

"လူသားတစ်ယောက်ရဲ့ သေးငယ်တဲ့ ယုံကြည်မှုလေးဟာ နေမင်းအတွက်ကော လမင်းအတွက်ပါ အရေးမကြီးဘူး... ဒါပေမဲ့ လူသားတွေမှာ စိတ်ပိုင်းဆိုင်ရာ အားကိုးရာနဲ့ အကာအကွယ်ဆိုတာ လိုအပ်တယ်... ဒါကြောင့်ပဲ ဘုရားကျောင်းတွေ တည်ရှိနေရတာပေါ့"

"အနည်းဆုံးတော့ အမိုးခုံး ဘုရားကျောင်းတော်ရဲ့ ယုံကြည်သူတွေဟာ ဒီလို လူနေမှုပုံစံနဲ့ ကျင့်သားရနေကြပြီ... အကယ်၍ မင်းသာ ဘာသာတရားအသစ်တစ်ခု မတည်ထောင်ပေးဘဲ အဟောင်းကိုပဲ ဖျက်ဆီးပစ်လိုက်မယ် ဆိုရင် အဲဒီလူတွေရဲ့ စိတ်ဓာတ်တွေဟာ တစ်ညတည်းနဲ့ ပြိုလဲသွားလိမ့်မယ်"

"သူတို့ရဲ့ ယုံကြည်ချက်က သူတို့ကို လှည့်ဖျားခဲ့တာမဟုတ်ဘဲ လူယုတ်မာတွေကသာ လှည့်ဖျားခဲ့တာဆိုတာကို သူတို့ နားလည်အောင် လုပ်ပေးရမယ်"

မွန်းမှာမူ ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်ကြောင်း သူမ၏ ငေးငိုင်နေသော မျက်နှာလေးက သက်သေခံနေသည်။

“ခစ်... ခစ်... ခစ်...”

ဝါပူးဂစ်က ရုတ်တရက် ရယ်မောလိုက်ပြီး မွန်းအား လဆန်းပုံသဏ္ဍာန်ပေါ်သို့ တွန်းကာ ထိုင်ခိုင်းလိုက်သည်။

"အဲဒီ သားရဲက သူ့ကိုယ်သူ လှပတဲ့ ဝတ်စုံတစ်ခုနဲ့ ဖုံးကွယ်ထားတာပဲ ရှိတာ... ဒါပေမဲ့ လူသားတွေကတော့ အဲဒီဝတ်စုံကို အသုံးချပြီး သူတို့ဖြစ်ချင်တဲ့ မကောင်းမှုတွေကို လုပ်ခဲ့ကြတာ..."

"ယုံကြည်မှုဆိုင်ရာ စကားလုံးတွေ... မဟုတ်ဘူး... ဘုရားကျောင်းသစ်ရဲ့ တရားဒေသနာတွေကိုတော့ မင်းရဲ့ ဘော့စ် လင်ကိုပဲ စဉ်းစားခိုင်းလိုက်ပါ... သူက ဒီလိုကိစ္စတွေမှာ အတော်လေး ကျွမ်းကျင်ပုံရတယ်... မင်းလုပ်ရမှာက မင်းလုပ်သင့်တာကို လုပ်ဖို့... ဒါပါပဲ..."

မွန်းက အသာအယာ လွှဲယမ်းနေသည့် လခြမ်း ပုံသဏ္ဍာန်ပေါ်တွင် ကိုယ်ကို ထိန်းထိုင်ရင်း ဝါးပူဂစ်ကို ကြည့်လိုက်၏။

"ရှင်က ကမ္ဘာဦး စုန်းမကြီး မဟုတ်ဘူးလား... လူသားတွေ ဘာတွေးနေသလဲဆိုတာကို ဘာလို့ ဂရုစိုက်နေရတာလဲ"

တစ်ချိန်တည်း၌ သူမ၏ အောက်ရှိ လခြမ်း အတုကို ကိုင်တွယ်ကြည့်ရင်း ဤအရာမှာ အဘိုးကြီးများ ထိုင်တတ်သည့် 'လွှဲကုလားထိုင်' တစ်ခုနှင့် တူနေသည်ဟု ခံစားမိလိုက်သည်။

ဝါပူးဂစ်မှာမူ ဉာဏ်ရည်တု လူသားလေး၏ စိတ်ထဲမှ အသံတိတ် ဝေဖန်မှုကို မသိရှာဘဲ နှုတ်ခမ်းထောင့်များ တွန့်သွားအောင် ပြုံးလိုက်၏။

"ငါ လူသားတွေနဲ့ အရင်က ကတိတစ်ခု ထားခဲ့ဖူးတယ်... အမှောင်ထုထဲမှာ ဒီလို အားနည်းတဲ့ သတ္တဝါတွေကို စောင့်ရှောက်ပေးဖို့ပေါ့... အဲဒါက ငါ ဖျက်လို့မရတဲ့ ကတိတစ်ခုပဲ"

"ဪ... ဒါနဲ့ အခုအချိန်ဆို အမိုးခုံး ဘုရားကျောင်းတော်ကတော့ အတော်လေး ထိတ်လန့်တုန်လှုပ် နေလောက်ပြီ... သူတို့ ဘာနဲ့ ရင်ဆိုင်နေရသလဲဆိုတာကိုသာ နားလည်မယ်ဆိုရင် ကြောက်လန့်တကြား ထွက်ပြေးနေကြမှာပဲ"

"ဒါပေမဲ့ သူတို့လို ယုံကြည်ချက်အပေါ်မှာပဲ အလွန်အကျွံ စွဲလမ်းနေတဲ့သူတွေဟာ အသိဉာဏ် ချို့တဲ့နေတတ်ကြတယ်... အစွမ်းအစ မရှိဘဲ ဒေါသထွက်နေကြလိမ့်မယ်... ကြောက်ရွံ့စိတ်ကြောင့် ဒီကြီးမားတဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားပစ်ချင်ကြလိမ့်မယ်... မကြာခင်မှာပဲ ဗင်းဆင့်နောက်ကို လိုက်ရင်း စာအုပ်ဆိုင်ဆီကို ရောက်လာကြလိမ့်မယ်"

***

All Chapters