နားလည်မှုလွဲခြင်း
Vol. 14 Ch. 186
အန်လင်းသည် ယူဟွာ၏ ရှင်းလင်းပြတ်သားသော သတိပေးစကားကို ကြားယောင်ကာဖြင့် အဝေးသို့ ထွက်သွားလေသည်။
ဟုန်သိုနှင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ပြီးသည့် နောက်တွင် မောပန်းနွမ်းနယ်နေပြီ ဖြစ်သည်ကြောင့် လျှိုချင်ဟွမ်အား ရှာဖွေရန် စိတ်မပါတော့ပေ။ ထို့ကြောင့် သူ၏နေရာအား ပြန်လာလိုက်ပြီး မကြာမီမှာပင် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့တွင် ကျောင်းဝန်းအတွင်၌ လူတစ်စု လှည့်လည်သွားလာ နေကြသည်။ ထိုလူစုသည် လူများစွာ၏အာရုံကို ဖမ်းစားထားကြပြီး စိတ်လှုပ်ရှား လာစေသည်။
သူတို့အားလုံးတို့သည် ချောမွေ့ကောင်းမွန်သည့် အသားအရေများ ရှိကြသည်။ အပြာရောင် မျက်လုံးများနှင့် ရှည်လျားသည့် နားရွက်ချွန်ချွန်များ ရှိကြကာ အလွန်ခန့်ညား ချောမောကြပြီး နောက်ကျောတွင် လှပသည့် တောင်ပံဖြူများနှင့် ဖြစ်လေသည်။
အရေးအကြီးဆုံးမှာ သူတို့သည် ကိုယ်ရောင်ကိုယ်ဝါများ တောက်ပနေကြခြင်းပင်။
သူတို့၏ ခန္ဓာကိုယ်များမှ အလင်းဖျော့ဖျော့ ဖြာထွက်နေပြီး ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်း ခံထားရသူများ ကမ္ဘာမြေပြင်သို့ ဆင်းသက်လာသည့် သဖွယ် လမ်းလျှောက်လာ ကြလေသည်။
စုစည်းညီညွတ် ကျောင်းဝန်းအတွင်းရှိ ကျောင်းသားများသည် ၎င်းတို့အား ကြည့်ကာဖြင့် တီးတိုးပြောဆို နေကြလေသည်။
“ဝိုး ဟိုလူတွေကို ကြည့်ပါဦး။ အရမ်းကို ချောတာပဲ”
“မိန်းကလေးတွေကလည်း တကယ်ကို လှကြတာနော်။ အိုင်ဒဲလ် အဖွဲ့ကျနေတာပဲ”
“ဧဒင်ဥယျာဉ်ရဲ့ အလင်းတောင်ပံ မျိုးနွယ်စုက မိုးကောင်းကင်ရဲ့ ကောင်းချီးပေး ခံထားရတာလို့ ကြားတယ်ကွ။ အဲဒီစကားတွေက အမှန်တရားဖြစ်ပုံပဲ။ သူတို့ရဲ့ ရုပ်ရည်သွင်ပြင် တစ်ခုတည်းနဲ့တင် ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလို့ မနာလိုဖို့ ထိုက်တန်လွန်း ပါတယ်ကွာ”
ဤကဲ့သို့သသော အခြေအနေမျိုးနှင့် ကြုံတွေ့ရာတွင် သန့်ရှင်းသော သုခဘုံမှ ဧည့်သည်တော်များ အားလုံးသည် နူးညံ့သည့် အသွင်အပြင်ကို ဖော်ဆောင်ထားပြီး ပုံမှန်အတိုင်းပင် ပြုမူကြလေသည်။ သူတို့အားလုံးတို့သည် အခြားသူများနှင့် အကွာအဝေး အနည်းငယ် ခြားထားသည့်ပုံ ရသော်လည်း ဘဝင်မြင့် အောက်ခြေလွတ်ပုံတော့ မရှိချေ။
တောင်ပံဖြူကျောင်း ပရဝုဏ်အတွင်းရှိ အဆောက်အဦငယ်လေး တစ်ခုထဲတွင်။
“အစ်ကိုကြီး အန် ရေ ... အပြင်မှာ စိတ်ဝင်စား စရာလေးတွေ ရှိပုံပဲ။ ဝုတ်”
တပိုင်သည် ပြတင်းပေါက်မှ ကြည့်ကာဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။
“ဟမ် ... အခုမှ မနက်အစောကြီး ရှိသေးတာကို။ မင်းစကားပြောတာ နည်းနည်းတိုးလို့ မရဘူးလားကွ”
အန်လင်းမှာ အိပ်ရာထဲတွင်သာ ရှိနေသေးပြီး မျက်လုံးများမှာလည်း ရီဝေဝေ ဖြစ်နေလေသည်။
“နေ့လယ်ခင်း ရောက်နေပြီ အစ်ကိုကြီး အန် ရဲ့”
တပိုင်သည် အန်လင်း၏မျက်နှာအား သူ၏ လက်များဖြင့် ပုတ်လိုက်သည်။
တပိုင်သာ အနှောင့်အယှက် မပေးလာလျှင် အန်လင်းအနေဖြင့် တစ်နေ့လုံး အိပ်နိုင်သည်ဟု ပြောလိုက်ချင်သော်လည်း တပိုင်၏ ကြီးမားသည့် လက်ဖဝါးကြီးများသည် အန်လင်း မျက်နှာဆီသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
ဖြန်း ဖြန်း ဖြန်း
အန်လင်းမှာ ချက်ချင်းဆိုသလို ဒေါသထွက်လာပြီး အိပ်ရာမှ ခုန်ထလိုက်သည်။
“မင်း ဘာဖြစ်ချင်နေတာလဲ”
“အပြင်မှာ ငှက်လူသားတွေ အုပ်လိုက်ပဲ။ သူတို့က လှလည်းလှကြသလို ရင်သားကြီးကြီးတွေ တင်ကြီးကြီးတွေလည်း ရှိတယ်”
တပိုင်သည် ‘ငါသိတယ်နော်’ ဟူသည့် ခပ်ညစ်ညစ် အပြုံးဖြင့် ပြောလေသည်။
အန်လင်း : “…”
ထိုသို့ဖြင့် တပိုင်ပေါ်သို့ ခုန်တက်လိုက် ပြီးနောက် လျင်လျင်မြန်မြန်ပင် ပျံသန်းသွားတော့သည်။
***
အလင်းတောင်ပံ မျိုးနွယ်စုဝင်များသည် ကျောင်းဝင်းအတွင်း၌ လမ်းလျှောက်နေကြ သော်လည်း နေရာတစ်ခုသို့ ဦးတည်နေကြပုံ ပေါ်သည်။
“ဩဂတ်စ်ရေ အန်လင်းက အခုတောင်ပံဖြူ ကျောင်းပရဝုဏ်ထဲမှာ ရှိနေမယ်လို့ နင်ထင်လား”
အဖြူရောင်ဝတ်စုံနှင့် မိန်းမလှလေး တစ်ဦးသည် ကြည်လင် ပြတ်သားသည့် အသံဖြင့် ပြောလေသည်။
သူတို့အဖွဲ့၏ အရှေ့တွင်ရှိသည့် ချောမောသည့် အမျိုးသားမှ ခေါင်းညိတ်ပြလိုက်သည်။
အန်လင်း၏ လိပ်စာနှင့် ဓာတ်ပုံပါရှိသည့် စာရွက်ပိုင်း တစ်ခုအား ထုတ်ယူလိုက်သည်။
“တကယ်လို့ သူအိမ်မှာ မရှိရင်လည်း သူ့အိမ်ရှေ့မှာ စောင့်ကြတာပေါ့။ သူ့ကို ဒီနေ့တော့ သေချာပေါက် တွေ့ရမှာပဲ”
“တခြားအရာတွေကို ထည့်မစဉ်းစားဘူး ဆိုရင်တောင် ဒီအန်လင်းက သေချာကြည့်ရင် ကြည့်ကောင်းသားပဲ”
ထိုအမျိုးသမီးသည် ဓာတ်ပုံကို ကြည့်ကာဖြင့် ခက်ခက်ခဲခဲ ပြုံးလိုက်သည်။
ဖြတ်သွားဖြတ်လာ ကျောင်းသားများသည် ထိုအမျိုးသမီး၏ ဖြူစင်တောက်ပသည့် အပြုံးကြောင့် မှင်တက်သွား ကြလေသည်။
“ရှယ်လီ ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်း။ လူဆိုးမ မလုပ်နဲ့”
ဩဂတ်စ်သည် အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
ရှယ်လီသည် သူမ၏နှုတ်ခမ်းကို ဖွင့်ဟလိုက်သော်လည်း မည်သည့်စကားမျှ မဆိုတော့ချေ။ ဩဂတ်စ်သည် သူ့ကိစ္စကိုသာလျှင် အာရုံစိုက်သင့်သည်။ အခြားအမျိုးသားများကို ကြည့်ရှုခြင်းအား သူ့အနေဖြင့် မည်သည်ကြောင့် တားနေရသနည်း။
တပိုင်သည် စိတ်လှုပ်ရှားစွာဖြင့် ပျံသန်းနေလေသည်။
“သူတို့ရဲ့ အနံ့နောက်ကို လိုက်လာတာ။ သူတို့က ရှေ့တည့်တည့်မှာပဲ။ ဝုတ်”
အန်လင်းနှုတ်ခမ်းများ မဲ့သွားသည်။ တပိုင်၏ အနံ့ခံကောင်းမှုအား ချီးကျူးရမည်လား။
မရှေးမနှောင်းမှာပင် သူတို့နှစ်ဦးသည် အလင်းတောင်ပံ မျိုးနွယ်စုရှိရာ နေရာသို့ ရောက်ရှိလာကြပြီး ထိုအဖွဲ့အား အပေါ်မှ စစ်ဆေးကြည့်ရှု နေကြလေသည်။
“ဒါတွေက အလင်းတောင်ပံ မျိုးနွယ်စုဝင်တွေလား။ ဘုရားရေ။ သူတို့က တကယ်ကြီး တလက်လက် တောက်ပနေတာပဲ”
အန်လင်းသည် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
“အဲဒါက အဓိက မဟုတ်ပါဘူး။ တကယ့်အချက်က သူတို့က တကယ်ကို ဆက်ဆီကျနေတာ အစ်ကိုကြီး မမြင်ဘူးလား။ ဝုတ်”
တပိုင်သည် သူ၏ အရည်လဲ့နေသော မျက်လုံးကြီးများနှင့်အတူ လျှာတန်းလန်း ထုတ်ကာဖြင့် မြေပြင်တွင် သွားလာကြသည့် အဖွဲ့အား မျက်တောင် မခတ်စတမ်း ကြည့်နေလေသည်။
အန်လင်းသည် ထိုအမျိုးသမီးများအား ငုံ့ကြည့်လိုက်သည်။ အချို့သည် အဖြူရောင် လည်ပင်းကျယ် ဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့၏ ဖြူဖွေးသည့် ပခုံးသားများနှင့် စွဲမက်ဖွယ်ရာ ညှပ်ရိုးများကို လှစ်ဟပြနေလေသည်။ အချို့မှာ အနည်းငယ် ပွရောင်းသည့် ဝတ်ဆင်များ ဝတ်ဆင်ထားသည်ကြောင့် အဖြူရောင် နှင်းတောင်ပို့နှစ်ခုအား မြင်နေရသည်ကြောင့် ရင်တုန်ပန်းတုန်ပင် ဖြစ်ရလေသည်။
သူတို့နှစ်ဦးစလုံးသည် သက်ပြင်း ရှိုက်လိုက်ပြီးနောက် လေထဲမှနေ အလင်းတောင်ပံ မျိုးနွယ်စု နောက်သို့ လိုက်ပါနေကြလေသည်။
“ဩဂတ်စ် ဟိုအပေါ်မှာ ခွေးစီးနင်းနေတဲ့လူကို တွေ့လား။ သူက ငါတို့နောက်ကို လိုက်နေတဲ့ပုံပဲ”
ရှယ်လီမှ ရုတ်တရက်ဆန်စွာ ပြောလေသည်။
ဩဂတ်စ်သည် ခေါင်းညိတ်ကာဖြင့်…
“ငါလည်း သတိထားမိတယ်။ ဒါပေမဲ့ အခုက ကောင်းကင်ဘုံ ပိုင်နက်ရဲ့ နယ်မြေထဲမှာလေ။ သူတို့က စည်းကျော်ပြီးတော့ ဘာမှမလုပ်ရဲပါဘူး”
ရှယ်လီ၏ မျက်မှာတွင် ရှက်သွေးဖြာသွားပြီး…
“ဒါပေမဲ့ သူတို့က စည်းကျော်နေပြီးသားလို့ ခံစားမိနေတယ်။ သူတို့ရဲ့ မျက်လုံးတွေက....”
“ဟမ်”
ဩဂတ်စ်သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီးနောက် လေထဲသို့ အကြည့်ပို့လိုက်သည်။
မျက်လုံးချင်း ဆုံမိသည့်အခါတွင် တပိုင်သည် ချက်ချင်းဆိုသလို အကြည့်လွှဲကာဖြင့် သူ၏အကြည့်အား ကောင်းကင်ရှိ တိမ်တိုက်များထံ ပို့လိုက်သည်။
အန်လင်းသည်လည်း သူ၏အကြည့်အား ပြောင်းကာဖြင့် ပတ်ဝန်းကျင်ရှိ ရှုမြင်ကွင်းအား ခံစားနေဟန် ပြုလိုက်သည်။
ဩဂတ်စ် : “…”
မြေပြင်သို့ ပြန်ကြည့် လိုက်ကြသည့် အခါတွင် အန်လင်းသည် တစ်စုံတစ်ခု ပျောက်ဆုံးနေသည်ဟု ခံစားမိလိုက်သည်။
“တပိုင်ရေ ... အဲဒီထဲမယ် လူတစ်ယောက် ပျောက်နေတယ်လို့ ဘာလို့များ ခံစားမိနေတာလဲ မသိဘူးကွ”
တပိုင်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ပြူးကျယ်နေပြီး လျှာတန်းလန်းနှင့် ဖြစ်နေလေသည်။
“မဟုတ်ပါဘူး။ ရင်သားကြီးကြီး တင်ကြီးကြီးနဲ့ မိန်းမတွေအားလုံး အဲဒီမှာပဲလေ”
“အိုး”
အန်လင်း ခေါင်းကုတ်လိုက်မိသည်။
ရုတ်တရက် ဆိုသလိုပင် သူတို့၏ နောက်ကျောဘက်မှ ကြောက်မက်ဖွယ်ရာ အားကောင်းသည့် အော်ရာတစ်ခု ထွက်ပေါ်လာသည်။
တပိုင် ခန္ဓာကိုယ်သည် တုန်ယင်လာပြီး အန်လင်းသည်လည်း နောက်သို့ လှည့်ကြည့်လိုက်သည်။
လူတစ်ဦးသည် အဖြူရောင်တောင်ပံ တစ်စုံအား ပြန့်ကားနေအောင် ဖြန့်ထားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အဖြူရောင်အလင်းများ ထွက်ပေါ်နေသော မြင်ကွင်းသည် သူတို့နှစ်ဦးအား ဆီးကြိုနေလေသည်။
လေထုအား လက်နှစ်ဖက်ဖြင့် ဆွဲလိုက်ပြီးနောက်တွင် အဖြူရောင် အလင်းများ ရစ်ဝဲလာပြီး ကြောက်မက်ဖွယ် စွမ်းအားများ စုဝေးလာလေသည်။
ထိုမြင်ကွင်းကြောင့် အန်လင်းနှင့် တပိုင်မှာ တုန်လှုပ်လျက်ရှိပြီး သူတို့နှစ်ဦးစလုံး အကင်ခံရတော့မည်ကို သိလိုက်လေသည်။
“နတ်သားအစ်ကိုကြီး နားလည်မှု လွဲနေတာပါဗျ”
အန်လင်းသည် လျင်မြန်စွာ အော်ဟစ်လိုက်သည်။
ထိုလူသည် အေးစက်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက် လေသည်။
“နတ်ဘုရားပြစ်ဒဏ် အံ့ဖွယ်အလင်းလေပွေ”
အလင်းလေပွေများ စတင်ပျံ့နှံ့လာပြီး အဖြူရောင် အလင်းတန်းများ ဖြစ်ပေါ်လာကာ ကြီးမားသည့် စွမ်းအားများဖြင့် ဆင်းသက်လာလေသည်။
ဘုန်း
စွမ်းအားအပြည့်နှင့် အလင်းတန်းများသည် အန်လင်းနှင့် တပိုင်တို့အား ပြင်းထန်စွာ တိုက်မိကြလေသည်။
အလင်းတန်းများတွင် ပါဝင်သော ပြင်းထန်သည့် စွမ်းအားများကြောင့် သူတို့နှစ်ဦးသားသည် ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မြေသားပင်လျှင် အက်ကွဲသွားလေသည်။
“ဝုတ် ကြောက်ဖို့ကောင်းလိုက်တာ”
တပိုင်သည် မြေချိုင့်အတွင်းမှ ပြန်တက်လာပြီးနောက် သူ၏အမွေးများကို ခါလိုက်သည်။
အန်လင်းမှာ ခန္ဓာကိုယ်တစ်ခုလုံး ကျိုးပဲ့သွားပြီဟုပင် ခံစားနေရသည်။ ပြီးနောက် သူသည်လည်း မြေပြင်ပေါ်သို့ ပြန်တက်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်အား ဖုန်ခါလိုက်ပြီးနောက် လေပြည်ညင်း နည်းစနစ်အား အသုံးပြုကာဖြင့် ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များအား အဝေးသို့ လွင့်စေလိုက်သည်။
ဖုန်မှုန့်များ ကင်းစင်သွားပြီးသည့် နောက်တွင် သူတို့နှစ်ဦးမှာ ဝိုင်းခံထားရသည်ကို သိရှိလိုက်ရသည်။
အလင်းတောင်ပံ မျိုးနွယ်စု အဖွဲ့သည် သူတို့နှစ်ဦးအား ဝိုင်းထားခြင်း ဖြစ်သည်။
သူတို့အားလုံးတို့သည် အေးစက်စက် အမူအရာများဖြင့် ရှိကြပြီး အချို့သည် လက်နက်များကိုပင် ဆွဲကိုင်ထားကြလေသည်။
“မင်းတို့ ဘာပြောချင်သေးလဲ”
လူတစ်ဦး လျှောက်လှမ်းလာပြီး ရေခဲရိုက်ထားသည့် အမူအရာဖြင့် မေးမြန်းလေသည်။
အန်လင်းနှင့် တပိုင်တို့ ပြုလုပ်နေသည့် အရာအား လူတိင်းသိရှိကြ သော်လည်း သူတို့နှစ်ဦးအား နောင်တရရန် အခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။
“နားလည်မှု လွဲတာပါဗျ။ ကျွန်တော် ရှင်းပြပါမယ်”
စွမ်းအားကြီး ကျင့်ကြံသူများစွာ ဝိုင်းခံထားရသည် ဖြစ်သော်လည်း အန်လင်းသည် သူ့စိတ်အား တည်ငြိမ်အောင် ပြုလုပ်နေလေည်။
“ယန်ရှင်း ... ဘာပြောရဦးမှာလဲ။ ကျွန်တော်တို့က တာဝန်ထမ်းဆောင် နေတာလေ။ ကျွန်တော်တို့ အလုပ်ကို မနှောင့်ယှက်ဖို့ သူတို့ကိုပြောလိုက်ပါ။ ဝုတ်”
တပိုင်သည် ဒေါသတကြီး ဆိုလေသည်။
ယန်ရှင်းလား။
အန်လင်းသည် တပိုင်၏ စကားများကြောင့် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏ လျင်မြန်စွာ တွေးခေါ်နိုင်မှုအား စိတ်ထဲမှနေ ချီးကျူးလိုက်လေသည်။
လက်နှစ်ဖက်အား နောက်ပစ်ကာဖြင့် တည်ကြည်သည့် အသံဖြင့် ပြောလိုက်သည်။
“ကျုပ်က ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ ခေါင်းဆောင် ယန်ရှင်းပဲ”
ထိုစကားအား ကြားသည့်အခါတွင် အလင်းတောင်ပံ မျိုးနွယ်စုမှလူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။ ထို့ကြောင့် အန်လင်းမှ ဆက်လက်၍…
“ဒါက ကျုပ်ရဲ့စီးတော်ယာဉ်ပဲ။ ခင်ဗျားတို့ ကျောင်းဝန်းထဲ သွားလာနေကြတာ သူမြင်လိုက်တယ်လေ။ တစ်စုံတစ်ခု ဖြစ်မှာကို စိုးရိမ်တာကြောင့် ကျောင်းဝန်းကို လှည့်ပတ်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တာပဲ။ အားလုံးကို အနှောင့်အယှက် ဖြစ်စေခဲ့ရင် ကျုပ်တို့က စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ အခုတော့ ထွက်သွားခွင့်ပြုပါ”
ထိုသို့ပြောပြီးသည့် နောက်တွင် တပိုင်ပေါ်သို့ တက်လိုက်လေသည်။ ထို့နောက်တွင် အလင်းတောင်ပံ မျိုးနွယ်စုဝင်များအား ရင်းနှီးဖော်ရွေစွာ လက်ပြ နှုတ်ဆက်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
အန်လင်း၏ အပြုအမူသည် ပြည့်စုံသည်ဟု ဆိုရပေမည်။
ထိုလူများသည် သံသယဝင်နေဆဲ ဖြစ်သော်လည်း အန်လင်း၏ စကားများတွင် သံသယဖြစ်ဖွယ် တစ်ခုတလေမျှ ရှာမတွေ့ခဲ့ပေ။
ရှယ်လီသည် သူမ၏ တောက်ပသည့် မျက်လုံးများကို တဖျတ်ဖျတ် ခတ်ကာဖြင့် အန်လင်းအား ကြည့်လိုက်သည်။ မည်သည့် အကြောင့်ကြောင့်ရယ်မသိ အတော်လေး ရင်းနှီးနေသည်ဟု ခံစားမိနေသည်။
ထိုအချိန်မှာပင် ဩဂတ်စ်သည် ကောင်းကင်မှ ဆင်းလာပြီးနောက် စာရွက်အပိုင်းလေးအား ထုတ်လိုက်ပြန်သည်။ အပြန်ပြန်အလှန်လှန် နှိုင်းယှဉ်ကြည့်ပြီး နောက်တွင် …
“အန်လင်းလား”
အန်လင်းနှင့် တပိုင်တို့၏ ခန္ဓာကိုယ်များ တုန်ယင်သွားကြသည်။
“မင်းက အန်လင်းပဲ။ ဟုတ်တယ်မလား”
ဩဂတ်စ်သည် စိတ်အားထက်သန်စွာဖြင့် မေးလေသည်။
အန်လင်းသည် ရှုံ့မဲ့ကာဖြင့် ဩဂတ်စ်အား ကြည့်လိုက်သည်။
“ငါက အန်လင်းလို့ ဘာ့ကြောင့် ပြောရတာလဲ”
ဩဂတ်စ်သည် သူ၏စာရွက်ပေါ်ရှိ ဓာတ်ပုံအား ယူကာဖြင့် အန်လင်းအား ပြလိုက်သည်။
“ဒီမှာကြည့်လေ။ တူတူပဲ”
ထိုဓာတ်ပုံအား ကြည့်ပြီးသည့်နောက်တွင် အန်လင်းနှင့် တပိုင်တို့သည် တုန်ယင်လာကြ ပြန်သည်။
အင်း ... တကယ်ကြီး တူတာပဲ။
ကောင်းပြီ။ သောက်ရမ်းကို ခွကျလွန်းတယ်။
***