← Chapters

ထာဝရ စီရင်ချက်

Vol. 13 Ch. 182

ထာဝရ စီရင်ချက်

Vol. 13 Ch. 182

လင်ကျဲ မွန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။

‘ငါ့ရဲ့ ချစ်တပည့်လေးမွန်းတောင် စကားပြောတတ်နေပြီပဲ... ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ရုပ်လုံးကြွလာအောင် စကားလုံးတွေနဲ့ ဖြည့်စွက်ပြောဆိုတတ်နေပြီ... တကယ့်ကို အလားအလာရှိတဲ့ တပည့်လေးပဲ...’

လင်ကျဲ၏ ခန့်မှန်းချက်အရ မွန်းမှာ သူ့ စာကြည့်ခန်းထဲတွင် အမြဲထားလေ့ရှိသော 'မှောင်မိုက်သော ခေတ်ကာလ - အယ်လ်ဖို့ဒ်၏ ထွန်းကားခြင်းနှင့် ကျဆုံးခြင်း' စာအုပ်ကို ခိုးဖတ်ထားလောက်သည်။ သူမပြောလိုက်သော စကားများမှာ ထိုစာအုပ်ထဲမှ အယူအဆများနှင့် အတော်လေး နီးစပ်နေသဖြင့် လင်ကျဲလည်း သူမ၏ စကားကို ကန့်ကွက်ခြင်း မပြုခဲ့ပေ။

"ဒါက တရားမျှတတဲ့ လမ်းစဉ်ပဲ"

ဗင်းဆင့်က အံကြိတ်လျှက် ပြောလိုက်၏။

"သူတို့ကို သေချာပေါက် ပေးဆပ်စေရမယ်..."

လင်ကျဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အမုန်းတရား ဟူသည်ကား အလွန် အစွမ်းထက်သည့် လက်နက် တစ်ခုပင်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ရိုးသားပြီး နူးညံ့သိမ်မွေ့လှသော ဘုန်းတော်ကြီးတစ်ဦးဖြစ်ခဲ့သူမှာ ယခုအခါတွင်တော့ ကလဲ့စားချေလိုသည့် ဒေါသမီးများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

"အမုန်းတရားနောက်ကို ဆင်ကန်းတောတိုး လိုက်လို့ မဖြစ်ဘူး... ဝမ်းနည်းမှုတွေက ခင်ဗျားရဲ့ ဆင်ခြင်တုံတရားကို လွှမ်းမိုးမသွားပါစေနဲ့"

လင်ကျဲ စာအုပ်စင်ဆီသို့ လက်လှမ်းရင်း ဆက်လက်၍ လမ်းညွှန်ချက် ပေးလိုက်သည်။

"အရင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထားပါ... ပြီးမှ နည်းလမ်းတစ်ခုခုကို စဉ်းစားကြတာပေါ့... အခုလောလောဆယ် ဖာသာရဲ့ စွမ်းဆောင်ရည်က လုံလောက်မှု မရှိသေးဘူး... ဖာသာ့ အနေနဲ့ အခွင့်အရေးတစ်ခုကို ဆုပ်ကိုင်နိုင်ဖို့ လိုအပ်တယ်..."

ဗင်းဆင့် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း အတွင်းပိုင်း၌ ပွက်ပွက်ဆူနေပြီး အပြင်သို့ လျှံထွက်တော့မည့် ချော်ရည်မီးတောက်များကို ထိန်းချုပ်လိုက်သည်။

"အခွင့်အရေးတစ်ခုကို... ဆုပ်ကိုင်ရမယ်..."

"အဲဒါက အဓိက မဟုတ်သေးပါဘူး... ရော့... ဒါလေး ယူထားလိုက်"

လင်ကျဲက စာအုပ်တစ်အုပ်ကို အရှေ့သို့ တိုးပေးလိုက်၏။

"အရင်ဆုံး စိတ်ကို အေးအေးထားပါဦး"

ဗင်းဆင့်မှာ ခေတ္တမျှ မှင်တက်သွားစဉ်မှာပင် လင်ကျဲက စာအုပ်ကို သူ့ အရှေ့သို့ ထိုးပေးလိုက်ရင်း...

"ဖာသာ အရင်ဆုံး လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့နဲ့ ဖာသာ့ရဲ့ ရည်မှန်းချက်ကို ရှာဖွေဖို့ပဲ..."

"အခု ဖာသာ့မှာ ခိုင်မာတဲ့ ပန်းတိုင်တစ်ခု ရှိနေပြီဆိုပေမဲ့ ကလဲ့စားချေပြီးသွားတာနဲ့ ခင်ဗျား လမ်းပျောက်သွားလိမ့်မယ်... ဒါကို နားလည်ရဲ့လား..."

"ဒါကြောင့် ဖာသာ့ အနေနဲ့ တခြားလုပ်စရာ ကိစ္စတွေကို ရှာဖွေထားဖို့ လိုအပ်တယ်... ဖာသာ့ရဲ့ အနာဂတ်ဘဝအတွက် အားကိုးရာဖြစ်စေမယ့် အရာမျိုးတွေကိုပေါ့"

လင်ကျဲ အဝေးတစ်နေရာကို ငေးကြည့်ရင်း လေးနက်သည့် စကားလုံးများကို ရေရွတ်လိုက်လေသည်။

"ဘယ်လောက်ပဲ မှောင်မိုက်တဲ့ ညဉ့်ဦးယံဖြစ်ပါစေ... နောက်ဆုံးမှာ အဆုံးသတ်သွားမှာဖြစ်သလို နေမင်းကြီးဟာလည်း ပြန်လည် ထွက်ပေါ်လာစမြဲပဲ"

လင်ကျဲ၏ အမြင်အရဆိုလျှင်... ဗင်းဆင့်မှာ ကလဲ့စားချေခြင်းကိုသာ အာရုံစိုက်ပြီး အဆုံးထိသွားပါက ကလဲ့စားချေပြီးသည့်နောက်တွင် ဘဝပျက်သွားလိမ့်မည် ဖြစ်သည်။ ကလဲ့စားချေခြင်းမှာ တစ်ပိုင်းဖြစ်သော်လည်း ထိုဖြစ်စဉ်အတွင်း မိမိကိုယ်မိမိ ပျောက်ဆုံးမသွားရန်မှာ အရေးကြီးလှသည်။

ယခုအချိန်၌ ဗင်းဆင့် အနေဖြင့် အဝေးသို့ မျှော်ကြည့်တတ်စေရန်မှာ အရေးကြီးဆုံး ဖြစ်နေသည်။

ထို့ကြောင့်ပင် လင်ကျဲက ဟယ်မင်းဝေး ရေးသားထားသည့် 'နေမင်းကြီးလည်း ထွက်ပေါ်လာစမြဲ' (The Sun Also Rises) စာအုပ်၏ မျက်မမြင်စာ မိတ္တူကို ရွေးချယ်ပေးလိုက်ခြင်း သည်။

စာဖတ်ခြင်းသည် လူကို အသိဉာဏ် မြင့်မားစေသည်။ ဇာတ်လမ်းက အနည်းငယ် စိတ်ဓာတ်ကျစရာ ကောင်းနေသော်လည်း ထိုစာအုပ်၏ အနှစ်သာရမှာ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်လက္ခဏာတို့ကို တောင့်တခြင်းဖြစ်သလို၊ မယိမ်းမယိုင်သော ဇွဲလုံ့လနှင့် ခံနိုင်ရည်ရှိသော စိတ်ဓာတ်တို့ကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။

ဗင်းဆင့်အနေဖြင့် ထိုစာအုပ်ထဲမှ အဓိပ္ပာယ်များကို နားလည်နိုင်လိမ့်မည်ဟု လင်ကျဲ ယုံကြည်နေသည်။

ဗင်းဆင့် စာအုပ်ကို ကောက်ယူလိုက်ရင်း စာအုပ်ဆိုင်ပိုင်ရှင်၏ လမ်းညွှန်ချက်များကို နားထောင်ရင်း မျက်နှာဖုံးပေါ်သို့ လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်လိုက်မိသည်။ သူ့ စိတ်ထဲတွင်မူ တုန်လှုပ်မှုနှင့်အတူ ဇဝေဇဝါ ဖြစ်မှုတို့က ဒွန်တွဲနေ၏။

သူ့ အကြည့်များမှာ တွန့်လိမ်နေသော စာလုံးများဖြင့် ရေးသားထားသည့် စာအုပ်ခေါင်းစဉ်ပေါ်သို့ ကျရောက်သွားပြီး စိတ်ထဲတွင်လည်း သံသယတစ်ခု ဝင်လာခဲ့သည်။

‘သူက ငါ့ကို တကယ်ပဲ စိတ်အေးအေးထားစေချင်တာလား... ဒါမှမဟုတ် အမိုးခုံး ဘုရားကျောင်းတော်ကို ဖြုတ်ချဖို့အတွက် ငါ့ကို အားပေးနေတာလား...’

သူ မြင်တွေ့လိုက်ရသည်က စာအုပ်ခေါင်းစဉ်နေရာတွင် ရေးသားထားသည့် စကားလုံးများပင် ဖြစ်သည်။

"ထာဝရ စီရင်ချက်"

ဗင်းဆင့် အကြောင်းပြချက်မရှိဘဲ မိန်းမောသွား၏။ တစ်ခဏ ကြာပြီးနောက် သူက လင်ကျဲကို ကြည့်ရင်း မေးလိုက်သည်။

"ကျွန်တော့်အတွက် အားကိုးရာဖြစ်စေမယ့်... တခြားလုပ်စရာကိစ္စတွေကို ရှာဖွေရမယ်... ဟုတ်လား..."

လင်ကျဲ လက်ဖက်ရည် တစ်ငုံ သောက်လိုက်ရင်း လမ်းပျောက်နေသည့် သိုးငယ်လေးတစ်ကောင်ကို ကယ်တင်လိုက်နိုင်ပြီဟု ခံစားလိုက်ရသည်။

သူက အားပေးသော အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။

"ဟုတ်တာပေါ့... ဒါလေးကို ဖတ်ကြည့်ကြည့်... အမုန်းတရားတွေထဲမှာတင် နစ်မွန်းမနေနဲ့... ဒါက လုပ်သင့်လုပ်ထိုက်လို့ လုပ်ရမယ့် ကိစ္စတစ်ခုသက်သက်ပဲ... ခင်ဗျားရဲ့ ဘဝတစ်ခုလုံး မဟုတ်ပါဘူး... ဘဝဆိုတာ ဒီနေ့ ဒီအချိန်လေးတင် မဟုတ်ဘူးလေ... ခင်ဗျားရဲ့ အရှေ့တည့်တည့်မှာ ရှိနေတာတွေထက် ပိုပြီး ရှာဖွေစရာတွေ အများကြီး ရှိပါသေးတယ်... ခင်ဗျားရဲ့ အမြင်ကို ကျယ်ကျယ်ပြန့်ပြန့် ထားနိုင်မယ်ဆိုရင် ခင်ဗျားရဲ့ ဘဝဟာ ပိုပြီးတော့ ထူးခြားလှပလာလိမ့်မယ်..."

လင်ကျဲက ခဏမျှ ရပ်လိုက်ပြီးနောက် ခပ်တိုးတိုး ရယ်မောလိုက်၏။

"ဒါပေမဲ့ အဲဒီမတိုင်ခင်မှာတော့ အမိုးခုံး ဘုရားကျောင်းတော်က လူတစ်စုကို အရင် ရှင်းပစ်ရမယ်... ဒါမှ သေဆုံးသွားတဲ့သူတွေကို အေးအေးချမ်းချမ်း အနားယူခွင့် ပေးနိုင်လိမ့်မယ်"

ဗင်းဆင့် ခေါင်းညိတ်လိုက်သည်။ သူ ဆုံးဖြတ်ချက် ခိုင်မာစွာ ချမှတ်ပြီးနောက် အသက်ပြင်းပြင်းရှူကာ စာအုပ်ကို ဖြည်းညှင်းစွာ လှန်လိုက်လေ၏။

တားမြစ်ချက်များနှင့် လျှို့ဝှက်နက်နဲလှသော သင်္ကေတများ ပြည့်နှက်နေသည့် စာအုပ်ကို ဖွင့်လိုက်ချိန်တွင် ဗင်းဆင့်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားခဲ့၏။

ထိုအခိုက်အတန့်မှာပင်... မကောင်းသည့် နိမိတ်အာရုံ တစ်ခု ပွင့်ထွက်လာပြီး မဖော်ပြနိုင်လောက်သည့် စိတ်ကယောင်ကတမ်း ဖြစ်မှုများနှင့်အတူ ကြောက်ရွံ့စိတ်များက သူ့အား ဝန်းရံလာခဲ့သည်။ လောကတစ်ခုလုံးက မှောင်အတိ ကျသွားကာ ထိုင်ခုံပေါ်မှ ပြုတ်ကျလာပြီး စကြဝဠာ၏ အနက်ရှိုင်းဆုံး ချောက်နက်ကြီး တစ်ခုထဲသို့ ကိုယ်အလေးချိန်မဲ့စွာ ထိုးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဗင်းဆင့်၏ မြင်ကွင်းများမှာ ချာချာလည် သွားတော့၏။

သူ မျက်လုံးကို ပို၍ ကျယ်ကျယ်ဖွင့်လိုက်သောအခါတွင်မူ ပြင်းထန်သော အပူရှိန်များက သူ၏ အာရုံငါးပါးကို လွှမ်းမိုးသွားခဲ့သည်။

တောက်လောင်နေသည့် နီမြန်းသော အရောင်အဝါများက သူ့ကို မျက်စိကို ကျိန်းစပ်သွားစေ၏။ ပုံသဏ္ဍာန်မဲ့ ဧရာမ မီးတောက်အစုအဝေးကြီးမှာ မမြင်ရသော စွမ်းအားတစ်ခုကြောင့် သက်ရှိတစ်ခုအလား လှုပ်ရှားနေသည်။

ထိုလွင့်ပျံနေသည့် မီးတောက်များ၏ ဗဟိုချက်တွင်မူ မရေမတွက်နိင်သည့် အလင်းစက်များ ဝန်းရံထားသည့် အလွန်တရာ ကြီးမားလွန်းသော မီးလုံးကြီးတစ်လုံး ရှိနေခဲ့သည်။

မှိန်ဖျော့ဖျော့ လိမ္မော်ရောင် မျက်နှာပြင်ပေါ်တွင် ရွံရှာဖွယ်ရာ အမည်းစက်များ ပြည့်နှက်နေကာ ပြင်းထန်သည့် မုန်တိုင်းများကလည်း ခရုပတ်ပုံသဏ္ဍာန် မီးတောက်များကို ကောင်းကင်ယံသို့ ဧရာမ တိုင်လုံးကြီးများအလား မှုတ်ထုတ်နေသည်။

ထိုအမည်းစက်များမှာ စည်းချက်မရှိဘဲ အမြဲတစေ ရွေ့လျားနေကြသည်။ အချို့က ပို၍ ကြီးမားလာကာ မုန်တိုင်းနှင့် တိုက်မိပြီး တစ်ခုနှင့်တစ်ခု ဝါးမြိုရင်း တောက်လောင်နေသည့် ချောက်နက် ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားကြသလို အချို့မှာလည်း သေးငယ်သွားကာ ပျောက်ကွယ်သွားကြသည်။

မီးလုံးကြီး တစ်ခုလုံးတွင် ဖျက်ဆီးခြင်း အငွေ့အသက်များ ပြည့်နှက်နေပြီး ၎င်း၏ အမတေမှာလည်း အမြဲတစေ ပြိုလဲပျက်စီးနေသည်။ အပူငွေ့များနှင့် မီးတောက်များမှာ ကျုံ့လိုက်ပွလိုက်ဖြင့် ခက်ထန်လွန်းလှသည့် ဒေါသတရားများကို စုစည်းနေသကဲ့သို့ ရှိနေပြီး ထာဝရ စကြဝဠာကြီးဆီသို့ အသံတိတ် ဟိန်းဟောက်သံများကို ထုတ်လွှတ်နေသည်။

ဤသည်မှာ ပျက်စီးခြင်းသို့ ရှေးရှုနေသည့် နေမင်းကြီးပင် ဖြစ်သည်။

ဗင်းဆင့် တစ်ယောက် အကြီးအကျယ် တုန်လှုပ်သွားခဲ့၏။ ထိုတုန်လှုပ်မှုကြားမှာပင် သူက ထိုဧရာမ မီးလုံးကြီးဆီသို့ ဆွဲငင်ခြင်း ခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း မီးစွဲလောင်သွားကာ မီးတောက်များထံမှ အင်အားများကို အဆက်မပြတ် စုပ်ယူရင်း၊ မသိမသာသော ဆက်နွှယ်မှုတစ်ခုကို တည်ဆောက်လိုက်မိသည်။

သူ ရုတ်တရက် သဘောပေါက်သွားခဲ့၏။ ဤသည်မှာ နေမင်း၏ လမ်းစဉ်၏ အဆုံးသတ်ပင် ဖြစ်သည်။

၎င်း၏ ပြိုလဲမှု...

၎င်း၏ ပျက်စီးမှု...

ဤသည်မှာ နေမင်း၏ နောက်ဆုံးအချိန်ပင်။

သို့သော်လည်း... နေမင်းကြီးမှာ လုံးဝ ကွယ်ပျောက်သွားမည် မဟုတ်ပေ။ နေမင်း တစ်စင်း ပျက်စီးခြင်းမှာ အခြားသော နေမင်းသစ်တစ်စင်း ပြန်လည်မွေးဖွားလာခြင်းကို ကိုယ်စားပြုပြီး ထိုနေမင်းသစ်သည်လည်း စကြဝဠာအတွင်း ထာဝရ မပျက်စီးနိုင်သည့် အလင်းရောင်များကို ထုတ်လွှတ်ပေးပေလိမ့်မည် ဖြစ်သည်။

ဒါက 'ထာဝရ စီရင်ချက်' (ဒါမှမဟုတ်) 'ထာဝရ ပျက်စီးခြင်း' လား...

ဗင်းဆင့် တစ်ယောက် အတိုင်းထက်အလွန် တုန်လှုပ်သွားခဲ့၏။ သူ လက်ရှိ ပိုင်ဆိုင်ထားသည့် မဆိုသလောက် အင်အားလေးပင်လျှင် ဖျက်ဆီးခြင်းအဆင့် တစ်ဦးကို သတ်ဖြတ်ရန် လုံလောက်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ ဤအစွမ်း အားလုံးကို အပြည့်အဝ တတ်မြောက်သွားမည်ဆိုပါက...။

တစ်နည်းအားဖြင့် သူသာ နေမင်း အမတေ နှင့် နေမင်းကျမ်းစာကို အပြည့်အဝ ပိုင်ဆိုင်သွားပါက... ၎င်းမှာ လက်ရှိ သိရှိထားသမျှသော စွမ်းအင် အဆင့်အတန်း၏ ထိပ်ဆုံးဖြစ်သည့် အခရာအဆင့် သို့ တက်လှမ်းခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

စာအုပ်ဆိုင်ပိုင်ရှင်မှာ ဗင်းဆင့်အား တစ်ခါမျှ မမြင်ဖူးသေးသည့် ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်ပြလိုက်ခြင်း ဖြစ်သည်။

ယခုအခါ ဗင်းဆင့်မှာ မိမိ၏ ရှေ့မှောက်တွင် ပိုမိုကျယ်ပြန့်သော လမ်းမကြီးများ ရှိနေသည်ကို မြင်တွေ့လိုက်ရလေရာ မိမိ၏ အမြင်မှာ မည်မျှ ကျဉ်းမြောင်းခဲ့ကြောင်း သဘောပေါက်သွားခဲ့ရသည်။ သူ မရပ်မနား ဆက်သွားနေသရွေ့ ဤလမ်းစဉ်မှာ ဆက်လက် ရှည်လျားနေဦးမည်သာ။

ဗင်းဆင့် သူ့ ရှေ့မှောက်ရှိ နေမင်းကြီး၏ အားနည်းလှသော စိတ်ဆန္ဒကို ခံစားလိုက်မိ၏။ သို့သော်လည်း... ထိုနေမင်းကြီးမှာ အသိဉာဏ် မရှိတော့ သကဲ့သို့ အသိစိတ်မှာလည်း ရှုပ်ထွေးနေကာ အပိုင်းအစလေးများသာ ရှိတော့သည်။

ဗင်းဆင့်၏ ရင်ခုန်သံမှာ မြန်လာခဲ့၏။

‘ငါသာ နေမင်းကြီးနဲ့ တကယ် ဆက်သွယ်နိုင်မယ်ဆိုရင် တစ်ခုခု ထူးခြားလာမှာလား... ငါက... စစ်မှန်တဲ့ နေနတ်ဘုရား ဖြစ်လာမှာလား...’

‘ဒါက စာအုပ်ဆိုင်ပိုင်ရှင် ပြောခဲ့တဲ့ အနာဂတ်ဘဝအတွက် အားကိုးရာဖြစ်စေမယ့် တခြားလုပ်စရာကိစ္စတွေ ဆိုတာလား...’

ဗင်းဆင့်အနေဖြင့် စာအုပ်ဆိုင်ပိုင်ရှင် ဆိုလိုသည်ကို ယခုအခါ နားလည်သွားပြီဟု ခံစားလိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ကို လေးနက်သည့် ကြောက်ရွံ့စိတ်တစ်ခုကလည်း လွှမ်းမိုးလာခဲ့၏။ အခရာအဆင့် ဆိုသည်မှာ တကယ်တမ်းတွင် အကန့်အသတ်မဟုတ်ဘဲ သေးငယ်ပြီး အရေးမပါသည့် လူသားတို့ စိတ်ကူးနိုင်သမျှ အစွန်းဆုံး အဆင့်မျှသာ ဖြစ်ကြောင်း သူ သိလိုက်ရသည်။

ကျယ်ပြောလှသော စကြဝဠာကြီး အတွင်း၌မူ အင်အားကြီးမားသူတို့အတွက် အဆုံးသတ်ဟူသည် မရှိပုံရသည်။

သို့ဆိုလျှင် အခရာ အဆင့် အသိပညာမျိုးကို သာမန်ကိစ္စတစ်ခုအလား လွယ်လင့်တကူ ပေးအပ်နိုင်သည့် စာအုပ်ဆိုင်ပိုင်ရှင်မှာ မည်သည့်အဆင့်တွင် ရှိနေပါသနည်း။

သူသည်လည်း ထိုကဲ့သို့ အင်အားကြီး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်နေမည်လော။

စာအုပ်ဆိုင်ပိုင်ရှင်၏ လူသားပုံသဏ္ဍာန် နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုကြီးတစ်ခု ကိန်းအောင်းနေသည်ဟု ဗင်းဆင့် ခံစားမိလိုက်တော့သည်။

***

All Chapters