လျိုလီရူးသွပ်သွားခြင်း
Vol. 26 Ch. 348
အာ?
ဂျင်ယွင်လဲ့ကြောင်သွား၏။
"မင်းဘယ်လိုလုပ် သိတာလဲ...."
ကလန်!
လျိုလီလက်တုန်ယင်သွားပြီး လက်ထဲရှိဓားရှည် မြေပြင်ပေါ်ပြုတ်ကျသွားကာ နောက်ကို တယိမ်းတယိုင်ဖြင့် ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။
သူမက သတိလွတ်နေသည့်ပုံစံဖြင့် ရေရွတ်လိုက်သည်။
"အဲ့တာသူပဲ၊ တကယ်သူပဲ..."
ကောင်းကင်ဝါးမျိုကျားကြောင်သွားပြီး ရေရွတ်လိုက်သည်။
"ဘာလို့ဒီကောင်ပဲလဲ..."
တစ်ခဏ ဂျန်ဖန်းက သူတို့သခင်မလေး၏ ဒုက္ခအိုးဟု ခံစားလိုက်ရသည်။
"သူဘယ်မှာလဲ, သူဘယ်မှာလဲ..."
တစ်ခဏစိတ်ပျံ့လွင့်ပြီးနောက် လျိုလီမျက်လုံးထဲရှိ ဒေါသတွေ မြင်သာစွာပဲ လိမ့်တက်လာခဲ့သည်။
အထွတ်အထိပ်ကိုရောက်သည့်အခါ ပေါက်ကွဲသည့်မီးတောင်တစ်ခုအဖြစ်ပြောင်းပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။
ဂျင်ယွင်လဲ့ အလျှင်အမြန်ပဲ ဂျန်ဖန်းထွက်ပြေးသွားသည့် အသင်္ချေဓားမြို့ဘက်ကို ညွှန်ပြလိုက်သည်။
လျိုလီမျက်နှာ ဒေါသဖြင့် ဖုံးလွမ်းသွားခဲ့သည်။
ထိပ်တန်းမှော်အဆင့်ဓားကိုဆုပ်ကိုင်ပြီး ဖြတ်ကနဲလှုပ်ရှားမှုဖြင့် နောက်ကလိုက်တော့သည်။
ကောင်းကင်ဝါးမျိုကျားအမူအရာပြောင်းလဲသွား၏။
"သခင်မလေး, စိတ်အေးအေးထားပါ..."
သူက နောက်မှလိုက်ဖို့ပြင်လိုက်သည်။
သို့ပေမယ့် ခြေထောက်အောက်ရှိဂျင်ယွင်လဲ့ကိုသတိထားမိပြီး အလျှင်အမြန်မေးလိုက်သည်။
"ဒီလူ့ကို ကျွန်တော်တို့ဘယ်လိုလုပ်သင့်လဲ...."
ဤအရာကိုကြားသည့်အခါ...
ဂျင်ယွင်လဲ့နှလုံးသား အပြင်းအထန်ခုန်ပေါက်သွားပြီး အလျှင်အမြန် အသနားခံလိုက်သည်။
"သခင်ကြီးနှစ်ယောက်, ကျွန်တော်က စစ်မှန်မိုးကြိုးဂိုဏ်းရဲ့ မဟာအကြီးအကဲပါ။ အဆင့်တန်းမြင့်ပြီး မင်းတို့နတ်ဆိုးမျိုးနွယ်အတွက် သတင်းတွေပို့ပေးနိုင်ပါတယ်...."
"ကျွန်တော့်အသက်ကိုချမ်းသာပေးပါ။ မင်းတို့ နောင်တမရစေရပါဘူး...."
သူက တကယ်ပဲ နတ်ဆိုးမျိုးနွယ်ဆီအရှုံးပေးပြီး သတင်းပေးသူတစ်ယောက်ဖြစ်လာဖို့ ပြင်ဆင်နေခဲ့သည်။
ထို့ပြင်, သူ့အဆင့်အတန်းက အတော်မြင့်၏။
စုဆောင်းပေးသည့်သတင်းတွေအားလုံးက ထိပ်တန်းလျို့ဝှက်ချက်တွေဖြစ်မည်ပင်။
ထိုအရာက နတ်ဆိုးမျိုးနွယ်ကို အရေးကြီးတိုက်ပွဲတွေတောင် အနိုင်ရဖို့ ကူညီပေးကောင်းပေးနိုင်၏။
ကောင်းကင်ဝါးမျိုကျား သွေးဆောင်ခံလိုက်ရ၏။
ဤကဲ့သို့ လူသားအဆင့်မြင့်သတင်းပေးသူက အတော်လေးတန်ဖိုးကြီး၏။
သို့ပေမယ့်, ပြန်လှည့်မကြည့်ပဲ လျိုလီအေးစက်စွာ ပြောလိုက်သည်။
"သတ်လိုက်...."
ကောင်းကင်ဝါးမျိုကျား ပြောလိုက်သည်။
"သခင်မလေး, သူ့ကိုချန်ထားတာ အသုံးဝင်နိုင်တယ်...."
သို့ပေမယ့် လျိုလီက ပြတ်သား၏။
"နင်က သူ့ကိုယ်ပိုင်မျိုးနွယ်ကိုတောင် သစ္စာဖောက်ဖို့ဆန္ဒရှိတဲ့ တစ်စုံတစ်ယောက်ကို အသုံးပြုချင်တာလား...."
ဤအရာက ကောင်းကင်ဝါးမျိုကျားကို စိတ်ထဲမှာ တုန်လှုပ်သွားစေ၏။
အပြင်လူတစ်ယောက်ရဲ့နှလုံးသားက အမြဲတမ်း ငါတို့နဲ့ခြားနားတယ်....
ဒီလူသားက သူ့လူသားမျိုးနွယ်ပေါ်တောင်သစ္စာမရှိတာ ဘယ်လိုလုပ် နတ်ဆိုးမျိုးနွယ်ပေါ်သစ္စာရှိမည်နည်း။
အချိန်မရွေး လူသားမျိုးနွယ်ဘက်ကိုပြန်ပြောင်းသွားနိုင်၏။
ထိုအချိန်၌ နတ်ဆိုးမျိုးနွယ် အကြီးအကျယ်ခံစားရမည်ဖြစ်သည်။
ဤသို့ဖြင့် ကောင်းကင်ဝါးမျိုကျားမျက်လုံးတွေ အေးစက်သွား၏။
သူက လက်သည်းမြောက်ကာ ဂျင်ယွင်လဲ့လည်မျိုကိုရက်စက်စွာ ဖြတ်ချလိုက်၏။
"အ..."
အော်ဟစ်သံရုပ်ချည်း ရပ်တန့်သွား၏။
ဤသို့ဖြင့် စစ်မှန်မိုးကြိုးဂိုဏ်း၏ ဂုဏ်သိက္ခာရှိမဟာအကြီးအကဲ သေသွားပြီပင်။
ရှုချင်းယန်၏ ထိပ်တန်းမှော်အဆင့်ဓားအား သူ၏လောဘကြောင့်သာမဟုတ်လျှင် ကောင်းကင်ဝါးမျိုကျားနှင့် ဤနေရာမှာ တွေ့မည်မဟုတ်ပေ။
ထို့ပြင် ဤနေရာမှာ သေရမည်လည်းမဟုတ်ပေ။
ထို့နောက် ကောင်းကင်ဝါးမျိုကျား လျိုလီကိုလိုက်မှီသွားပြီး သူမကိုသယ်ကာ အသင်္ချေဓားမြို့သို့ ဦးတည်လိုက်သည်။
လက်ဖက်ရည်တစ်ခွက်စာလောက်အချိန်ကြာပြီးနောက်...
လျိုလီမျက်လုံးတွေ ရှေ့ရှိတောအုပ်လေးတစ်ခုကို ကြည့်လိုက်ရာ သစ်ပင်တွေကြား အလျှင်အမြန်လှုပ်ရှာနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။
နံပါတ် ၁ ထွင်းထားည့်မျက်နှာဖုံးက ပေါ်လိုက်ပျောက်လိုက်ပင်။
ထိုအရာက နံပါတ် ၁ အရိပ်စောင့်မှလွဲပြီး မည်သူဖြစ်နိုင်မည်နည်း။
လျိုလီ ငွေရောင်သွားလေးတွေကို အံ့ကြိတ်ကာ ဒေါသတကြီးရယ်လိုက်၏။
"ကောင်းကင်ဘုံသွားရမဲ့လမ်းရှိပါရဲ့နဲ့ နင်က မယူပဲ ငရဲသွားမဲ့လမ်းကို ရွေးလိုက်တာပဲ....."
"နံပါတ် ၁ အရိပ်စောင့် နင့်ပြန်ခံစားမယ့်အချိန်ရောက်ပြီ...."
"သူ့နောက်ကိုလိုက်..."
ကောင်းကင်ဝါးမျိုကျား ရှေ့ခုန်ထွက်ပြီး အံ့အားသင့်ဖွယ်အရှိန်ဖြင့် နောက်မှလိုက်တော့သည်။
သို့ပေမယ့် ရုတ်တရက် ရှေ့ရှိ အသင်္ချေဓားမြို့ဦးတည်ရာကို စိုးရိမ်တကြီးကြည့်လိုက်သည်။
"မကောင်းတော့ဘူး။ အဲ့ဒီလူအိုကြီးရှုချင်းယန် လာနေပြီ...."
"ပြီးတော့ တစ်ယောက်တည်းမဟုတ်ဘူး...."
လျိုလီမျက်နှာ ပြောင်းလဲသွား၏။
သူမက အလျှင်အမြန်ပြောလိုက်သည်။
"မြန်မြန်, ဒါကိုမြန်မြန်အဆုံးသတ်လိုက်...."
"ဖြစ်နိုင်ရင် သူ့ကိုအရှင်ဖမ်း။ မဟုတ်ရင် သတ်လိုက်...."
ကောင်းကင်ဝါးမျိုကျားမျက်လုံးတွေ သင်္ကာမကင်းဖြစ်သွား၏။
ဘာကြောင့် သခင်မလေးက သူ့ကိုသတ်မည့်အကြောင်းပြောချိန်၌ တွေဝေနေရသနည်း။
သို့ပေမယ့် ဘာပဲဖြစ်ဖြစ် ဤလူကို ရှုချင်းယန်နှင့် ပေးတွေ့လို့မဖြစ်ပေ။
ကောင်းကင်ဝါးမျိုကျားက အမြုတေဖွဲ့စည်းခြင်း အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ဖြစ်ပြီး ဂိုဏ်း ၉ ဂိုဏ်း မြင့်မြတ်အကြီးအကဲတွေနှင့် အဆင့်တူဖြစ်၏။
ထို့ပြင် နတ်ဆိုးသားရဲတစ်ကောင်လည်းဖြစ်နေ၍ သူ့အရှိန်က လူသားမျိုးနွယ်ကို ကျော်လွန်နေခဲ့သည်။
ဤသို့ဖြင့်, ဂျန်ဖန်း သူ့လှုပ်ရှားမှုခွန်အားအဆုံးစွန်ထိအသုံးပြုနေတာတောင် မလွတ်မြောက်နိုင်ပေ။
တစ်ခဏကြာပြီးနောက်....
ကောင်းကင်ဝါးမျိုကျား ကြမ်းကြုတ်စွာ ဟိမ်းဟောက်၍ ခုန်အုပ်လိုက်ရာ သစ်တောအစိတ်အပိုင်းတော်တော်များများ ပျက်စီးသွားခဲ့သည်။
သူ၏ကြီးမားသည့်ခန္ဓာကိုယ်ကြီးက ဂျန်ဖန်းလမ်းကြောင်းကို ပိတ်ထားခဲ့သည်။
ထို့နောက် မာန်ဖီပြီး ဂျန်ဖန်းအား သတ်ဖြတ်လိုစိတ်အပြည့်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
"ကောင်လေး, မင်းတကယ်ပြေးနိုင်တာပဲ...."
အမြုတေဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်လူသားနောက်လိုက်လျှင်တောင် ဤလောက်ထိ ဒုက္ခမများပေ။
ဂျန်ဖန်း နှလုံးသား အပြင်းအထန်ခုန်ပေါက်နေခဲ့သည်။
ဘယ်လိုဖြစ်တာလဲ?...
သူက အချိန်အတော်ကြာပြေးလာပြီးတာတောင် ဘာကြောင့်ဖမ်းမိခံနေရသေးသနည်း။
ကြောက်မက်ဖွယ် ဧရာမကျားကြီနှင့်ရင်ဆိုင်ရသည့်အခါ ဂျန်ဖန်းအတွေးတွေ အလျှင်အမြန်လှုပ်ရှားပြီး လက်ချင်းယှက်ပြောလိုက်သည်။
"လေးစားရပါသောနတ်ဆိုးဘုရင်, ကျွန်တော်လည်း ခင်ဗျားကိုရှာနေတာပဲ..."
"စစ်မှန်မိုးကြိုးဂိုဏ်းရဲ့ မဟာအကြီးအကဲနဲ့ သူ့တပည့်တစ်ယောက် ခင်ဗျားရဲ့ရတနာသိုက်ကိုတူးနေတာ ကျွန်တော်တွေ့ခဲ့တယ်...."
ကောင်းကင်ဝါးမျိုကျားနှုတ်ခမ်းတွေ တွန့်ကွေးသွား၏။
ဤကောင်လေး, သူခိုးက သူခိုးဖမ်းတယ်ဆိုပြီး အော်ဟစ်နေခဲ့သည်။
"ဒီတော့, ငါက မင်းကို ကျေးဇူးတင်သင့်တာလား...."
ကျားကျောပေါ်ရှိ ဒေါသထွက်နေသည့်လျိုလီ သူ၏သိပ်သည်းသည့်အမွေးထူတွေထဲမှ ထွက်ပေါ်လာ၏။
သူမက လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဂျန်ဖန်းကို စိုက်ကြည့်နေခဲ့သည်။
အတိတ်ဘဝမှ ရန်သူကြီးတစ်ယောက်ကို ကြည့်နေသလိုပင်။
ဂျန်ဖန်းနှလုံးသား ကျုံ့ဝင်သွား၏။
ဤမိန်းမလည်း ရှိနေသည်လား။
သို့ပေမယ့် သူက တည်ငြိမ်သည့်မျက်နှာကိုထိန်းထားပြီး လက်ချင်းယှဥ်ပြောလိုက်သည်။
"မင်းသမီး, ငါတို့က တစ်ယောက်နဲ့တစ်ယောက်သိလို့ မင်းကို ဒီအရေးကြီးသတင်းပြောပြတာ...."
"မင်းအရမ်းနောက်ကျသွားရင်, အချိန်မှီမှာ မဟုတ်တော့ဘူး...."
ဟ...
လျိုလီအေးစက်စွာရယ်ပြီး သူမလက်ထဲရှိ ဓားရှည်ကို မြောက်လိုက်သည်။
"နင်ခွေးသူခိုးကောင်, ဒါကိုကြည့်စမ်း..."
"နင့်ပါးစပ်က တစ်ခွန်းမှ ရိုးသားတာမရှိဘူး..."
ရှုချင်းယန်ဓား?...
ဆိုလိုတာ သူမ ပိုင်ကျာတောင်ကိုရောက်ခဲ့ပြီး ဂျင်ယွင်လဲ့ ဆိုးဝါးသည့်ကံကြမ္မာနှင့် ကြုံတွေ့သွားရလောက်ပြီပင်။
ထို့ပြင် သူမက သူ့အလိမ်အညာအားလုံးကို မြင်ပြီးဖြစ်သည်။
ဤအရာကိုတွေးပြီး သူ့မျက်နှာ တည်ငြိမ်နေဆဲဖြစ်ပြီး ပြောလိုက်သည်။
"ဒီတော့, မင်းသမီးက ပစ္စည်းတွေပြန်ရပြီးပြီပေါ့..."
"ဒါဆို ငါစိတ်အေးပါပြီ..."
ဂျန်ဖန်း ဆက်လိမ်နေတာမြင်သည့်အခါ လျိုလီ ဒေါသတကြီးရယ်လိုက်သည်။
"စကားပြောတာတွေ တော်လောက်ပြီ...."
"ငါ့ပစ္စည်းတွေ အကုန်ပြန်ပေး...."
ဂျန်ဖန်း အကူအညီမဲ့သွား၏။
"ကောင်းပြီလေ..."
သူက ရင်ဘတ်ထဲမှ ကြည်လင်နေသည့် နတ်ဆိုးအမြုတေတစ်ခုကို ထုတ်ယူလိုက်သည်။
"ဒီမီရူအမြုတေကို မင်းအတွက်သိမ်းထားပေးရုံပဲ မဟုတ်ဘူးလား..."
"ငါနောက်ကို လိုက်နေဖို့မလိုပါဘူး...."
လျိုလီ ဓားကို ဒေါသတကြီး တင်းကြပ်စွာ ဆုပ်ကိုင်ပြီး အော်ပြောလိုက်သည်။
"မသိချင်ယောင်ဆောင်နေတုန်းပဲလား..."
"ငါကျောက်တုံးအောက်မှာမြုပ်ထားတဲ့ပစ္စည်းတွေကိုပြောတာ။ တစ်ခုမှမကျန်စေနဲ့ အကုန်ပြန်ပေး...."
ဂျန်ဖန်း နားလည်သည့်အမူအရာပြသလိုက်၏။
"အို... မင်းပြောတာ ဒါလား..."
သူက ပခုံးပေါ်မှ သလင်းကျောက်လေးတစ်ခု ထုတ်ယူလိုက်သည်။
ထို့နောက် ရုတ်တရက် မြားဆံတပ်ပြီး လျိုလီဆီပစ်လိုက်သည်။
ထိပ်တန်းမှော်အဆင့်လက်နက်၏စွမ်းအားက ပြိုင်ဘက်ကင်းပင်။
၎င်းက လေထုကိုခွဲကာ မျက်စိတ်တမှိတ်အတွင်း လျိုလီမျက်နှာရှေ့ရောက်သွားခဲ့သည်။
သို့ပေမယ့် ဧရာမကျားလက်သည်းကြီးတစ်ခုက တံခါးချပ်ကြီးအလား အားဖြင့်ပုတ်ထုတ်လိုက်ရာ မြားဆံအဝေးလွင့်စင်သွားခဲ့သည်။
ကောင်းကင်ဝါးမျိုကျားမျက်လုံးတွေ ကြမ်းကြုတ်သွားပြီး ဟိန်းဟောက်လိုက်သည်။
"သခင်မလေး, ဒီကောင်က အချိန်ဆွဲနေတာ...."
"စကားပြောတာတော်လောက်ပြီး၊ အခုပဲ သတ်လိုက်တော့မယ်...."
လျိုလီ ဒေါသကြောင့် တုန်ယင်နေပြီဖြစ်သည်။
"ငါ့လေးနဲ့မြားကိုသုံးပြီး ငါ့ကို ပစ်တယ်ပေါ့..."
"ငါ နင့်ကို ချမ်းသာမပေးဘူး....."
"သူ့ကို ငါ့အတွက် အရှင်ဖမ်းပေး...."
ကောင်းကင်ဝါးမျိုကျား တုံ့ဆိုင်းသွား၏။
ဤအချိန်မှာတောင် အရှင်ဖမ်းရအုန်းမည်လား?....
သို့ပေမယ့် သခင်မလေး၏အမိန့်ဖြစ်ရာ မလိုက်နာလို့ မဖြစ်ပေ။
ကျား သူ့ခန္ဓာကိုယ်ကြီးကိုလှုပ်ခါကာ တောင်တစ်လုံးကဲ့သို့ ခုန်အုပ်လိုက်၏။
ဂျန်ဖန်း နှလုံးသား တုန်လှုပ်သွားခဲ့သည်။
သူက ပြတ်ပြတ်သားသားပဲ ခရမ်းဓားကို ထုတ်ယူလိုက်သည်။
ဆုံးရှုံးမှုကို ခံစားဖူး၍ ကောင်းကင်ဝါးမျိုကျားမျက်ခွံတွေ တွန့်လိမ်သွားသည်။
သူက ဤဓား၏စွမ်းအားကို မျက်မြင်တွေ့ဖူး၏။
ဤဓားက သူ့လက်သည်းကိုတောင် ဖြတ်ပစ်ခဲ့တာဖြစ်သည်။
သို့ပေမယ့် ဉာဏ်ရည်မြင့်နတ်ဆိုးသားရဲတစ်ကောင်အနေဖြင့် သူ၏တုံ့ပြန်နိုင်စွမ်းက အထင်ကြီးစရာပင်။
ဂျန်ဖန်း ခရမ်းဓားဆွဲထုတ်တော့မည့်အချိန်မှာပဲ....
ပါးစပ်ဟပြီး ဟိန်းဟောက်လိုက်၏။
ဝေါင်း!
ရုတ်တရက် အစွမ်းထက်ဟိန်းဟောက်သံက စွမ်းအင်လှိုင်းတစ်ခုဖန်တီးပြီး ပတ်ဝန်းကျင်ရှိသစ်တောကို ပြိုလဲကျသွားစေခဲ့သည်။
ဂျန်ဖန်း သွေးနှင့်ချီတွေ လိမ့်တက်လာပြီး ကိုယ်တွင်းအင်္ဂါတွေ ကျေမွတော့မလိုခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထုံကျဥ်နေပြီး နေရာမှာတောင့်တောင့်ကြီးရပ်နေကာ လှုပ်မရတော့ပေ။
ကောင်းကင်ဝါးမျိုကျား အေးစက်စွာ နှာမှုတ်လိုက်သည်။
"လူသားလေးတစ်ယောက်က, ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်နေတာလား...."
သူ့မျက်လုံးထဲ၌ ဂျန်ဖန်း အခြေခံတည်ဆောက်ခြင်းအဆင့်သာဖြစ်ပြီး မြားပစ်ရဲတာကကို ထူးခြားနေပြီဖြစ်သည်။
ထိပ်တိုက်ခိုက်ချင်တာကတော့ စိတ်ကူးယာဥ်မှုဖြစ်ပြီး လုံးဝမဖြစ်နိုင်ပေ။
သူ၏ကျားလက်သည်းတွေဖြင့် ဂျန်ဖန်းကိုဆုပ်ကိုင်ပြီး မြေပြင်ပေါ်ဖိချဖို့ပြင်လိုက်သည်။
သို့ပေမယ့် ဂျန်ဖန်း အရှုံးပေးဖို့ အစီအစဥ်မရှိပေ။