ဗင်းဆင့်၏ အခြေအနေ
Vol. 13 Ch. 181
ကလောင်...
တံခါးကို ဖွင့်ကာ အတွင်းသို့ ခြေချလိုက်ပြီးနောက် စာအုပ်ဆိုင်ပိုင်ရှင်၏ "ကြိုဆိုပါတယ်" ဟူသော စကားသံကို ကြားလိုက်ရသည့်အခါမှသာ ဗင်းဆင့် တစ်ယောက် မအောင့်အီးနိုင်တော့ပဲ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။
သူ၏ တောင့်တင်းနေသည့် အာရုံကြောများ (စင်စစ်တွင် အာရုံကြောများ မရှိတော့သော်လည်း) မှာ ချက်ချင်းပင် လျော့ကျသွားခဲ့ပြီး တစ်ကိုယ်လုံးကို နွမ်းလျမှုများက လွှမ်းမိုးသွားခဲ့သည်။
ထိုလုံခြုံသည့် ခံစားချက်မှာ မည်သည့်နေရာမှ ဆင်းသက်လာမှန်း သူ မသိသော်လည်း ဘေးပတ်ပတ်လည်တွင် ရန်သူများ ဝိုင်းရံနေပါစေဦးတော့... စာအုပ်ဆိုင်ပိုင်ရှင်၏ နွေးထွေးကြင်နာသော အပြုံးကို တွေးတောမိရုံမျှဖြင့် သူ့ စိတ်မှာ အေးချမ်းသွားခဲ့ရသည်။
ဗင်းဆင့် စာအုပ်ဆိုင်မှ ပြန်လည် ထွက်ခွာသွားခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း စိတ်ထဲတွင်မူ ဘဝတစ်သက်တာလုံး ကုန်လွန်သွားခဲ့သကဲ့သို့ ခံစားနေရသည်။
ဗင်းဆင့် ခေါင်းစွပ်ကို ဖယ်လိုက်ပြီး စာအုပ်ဆိုင်ပိုင်ရှင်ရှိရာသို့ ကြည့်လိုက်၏။
နေမင်း အမတေ ကို လက်ခံရရှိလိုက်သည့် အခိုက်အတန့်မှာပင် သူ့ မျက်လုံးများမှာ အရည်ပျော်သွားခဲ့ပြီ ဖြစ်ပြီး ယခုအခါ အလင်းနှင့် အပူတို့ဖြင့်သာ ပြည့်နှက်နေသည်။ မျက်လုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သည့် အလင်းရောင်များ ပွင့်ထွက်လာမည် ဖြစ်သဖြင့် မျက်လုံးစည်းကို ပြန်လည်စည်းကာ မှိတ်ထားရန်သာ သူ ရွေးချယ်ခဲ့ရသည်။
အမြဲတမ်းလိုပင် စာအုပ်ဆိုင်ပိုင်ရှင်သည် ကောင်တာတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည်။ "ကြိုဆိုပါတယ်" ဟူသော စကားမှာ သူ၏ အကျင့်ပါနေသော တုံ့ပြန်မှုသာ ဖြစ်သည်။ သူက ဖြည်းညင်းစွာပင် စာအုပ်ကို ပိတ်ကာ မော့ကြည့်လိုက်၏။
ဗင်းဆင့်၏ ပုံစံကို မြင်လိုက်ရသည့်အခါ သူ မျက်မှောင်ကြုတ်သွားမိ၏။
"ဖာသာ... ကြည့်ရတာ အခြေအနေ သိပ်မကောင်းလှဘူးပဲ"
လင်ကျဲသည် စကားလုံးများကို သေချာ ရွေးချယ်၍ ပြောဆိုလိုက်သည်။ ဗင်းဆင့်၏ ပုံစံမှာ အတော်လေး နွမ်းလျနေပြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။ ထို့ပြင် သူ၏ ကိုယ်ဟန်မှာ အလွန်ပင် တောင့်တင်းနေပြီး တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ဆုံးဖြတ်ထားသည့်အလားပင်။ ထို့အပြင်... ဗင်းဆင့်၏ အတွင်းစိတ်တွင် မီးတောက်တစ်ခု တောက်လောင်နေသကဲ့သို့ သူ ခံစားရ၏။
လင်ကျဲ၏ အတွေ့အကြုံအရ လူတစ်ယောက်ကို ဤကဲ့သို့ ပြောင်းလဲသွားစေနိုင်သော အရာမှာ တစ်ခုတည်းသာ ရှိသည်။
၎င်းကား အမုန်းတရား ပင် ဖြစ်သည်။
ထို့ပြင် ဗင်းဆင့် ထွက်သွားသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ပြန်လာသည့်အခါတွင်မူ သူ့ ဘုန်းတော်ကြီးဝတ်စုံမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း... ဘုရားကျောင်းတော်၏ ဆေးဝါး အလွဲသုံးစား လုပ်မှု တစ်ခုတည်းက နှစ်ပေါင်းများစွာ သက်ဝင်ယုံကြည်လာခဲ့သည့် ဘုန်းတော်ကြီးတစ်ဦးအား မိမိ၏ ယုံကြည်မှုကို ကျောခိုင်းသွားစေရန် မလုံလောက်နိုင်ပေ။
ဗင်းဆင့်မှာ အလွန်အမင်း ပြင်းထန်၍ စိတ်ပျက်ဖွယ်ရာ ကိစ္စရပ်များနှင့် ကြုံတွေ့ခဲ့ရကြောင်း သိသာပေသည်။
လင်ကျဲသည် ယခင်က ဗင်းဆင့်အား အမှန်တရားကို ဖုံးကွယ်ထားပြီး အခြေအနေကိုသာ အရင်ဆုံး သတင်းပို့ကာ စမ်းသပ်ကြည့်ဖို့ အကြံပေးခဲ့သည်။ ကျိုးကြောင်းဆင်ခြင်မှုအရ ဆိုလျှင် ဤသည်မှာ အန္တရာယ်အနည်းဆုံး နည်းလမ်း ဖြစ်သော်လည်း ထိုဖြစ်စဉ်အတွင်း ဗင်းဆင့်အနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့သွားနိုင်သည်မှာလည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ယခု မြင်ရသည့် ပုံအရ... ဘုရားကျောင်းတော်က ရိပ်မိသွားပြီး သူ့ကို ထိန်းချုပ်ရန် ကြိုးစားခဲ့ခြင်း သို့မဟုတ် ဤမျှလောက်အထိ ပြင်းထန်သော အမုန်းတရားများ ဖြစ်ပေါ်လာစေရန် သူ့အား ထိခိုက်စေသည့် ရူးသွပ်ဖွယ် ကိစ္စတစ်ခုခုကို ပြုလုပ်ခဲ့ခြင်းပင်။
ထို့ကြောင့်ပင် သူက နောက်ဆုံးတွင် ဘုရားကျောင်းတော်ကို သစ္စာဖောက်ကာ စာအုပ်ဆိုင်သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လင်ကျဲ ဖတ်လက်စ စာအုပ်ကို ဘေးသို့ခဏချလိုက်ပြီး ခဏမျှစဉ်းစားကာ ခန့်မှန်းကြည့်လိုက်သည်။
"ခင်ဗျား လွတ်မြောက်လာပြီပေါ့... အမိုးခုံး ဘုရားကျောင်းတော်က ခင်ဗျားအပေါ် ဒါမှမဟုတ်လည်း ခင်ဗျားနဲ့ နီးစပ်သူတွေအပေါ် တစ်ခုခုလုပ်လိုက်တာမလား"
မွန်းက အလိုက်တသိပင် လက်ဖက်ရည်နှစ်ခွက် ငှဲ့လိုက်ပြီး ကောင်တာပေါ်သို့ လာချပေးသည်။
"အချိန်နည်းနည်း ကြန့်ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်"
ဗင်းဆင့်သည် မျက်နှာပျက်ပျက်ဖြင့်ပင် တံခါးကို ပြန်ပိတ်ကာ ကောင်တာရှေ့တွင် လာထိုင်လိုက်၏။
သူ မွန်းကို မသိမသာ ခိုးကြည့်မိသည်။ ယခုကဲ့သို့ အနီးကပ် မြင်တွေ့လိုက်ရချိန်တွင်မူ ထိုမိန်းကလေးမှာ သူ့ အိပ်မက်ထဲမှ မိန်းကလေးပင်ဖြစ်ကြောင်း ပို၍သေချာသွားသလို သူတို့ကြားတွင်လည်း ရင်းနှီးမှုတစ်ခု ရှိနေသည်ဟု ခံစားရသည်။
အတိအကျပြောရလျှင်... လုံးဝ ယုံကြည်စိတ်ချရသည့် မိသားစုဝင်တစ်ယောက်နှင့် တွေ့ဆုံလိုက်ရ သကဲ့သို့ပင်။ ချစ်ခင်ရသူများကို ဆုံးရှုံးကာ စိတ်ဒဏ်ရာရနေသည့် ဗင်းဆင့်အတွက်မူ ဤကဲ့သို့သော ခံစားချက်မှာ သဲကန္တာရအလယ်တွင် ရေအိုင်ငယ်တစ်ခုကို တွေ့လိုက်ရသကဲ့သို့... အမုန်းတရားများဖြင့် ပြည့်နှက်နေသော နှလုံးသားကို အနည်းငယ် အေးမြသွားစေခဲ့သည်။
‘တကယ်လို့ ဒီအတိုင်းသာဆိုရင်... စာအုပ်ဆိုင် ပိုင်ရှင်ရဲ့ လက်ထော်က စစ်မှန်တဲ့ လမင်းကြီး ဖြစ်နေနိုင်တာပေါ့’
မွန်းကလည်း အနက်ရောင် မျက်လုံးစည်း၏ နောက်ကွယ်မှ ဗင်းဆင့်၏ အကြည့်ကို တုံ့ပြန် ကြည့်ရှုလိုက်ပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ ဤသည်မှာ တရားဝင် အတည်ပြုလိုက်ခြင်းပင် ဖြစ်၏။
"ဟူး..."
ဗင်းဆင့်သည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။ စာအုပ်ဆိုင်ပိုင်ရှင်က သူမကို အရိပ်တကြည့်ကြည့်ဖြင့် ကူညီပေးနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူက ဘေးအိမ်က ကိုလင်ကို အခြေအနေ တစ်ခုခု ထူးခြားနေသည်ဟု ထင်မြင်အောင် တမင်တကာ ဖန်တီးခဲ့ခြင်းလည်း ဖြစ်နိုင်၏။
ထိုမှတစ်ဆင့် ဗင်းဆင့်အား စာအုပ်ဆိုင်သို့ လာရောက်စစ်ဆေးစေကာ အမိုးခုံး ဘုရားကျောင်းတော်၏ စစ်မှန်သော သရုပ်မှန်ကို တစ်ဆင့်ချင်း သိမြင်လာအောင် လမ်းညွှန်ပေးခဲ့ခြင်းပင်။
‘တကယ့်ကို နက်နဲပြီး အမြော်အမြင်ကြီးတဲ့ အဖွင့်ခြေလှမ်းပဲ...’
သို့သော်လည်း... သူ မြင်ရသလောက် ဘေးနားမှ ရုပ်မြင်သံကြား အရောင်းဆိုင်မှာ မရှိတော့သလို အတွင်းပိုင်းတွင်လည်း မည်သည့် သက်ရှိအငွေ့အသက်ကိုမျှ မခံစားရတော့ပေ။
‘သေချာတာပေါ့... စာအုပ်ဆိုင်ပိုင်ရှင်က သူ့လို သာမန်လူ တစ်ယောက်ကို အသုံးချပြီးတဲ့နောက်မှာ ဖယ်ရှားပစ်လိုက်ပြီပဲ...’
ဗင်းဆင့် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကာ စတင်၍ ရှင်းပြလိုက်၏။
"ဆရာ ထင်သလိုပဲ အမိုးခုံး ဘုရားကျောင်းတော်က လပြည့်ဝန်း အဆီအနှစ်ကို သုံးပြီး ဓမ္မဆရာတွေကို ထိန်းချုပ်နေခဲ့တာပါ... ပြီးတော့..."
ဘုန်းတော်ကြီးမှာ မျက်လုံးများကို တင်းတင်းပိတ်လိုက်၏။
"ကျွန်တော့်အတွက် ဖခင်တစ်ယောက်လည်းဖြစ် ကျွန်တော့်ကို ဗတ္တိဇံမင်္ဂလာ ပေးခဲ့တဲ့ ဆရာလည်း ဖြစ်တဲ့ ဘုန်းတော်အိုကြီးကို သူတို့ သတ်ပစ်လိုက်ကြပြီ..."
"သူ... သူ ကျွန်တော့်ကြောင့် သေရတာပါ... အဲဒီတုန်းက ကျွန်တော်သာ အခုထက်ပိုပြီး သတိရှိခဲ့ရင် အခြေအနေတွေက ဒီလိုဖြစ်လာမှာ မဟုတ်ဘူး"
သို့သော် အကယ်၍ ဆိုသည့် စကားလုံးများမှာ လက်တွေ့တွင် မရှိတော့သဖြင့် ဗင်းဆင့်လည်း ရှေ့ဆက်၍ မတွေးရဲတော့ပေ။
သူ ထိုနေရာသို့ ရောက်ရှိသွားချိန်တွင်ပင် လကွယ် တမန်တော်မှာ ထပ်ချပ်မကွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုမိစ္ဆာမှာ ကရူုဏာ ကျောင်းဆောင်ကို တိုက်ရိုက် ဦးတည်လာခဲ့ခြင်း ဖြစ်သောကြောင့် သူတို့၏ ပန်းတိုင်က ဘုန်းတော်အိုကြီးသာ ဖြစ်ကြောင်း ထင်ရှားနေသည်။
အကယ်၍ ဗင်းဆင့်သာ ထိုနေရာသို့ မသွားခဲ့ပါက သူတို့က ဘုန်းတော်အိုကြီးကို ဓားစာခံအဖြစ် အသုံးချပေလိမ့်မည်။ ထိုသို့ဆိုလျှင် အကျိုးဆက်မှာ ယခုထက်ပင် ပိုမိုဆိုးရွားသွားနိုင်ပေသည်။
လင်ကျဲ အတော်လေး တုန်လှုပ်သွားခဲ့၏။ အဆိုးဆုံးကို ခန့်မှန်းထားခဲ့သော်လည်း အမိုးခုံး ဘုရားကျောင်းတော်မှာ ဤမျှအထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ပေ။ သူတို့က အပြစ်မဲ့သူများကိုပင် မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ သတ်ဖြတ်နေကြပြီ ဖြစ်သည်။
သို့သော်လည်း... လွန်ခဲ့သည့် သုံးနှစ် အတွင်း သူ သူကြားသိခဲ့ရသော ဗဟုသုတများအရ အမိုးခုံး ဘုရားကျောင်းတော်မှာ နော်ဇင်မြို့၏ အကြီးမားဆုံးသော ကိုးကွယ်ယုံကြည်မှုဖြစ်သည်။ တစ်နည်းအားဖြင့်... သူတို့မှာ 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ' ထက်ပင် ပို၍ ကြောက်စရာကောင်းနိုင်ကြောင်း လင်ကျဲ နားလည်ထားသည်။
သူတို့က လူတို့၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုကို လက်ဝါးကြီးအုပ်ထားပြီး ကိုးကွယ်သူ အမြောက်အမြားကို ပိုင်ဆိုင်ထားကြသည်။ လူတစ်ယောက်ကို သတ်ဖြတ်ပြီး 'ဘာသာရေး ဖောက်ပြန်သူ' ဟု တံဆိပ်ကပ်လိုက်ရုံနှင့်ပင် လူအများ၏ ချီးမွမ်းထောပနာပြုခြင်းကို ခံရနိုင်ပေသည်။
"စိတ်မကောင်းပါဘူးဗျာ"
လင်ကျဲက လက်ဖက်ရည်ခွက်ကို အရှေ့သို့ တိုးပေးရင်း ပြောလိုက်၏။ ဗင်းဆင့်အနေဖြင့် ဤအကြောင်းအား ထပ်မံ၍ မပြောလိုတော့သည်ကိုလည်း သူ သတိထားမိလိုက်သည်။ မည်သို့ပင် ဆိုစေ... လူတိုင်းတွင် ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုကို ကိုင်တွယ်ပုံချင်း မတူညီကြပေ။
ဗင်းဆင့်၏ မျက်နှာအမူအရာကို ကြည့်ခြင်းဖြင့် သူလိုအပ်နေသည်မှာ နှစ်သိမ့်မှုထက် မိမိ၏လုပ်ရပ်အပေါ် အသိအမှတ်ပြုမှုနှင့် ထောက်ခံအားပေးမှုသာ ဖြစ်ကြောင်း လင်ကျဲ ရိပ်မိလိုက်သည်။
"နောက်ထပ် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ... ကျွန်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ်... ဪ... ကျွန်တော့်ရဲ့ လက်ထောက်လေးကလည်း ကူညီပေးမှာပါ"
လင်ကျဲက တည်ငြိမ် လေးနက်စွာ ပြောလိုက်၏။
"ဒီလိုကိစ္စမျိုးကို လုပ်ရဲတယ်ဆိုရင် အမိုးခုံး ဘုရားကျောင်းတော်က ဘယ်သူမှ ထင်မှတ်မထားတဲ့ လျှို့ဝှက်ချက်ဆိုးကြီးတွေကို ဖုံးကွယ်ထားတာ သေချာတယ်... သူတို့က ဓမ္မဆရာတွေကိုတင် လှည့်ဖျားနေတာ မဟုတ်ဘဲ နော်ဇင်တစ်မြို့လုံးက ယုံကြည်သူတွေကိုပါ လှည့်ဖျား နေကြတာ"
"သူတို့ အကြောင်းကို သိတဲ့ လူတိုင်းဟာလည်း တိတ်တဆိတ် သတ်ဖြတ်တာကို ခံခဲ့ရမှာပဲ... အခု ဒီအမှန်တရားကို သိတဲ့သူဆိုလို့ ကျွန်တော်တို့ပဲ ရှိတော့မယ် ထင်တယ်"
ထိုဘုရားကျောင်းတော် အမည်ခံ အဖွဲ့အစည်းမှာ စိတ်တိုင်းကျ သတ်ဖြတ်နေလေရာ သူခိုးဓားပြဂိုဏ်းတစ်ခုနှင့် ဘာမျှမခြားတော့ပေ။ ဤမျှအထိ ဆိုးသွမ်းသော အဖွဲ့အစည်းက နော်ဇင်တွင် နှစ်ပေါင်းများစွာ အခြေချနေထိုင်နေခဲ့သည်မှာ တွေးကြည့်ရုံနှင့်ပင် ကြောက်စရာကောင်းလှသည်။
မွန်းက ခေါင်းညိတ် ပြလိုက်၏။
"သူတို့ ကိုးကွယ်နေတာက လမင်းအတုပဲ... လမင်းရဲ့ အမည်နာမနဲ့ တန်ခိုးတွေကို ခိုးယူထားတဲ့ သားရဲတစ်ကောင်ကို ကိုးကွယ်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးချနေကြတာ"
"လူတွေ အမှန်တရားကို သိရှိလာအောင်နဲ့ အမိုးခုံး ဘုရားကျောင်းတော် ပြိုလဲသွားအောင် လုပ်ရမယ်... ဒါက တရားမျှတတဲ့ လမ်းစဉ်ပဲ"
“...”
***