အံ့အားသင့်ဖွယ်ရတနာ
Vol. 26 Ch. 350
လုရှီယီမျက်လုံးတွေ ဂျင်ယွင်လဲ့ဝမ်းဗိုက်ဆီ နောက်တစ်ကြိမ်ရွေ့သွားပြီး စိတ်ထဲက ရယ်လိုက်သည်။
"ငါ့ဆရာရဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုက သူ့ဒန်တန်ထဲမှာဝှက်ထားတဲ့ ကောင်းကင်မိုးကြိုးကျောက်တုံးပဲ..."
"အဲ့တာကို သူငယ်ငယ်တုန်းကတွေ့ခဲ့တာ။ ကောင်းကင်မိုးကြိုးစွမ်းအားကို စုပ်ယူနိုင်ပြီး လိုအပ်တဲ့အချိန်မှာ အသုံးပြုနိုင်တယ်...."
"သူ စစ်မှန်မိုးကြိုးဂိုဏ်းရဲ့ မဟာအကြီးအကဲဖြစ်လာတာလည်း အဲ့ဒီအရာကြောင့်ပဲ...."
"အခုတော့, ငါ့ဟာဖြစ်ပြီ...."
ရုတ်တရက် လုရှီယီ အေးခဲသွား၏။
အဘယ်ကြောင့်ဆိုသော် ထွက်သွားဖို့ပြင်နေသည့် ဂျန်ဖန်း မမျှော်လင့်ပဲ ဂျင်ယွင်လဲ့ အလောင်းဆီ ပြန်လျှောက်သွားလိုက်သည်။
သူ့နှလုံးသား ကျုံ့သွား၏။
"ဒီကောင် ဘာလုပ်မလို့တုန်း....."
"ကောင်းကင်မိုးကြိုးကျောက်တုံးကို ရှာတွေ့သွားတာများလား...."
"မဖြစ်နိုင်တာ, ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒီကိစ္စကို ငါ့ဆရာအပြင် ငါပဲသိတာလေ..."
"ငါလည်း ဘယ်သူ့မှမပြောမိတာ သူက ဘယ်လိုလုပ် သိမှာလဲ...."
သို့ပေမယ့် သူ့မျက်ခွံတွေကို တုန်ယင်သွားစေတာက....
ဂျန်ဖန်း ဂျင်ယွင်လဲ့ဝမ်းဗိုက်ကို စိုက်ကြည့်နေပြီး ဓားဖြင့် ခွဲချလိုက်သည်။
ထိုအခါ မိုးကြိုးကြောင်းတွေးစီးဆင်းနေသည့် ပုလဲတစ်လုံးကို ဒန်တန်ထဲမှာ မှိန်ဖျော့ဖျော့မြင်လိုက်ရသည်။
"ဒါက ဘာလဲ...."
ဂျန်ဖန်း ပုလဲလုံးကိုညွှန်ပြပြီး အပြုံးတစ်ဝက်ဖြင့် မေးလိုက်သည်။
လုရှီယီ နှလုံးသားခုန်ပေါက်သွားပေမယ့် အားတင်းတည်ငြိမ်အောင်လုပ်လိုက်သည်။
"ဒါက... ဒါက စစ်မှန်မိုးကြိုးဂိုဏ်းသိုင်းပညာရှင်တစ်ယောက်ရဲ့ မိုးကြိုးအမြုတေလေ...."
ဂျန်ဖန်း မေးစေ့ပွတ်ပြီး ပြောလိုက်သည်။
"တန်ဖိုးရှိလား...."
လုရှီယီ နှလုံးသားအပြင်းအထန်ခုန်ပေါက်နေပြီး ထူးမခြားနားဟန် ဆောင်လိုက်၏။
"စစ်မှန်မိုးကြိုးဂိုဏ်းက တပည့်တိုင်းမှာရှိတယ်။ မင်းတန်ဖိုးရှိတယ်ထင်ရင် ယူသွားပေါ့...."
ဤလောက်ထိပြောလျှင် လူတိုင်း စိတ်ဝင်စားမှုဆုံးရှုံးသွားမည်ဟု ထင်ခဲ့၏။
မည်သူသိမည်နည်း။
ဂျန်ဖန်းပြောလိုက်သည်။
"ကောင်းပြီလေ, မင်းပြောတဲ့အတိုင်းယူလိုက်တာပေါ့..."
သူက ဓားကိုတစ်ချက်ဝှေ့ပြီး ကောင်းကင်မိုးကြိုးကျောက်တုံးကိုထုတ်ယူကာ ကျောက်စိမ်းသေတ္တာထဲထားလိုက်သည်။
လုရှီယီ မျက်လုံးတွေ ပြူးကျယ်နေပြီး စိုးရိမ်စိတ်တွေ ကြီးထွားလာခဲ့သည်။
'ငါပြောတာနားမထောင်နဲ့....'
'ဇာတ်ညွှန်းအတိုင်းပဲလုပ်လေ...'
'သေစမ်း....'
သူက အလျှင်အမြန်ပဲ ပြောလိုက်သည်။
"စီနီယာအကို, ဒီမိုးကြိုးအမြုတေက အပြင်လူတွေအတွက် အသုံးမဝင်ဘူး..."
"ဒါပေမယ့် ငါတို့ စစ်မှန်မိုးကြိုးဂိုဏ်းသားတွေအတွက်တော့ နည်းနည်း အသုံးဝင်တယ်...."
"မင်း ဘာလို့ ငါ့ကို မရောင်းတာလဲ...."
သူ့မျက်လုံးထဲမှာ စိတ်အားထက်သန်သည့်အရိပ်အယောင်အချို့ ဖြတ်ပြေးသွား၏။
မည်သူသိမည်နည်း။
ဂျန်ဖန်း ကျောက်စိမ်းသေတ္တာကို အင်္ကျီအိတ်ထဲထည့်ပြီး ပြတ်ပြတ်သားသားပဲ ငြင်းဆန်လိုက်သည်။
"မရောင်ဘူး။ ငါ့ဘာသာပဲသိမ်းထားလိုက်မယ်...."
ပြောပြီးနောက် သူက ထွက်ခွာသွားခဲ့သည်။
လုရှီယီသာ ကြောင်အပြီး ကျန်နေခဲ့သည်။
အချိန်အတော်ကြာမှသာ အသိပြန်ဝင်လာခဲ့သည်။
သူက ဒေါသတကြီးခြေဆောင့်ပြီး ဆဲရေးလိုက်၏။
"ခုကျ ငါ့ပြောတာနားမထောင်ဘူးပေါ့...."
"ဒါ ငါ့ဆရာ့ရဲ့ ရတနာကွ..."
"မင်း, ခွေးမသား...."
ဟ...ဟ... ဟ...
ဂျန်ဖန်း အဝေးရောက်နေပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
ရှေးဟောင်းနှလုံးသားမှန်က အမှန်တကယ်အသုံးဝင်တာ သူဝန်ခံရမည်ပင်။
ထိုအရာကြောင့်သာမဟုတ်လျှင် ဒီနေ့ ကောင်းကင်မိုးကြိုးကျောက်တုံးကို လွဲချော်တော့မည်ဖြစ်သည်။
ဂျင်ယွင်လဲ့မိုးကြိုးစွမ်းအားက ဘယ်ကလာလဲဆိုတာ သူအမြဲတမ်းသိချင်နေခဲ့သည်။
စစ်မှန်မိုးကြိုးဂိုဏ်းကျင့်စဥ်တွေ၌ မိုးကြိုးငှားယူးခြင်းသာ ပါဝင်၏။
မိုးကြိုးမုန်တိုင်းအတွင်း ကောင်းကင်မိုးကြိုးကိုဆွဲယူခြင်း သို့မဟုတ် မှော်လက်နက်၊ အဆောင်နှင့် အခြားပစ္စည်းတွေမှ မိုးကြိုးစွမ်းရည်ကို အသုံးပြုရတာဖြစ်သည်။
သို့ပေမယ့် ဂျင်ယွင်လဲ့ အင်္ကျီလက်လှုပ်ရုံလေးဖြင့် လက်မောင်းလုံးလောက်ထူသည့်မိုးကြိုးကြောင်းတွေ ထုတ်လွတ်လာခဲ့သည်။
ဤအရာက ဂျန်ဖန်းကို အချိန်အတော်ကြာ ပဟေဠိဖြစ်စေ၏။
ယခုနောက်ဆုံးမှာတော့ ထိုအရာဟာ ဤကောင်းကင်မိုကြိုးကျောက်တုံးလို့ ခေါ်သည့်ပစ္စည်းကြောင့်ဆိုတာ သူနားလည်သွားခဲ့သည်။
"ကောင်လေး, မင်းတကယ်ပစ္စည်းကောင်းရလိုက်တာပဲ...."
နတ်ဆိုးစိတ်ဝိညာဥ် မနာလိုမှုနှင့် ကြောက်ရွံ့သည့်အရိပ်ယောင်တွေပြသလာပြီး ပြောလိုက်သည်။
"ကောင်းကင်မိုးကြိုးကျောက်တုံးက ကောင်းကင်မိုးကြိုးချက်များစွာကိုထိမှန်ပြီးဖြစ်တည်လာတဲ့ ရှားပါးတဲ့ရတနာတစ်ခုပဲ...."
"တစ်ခါက မိုးကြိုးစွမ်းရည်နဲ့ သန္ဓေသားကျင့်ကြံသူတစ်ယောက်ရှိတယ်။ သူ့တစ်ဘဝလုံး ဒီကျောက်တုံးတွေလိုက်ရှာနေတာတောင် တစ်တုံးပဲတွေ့ခဲ့တယ်...."
"ပြီးတော့ မင်းလက်ထဲကဟာလောက်တောင် မကြီးဘူး...."
အို?....
ဂျန်ဖန်းမျက်လုံးတွေအရောင်လက်သွားပြီး သိချင်စွာဖြင့် မေးလိုက်သည်။
"ကောင်းကင်မိုးကြိုးကျောက်တုံးက အဲ့လောက်တောင် ရှားပါးတာလား...."
နတ်ဆိုးစိတ်ဝိညာဥ် ပြောလိုက်သည်။
"ဒါပေါ့, ကောင်းကင်မိုးကြိုးဆွဲဆောင်နိုင်တဲ့ပစ္စည်းက ဘယ်လိုလုပ် သာမန်ဖြစ်မှာလဲ...."
"ဒါ့ပြင် မရေမတွက်နိုင်တဲ့မိုးကြိုးတွေဆွဲဆောင်နိုင်ဖို့ဆိုတာ? ကောင်းကင်မိုးကြိုးကျောက်တုံးမဖြစ်ခင်က ကောင်းကင်တောင် မနာလိုရတဲ့ပြိုင်ဘက်ကင်းရတနာတစ်ခုဖြစ်လောက်တယ်....."
"ကံမကောင်းစွာပဲ, အချိန်မှီမတွေ့ခဲ့လို့ ကောင်းကင်မိုးကြိုးကျောက်တုံးဖြစ်သွားခဲ့တာ...."
နတ်ဆိုးစိတ်ဝိညာဥ် နောင်တရစွာဖြင့် သက်ပြင်းချလိုက်သည်။
ဂျန်ဖန်း နှလုံးသား တုန်ယင်သွား၏။
သူက သူ့ကိုယ်ထဲရှိ အံ့ဖွယ်မျိုးစေ့ကို တွေးမိလိုက်သည်။
ထိုအရာကလည်း ကောင်းကင်မိုးကြိုးတွေကို အမြဲဆွဲဆောင်ခဲ့၏။
ဤကောင်းကင်မိုးကြိုးကျောက်တုံးကလည်း တစ်ခါက ထိုကဲ့သို့အံဖွယ်ရတနာဖြစ်သည်လား?....
ကံမကောင်းစွာဖြင့် မရေမတွက်နိုင်အောင်မိုးကြိုးပစ်ခံရပြီးနောက် မမှတ်မိနိုင်လောက်အောင်ဖြစ်သွားပြီး ကျောက်တုံးတစ်ခုအဖြစ်ပြောင်းသွားခဲ့သည်။
အထဲ၌ အရင်အံ့ဖွယ်အရိပ်အယောင်များကျန်အုန်းမလား ဂျန်ဖန်းသိချင်၏။
ထို့ကြောင့် ထုတ်ယူပြီး ဂရုတစိုက်လေ့လာလိုက်သည်။
မမျှော်လင့်စွာပဲ....
နတ်ဆိုးစိတ်ဝိညာဥ် အဓိပ္ပာယ်လေးနက်စွာဖြင့် မေးလိုက်သည်။
"ဒါပေမယ့်, အဲ့လူဒန်တန်ထဲမှာ ကောင်းကင်မိုးကြိုးကျောက်တုံးရှိတယ်ဆိုတာ မင်းဘယ်လိုလုပ် သိတာလဲ...."
သူက အဖြေရှာမရဖြစ်နေခဲ့သည်။
ထွက်သွားတော့မည့်ဂျန်ဖန်းက ဘာကြောင့် ရုတ်တရက်စိတ်ပြောင်းပြီး ဓားဖြင့်ခွဲကာ ဒန်တန်ထဲရှိကောင်းကင်မိုးကြိုးကျောက်တုံးကို ရှာတွေ့သွားသနည်း။
ဂျန်ဖန်းမျက်လုံးတွေ အရောင်လက်သွားပြီး အမှန်တစ်ဝက်ဖြင့် ပြောလိုက်သည်။
"ဒါပေါ့, ငါ အနက်ရောင်မှန်ရဲ့ စိတ်ဖတ်တဲ့စွမ်းရည်ကို သုံးလိုက်တာလေ...."
"မဟုတ်ရင်, ဘယ်လိုလုပ်သိမှာလဲ..."
အနက်ရောင်မှန် တုန်ယင်သွားသည်။
နတ်ဆိုးစိတ်ဝိညာဥ် ခံစားချက်တွေ တက်လိုက်ကျလိုက်ဖြစ်နေတာ သိသာ၏။
အပေါ်ယံတော့ သူက ထိန်းချုပ်ခြင်းနည်းလမ်းကို ဂျန်ဖန်းအားသင်ပေးခဲ့၏။
သို့ပေမယ့် လက်တွေ့မှာတော့ မည်သူ့ကိုမှ ဤမှန်ကိုအသုံးမပြုစေချင်ပေ။
သို့ပေမယ့် မကြာမီ သူ့စိတ်တည်ငြိမ်သွားခဲ့သည်။
ဤနည်းစနစ်နှင့်ပတ်သက်၍ သူက ဂျန်ဖန်းကို နားလည်ဖို့ နှစ်ဝက်ကြာမည်လို့သာ ပြောခဲ့သည်။
သူမပြောခဲ့တာက ထိုအရာဟာ သန္ဓေသားအဆင့်တွေအတွက်သာဖြစ်တယ်ဆိုတာပဲ ဖြစ်သည်။
ဂျန်ဖန်းအတွက်တော့ အခြေခံတည်ဆောက်ခြင်းအဆင့်သာဖြစ်၍ နားလည်ဖို့ အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်ထိ အချိန်ယူရမည်ဖြစ်သည်။
နတ်ဆိုးစိတ်ဝိညာဥ် တိတ်တဆိတ်ရယ်လိုက်သည်။
"ကောင်လေး မင်းက အတော်ရယ်ရတာပဲ..."
"ငါထင်တာတော့ မင်းမိုးကြိုးကျင့်စဥ်လေ့ကျင့်ထားလို့ အားရုံခံမိသွားတာပဲဖြစ်မယ်...."
ဂျန်ဖန်း ပခုံးတွန့်ပြလိုက်သည်။
နတ်ဆိုးစိတ်ဝိညာဥ် ထိုကဲ့သို့တွေးလျှင် အကောင်းဆုံးဖြစ်သည်။
ဂျန်ဖန်း တိတ်ဆိတ်နေတာမြင်တော့ နတ်ဆိုးစိတ်ဝိညာဥ်ပိုသေချာသွားပြီး လုံးဝသက်သာယာရသွာပြီး ရယ်လိုက်သည်။
"ဒီတော့, အခု မင်းဘယ်သွားမှာလဲ..."
"နတ်ဆိုးအင်ပါယာအလောင်းသွားရှာတော့မလား...."
သူက ခန္ဓာကိုယ်အသစ်တစ်ခုရှာပြီး ဂျန်ဖန်းဆီကထွက်သွားဖို့ စိတ်အားထက်သန်နေခဲ့သည်။
"အစကတော့ တောင်ဘက်မှာရှိတဲ့ ဧရာမဂိုဏ်းကိုသွားဖို့ စဥ်းစားထားတာ။ ဒါပေမယ့် အခုတော့ တိမ်စိမ်းဂိုဏ်းကို အရင်ပြန်ရတော့မယ်ထင်တယ်...."
ဂျန်ဖန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
လုရှီယီအတွေးမှ ဖုန်ဂုချန်း၏သတင်းစကားကို သိလိုက်ရသည်။
ထိုအရာက လျှင်မြန်သည့်အတွေးတစ်ဖြတ်သာဖြစ်သော်လည်း သူ့ကိုတိမ်စိမ်းဂိုဏ်းဆင့်ခေါ်တာက သတင်းမှားမဖြစ်နိုင်ပေ။
"ထူးဆန်းတယ်, ဂိုဏ်းက ရုတ်တရက် ငါ့ကို ဘာလို့ ဆင့်ခေါ်တာလဲမသိဘူး...."
သူက ခေါင်းကုတ်လိုက်ပြီး ပဟေဠိဖြစ်နေခဲ့သည်။
ထိုအရာက အရေးပေါ်ဆင့်ခေါ်မှုဖြစ်၍ နှောင့်နှေးမကြန့်ကြာရဲပေ။
ချက်ချင်းပဲ တောင်ဘက်ကို ဦးတည်လိုက်၏။
ဂျန်ဖန်း မြင်းလှည်းဖြင့် တိမ်စိမ်းဂိုဏ်းတောင်ခြေကိုရောက်လာပြီး ဖုန်တွေပေကျံ၍ ပင်ပန်းနွမ်းနယ်နေခဲ့သည်။
လမ်းတစ်လျှောက်မှာ သူ၏အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်များစွာရခဲ့၏။
ယခု သူက အမြုတေဖွဲ့စည်းခြင်းအတွက် စတင်ပြင်ဆင်နိုင်ပြီဖြစ်သည်။
ထိုအရာအပြင် ကောင်းကင်ပျက်သုဥ်းခြင်းလက်ချောင်း၏နောက်ဆုံးအကွက် "နောင်တရနေသောနဂါး" ကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့။
ဤအချိန်၌...
မိုခယ်ကျောက်နံရံမှနားလည်ခဲ့သည့် ဤမြေကမ္ဘာအဆင့်လက်ချောင်းသိုင်းကို အပြည့်အဝနားလည်သွားပြီဖြစ်သည်။
"ဒါက မြေကမ္ဘာအဆင့်နိမ့်နည်းစနစ်ဆိုပေမယ့် နောက်ဆုံးအကွက်ရဲ့စွမ်းအားက ကျားနဂါးဟိန်းသံနဲ့ စစ်မှန်မိုးကြိုးအရိပ်သုံးခုရဲ့ ပထမအကွက်ထက် မနိမ့်ဘူး...."
"ရန်သူကိုအနိုင်ယူဖို့ နောက်ထပ်အစွမ်းထက်လက်နက်တစ်ခုပဲ..."
"ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကို အများကြီးကျေးဇူးတင်ရမယ်...."
ဂျန်ဖန်း အနည်းငယ်ပြုံးပြီး မော့ကြည့်လိုက်သည်။
တစ်လလောက်ထွက်ခွာသွားရ၍ တိတ်စိမ်းဂိုဏ်းအပေါ် နက်ရှိုင်းသည့်လွမ်းဆွတ်မှုကို ခံစားလိုက်ရသည်။
ဂိုဏ်းထဲဝင်လိုက်သည့်အခါ သူက တိမ်စိမ်းဂိုဏ်း ပုံမှန်ထက်အလုပ်ရှုပ်နေတာ တွေ့လိုက်၏။
တပည့်များစွာတာဝန်လုပ်ဆောင်ဖို့ ထွက်သွားကြသော်လည်း တာဝန်လွဲအပ်ဖို့ အပြင်စည်းကိုရောက်နေသည့်တပည့်တွေက ပိုများ၏။
ထို့ကြောင့် အထူးစည်းကားနေခဲ့သည်။
"ဂျူနီယာညီလေးဂျန်...."
"ဂျူနီယာညီလေးဂျန်, မင်းပြန်လာပြီပဲ...."
တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်နေသည့် တိမ်စိမ်းဂိုဏ်းတပည့်တွေ အဝေးမှဂျန်ဖန်းကိုမြင်သည့်အခါ မျက်လုံးတွေတောက်ပသွားပြီး အလျှင်အမြန်နှုတ်ဆက်လိုက်ကြသည်။
သူတို့အမူအရာ၌ လေးစားသည့်အရိပ်အယောင်တွေရှိနေခဲ့သည်။
တပည့်အဆင့်သတ်မှတ်ပြိုင်ပွဲတုန်းက....
ဂျန်ဖန်း တန်ထျန်လုံကို သုံးကွက်ဖြင့်အနိုင်ယူခဲ့ပြီး တိုက်ပွဲတစ်ပွဲတည်းဖြင့် ဒဏ္ဍာရီတွင်သွားခဲ့သည်။
ယနေ့ထိ တိမ်စိမ်းဂိုဏ်းတပည့်တွေ ထိုအကြောင်းကို မမောနိုင်မပန်းနိုင်ပြောနေကြဆဲဖြစ်သည်။
အထူးသဖြင့် ပင်ကိုယ်ပါရမီညံ့ဖျင်းသည့် အဆင့်နိမ့်တပည့်တွေပင်။
တစ်ခါက စိတ်ဝိညာဥ်အမြစ်မရှိဂျန်ဖန်း တောက်ပသည့်လမ်းကိုလျှောက်လမ်းသွားတာကိုကြည့်ပြီး အတုယူကာ ပိုပြီး အပြင်းအထန်လေ့ကျင့်လာကြ၏။
ဤအရာကြောင့် ဂိုဏ်းတစ်ခုလုံး၏ကျင့်ကြံရေးက တိုးတက်လာခဲ့သည်။
ဂျန်ဖန်း ညင်သာစွာ ပြုံးလိုက်သည်။
"မင်းတို့အားလုံးလည်းအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်, စီနီယာအကိုတို့...."
"ဒီနောက်ပိုင်းကော ဂိုဏ်းက ငြိမ်းညမ်းတယ်မလား...."
တပည့်တစ်ယောက်ရယ်လိုက်သည်။
"မြင့်မြတ်အကြီးအကဲနဲ့ ဂိုဏ်းချုပ်ရှိနေတာ ဘယ်သူက ပြဿနာရှာရဲမှာလဲ....."
ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။
သူက စိတ်ဝိညာဥ်သားရဲဂိုဏ်းလို နတ်ဆိုးသားရဲတွေစိမ့်ဝင်နေမှာ စိုးရိမ်၏။
အရာအားလုံးအဆင်ပြေနေတာကြားတော့ သက်သာယာရသွားခဲ့သည်။
"ဂိုဏ်းသခင်တောင်ထိပ်ကော ဘယ်လိုလဲ...."
ဂျန်ဖန်း နောက်တစ်ကြိမ်မေးလိုက်သည်။
တပည့်တွေမျက်နှာ ချက်ချင်းတောင့်တင်းသွားပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
"ဂိုဏ်းသခင်တောင်ထိပ်... တကယ်ပဲ ပြဿနာအချို့တက်နေတယ်...."
ဂျန်ဖန်း မျက်ခုံးမြှင့်တက်သွား၏။
"ဘာလဲ, မဟာအကြီးအကဲ နောက်တစ်ကြိမ်ပြဿနာရှာပြန်ပြီလား...."
သူတွေးနိုင်သည့်တစ်ယောက်တည်းသောသူက ဖုန်းဂုချန်းဖြစ်၏။
တပည့်တစ်ယောက် အလျှင်အမြန်ပြောလိုက်သည်။
"ဒါက မဟာအကြီးအကဲနဲ့ ဘာမှမဆိုင်ပါဘူး...."
"အဲ့ထက်, ဂျူနီယာညီလေးဂျန်, မင်းနဲ့သက်ဆိုင်တယ်နဲ့တူတယ်..."
ငါ?.....
ဂျန်ဖန်း ပဟေဠိဖြစ်သွား၏။
သူက ဂိုဏ်းကထွက်သွားတာ တစ်လတောင်ရှိပြီဖြစ်ရာ ဘယ်လိုလုပ် သူနှင့်သက်ဆိုင်နေရသနည်း။
တပည့်တစ်ယောက် နာမည်တစ်ခုပြောလိုက်မှသာ ရုတ်တရက် နားလည်သွားခဲ့သည်။