အခန်း (၇၄၃-၇၄၄)
Vol. 47 Ch. 743-744
အပိုင်း (၇၄၃)
ထျန်းရှစ်မြို့ထဲမှာတော့ ကျုံးယောင်က ပျော်ရွှင်မှုကို ထိန်းမနိုင် ဖြစ်နေ၏။ သူက အောင်ပွဲသတင်းကို စောင့်နေခြင်းပင်။ တိုက်ပွဲက သေချာပေါက် နိုင်မှာဖြစ်၏။ စေတီတောင်၏ ဆေးစွမ်းက ထက်မြက်လှပေ၏။ ကျုံးမိသားစုက နယ်မြေကို ကာကွယ်ပြီး အင်ပါယာ ဘွဲ့ပေးလာမည်ကို စောင့်နေရုံသာရှိတော့သည်။ ထျန်းရှစ်မြို့၏ ဘုရင်၊ သူ ... ကျုံးယောင်က တိုင်းပြည်တစ်ခု၏ အရှင်သခင် ဖြစ်လာပေတော့မည်။
သို့ပေမည့် ထိုအချိန်မှာပင် ခြေမြန်တော်ဆီမှ သတင်းဆိုးတစ်ခု ရောက်ရှိလာခဲ့၏။ “သခင်ကြီး... ဒုက္ခရောက်ပြီ။ ရှမ့်လန်က နည်းလမ်းတစ်ခုကို သုံးပြီး ကျုပ်တို့စစ်သည်တွေကို အရူးတွေလို ဖြစ်အောင် လုပ်လိုက်တယ်။ သူတို့က ကိုယ့်လူကိုယ် ပြန်သတ်နေကြတယ်။ ကျုံးအီရဲ့ တပ်သား သုံးသောင်းခွဲလောက်က အကုန်သေကုန်ပြီ။ ပြီးတော့ ဒီအရူးတွေက ထျန်းရှစ်မြို့ဘက်ကို လာနေကြပြီ။”
ကျုံးယောင်က ကြောင်အသွားမိ၏။ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်။ ကူလန်မြို့၏ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်လား။ ဤကဲ့သို့သော ပုံစံမျိုးနှင့် ရှုံးခဲ့သည်လား။ စစ်သည် တစ်သိန်းနီးပါးတွင် ရှစ်သောင်းလောက် သေကုန်သည်လား။ ထျန်းရှစ်ဘုရင် ဖြစ်တော့မည်ဟု သူက စိတ်ကူးယဉ်လျက် ရှိနေတုန်းမှာပဲ ငရဲပြည်သို့ ကျရောက်သွားခဲ့သည်လား။ ကျုံးယောင်က ခေါင်းမူးပြီး ထိုင်ခုံပေါ်တွင် ပုံရက်သား လဲကျသွားတော့၏။
“သခင်ကြီး.... အဲဒီ သားရဲတွေက မြို့ဘက်ကို လာနေကြပြီ။ ဘာလုပ်ကြမလဲ။”
အချိန်တော်ကြာပြီးနောက် ကျုံးယောင်က တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။ “မြို့တံခါးကို ပိတ်ထားလိုက်တော့။”
တစ်ရက်ခွဲကြာပြီးနောက် လက်ကျန် အရူးစစ်သား လေးငါးထောင်လောက်က ထျန်းရှစ်မြို့အောက်သို့ ရောက်ရှိလာ၏။ ထိုအချိန်မှာတော့ သူတို့က သတိပြန်ဝင်နေကြ၏။ သူတို့ ဘာလုပ်ခဲ့သည်ကို ဝိုးတဝါး မှတ်မိနေ၏။ ဗလာသက်သက် ဖြစ်နေသည့် ခံစားချက်ဖြင့် အိမ်ပြန်ချင်စိတ် တစ်ခုတည်းကြောင့်သာ ပြန်လာခဲ့ကြခြင်းပင်။
“တံခါးဖွင့်ပေးပါ။ ပေးဝင်ကြပါ။”
“မဖွင့်ပေးနဲ့။ အဲဒီကောင်တွေ လူသတ်ကောင်တွေ။ တွေ့တဲ့လူ အကုန်လုံးကို သတ်မှာ။” ကျုံးကျီက အော်ပြော၏။
“သခင်ကြီး ကျုံးအီ... တံခါးဖွင့်ပေးပါ ကျုပ်တို့ ပုံမှန် ပြန်ဖြစ်နေပါပြီ။”
“မဖွင့်နဲ့၊ မဖွင့်နဲ့... လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဒီကောင်တွေ လူသတ်ခဲ့တာ နည်းတာ မဟုတ်ဘူး။ ကိုယ့်ညီအစ်ကို သုံးသောင်းကျော်လောက်ကို ရက်ရက်စက်စက် သတ်ခဲ့တာပဲ။”
“ကျုပ်တို့ ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ။ ကျုပ်တို့မှာ ခွန်အားတွေ ကျန်ပါသေးတယ်။ ကျုပ်တို့ ခင်ဗျားအတွက် တိုက်ပေးပါရစေ။”
“ဒါ အမှန်ပါပဲ။ ဆေးအာနိသင် တစ်ဝက်လောက် ကျန်နေသေးတယ်။”
ကျုံးအီ သေချာကြည့်လိုက်တော့ ထိုသူတို့၏ မျက်လုံးများက သွေးရောင်လွှမ်းပြီး ကြောက်လန့်စရာ ကောင်းနေတုန်းပင်။ “အစ်ကိုကြီး... ဘယ်လိုလုပ်ကြမလဲ။”
ကျုံးယောင်က ပြော၏။ “သူတို့ကို ကူလန်မြို့ကို ပြန်သွားပြီး နိဗ္ဗာနတပ်တော်ကို သွားတိုက်ခိုင်းလိုက်။”
ကျုံးအီက မြို့ရိုးပေါ်မှ အော်လိုက်သည်။ “သခင်ကြီးက မင်းတို့ကို ကူလန်မြို့ကို ပြန်ပြီး ရှမ့်လန်ရဲ့ စစ်သည်တွေကို သွားသတ်ခိုင်းနေတယ်။”
သို့ပေမည့် စိတ်ကြွဆေး၏ အာနိသင် ပျောက်သွားချိန်တွင် ထိုလူများက စိတ်ဓာတ်အကြီးအကျယ် ကျဆင်းနေတတ်၏။ ထို့အပြင် မိုင်လေးရာလောက် ခရီးကြမ်းနှင်ပြီး လူပေါင်းသောင်းချီကို သတ်ဖြတ်ခဲ့၏။ ပင်ပန်းနွမ်းနယ်လွန်းကြောင့် နားချင်နေပြီ ဖြစ်၏။ ယခု ပြန်သွားတိုက်ခိုက်ခိုင်းသည်လား။
“သခင်ကြီး... ကျုပ်တို့ မလှုပ်ချင်တော့ဘူး။ ကျုပ်တို့ မတိုက်ချင်တော့ဘူး။”
ကျုံးယောင်က ပြော၏။ “မြို့တံခါး ဖွင့်ပေးလို့ရတယ်။ ဒါပေမဲ့ လက်နက်တွေ အကုန်ချရမယ်။”
သို့ပေမည့် ထိုအရာက ထောင်ချောက်ဖြစ်မှန်း သူတို့က သိ၏။ လူသတ်ထားသည့်ခွေးကို မည်သူက အရှင်ထားမည်နည်း။
အရူးစစ်သည်ခေါင်းဆောင်က ပြောသည်။ “အခြေအနေက ကုစားလို့ မရတော့ဘူး ထင်တယ်။ ညီအစ်ကိုတို့ သွားကြစို့။ တခြားနေရာကို သွားရှာမယ်။”
“ရှမ့်လန်ဆီ သွားပြီး ခိုလှုံကြမှာလား။” တချို့က ပြော၏။
ထိုစကားကို ကြားတော့ ကျုံးယောင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ “ပစ်စမ်း။”
အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မြို့ရိုးပေါ်မှ မြားမိုးများ ရွာချလာခဲ့၏။ အောက်မှ စစ်သည်များက အတုံးအရုံး လဲကျကုန်၏။ ပြီးနောက် မြင်းစီးတပ်နှစ်တပ်က မြို့ထဲမှ ထွက်လာပြီး ဘေးညှပ်ကာ တိုက်ခိုက်ကြ၏။
“ကျုပ်တို့ကို သတ်မလို့လား။”
“ပြန်ချကြ။ ပြန်ချကြ။ မြို့ထဲကို ဝင်မယ်ကွာ။”
“ကျုပ်တို့ အိမ်ပြန်ချင်တယ်။”
အရူးစစ်သည်တွေက ဒေါသထွက်ပြီး ပြန်တိုက်ကြ၏။ အချင်းချင်း ပြန်သတ်သည့် တိုက်ပွဲ ဖြစ်လာခဲ့သည်။
နှစ်နာရီကျော်ကြာပြီးသည့် နောက်မှာမှ တိုက်ပွဲက ပြီးဆုံး၏။ အရူးစစ်သည် လေးငါးထောင်လုံး သေဆုံးသွားခဲ့ကြ၏။ သို့ပေမည့် ကျုံးမိသားစုဘက်ကလည်း လူသုံးထောင်လောက် ထပ်မံကာ သေခဲ့ရ၏။ ဆေးအာနိသင် ကျန်ရှိနေသေးသော လူများက သာမန် မဟုတ်ကြပေ။
ထျန်းရှစ်မြို့စောင့်တပ်က တစ်သောင်းအောက်သို့ ရောက်ရှိသွား၏။ ကျုံးယောင်က မြို့ရိုးပေါ်တွင် ရပ်နေ၏။ ရှမ့်လန်၏ နိဗ္ဗာနတပ်တော် လာတိုက်မည်လား။
ကျုံးအီက ပြောသည် “မတိုက်လောက်ဘူး။ ချောင်ဘုရင်တောင် လူသုံးသိန်းနဲ့ တစ်လလောက် တိုက်တာ မနိုင်ခဲ့ဘူး။ ရှမ့်လန်က လူလေးထောင်နဲ့ လာတိုက်ရဲပါ့မလား။ တိုက်ရင် သူ ရူးနေလို့ပဲ ဖြစ်မယ်။ ပြီးတော့ ကျုပ်တို့ရဲ့ မြို့တံခါးက သစ်တစ်လွှာ၊ သံတစ်လွှာ၊ ကျောက်တစ်လွှာ ကာထားတာ ဘယ်လိုလုပ် မီးရှို့လို့ ရမှာလဲ။ ဒါကြောင့် ကျုပ် သေချာပေါက် ပြောရဲတယ်။ ရှမ့်လန်က နိဗ္ဗာနတပ်တော်ကို သုံးမှာမဟုတ်ဘူး။ ချင်နိုင်ငံရဲ့ တပ်ကို သုံးလိမ့်မယ်။ ကျုပ်တို့ အင်ပါယာကို စစ်ကူတောင်းဖို့ အချိန်ရှိသေးတယ်။”
ထိုအချိန်မှာပဲ မြောက်ဘက်ခြမ်းဆီမှ အရိပ်မဲကြီး ထွက်ပေါ်လာခဲ့၏။ ကျုံးမိသားစု တစ်ခုလုံးက ထိတ်လန့်သွား၏။ ရှမ့်လန်က တကယ်ကို အရူးတစ်ယောက်ပင်။ လူလေးထောင်လောက်နှင့် မြို့ကို လာသိမ်းလေသည်လား။ မြားတွေလည်း မကျန်တော့ချေ။ မြို့သိမ်းလက်နက်လည်း မပါပေ။ သူတို့က မြို့တံခါးကို သေသေချာချာ ပြင်ဆင်ထားပြီးသား ဖြစ်၏။
နာရီဝက် ကြာချိန်မှာတော့ ကျင်းမူလန်က နိဗ္ဗာနတပ်တော် လေးထောင်ကျော်နှင့် မြို့၏ တံခါးရှေ့သို့ ရောက်ရှိလာသည်။
ကျုံးယောင်နှင့် ကျုံးအီတို့က ဒေါသထွက်ကာဖြင့် ရယ်မောမိ၏။ “ရှမ့်လန်... မင်းက သိပ်ပြီး မာနကြီးလွန်းတယ်။ လူလေးထောင်လောက်နဲ့ ငါ့မြို့ကို လာတိုက်တာပေါ့။ ကောင်းပြီ မင်းရဲ့ လူတွေ ဘယ်လောက်သေမလဲ ကြည့်ကြသေးတာပေါ့။”
ထိုအချိန်မှာပဲ သံချပ်ကာ ဝတ်ဆင်ထားသည့် အရူးကြီးက နိဗ္ဗာနတပ်တော်ထဲမှ ပြေးထွက်လာခဲ့၏။ သူက မြို့တံခါးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သည်။
ကျုံးမိသားစုဝင်များက လှောင်ပြောင်လိုက်မိ၏။ ချောင်ဘုရင်၏ မြို့တော်ကို ထွင်းဖောက်သလို ဖောက်ဖို့ ကြိုးစားနေသည်လား။ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤတစ်ကြိမ် သူတို့၏ မြို့တံခါးက သုံးထပ် တည်ဆောက်ထားခြင်းပင်။ မီးလောင်ဗုံးလောက်နှင့် ဖောက်၍ မရနိုင်ချေ။ သို့ပေမည့် သူတို့ မသိရှိသည်က အရူးကြီး၌ မီးလောင်ဗုံးတင် မဟုတ်ချေ ပေါက်ကွဲစေနိုင်သည့် ယမ်းဘီလူးတွေ ပါလာသည် ဆိုသည်ကိုပင်။
..........
“သူ့ကို တားလိုက်... တားလိုက်ကြစမ်း။” ကျုံးယောင်က အော်ဟစ်လိုက်၏။ မြို့တံခါးက အလွန် ခိုင်ခံ့သည်ဟု ခံစားရသော်လည်း အရူးကြီးကဲ့သို့ စစ်မြေပြင်ဘီလူးကြီးတစ်ကောင်ကိုတော့ သူ သတိထား ရပေလိမ့်မည်။
“ဝုန်း...”
ပြီးနောက် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ဧရာမ ဆူးတင်းပုတ်ကြီးတစ်ခုက မြေပေါ်သို့ ပြုတ်ကျလာ၏။ ချက်ချင်းပဲ ပိုမိုကျယ်လောင်သည့် အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုလူကြီးက မြို့ရိုးပေါ်မှ တည့်တည့်ပင် ခုန်ချ၏။ “လန်ပေါင်”
လန်ပေါင် - နင်ချီနောက်သို့ အမြဲတမ်းလိုက်ခဲ့သည့် စစ်မြေပြင်၏ အကြီးအကဲပင်။ ကျန်းလီ၏ အကြွင်းအကျန် အထူးသွေးမျိုးဆက် ရှိသူပင်။ ယခုအချိန်ထိ သူက နင်ချီနှင့် ကျုံးမျိုးနွယ်တို့အတွက် တိုက်ပွဲဝင်နေဆဲပင်။ တော်ဝင်ရန် အင်ပါယာက သူ့ကို လောကက လုံးဝဖယ်ရှားတော့မည် ဆိုသည်ကို သူ လုံးဝ မသိပေ။
လန်ပေါင်က ပြောလိုက်သည်။ “အရူးကြီး... ငါ မင်းနဲ့ ရန်ငြိုး မရှိဘူး။ ဒါပေမယ့် မင်း မြို့တံခါးကနေ ဝင်သွားချင်တယ် ဆိုရင်တော့ ငါ့ကို ကျော်သွားရလိမ့်မယ်။”
လန်ပေါင်က သူ၏ ဆူးတင်းပုတ်ကြီးကို မြှောက်ကာ အရူးကြီးကို လှမ်းပြော၏။
သူက သာမန်လေသံဖြင့် ပြောဆိုလိုက်သော်လည်း ထိုအသံက မိုးခြိမ်းသံကဲ့သို့ပင်။ လန်ပေါင်က အရူးကြီး အပေါ်တွင် ရန်လိုသည့်ပုံ မပြချေ။ တကယ်တော့ သူ့အပေါ်တွင် ထူးခြားစွာ ချစ်ခင်ကြင်နာသည့် ပုံပင် ပေါ်နေသည်။
အရူးကြီးက လန်ပေါင်ကို လှမ်းကာ ကြည့်၏။ ပြီးနောက် သေတ္တာကို မြေပြင်ပေါ်သို့ ချလိုက်၏။ သူက အမဲရောင် တုတ်ကြီးကို ကောက်ယူ၏။
“လာလေ။” အရူးကြီးက စိန်ခေါ်သည်။
“ကျား....” လန်ပေါင်က ဟိန်းဟောက်လိုက်၏။ ပြီးနောက် သူက ဆူးတင်းပုတ်ကြီးကို ဝှေ့ယမ်းကာဖြင့် အရူးကြီးထံသို့ တည့်တည့်ပင် ပြေးဝင်၏။ သူ၏ ပုံစံက ကြံ့ကြီးတစ်ကောင် တိုက်ခိုက်နေသကဲ့သို့ ခံစားမှုကို ပေးစွမ်း၏။
“ဘန်း...”
ဧရာမ လူကြီးနှစ်ယောက်က ပြင်းထန်စွာ ထိတိုက်မိ၏။ အင်္ဂါဂြိုဟ်က မြေကမ္ဘာနှင့် လာရောက်ကာ တိုက်မိသကဲ့သို့ပင်။ အနက်ရောင် တုတ်ကြီးနှင့် ဆူးတင်းပုတ်ကြီးက ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံ၏။ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ပေါ်ပေါက်လာသည်။
ခဏအတွင်းမှာပဲ မြို့ရိုးပေါ်တွင်ရှိနေသည့် လူများက အထိတ်တလန့်နှင့် ဆံပင်များထောင်ထကာ တုန်လှုပ်သွားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် အသံက အလွန်ကို ကျယ်လောင်ပြီး စူးရှလွန်းသော ကြောင့်ပင်။ လူနှစ်ယောက် ရပ်နေသည့် မြေပြင်က အက်ကွဲသွားခဲ့၏။
ဤအရာက တွေ့ဆုံမှု အထိမ်းအမှတ် အနေနှင့် လက်ဆောင်ပေးသကဲ့သို့ပင်။ ပြီးနောက် နှစ်ယောက်သားက ပြင်းထန်သည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲကြ၏။ အစပိုင်းက သူတို့၏ ပုံပန်း သွင်ပြင်များကို မြင်နိုင်သော်လည်း နောက်ပိုင်းမှာတော့ နှစ်ယောက်လုံးက ဖုန်မှုန့်များနှင့် ဖုံးလွှမ်းသွားခဲ့၏။ မြေပြင်တစ်ခုလုံးက ကြီးမားသည့် ထွန်စက်ကြီးနှင့် ထွန်ယက်သကဲ့သို့ပင် ချိုင့်ဝင်လာသည်။
တိုက်ပွဲက လူတိုင်းကို ထိတ်လန့်စေပြီး ကျောရိုးမကြီးများပင် အေးစက်သွားခဲ့၏။ ဤအရာက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ နည်းစနစ်ဟူ၍ လုံးဝမရှိချေ။ ခွန်အားနှင့် အမြန်နှုန်း ထိပ်တိုက် တွေ့ဆုံမှုပင် ဖြစ်၏။
ပေါင် ၄၀၀ သို့မဟုတ် ပေါင် ၅၀၀ အလေးချိန်ရှိသည့် ဆူးတင်းပုတ်ကြီးက၊ ပေါင် ၄၀၀ သို့မဟုတ် ပေါင် ၅၀၀ အလေးချိန်ရှိသည့် သံတုတ်ကြီးနှင့် ထိပ်တိုက် ပြင်းထန်စွာ ရိုက်ခတ်မိ၏။ မီးပွားများက နေရာအနှံ့သို့ လွင့်စင်လျက်ရှိ၏။ တစ်ချက်လောက် အရိုက်ခံရလျှင် ချက်ချင်း အသားတုံး ဖြစ်သွားပေလိမ့်မည်။
သို့ပေမည့် ဤနှစ်ယောက်ကတော့ တကယ့်ကို အသက်ရှင် ကျန်ရစ်ခဲ့၏။ ၁ ကီလိုမီတာ အတွင်းရှိ မြေပြင်တစ်ခုလုံးက ပျက်စီးသွားပြီး အပေါက်များနှင့် ပြည့်နှက်နေ၏။ ဤအရာက လူနှစ်ယောက် တိုက်ခိုက်နေသည့်ပုံဟု မထင်ရချေ။ သမိုင်းမစတင်ခင်ခေတ်က သတ္တဝါကြီးနှစ်ကောင် တိုက်ခိုက်နေသည်နှင့် ဆင်တူ၏။
“ဘန်း.... ဘန်း”
ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှု ၅၀၊ ၁၀၀၊ ၃၀၀ ....။
ရုတ်တရက် သူတို့နှစ်ယောက်က ရပ်တန့်သွားခဲ့၏။ ကောင်းကင်ယံ တစ်ခုလုံးမှာလည်း ဖုန်မှုန့်များနှင့် ပြည့်နှက်လျက် ရှိနေပြီး ထိုဖုန်မှုန့်များက ကောင်းကင်ယံထက်ဆီမှ အောက်သို့ တဖြည်းဖြည်းချင်း ကျ၏။ သူတို့ ခြေထောက်အောက်ရှိ မြေပြင်က ချိုင့်ဝင်နေပြီး အက်ကွဲကြောင်းများနှင့် ပြည့်နေသည်။
လန်ပေါင်၏ ခြေထောက်များက မြေကြီးထက်သို့ တစ်ဝက်လောက် နစ်မြုပ်နေ၏။ သူ့ကို အရူးကြီးက ဤကဲ့သို့ ရိုက်ထည့်ထားခဲ့ခြင်းပင်။ သူက လက်ထဲရှိ ဆူးတင်းပုတ်ကြီးကို ကိုင်ထားဆဲ ဖြစ်၏။
“ကျား...”
ရုတ်တရက် တင်းပုတ်ကြီးက အက်ကွဲလာခဲ့ပြီး မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ ပြီးနောက် လန်ပေါင်၏ ပါးစပ်နှင့် နှာခေါင်းများ သွေးမှ ထွက်ကျလာခဲ့၏။
“အား... မင်းက အရမ်းတော်တယ်။ ငါ မင်းကို အနိုင်မယူနိုင်ဘူး။”
လန်ပေါင်က သူ၏ ပါးစပ်ဆီမှ သွေးများကို ထွေးထုတ်၏။ ဒူးတစ်ဖက်ထောက်ပြီး သွေးကို ပြင်းပြင်းထန်ထန်နှင့် အန်ထုတ်လျက် ရှိနေ၏။ တကယ်တော့ သူက အစောကြီးတည်းက အရူးကြီးနှင့် မယှဉ်နိုင်ခဲ့ချေ။ ရဲရင့်သည့် ပုံပန်းသွင်ပြင်နှင့် ယှဉ်ပြိုင်နေရသည် ဆိုသော်လည်း သူက ဆက်လက်ကာ တောင့်မခံနိုင်တော့ပေ။
“ကျုပ်ကို သတ်မှာလား။” လန်ပေါင်က မေးလိုက်သည်။
အရူးကြီးက ခေါင်းကို ခါယမ်းလိုက်၏။ “မသတ်ပါဘူး။ မင်း၊ တုတ၊ တုအာတို့က ငါ့ရဲ့ ညီအစ်ကိုတွေလို့ ပြောတယ်။ မင်းက ငါ့ရဲ့ ညီအစ်ကိုပဲ။”
“ကောင်းပြီ ဒါဆိုရင် ဒီမှာ ခဏလောက် သွေးအန်လိုက်အုံးမယ်။”
လန်ပေါင်က သွေးအန်သည်။ “ကဲ... မင်းကို ငါ ဆက်မတားနိုင်တော့ဘူး။ လုပ်စရာရှိတာ လုပ်တော့။”
အရူးကြီးက လန်ပေါင်ကို ကြည့်၏။ ပြီးနောက် မေးမြန်းလိုက်၏။ “မင်း သေတော့မှာလား။”
လန်ပေါင်က မေးသည်။ “မသေပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့အချိန်ကထက် ပိုပြီးဆိုးရွားတဲ့ ဒဏ်ရာကိုတော့ ရထားခဲ့တယ်။”
လန်ပေါင်က ရှုံးနိမ့်ခဲ့၏။ ခဏအကြာမှာတော့ လန်ပေါင်က တိုးတိုးလေး ပြော၏။ “မဟုတ်သေးဘူး။ ငါ ခဏ လှဲနေရအုံးမယ်။ ငါ မခံနိုင်တော့ဘူး။”
ပြီးနောက် သူက မြေပြင်ပေါ်တွင် ဆန့်ဆန့်ကြီး လှဲကာ အနားယူလျက် ရှိနေ၏။ အရူးကြီးက သေတ္တာကြီးကို သယ်ဆောင်ကာဖြင့် မြို့တံခါးဆီသို့ အပြေးအလွှားသွားသည်။
“တိုက်....”
“ဆီအိုး... ဆီအိုး..” မြို့တံခါးရှိ ကင်းသမားများက အရူးကြီးကို အပြင်းအထန် တိုက်ခိုက်၏။ သို့ပေမည့် အဆုံးသတ်မှာတော့ ချောင်ဘုရင်၏ အဆုံးသတ်နှင့် အတူတူပင်။ ပေါင်ရာနှင့်ချီသည့် ကျောက်တုံးကြီးကို ပစ်ချလိုက်လျှင်တောင် အရူးကြီးက လုံးဝ အလေးအနက် မထားချေ။
‘ငါ့ကို တုန်လှုပ်အောင် လုပ်နိုင်ရင် တော်တော်ကြီးကို အံ့အားသင့်စရာ ကောင်းနေပြီ။’
လက်ဖြောင့်လေးသမား မူလန် ရှိနေချိန်တွင် ပူလောင်နေသည့် ဆီအိုးကို မြောက်ရန် ကြိုးစားသည့် မည်သည့်သတ္တဝါက မဆို သူမ၏ မြားချက်ကြောင့် ချက်ချင်း သေဆုံးကြသည်။ ပိုဆိုးသည်က မူလန်က ဒုံးပျံတစ်စင်းကို ပစ်လွှတ်လိုက်ခြင်းပင်။ ဆီအိုးကြီးတစ်လုံး မီးထတောက်ပြီး မြို့ရိုးပေါ်ရှိ ကျုံးမိသားစုဝင် တပ်သားများက မီးလောင်ကာ သေဆုံးသွားခဲ့၏။
ထို့ကြောင့် အောက်သို့ ပြုတ်ကျလာခဲ့သည့် သစ်တုံးနှင့် ကျောက်တုံးကြီးများကြားမှ အရူးကြီးက မြို့တံခါးကို ဒေါသတကြီး ရိုက်ခွဲရန် စတင်လိုက်သည်။
“ဘန်း... ဘန်း..” ကျယ်လောင်သည့် အသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ မြို့တံခါး၏ အပြင်ဘက် သစ်သားအလွှာက ပွင့်ထွက်သွား၏။ အတွင်းပိုင်းရှိ သံတံခါးက ပေါ်ပေါက်လာခဲ့၏။ ကြီးမားသည့် အပေါက်ကြီး တစ်ပေါက်က ပေါ်လာ၏။
သူက သာမိုက်ကို ရုတ်တရက် မီးညှိလိုက်သည်။
“ဘန်း...” အံ့အားသင့်ဖွယ်ရာ တောက်ပသည့် အဖြူရောင် အလင်းတန်းများက နောက်တစ်ကြိမ် ပေါက်ကွဲ ထွက်လာ၏။ ထူထဲသည့် သံတံခါးကြီးက အနီရောင်သန်းပြီး အရည်ပျော်သွား၏။ ပြီးနောက် အရူးကြီးက အနက်ရောင် သံတုတ်ကြီးကို ကောက်ယူပြီး ပြင်းထန်စွာ ရိုက်ခွဲ၏။
သံတံခါးကို အလွယ်တကူ ချိုးဖျက်ဝင်ရောက်လိုက်၏။ သို့သော်ငြား နောက်ထပ် ထူထဲသည့် ကျောက်တံခါး တစ်ခု ရှိနေသေးပြန်၏။ ကျုံးမိသားစုက အပြင်ဘက်သို့ ထွက်လာရန် အစီအစဉ် မရှိပေဘူးလား။ တကယ့်ကို ကျောက်တံခါးနှင့်ပင် ပိတ်ဆို့ထားခဲ့သည်။
အပိုင်း (၇၄၄)
အရူးကြီးက ယမ်းမှုန့်တစ်ဘူးကို ထုတ်ယူပြီး တံခါးဝတွင် ထားကာ မီးရှို့၏။ ပြီးနောက် အလျင်အမြန်ဖြင့် နောက်သို့ ဆုတ်ခွာလိုက်၏။ ဤယမ်းမှုန့်ဘူး၏ အလေးချိန်က အနည်းဆုံး ပေါင် ၁၀၀ သို့မဟုတ် ၂၀၀ လောက်ရှိ၏။ အရူးကြီးက လျှပ်တပြက်အတွင်း မီတာ ၁၀၀ ကျော်လောက် ပြေးသွားသည်။
“ဘုန်း...”
နားကွဲလုမတတ် ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာ၏။ မိုးကြိုးပစ်လိုက်သကဲ့သို့ပင် မြေပြင်တစ်ခုလုံးက တုန်ခါသွား၏။ သို့ပေမည့် သရဲဇာတ်လမ်း တစ်ပုဒ်ကဲ့သို့ပင် ဖြစ်၏။ ထူထဲသည့် ကျောက်တံခါးကြီးက မလှုပ်မယှက်နှင့် ရှိနေ၏။
ယမ်းမှုန့်က အားနည်းနေဆဲပင်။ အဓိကအချက်အားဖြင့် ပေါက်ကွဲမှု၏စွမ်းအင်က အပြင်ဘက်ကို လုံးဝ လျှံထွက်သွားပြီး ဧရာမကျောက်တံခါးကြီးကို သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့၏။ ကျောက်တံခါးကြီး ကတော့ ယခုထိ ခိုင်မာနေတုန်းပင်။
ကျုံးယောင်နှင့် ကျုံးအီတို့က ကျယ်လောင်လွန်းသောအသံကြောင့် လန့်ဖျပ်သွားခဲ့၏။ သို့ပေမည့် မြို့တံခါးက ထိခိုက်မှု မရှိချေ။ အရူးကြီးက ရှေ့သို့တစ်ဖန် ပြေးဝင်သွားခဲ့၏။ ကျောက်တံခါးက ချိုင့်ခွက်တစ်ခုသာ ကျန်ရှိနေသည်။
ထို့နောက် သူက ပေါင် ၂၀၀ ခန့်လေးသည့် သာမိုက်ကို ထပ်မံ ထုတ်ယူပြီး ကျောက်တံခါးကြီးရှိ တွင်းကြီးထဲသို့ အားစိုက်ကာ ထည့်၏။ နောက်တစ်ကြိမ် မီးလောင်ကျွမ်းပြန်၏။
“ဘုန်း ဘုန်း..” ကျောက်တံခါး တစ်ခုလုံး မီးလောင်သွားသကဲ့သို့ ထင်ရသည်။
ကျောက်တုံးများက အရည်ပျော်မှတ်ရှိပြီး အနီရောင်ပြောင်းပြီး အရည်ပျော်သွားသည်ထိ အပူပေး၍ရ၏။ သို့သော်ငြား ကျောက်တံခါးက တစ်ပေနီးပါး ထူသောကြောင့် မီးရှို့ခြင်းဖြင့် အရည်ပျော်ရန် ဆိုသည်က အလွန် ခက်ခဲ၏။
ဤအချိန်မှာတော့ အရူးကြီးက သာမိုက်အများကြီးကို တွင်းထဲတွင် ထည့်၍ မီးရှို့ရန် အာရုံစိုက်လိုက်၏။ မိနစ် အနည်းငယ် ကြာသည့်အချိန်မှာတော့ ထိုနေရာက လုံးဝနီရဲပြီး အရည်ပျော်သွားခဲ့၏။ ခဏကြာမှာတော့ သာမိုက်က လောင်ကျွမ်းသွားခဲ့၏။ ကျောက်တံခါး၏ တစ်ပေပတ်လည် ဧရိယာက လုံးဝ နီရဲလာသည်။
အရူးကြီးက အနက်ရောင်တုတ်ကြီးကို ကိုင်ဆောင်ကာဖြင့် နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ခွဲ၏။ မြို့ရိုးပေါ်ရှိ အရူးကြီးအပေါ် တိုက်ခိုက်မှုများက အဆက်မပြတ် ဖြစ်ပေါ်နေတုန်းပင်။ ဤလူအားလုံးကို လျစ်လျူရှုပြီး အရူးကြီးကတော့ မြို့တံခါးကို အဆက်မပြတ် ရိုက်ခွဲလျက် ရှိ၏။
“ဘန်း... ဘန်း..” နီရဲသည်အထိ အပူပေးခံရပြီးနောက် ကျောက်တံခါးကြီးက ခိုင်ခံ့မှု မရှိတော့ချေ။ အရူးကြီးက နောက်ဆုံးမှာတော့ အပေါက်ကြီးတစ်ခုကို ဖောက်ထွင်းနိုင်ခဲ့ပြီ ဖြစ်၏။ ပြီးနောက် အရူးကြီးက အတွင်းသို့ လှမ်းကြည့်လိုက်၏။ သူက ချက်ချင်းပဲ ထိတ်လန့်သွားခဲ့သည်။
ကျုံးမိသားစု ရူးများသွားနေသည်လား။ ကျောက်တံခါး၏ နောက်ကွယ်တွင် မရေတွက်နိုင်သည့် ကျောက်တုံးများ ပုံထားပြီး မြို့တံခါးတစ်ခုလုံးကို လုံးဝ ပိတ်ဆို့ထား၏။ သို့ပေမည့် ထိုအရာက ဘာဖြစ်သနည်း။ ရှမ့်လန်၏ ညွှန်ကြားချက်အတိုင်း အရူးကြီးက အလုပ်ရှုပ်စ ပြုလာ၏။ သူက မြို့ရိုးမှ တိုက်ခိုက်မှုကို ရဲရင့်စွာ ရင်ဆိုင်ပြီး ယမ်းမှုန့်များကို သယ်ယူပို့ဆောင်ရန် ခရီးတစ်ခုပြီးတစ်ခု သွား၏။
တစ်ကြိမ်လျှင် သေတ္တာတစ်လုံး၊ သေတ္တာတစ်လုံးလျှင် ၂၀၀ ကျင် အလေးချိန်ရှိ၏။ ပေါင် ၁၀၀၀ ကျော် အလေးချိန်ရှိသည့် ယမ်းမှုန့်သေတ္တာများစွာကို မြို့တံခါး၏ နောက်ကွယ်တွင် ထည့်၏။ ဤလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် မြို့ရိုးပေါ်ရှိ ကျုံးမိသားစု၏ စစ်သည်များက သူ့ကို အပြင်းအထန် တိုက်ခိုက်ကြသည်။
“မြားနဲ့ပစ်.... မြားနဲ့ပစ်...”
ဤသေတ္တာက ဘာလဲဆိုသည်ကို မသိသော်လည်း သူတို့က အပြင်းအထန်နှင့် တားဆီးရပေလိမ့်မည်။ သို့သော်ငြား ဤကဲ့သို့သော တားဆီးမှုအားလုံးက အချည်းနှီး ဖြစ်လို့နေ၏။ အရူးကြီးက သေတ္တာ၏ ရှေ့တွင် ကြီးမားသည့် ဒိုင်းကာကြီးတစ်ခုကို ကိုင်ထားသည်။ မည်သည့်မြားမှ သူ့ကို ထိမှန်အောင် မပစ်နိုင်ချေ။ အရူးကြီးက ထူးဆန်းသည့် သေတ္တာကို မြို့ရိုးတံခါးထဲသို့ အထပ်ထပ်ထည့်၏။
ကျုံးယောင်က စိတ်မသက်မသာ ဖြစ်လာသည်။ “ကျုံးအီ... သူ့ကို သွားတားရအောင်။”
ပြီးနောက် ကျုံးယောင်နှင့် ကျုံးအီတို့က အရူးကြီးကို ရပ်တန့်ရန် မြို့ရိုးပေါ်မှ ခုန်ဆင်းလာ၏။ နှစ်ယောက်လုံးက မဟာပညာရှင် ကျွမ်းကျင်သူအဆင့်နှင့် နီးကပ်နေသူများ ဖြစ်သောကြောင့် ချက်ချင်းပဲ အရူးကြီးက အားနည်းသွားခဲ့၏။
အရူးကြီးက ဤကဲ့သို့ပင်။ ထိပ်တန်းသိုင်းပညာရှင်များနှင့် ရင်ဆိုင်ရသည့်အချိန်တိုင်း အစပိုင်း ရှုံးနိမ့်သည်က သူ၏ သဘာဝပင်။ သို့ပေမည့် ရာနှင့်ချီသည့် တိုက်ကွက်များကို တိုက်ခိုက်ခဲ့ပြီးနောက် ရန်သူက အရေးနိမ့်လာ၏။ ခဏအကြာမှာတော့ မူလန်က ဝင်ရောက်တိုက်ခိုက်၏။
သူတို့လေးယောက်က ပြင်းထန်သည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်လျက် ရှိ၏။ ကျုံးအီနှင့် ကျုံးယောင် နှစ်ယောက်လုံးက အရူးကြီးထက် သိုင်းပညာတွင် ပိုမိုကာ ကျွမ်းကျင်၏။ သို့ပေမည့် မူလန်၏ အမြန်နှုန်းက အံ့မခန်းဖြစ်ပြီး သူမက ကြိုတင်သိမြင်နိုင်စွမ်းလည်း အားကောင်း၏။ နူးညံ့သည့် ခန္ဓာကိုယ်က မိုးကြိုးကဲ့သို့ပင် လျှပ်တပြက် ရွေ့လျားနေ၏။ သူမကို ထိခိုက်အောင် ပြုလုပ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။
တကယ့်ကို ဆန်းကြယ်လို့ နေ၏။ သူမက တကယ့် ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်ကိုပင် ငိုအောင် ပြုလုပ်လျက် ရှိနေသည်။
အရူးကြီးကလည်း သာမန် မဟုတ်ချေ။ သူ့ကို အနိုင်တိုက်ခိုက်ဖို့က မလွယ်ကူပေ။
“ကျင်းမူလန်... ဒီမှာ ငါက မင်းရဲ့ ပြိုင်ဘက်ပဲ။” အသံတစ်ခု ထွက်ပေါ်လာ၏။ မြို့ရိုးပေါ်မှ မီးလျှံကဲ့သို့ နီရဲသော ပုံရိပ်တစ်ခုက ခုန်ဆင်းလာခဲ့၏။ သူမက မူလန်ကို သတ်ချင်နေသည်မှာ ကြာပြီဖြစ်သည်။ ယခင်က သူတို့နှစ်ယောက်က အလှချင်း တူညီကြပြီး ခန္ဓာကိုယ် အချိုးအစားကလည်း အတူတူပင်။ သို့သော်ငြား ကျုံးရှစ်ရှစ်က ကိုယ်ခံပညာတွင် ပိုမိုကာ ကျွမ်းကျင်ပြီး အဆင့်အတန်းကလည်း မြင့်မား၏။ မူလန်က သူမ၏ လက်ချက်နှင့် ရှုံးနိမ့်ခဲ့ရပြီး သူမကလည်း ထိုအတွက် အလွန်ပင် ဂုဏ်ယူခဲ့၏။
မမျှော်လင့်ဘဲ မူလန်၏ သိုင်းပညာက ပိုမိုကာ အားကောင်းလာခဲ့ပြီး မယုံကြည်နိုင်လောက်သည့် ခန္ဓာကိုယ် အချိုးအစားနှင့် ဖြစ်လာခဲ့၏။ ကျုံးရှစ်ရှစ်က အပြင်းအထန် မနာလို ဖြစ်မိသည်။
“ငါက ဘာလို့ ဒီလိုမဖြစ်ရတာလဲ။ ငါက ရွှဲ့ပြည်နယ်မှာ အလှဆုံး မိန်းမတစ်ယောက်ပဲ။”
ကျင်းမူလန် အားနည်းနေသည်ကို မြင်ရချိန်မှာတော့ သူမက ချက်ချင်းပဲ ပြေးဆင်းပြီး တိုက်ခိုက်၏။ ကျင်းမူလန်ကို နောက်ထပ် အသက်အန္တရာယ်ရှိသည့် တိုက်ခိုက်ချက်တစ်ခု ပြုလုပ်ရန် ဆိုသည်က တစ်သက်မှာ တစ်ခါသာရသည့် အခွင့်အရေး ဖြစ်၏။ သူမ တိုက်ခိုက်ရပေလိမ့်မည်။
“ရှစ်ရှစ်.... ပြန်ကြရအောင်။” ကျုံးယောင်က လှမ်းကာ အော်ပြော၏။ ကျုံးရှစ်ရှစ်၏ ဓားက ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့သည့် နတ်မိမယ် တစ်ပါးကဲ့သို့ပင်။ အလွန်မြန်ဆန် ကွေ့ကောက်စွာဖြင့် မူလန်ဆီသို့ ကျဆင်းလာခဲ့၏။
“ကျင်းမူလန်... ပြီးခဲ့တဲ့ တစ်ခေါက်က ငါ မင်းရဲ့ နံရိုးကို တစ်ချက်တည်းနဲ့ ရိုက်ချိုးခဲ့တယ်။ ဒီတစ်ခါမှာ မင်းရဲ့ ခန္ဓာကိုယ်ကို ငါတစ်ခါတည်း ထိုးဖောက်ပြမယ်။ ငရဲကို သွားစမ်း။” ကျုံးရှစ်ရှစ်၏ ဓားက ကျင်းမူလန်၏ ရင်ဘတ်ထဲသို့ တိုးဝင်သွားခဲ့သည်။
သို့သော်ငြား နောက်တစ်စက္ကန့်အတွင်းမှာပဲ မူလန်၏ မယုံကြည်နိုင်စရာကောင်းသည့် ခြေထောက်များက ရုတ်တရက် ဆန့်ထွက်လာခဲ့ပြီး ကျုံးရှစ်ရှစ်၏ ခါးကို ပိတ်ကန်၏။ ထိုအရာက အလွန်မြန်ဆန်သောကြောင့် ကာကွယ်ရန် မဖြစ်နိုင်ချေ။ အနည်းဆုံး ကျုံးရှစ်ရှစ်၏ သိုင်းပညာဖြင့် ထိုအရာကို လုံးဝမကာကွယ်နိုင်ပေ။
ခဏအတွင်း သူမက သွေးတစ်ပွက် အန်ထွက်လာခဲ့၏။ ကျုံးရှစ်ရှစ်က နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ သူမ၏ လှပသည့် ခန္ဓာကိုယ်က မြေပေါ်သို့ ကျမလာခင်မှာပဲ မီတာပေါင်းများစွာ အကွာအဝေးဆီသို့ ကန်ထုတ်ခံ ခဲ့ရ၏။
သူမက မြို့ရိုးပေါ်မှ ခုန်ချသဖြင့် ချက်ချင်း အောက်သို့ပင် မရောက်သေးချေ။ အဝေးဆီသို့ လွင့်စင်သွားခဲ့၏။ ပြီးနောက် အရှိန်ဟုန် ပြင်းပြင်းနှင့် မြေပြင်ပေါ်သို့ ပြုတ်ကျသည်။
“ငါ ... ငါ...” သူမက သွေးအနည်းငယ် အန်ပြီးနောက် လုံးဝ မေ့မြောသွားခဲ့၏။ တစ်ချက်တည်းနှင့် ချက်ချင်း ရှုံးနိမ့်သွားခဲ့ခြင်းပင်။
လူလေးယောက် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။ ကျုံးယောင်က ကျင်းမူလန် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို သိရှိပြီးဖြစ်သည်။ သူမ၏ အတွင်းအားက သူ့ထက်များစွာ နိမ့်ကျပြီး သူမ၏ သိုင်းပညာစွမ်းအင်ကလည်း နိမ့်ကျ၏။ သို့ပေမည့် အမြန်နှုန်းက အလွန်မြန်ဆန်ပြီး အရှိန်အဟုန်ကလည်း ကြောက်မက်ဖွယ်ရာ ကောင်း၏။
ဤကဲ့သို့ မကောင်းဆိုးဝါးလို ကောက်ကွေးလျက်ရှိနေသည့် ခန္ဓာကိုယ် အသွင်အပြင်က အံ့အားသင့်စရာ ကောင်းလောက်အောင် ပျော့ပျောင်းနေ၏။ တစ်ချက်လှုပ်လိုက်သည်နှင့် မီတာ ဆယ်မီတာကျော်ပင် ခုန်ပျံနိုင်စွမ်းရှိ၏။ ထို့အပြင် သူမ၌ အန္တရာယ်ကို ချက်ချင်း မြင်နိုင်၊ သိနိုင်မှုများနှင့် ပြည့်နှက်နေသောကြောင့် လုံးဝ တိုက်ခိုက်၍ မရနိုင်ချေ။
ဤမျှ မြန်ဆန်ပြီး သွက်လက်လွန်းသည့် တိုက်ခိုက်ရေး စွမ်းရည်မျိုးကို သ ူတစ်ခါမှ မမြင်ခဲ့ဖူးချေ။ ကျင်းမူလန်ကို သူတို့က ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။ သို့ပေမည့် အရူးကြီးကိုတော့ ကြိုက်သလို တိုက်ခိုက်၍ရ၏။ အရူးကြီးက လက်မဝက် အထူရှိသည့် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ ထိုအရာက ကောင်းကောင်း ရိုက်နှက်ခံရသည့် အရာတစ်ခု ဖြစ်နေ၏။
ကျုံးမျိုးနွယ်မှ ကျွမ်းကျင်သူများက အောက်သို့ ခုန်ဆင်းလာ၏။ လူဒါဇင်ပေါင်းများစွာ၊ ရာပေါင်းများစွာတို့က အရူးကြီးနှင့် ကျင်းမူလန်တို့ကို တိုက်ခိုက်ကြ၏။ ပြီးနောက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုက စတင်တော့၏။ နိဗ္ဗာန တပ်တော်က မြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။
အရူးကြီးက ကျုံးအီဘက်သို့ ကျောပေး၏။ “လာ... လာခုတ်လေ။”
ပြီးနောက် သူက အနက်ရောင် တုတ်ချောင်းကို ကိုင်ဆောင်ကာဖြင့် သတ်ဖြတ်မှုကို ဆက်တိုက် လုပ်ဆောင်သည်။
“ရွှပ် ရွှပ် ရွှပ် ရွှပ်” မြားမိုးက ရွာချ၏။ ထူးချွန်လွန်းသော ပါရမီရှင်များမှ လွဲ၍ ကျန်သိုင်းပညာရှင်များက နိဗ္ဗာန တပ်တော်၏ မြားမိုးကို မခံနိုင်ကြချေ။
“ဘန်း... ဘန်း... ဘန်း... ဘန်း” ပထမ နိဗ္ဗာန တပ်တော်ကို စုစည်းခဲ့၏။ လိပ်ခွံ ပုံသဏ္ဍာန် သံချပ်ကာ အထူကြီးကို ဝတ်ဆင်ထားခဲ့သည့် ခြေလျင်တပ်ဖွဲ့က မြို့တံခါးနှင့် ချဉ်းကပ်လာသည်။ ထိုသူတို့က ယမ်းမှုန့်သေတ္တာ တစ်ဒါဇင်ကျော်ကို ယူဆောင်လာခဲ့သေး၏။
“ရပ်လိုက်... သူတို့ကို တားလိုက်ကြ။” မြို့ရိုးပေါ်ရှိ ကျုံးမျိုးနွယ်များက အော်ဟစ်၏။ မရေတွက်နိုင်သည့် မိုးများရွာချ၏။ မရေတွက်နိုင်သည့် ကျောက်တုံးကြီးများ ပြုတ်ကျလာ၏။ မရေတွက်နိုင်သည့် ဆီအိုးများ အောက်သို့ ကျဆင်းလာသည်။
သို့သော်ငြား ပထမ နိဗ္ဗာန တပ်တော်က ထိခိုက်နာကျင်မှုအားလုံးကို လုံးဝ လျစ်လျူရှုထား၏။ ပူလောင်သည့် ဆီများက သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျ၏။ သူတို့က ထူထဲသည့် သံချပ်ကာကို ဝတ်ဆင်ထားသော်လည်း အပူရှိန်က အံ့မခန်း ဖြစ်ပြီး ပူလောင်သည့် ဆီများက အပေါက်ထဲမှ စိမ့်ဝင်ကာ သူတို့၏ အရေပြားကို တိုက်ရိုက်ကျွမ်းလောင်၏။ သို့ပေမည့် သူတို့က တစ်ချက်ကလေးတောင်မှ ထွက်ပြေးရန် မကြိုးစားကြပေ။ ထိုအစား သံမဏိ သံချပ်ကာ တပ်စုကို ဖွဲ့စည်းပြီး ကျန်ရှိနေသည့် ယမ်းမှုန့် ၂၀၀၀ ကို မြို့တံခါးထဲသို့ ထည့်၏။
“နောက်ကိုဆုတ်... နောက်ကိုဆုတ်...” ကျင်းမူလန်က အမိန့်ပေးလိုက်သည်။
ပထမ နိဗ္ဗာန တပ်တော်က ဆုတ်ခွာသွားခဲ့၏။ ပြီးနောက် အရူးကြီးကလည်း နောက်ဆုတ်သွား၏။ နောက်ဆုံးမှာတော့ ကျင်းမူလန်က လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းသည့် အမြန်နှုန်းနှင့် နောက်ကို ဆုတ်၏။
ကျုံးယောင်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိသည်။ “မြို့တံခါးထဲကို ရေပက်၊ ရေတွေ ပက်ကြ။”
မြို့ရိုးပေါ်မှ ရေတစ်ပုံးပြီး တစ်ပုံးက အောက်သို့ ပက်ဖျန်းကြ၏။ ကျုံးမျိုးနွယ်မှ စစ်သည်တော် ဒါဇင်ပေါင်းများစွာတို့က ရေပုံးများကို သယ်ဆောင်ကာဖြင့် မြို့တံခါးကို ရေပက်ရန် ပြင်၏။ ယမ်းမှုန့်များကို အပြင်ဘက်သို့ လွှင့်ပစ်ပြီး ရန်သူများ ဝင်ရောက်ခြင်းမှ တားဆီးနိုင်ရန် ကျုံးမိသားစုက မြို့တံခါးများကို ပိတ်ဆို့ကြ၏။
“မြို့တံခါးမှာရှိတဲ့ အက်ကွဲကြောင်းတွေကိုလည်း ပိတ်”
ကျုံးမျိုးနွယ်မှ စစ်သည်တော်များက သူတို့၏ ဒိုင်းလွှာများကို ခပ်မြင့်မြင့်သို့ ကိုင်မြှောက်ပြီး အရူးကြီး ဖျက်ဆီးခဲ့သည့် မြို့တံခါး၏ အပေါက်ကြီးကို ပိတ်ရန် ကြိုးစားသည်။
သို့သော်ငြား အားလုံးက အချည်းနှီးပင်။ ကျင်းမူလန်က သူမ၏ လေးကို ဆွဲထုတ်ပြီး မြားတစ်ချောင်းဖြင့် ချိန်ကာ ပစ်၏။ တကယ့်ကို တရစပ် ပစ်ခတ်ခြင်းပင်။ မြားများက တဒိုင်းဒိုင်းနှင့် စီးဆင်းနေ၏။
ကျုံးယောင်နှင့် ကျုံးအီတို့က တိုက်ခိုက်မှုကို တားဆီးရန် အတူတူ ကြိုးစားကြ၏။ ဒိုင်းလွှာများကို အကာအကွယ်အဖြစ် အသုံးပြု၍ မြားများကို လိုက်လံကာ ပိတ်ဆို့၏။ ဤနှစ်ယောက်က အမှန်ပင် ကြောက်စရာ ကောင်း၏။ ကျင်းမူလန်၏ မြားချက်တိုင်းကို အကွက်စေ့အောင် ပိတ်ဆို့လျက် ရှိနေသည်။
ပြီးနောက် မြို့တံခါးရှိ အပေါက်ဝတွင် ထူထဲသည့် ဒိုင်းလွှာတစ်ခုကို ချထားခဲ့၏။ ထိုအပေါက်ကို နောက်ဆုံး၌ ပိတ်လိုက်နိုင်ပြီ ဖြစ်၏။ ကျုံးမျိုးနွယ်က သက်ပြင်းချ၍ စိတ်သက်သာရာ ရမိ၏။ “ဟူး...”
ထိုအချိန်မှာပဲ မူလန်က ရုတ်တရက် မြားတစ်စင်းကို ပစ်လွှတ်၏။ ၂ မီတာရှည်သည့် မြားက မြို့တံခါး၏ အပေါက်ကို ပိတ်ဆို့ထားသည့် ဒိုင်းလွှားကို တည့်တည့်ပင် ထွင်းဖောက်၏။ ၃ လက်မကျော် အနက်သို့ပင် ထိုးဖောက်ဝင်ရောက်သွား၏။ သို့သော်ငြား ပိတ်ဆို့နိုင်ဆဲပင်။
သို့ပေမည့် မထင်မှတ်ထားလောက်အောင်ပင် နောက်တစ်စက္ကန့်အတွင်းမှာတော့ ...
“ဘန်း..” မြားဦးက ရုတ်တရက် မီးလောင်ကျွမ်းပြီး ပေါက်ကွဲသွားခဲ့၏။ သာမိုက် မီးပွားများက မြို့တံခါး၏ အရပ်မျက်နှာ အနှံ့ဆီသို့ လွင့်စင်သွားခဲ့ပြီး ထိုနေရာတွင် ယမ်းမှုန့် ၃၀၀၀ ကီလိုဂရမ်ကျော် တည်ရှိနေသည်။
ကျုံးယောင်၏ ဆံပင်များက ထောင်ထသွားခဲ့၏။ သူက အသက်အန္တရာယ်ကို အလိုလို ခံစားမိ၏။ အတွင်းအားကို အသုံးပြု၍ ဘေးတစ်ဖက်ဆီသို့ အလျင်အမြန်နှင့် ခုန်လိုက်၏။
“ဘုန်း ဘုန်း ဘုန်း..”
နားကွဲလုမတတ် အသံကြီး ထွက်ပေါ်လာပြီး မြေပြင်က တုန်ခါသွားခဲ့၏။ မြို့ရိုးတံခါးက ရုတ်တရက် ဖောင်းကားလာခဲ့၏။ ထို့အပြင် ထူထဲသည့် ကျောက်မြို့တံခါးကြီးက တည့်တည့်ပင် လွင့်စင်သွားခဲ့၏။ မြို့တံခါးကို ပိတ်ဆို့ထားသည့် မရေတွက်နိုင်သည့် ကျောက်တုံးကြီးများကလည်း လွင့်စင်သွား၏။
မြို့တံခါး၏ အတွင်းဘက်နှင့် အပြင်ဘက်ရှိ ကျုံးမျိုးနွယ် စစ်သည်ရာပေါင်းများစွာတို့က ကြောက်မက်ဖွယ်ရာ ကောင်းစွာဖြင့် လွင့်စင်သွားခဲ့ကြ၏။ သွေးများက လေထဲတွင် ပန်းထွက်ပြီး အရိုးနှင့် အရွတ်များက ပြုတ်ထွက်ကုန်သည်။
“ဘုန်း ဘုန်း..”
မရေတွက်နိုင်သည့် ကျောက်တုံးများက မြေပြင်ပေါ်သို့ ပြုတ်ကျ၏။ ထူထဲပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဧရာမ ကျောက်တံခါးကြီးက ၁၀ မီတာကျော်ထိ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျ၏။ ထိုအရာက လူတစ်ဒါဇင်ကျော်ကို အသားစများ အဖြစ်သို့ပင် ပြောင်းလဲစေခဲ့၏။
ကျုံးယောင်နှင့် ကျုံးအီတို့က အံ့အားသင့်ဖွယ်ရာ ပေါက်ကွဲမှုဆီမှ တုန်လှုပ်ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခဲ့လ၏။ သို့ပေမည့် အဆက်မပြတ် မြည်လျက် ရှိနေသည့် အသံတစ်ခုက သူတို့နားထဲတွင် ပေါ်ပေါက်နေ၏။ လောကကြီးတွင် တခြား ဘာအသံကိုမှ မကြားရချေ။
‘ရွှီ’ ဟူသော အသံတစ်ခုကသာလျှင် အဆက်မပြတ် မြည်နေသည်။
သူတို့၏ ခေါင်းတစ်ခုလုံးက မူးဝေလျက်ရှိပြီး အမြင်အာရုံကလည်း မှောင်မိုက်နေ၏။ ဤအရာက ဦးနှောက် ထိခိုက်ဒဏ်ရာ ရရှိမှုပင်။ ကျုံးယောင်က အတော်လေး သန်မာ၏။ ဤနီးကပ်သည့် ပေါက်ကွဲမှုကြောင့် ဦးခေါင်း အနည်းငယ် ထိခိုက်ဒဏ်ရာ ရခဲ့၏။
တစ်ချိန်တည်းမှာပဲ မြို့ရိုးပေါ်တွင် ရှိသော ကျုံးမိသားစုမှ စစ်သည်အားလုံးက မြေပြင်ပေါ်သို့ ပြုတ်ကျ၏။ သူတို့၏ ကံကြမ္မာကို မသိရှိရတော့ပေ။ မြင်ကွင်းတစ်ခုလုံးက ငရဲခန်းသို့ပင် တိတ်ဆိတ်သွား၏။ မြို့တံခါးကို ချိုးဖျက်ပြီးပြီ ဖြစ်၏။ ကီလိုဂရမ် ထောင်ပေါင်းများစွာ ရှိသည့် ယမ်းမှုန့်က နောက်ဆုံးတွင် မြို့တံခါးကို ဖောက်နိုင်ခဲ့ပြီဖြစ်သည်။
မည်ကဲ့သို့ တားရတော့မည်နည်း။ ပြင်ပလူများက အလွန်ပင် အားကောင်းလွန်းလှချေ၏။ ရှမ့်လန်သာ ထိုအရာကို မြင်သည် ဆိုပါက အားနည်းလွန်းသည်ဟု သတ်ပြင်းချမိမှာ အမှန်ပင်။ ယမ်းမှုန့်များက ရှားပါးလွန်း၏။
အဆင့်မြင့်သည့် ပေါက်ကွဲစေသည့် ပစ္စည်းများ ဖြစ်သော်လည်း ထိုကဲ့သို့သော အရာများကို ဖန်တီးရန် ဆားပွင့်များ လိုအပ်၏။ ဆားပွင့်များကို ရရှိရန်ကလည်း တကယ့်ကို ခက်ခဲလွန်းသည်။
မည်သို့ပင် ဆိုစေကာမူ လက်ရှိ အခြေအနေမှာတော့ ထျန်းရှစ်မြို့၏ တံခါးကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်၏။
“မြို့ထဲသွားအောင်..” ကျင်းမူလန်၏ အမိန့်နှင့်အတူ ပထမနှင့် ဒုတိယ နိဗ္ဗာန တပ်တော်တို့က စုဝေးပြီး မြို့ကို စီးနင်းတိုက်ခိုက်ရန် ပြင်ကြသည်။
အရူးကြီးက နောက်တစ်ကြိမ် ရှေ့ကနေ ဦးဆောင်ပြန်၏။ ပထမ နိဗ္ဗာနတပ်တော်က အပြင်ဘက်တွင် ရွေ့လျားနိုင်သည့် သံမဏိနံရံတစ်ခုကို တည်ဆောက်ခဲ့ပြီး ဒုတိယ နိဗ္ဗာနတပ်တော်က အတွင်းဘက်မှ မြားများနှင့် ပစ်ခတ်၏။ သူတို့က ထျန်းရှစ်မြို့ထဲသို့ အလွယ်တကူ ဝင်ရောက်ကြ၏။