← Chapters

ဗင်းဆင့်၏ စွမ်းအားများ

Vol. 13 Ch. 180

ဗင်းဆင့်၏ စွမ်းအားများ

Vol. 13 Ch. 180

ဝါးပူဂစ် ခန့်မှန်းသည့် အတိုင်းပင်... လက်တွေ့ကမ္ဘာ၌ အမိုးခုံး ဘုရားကျောင်းတော်မှာ ထိတ်လန့်နေရုံတင်မကဘဲ အသိစိတ်လွတ်မတတ် ကြောက်ရွံ့နေကြပြီ ဖြစ်သည်။

တစ်ညတည်း... မဟုတ်သေး။ ညဝက်မျှ အတွင်းမှာတင် ခရိုင်တစ်ခုလုံး၏ ပင်မဘုရားကျောင်းမှာ မြေလှန်ဖျက်ဆီးခံလိုက်ရပြီး၊ တမန်တော်နှစ်ပါးမှာလည်း မီးရှူးမီးပန်းများအလား ပေါက်ကွဲပျက်စီး သွားခဲ့ရသည်။ ထိုသူများအနက် တစ်ဦးမှာ ဘာသာရေးခုံရုံး၏ အကြီးအကဲဖြစ်ပြီး ဘုရားကျောင်းတော်၏ အင်အားအကြီးဆုံး တမန်တော်နှစ်ပါးအနက် တစ်ဦးလည်း ဖြစ်သည်။

ဤသတင်းကို မပြန့်နှံ့အောင် မည်မျှပင် တားဆီးချင်သော်ငြားလည်း ဖြစ်ရပ်က ကြီးကျယ်လွန်းလှသဖြင့် မဖြစ်နိုင်ပေ...။ သာမန်လူများကိုသာ 'ဂတ်စ်လိုင်း ပေါက်ကွဲမှု' ဟူသော အဓိပ္ပာယ်မရှိသည့် အကြောင်းပြချက်ဖြင့် လှည့်ဖျားထားနိုင်ခြင်း ဖြစ်သည်။

သဘာဝလွန် အင်အားစုများနှင့် အဖွဲ့အစည်းအားလုံးမှာမူ ဤသတင်းကို ရရှိပြီး ဖြစ်သည်။

အခြေအနေကို မသိသောသူများက လမင်းကြီး၏ အမျက်တော်ကြောင့် အပြစ်ပေးခြင်းကို ခံရသည်ဟု ထင်မှတ်နေကြသည်။

ဖြစ်ရပ်မှန်ကို သိသည်ဟု ယူဆသူများကမူ နိယာမဆိုင်ရာ အင်အားကို ရရှိထားသည့် ဘာသာရေး ဖောက်ပြန်သူတစ်ဦးကြောင့် ဖြစ်ရသော ကျရှုံးမှုကြီးဟု မှတ်ယူကြသည်။

အမှန်တရားကို သိရှိသူများအတွက်မူ... ဤသည်မှာ စစ်မှန်သော နတ်ဘုရား၏ အမျက်တော်နှင့် အပြစ်ပေးခြင်းပင် ဖြစ်သည်။ လမင်းကြီးကို ကြားခံအဖြစ် အသုံးပြုကာ နေမင်းကြီးက အပြစ်ပေးလိုက်ခြင်းသာ ဖြစ်သည်။

အမိုးခုံး ဘုရားကျောင်းတော်မှာ ချက်ချင်းဆိုသလိုပင် အဆင့်မြင့်ဆုံး ဝရမ်းကို ထုတ်ပြန်လိုက်တော့သည်။ နော်ဇင် တစ်မြို့လုံးရှိ သဘာဝလွန် ပုဂ္ဂိုလ် အသိုက်အဝန်း တစ်ခုလုံးမှာ တစ်ပြိုင်နက်တည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

အဓိက အင်အားကြီးအဖွဲ့အစည်းများက အခြေအနေကို စောင့်ကြည့်နေကြသော်လည်း၊ တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များမှာမူ စတင် လှုပ်ရှားနေကြပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သဲလွန်စပေးရုံမျှဖြင့်ပင် ကြီးမားသော ဆုကြေးငွေကို ရရှိနိုင်သည် မဟုတ်ပါလော။

သာမန် လူသားများ မနေ့ညက ရုတ်တရက်ဖြစ်ပွားခဲ့သည့် ဂတ်စ် ပေါက်ကွဲမှုအကြောင်းကို ဆွေးနွေးနေကြသည့် ထိုနံနက်ခင်းမှာပင်၊ သဘာဝလွန် ပုဂ္ဂိုလ်များ၏ လောက၌မူ လှိုင်းလုံးကြီးများ ရိုက်ခတ်နေခဲ့သည်။

သို့သော်လည်း... နော်ဇင်တစ်မြို့လုံး၏ အာရုံစိုက်ခြင်းကို ခံနေရသော ဗင်းဆင့်မှာမူ တစ်ညလုံး ပေါက်ကွဲမှုဖြစ်ပွားရာ ဗဟိုချက်၌ပင် ရှိနေခဲ့သည်။ ဒုတိယမြောက်နေ့တွင် သူက အရှိန်အဝါကို ဖုံးကွယ်ကာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သည်။

သူ့ ခန္ဓာကိုယ်မှ မီးတောက်များမှာ လမင်း၏ တန်ခိုးအာဏာအပေါ် သက်ရောက်မှု ရှိနေသဖြင့် အမိုးခုံး ဘုရားကျောင်းတော်မှ အဖွဲ့ဝင်များမှာ အနားသို့ မချဉ်းကပ်ရဲကြပေ။ ထို့ကြောင့် ဗင်းဆင့် ထိုနေရာ၌ပင် တစ်ညလုံး ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

ဤသို့ဖြင့် ဗင်းဆင့်မှာ အန္တရာယ်အရှိဆုံး အချိန်ကို အမှောင်ထုထဲတွင် ပုန်းအောင်းရင်း ကျော်ဖြတ်နိုင်ခဲ့သည်။

ယခုအချိန်တွင်မူ ဗင်းဆင့် စာအုပ်ဆိုင်၏ ပြတင်းပေါက်ကို လှမ်းကြည့်နေမိသည်။ သူ သက်ပြင်းတစ်ချက်ကို အားယူကာ ရှူသွင်းလိုက်ပြီးနောက်၊ တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

...

ဗင်းဆင့်၏ ပုံပန်းသဏ္ဍာန်က အတော်လေး ခြေကုန်လက်ပမ်း ကျနေပုံ ရလေသည်။ သူ၏ ဘုန်းတော်ကြီးဝတ်စုံမှာ လကွယ်တမန်တော် ဘတ်ခ် နှင့် ရင်ဆိုင်တိုက်ခိုက်စဉ်ကတည်းက လုံးဝ ပြာကျသွားခဲ့ပြီ ဖြစ်သဖြင့် ယခုအခါတွင် ခေါင်းစွပ်ပါသော အနက်ရောင် ဝတ်ရုံရှည်ကိုသာ လဲလှယ်ဝတ်ဆင်ထားရသည်။

သာမန် ဘုန်းတော်ကြီးဝတ် အနေဖြင့် ထိုသို့ဖြစ်သွားသည်မှာ မဆန်းလှပေ။ ဖျက်ဆီးခြင်းအဆင့် ရှိသည့် ပေါက်ကွဲမှုကြီး၏ ဗဟိုချက်တွင် ထိုအဝတ်အစားများ အကောင်းပကတိ ကျန်ရှိနေပါမှသာ ထူးဆန်းနေပေလိမ့်မည်။

ယခု သူဝတ်ဆင်ထားသော အဝတ်အစားမှာမူ... ပြာများ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည့် ဘတ်ခ်၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ လကွယ် တမန်တော် ဝတ်ဆင်ခဲ့သည့် အနက်ရောင်ဝတ်ရုံမှာ အကြိမ်ပေါင်း (၃၀) ထက်မနည်း မှော်အတတ်ဖြင့် အဆင့်မြှင့်တင်ထားသည့် အရည်အသွေးမြင့် ပစ္စည်း တစ်ခု ဖြစ်သည်။ လူသားတို့၏ သာမန် မျက်စိဖြင့် မမြင်နိုင်သည့် ဖျက်ဆီးခြင်းအဆင့် ကာကွယ်ရေး အစီအရင်များမှာ ထိုဝတ်ရုံ၏ နေရာအနှံ့တွင် အမြဲမပြတ် လည်ပတ်နေကာ ကိုယ်ဖျောက်နိုင်သည့် အစွမ်းကိုလည်း ပေးနိုင်သည်။

ဝတ်ရုံ၏ ကုန်ကြမ်းပစ္စည်းမှာလည်း အလွန်ထူးခြားလှသဖြင့် ဖျက်ဆီးခြင်း အဆင့် ပေါက်ကွဲမှုကြီး၏ ဗဟိုချက်၌ပင် မည်သည့်ထိခိုက်ဒဏ်ရာမျှမရဘဲ အကောင်းပကတိ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ဘတ်ခ် အတွက် ကံဆိုးသည် ဗင်းဆင့်၏ လက်ချက်ဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းမှနေ၍ လောင်ကျွမ်း ခံလိုက်ရခြင်း ဖြစ်သဖြင့် ဤဝတ်ရုံက မကာကွယ်ပေးနိုင်ခဲ့ခြင်းပင်။

ဘတ်ခ်၏ အလောင်းထံမှ ယူလာခဲ့သည့် ဤအနက်ရောင်ဝတ်ရုံကြောင့်သာ ဗင်းဆင့်မှာ အားအနည်းဆုံး အချိန်တွင် အမိုးခုံး ဘုရားကျောင်းတော် နှင့် ၎င်းတို့၏ ထူးခြားအဆင့်ပိုင်ရှင်များထံမှ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တစ်နေ့နီးပါးခန့် ပုန်းအောင်းရင်း ခန္ဓာကိုယ်ကို ပြန်လည် အားဖြည့်ပြီးနောက် ဗင်းဆင့် တစ်ယောက် နေမင်း အမတ‌ေကြောင့် ပြောင်းလဲသွားသည့် သူ့ ခန္ဓာကိုယ်သစ်နှင့် အင်အားသစ်တို့အကြောင်းကို အတော်လေး နားလည်လာခဲ့ပြီ ဖြစ်သည်။

နေမင်း အမတေ ဆိုသည်မှာ အိပ်မက်ထဲရှိ မိန်းကလေးထံမှ သူရရှိခဲ့သော နေမင်းအသေးစားလေးပင် ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲသွားပြီးနောက်တွင်မူ ထိုအမတေ အတွင်း ကိန်းအောင်းနေသည့် အနန္တ ပညာရပ်များကို သူ ရရှိခဲ့ကာ မိမိခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကိုလည်း သဘောပေါက်ခဲ့သည်။

ပထမဦးဆုံး အနေဖြင့် 'နေမင်းကျမ်းစာ' သည် သူနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ စာမျက်နှာများပေါ်မှ ကွာကျလာသည့် ရှေးဟောင်းအက္ခရာများမှာ နေမင်း၏ တန်ခိုးအာဏာများပင် ဖြစ်သည်။ ယခုအချိန်တွင်မူ သူ ထိုတန်ခိုးများကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘဲ သုံးမျိုးကိုသာ အသုံးပြုနိုင်သည်။

ပထမတစ်ခုမှာ [နေမင်း ချီးမွမ်းခြင်း] ဖြစ်သည်။ ဤသည်မှာ သူအစောဆုံး အသုံးပြုခဲ့သော စွမ်းအား တစ်ခု ဖြစ်သည်။ စင်စစ် သူ နေမင်းကျမ်းစာကို စတင်ရရှိကတည်းက ဤအစွမ်းမှာ ကိန်းအောင်းနေခဲ့ခြင်း ဖြစ်ပြီး ဟိုင်းမန်း သူ့ကို လုပ်ကြံရန် ကြိုးစားစဉ်က အလိုအလျောက် မီးလောင်ကျွမ်းသွားခဲ့ခြင်းမှာလည်း ဤအစွမ်းကြောင့်ပင်။

ထွက်ပေါက်မရှိအောင် ဝိုင်းရံခံထားရစဉ်ကလည်း... ဗင်းဆင့် တစ်ယောက် နေမင်းကျမ်းစာနှင့် နေမင်း ချီးမွမ်းခြင်း အစွမ်းကို အပြည့်အဝ နှိုးဆော်လိုက်ရာမှ နေမင်း၏ စွမ်းအင်များကို ရရှိခဲ့ကာ ဗန်နက်ဆာကိုပင် သတ်ဖြတ်နိုင်ခဲ့သည့် ဧရာမ မီးလုံးကြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဒုတိယတစ်ခုမှာ [နေမင်း လွှမ်းမိုးခြင်း] ဖြစ်သည်။ လမင်း၏ မြင့်မြတ်သော တန်ခိုးအာဏာ အများစုမှာ နေမင်းထံမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့် ဤအစွမ်းဖြင့် လရောင်ခြည်များကို သဘာဝအလျောက် နှိမ်နင်းနိုင်ခြင်းပင် ဖြစ်သည်။

အထူးသဖြင့် အမိုးခုံး ဘုရားကျောင်းတော်က ကိုးကွယ်နေသည့် နတ်ဘုရားအတုမှာ ကိုယ်ပိုင်အခြေခံ အင်အားမရှိဘဲ ခိုးယူထားသည့် တန်ခိုးများသာ ဖြစ်သဖြင့်၊ ၎င်းတို့၏ အင်အားမှာ မီးလောင်ရန် စောင့်နေသည့် ဆီပေပါများကဲ့သို့ပင် ဖြစ်နေသည်။

ဘတ်ခ်မှာ ဤအစွမ်းကြောင့်ပင် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ဗန်နက်ဆာ၏ သေဆုံးမှုမှာလည်း [နေမင်း လွှမ်းမိုးခြင်း] ကြောင့် များစွာ သက်ဆိုင်နေသည်။

တတိယတစ်ခုမှာ [မီးတောက်ခန္ဓာ နိုးထခြင်း] ဖြစ်သည်။ နေမင်း အမတေကို လက်ခံရရှိပြီးနောက် ဗင်းဆင့်မှာ လူသားတစ်ဦးအဖြစ် ဆက်လက် တည်ရှိရန် ကံမပါတော့ပေ။ သူ၏ နှလုံးသားမှာ နေမင်း အမတေဖြင့် အစားထိုးခံလိုက်ရပြီဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ပွက်ပွက်ဆူနေသည့် ချော်ရည်များ၊ အပူငွေ့များ၊ နေမင်းမီးတောက်များနှင့် အစက်အပြောက်များ စုစည်းထားသည့် နေမင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။

သူ၏ ခန္ဓာကိုယ် အပြင်ပိုင်းမှာ တစ်ပိုင်းတစ်စ အရည်ပျော်နေသော ချော်ရည်ခဲများကဲ့သို့ ဖြစ်နေပြီး အတွင်းပိုင်းမှာလည်း ပူပြင်းလှသည့် ရွှေစင်ခဲကြီးကဲ့သို့ ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများမှာ မရှိတော့ဘဲ နေမင်းစွမ်းအင်များဖြင့် အစားထိုးခံလိုက်ရပြီ ဖြစ်သည်။ ဤအစွမ်းကို သုံးလိုက်လျှင် သူက လူသားပုံသဏ္ဍာန်ရှိသော နေမင်းကြီး သို့မဟုတ် သက်ရှိမီးတောက်ကြီးတစ်ခုအဖြစ် ပေါ်ပေါက်လာမည် ဖြစ်သည်။

သို့သော်လည်း... ပုံမှန်အခြေအနေများတွင်မူ ဗင်းဆင့်မှာ သာမန်လူသားပုံစံကို ဆက်လက် ထိန်းသိမ်းထားနိုင်သည်။

မူလက စာအုပ်ဆိုင်ပိုင်ရှင် ပေးလိုက်သည့် နေမင်းကျမ်းစာမှာ ဤမျှလောက်ထိ အစွမ်းမထက်ခဲ့ပေ။ သို့သော် နေမင်း အမတေ ကို ရရှိလိုက်သောအခါတွင်မူ မီးထဲသို့ လောင်စာထည့်လိုက်သည့် အလား တန်ခိုးအာဏာများမှာ ထိန်းမနိုင်သိမ်းမရ တောက်လောင်လာခဲ့သည်။ နေမင်း အမတေတစ်ခုတည်းကပင် သူ့အား 'ငရဲဘုံအဆင့်' သို့ ချက်ချင်း ရောက်ရှိသွားစေခဲ့သည်။

ငရဲဘုံအဆင့်ကို အထင်သေး၍ မရပေ။ အမှန်တရား အသင်းတော်၏ APDS သတ်မှတ်ချက်အရ ဤအဆင့်တွင် ရှိသော သဘာဝလွန် ပုဂ္ဂိုလ်များမှာ လူထုအတွင်း အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်ပေါ်စေနိုင်သူများ ဖြစ်သည်။

ငရဲဘုံ အဆင့် သတ်မှတ်ချက်အတွင်း၌ မုဆိုးအဖွဲ့သစ်၏ ခေါင်းဆောင် ကျိကျစ်ရှို့ နှင့် အမိုးခုံး ဘုရားကျောင်းတော်၏ ကျန်ရှိနေသေးသည့် တမန်တော်ငါးပါးတို့ ပါဝင်သည်။ သူတို့မှာ သာမန် ငရဲဘုံ အဆင့်များထက် များစွာ သာလွန်ကျော်လွှားနေသော ကျော်ကြားသူများ ဖြစ်ကြသည်။

သို့သော်လည်း အထက် ဖော်ပြပါ စွမ်းရည် သုံးမျိုးကိုပါ ရောစပ်၍ အသုံးပြုမည် ဆိုပါက ဗင်းဆင့်အနေဖြင့် ဖျက်ဆီးခြင်း အဆင့်နိမ့်များကိုပင် ယှဉ်ပြိုင်ရန် ခက်ခဲမည်မဟုတ်ပေ။ တစ်ခုတည်းသော အားနည်းချက်က ဤအစွမ်းကို သုံးပြီးနောက် ယာယီအားဖြင့် အားအင်ချည့်နဲ့သွားမည် ဖြစ်သည်။

ထို့ပြင်... ယခုကဲ့သို့ တစ်ရက်အတွင်း အားပြန်ပြည့်ရန်မှာလည်း မလွယ်ကူပေ။ ယခင် အရေးပေါ်အခြေအနေတွင် မိမိ၏ ခွန်အားကို ဖြည့်တင်းရန် နေမင်း အမတေ ကို အသုံးပြုခဲ့သဖြင့် ထိုအမတေမှာ အနည်းငယ် ကျုံ့ဝင်သွားခဲ့သည်။ သာမန်စကားဖြင့် ပြောရလျှင် ယာယီအင်အားအတွက် မိမိ၏ အသက်ကို တိုစေခဲ့ခြင်းမျိုးပင် ဖြစ်သည်။

‘ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး... ငါက ဖျက်ဆီးခြင်းအဆင့် တစ်ယောက်ကိုပဲ ခုခံနိုင်သေးတာ... ဘုရားကျောင်းတော်မှာ အလင်းနဲ့ အမှောင် မယ်တော် တွေအပြင် အခရာအဆင့် ပုပ္ပားရဟန်းမင်းကြီး ရော့ဒ်နီ လည်း ရှိသေးတယ်...’

‘သူတို့က အခုလောလောဆယ် ကြောက်နေလို့သာ ငြိမ်နေကြတာ... တကယ်လို့ သူတို့သာ ငါ့ရဲ့အင်အားက ထင်သလောက် မကြီးမားဘူးဆိုတာကို ရိပ်မိသွားရင်... ဘယ်လိုနည်းနဲ့မဆို ငါ့ကို သတ်ပစ်ဖို့ ကြိုးစားကြမှာပဲ...’

‘ငါ့ရဲ့ ကိုယ်ပိုင်အင်အား တစ်ခုတည်းနဲ့တော့ ဘယ်လိုမှ မလုံလောက်နိုင်ဘူး...’

တစ်ညလုံး ပြန်လည်သုံးသပ်ပြီးနောက်တွင် ဗင်းဆင့်၏ တောက်လောင်နေသည့် ဒေါသမီးများမှာ ငြိမ်သက်သွားခဲ့ပြီး ယခင်ကထက် ပိုမိုတည်ငြိမ်လာခဲ့သည်။ သူ၏ လက်ရှိ အသာစီးရနေမှုမှာ ယာယီ ထင်ယောင်ထင်မှား ဖြစ်မှုသာဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။

ကံကောင်းထောက်မစွာဖြင့် ဗင်းဆင့် ယခုတစ်ကြိမ်တွင် စာအုပ်ဆိုင်သို့ အရောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်လေသည်။

***

All Chapters